News @ M-Media

Tag: DailySportNews

  • ဝေဖန်ခံနေရသည့် အိုဇေးလ် အတွက် အသင်းဖော် ပိုဒေါစကီး ကာကွယ်ပြောဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    371446_heroa
    – ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ခြေစွမ်းမပြနိုင်မှုကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည့် အာဆင်နယ်အသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ် အတွက် အသင်းဖော် လူးကပ်စ်ပိုဒေါစကီးက ကာကွယ်ပြောဆိုခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီက ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ်အသင်းသို့ ရောက်ရှိလာသည့် အိုဇေးလ်မှာ ယခုနောက်ပိုင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးလျက်ရှိပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယမန်နေ့နံနက်က ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် အိုဇေးလ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး၊ ကစားချိန်အတွင်း အသင်းဖော် ဖလာမီနီနှင့် စကားအခြေအတင် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ဘောလုံးလောကတွင် အိုဇေးလ်အား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပြီး၊ ပိုဒေါစကီးကမူ အိုဇေးလ်မှာ မကြာမီ အကောင်းဆုံး အနေအထားကို ပြန်လည်ရောက်ရှိလာမည်ဟု ကာကွယ်ပြောကြားခဲ့သည်။

    “မနေ့က(ကြာသာပေးနေ့က) ချန်ပီယံလိဂ် ရလဒ်ကြောင့် လူတိုင်းက စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ မီဆု(အိုဇေးလ်)ကို မကောင်းပြောတာဟာ မမျှပါဘူး။ ဝေဖန်တယ်ဆိုတာ အားကစားလောကရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ ကောင်းတဲ့အရာပါ။ ဒါပေမယ့် ထိုးနှက် တိုက်ခိုက်တာမျိုးတော့ မလုပ်ရပါဘူး” ဟု ပိုဒေါစကီးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

    ထို့ပြင် ကစားသမားတစ်ဦးအား ပစ်ပယ်လိုက်ခြင်းမှာ အသင်းသားများနှင့် အသင်းတစ်ခုလုံးအတွက် အကျိုး မဖြစ်ထွန်းကြောင်း၊ အိုဇေးလ်မှာ ၎င်းတို့အားလုံးအား ပျော်ရွှင်အောင် လုပ်ဆောင်သူဖြစ်ပြီး ပင်နယ်တီမ၀င်ခြင်းက ထိုအရာများကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ သူငယ်ချင်းများအားလုံး အိုဇေးလ်ဘက်မှ အတူတကွ ရပ်တည်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း အိုဇေးလ်က ၎င်း၏ Facebook စာမျက်နှာတွင် တောင်းပန်ခဲ့သည်။

    Ref: Goal

  • ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်

    ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    ဖခင်ဖြစ်သူကို ဝေဖန်ခဲ့သော ဆန်းတို့စ် ဥက္ကဌများအား နေးမာ ပြစ်တင်၊ ၎င်း၏ အပြောင်းအရွှေ့အတွက် ဘာကာမှ အခွန်ငွေ ယူရို ၉ သန်းကျော် ထပ်ဆောင်း ပေးဆောင်ရမည်
    – ဘာစီလိုနာအသင်းတိုက်စစ်မှူး နေးမာက နူးကမ့်သို့ ရောက်ရှိလာခဲ့သည့် အငြင်းပွားဖွယ်ရာ ၎င်း၏အပြောင်းအရွှေ့အတွက် ဖခင်ဖြစ်သူအား ကာကွယ်ခဲ့ပြီး အသင်းဟောင်း ဆန်းတို့စ်၏ ဥက္ကဟောင်းနှင့် လက်ရှိ ဥက္ကဌ နှစ်ဦစလုံးကို ပြစ်တင် ပြောဆိုလိုက်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ နေးမာမှာ တရားဝင်အားဖြင့် ဘာကာသို့ ယူရို ၅၇.၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်ဟု သိရသော်လည်း၊ ပြီးခဲ့သည့်လက ဘာကာမှ ထုတ်ပြန်ပြောဆိုမှုများအရ အပြောင်းအရွှေ့တန်ဖိုးမှာ ယူရို ၈၆.၃ သန်းရှိမည်ဟု ခန့်မှန်းရသည်။

    ဆန်းတို့စ်အသင်း၏ ဥက္ကဌဖြစ်သူ အိုဒီလီယို ရော်ဒရီဂက်ဇ်က ထိုအပြောင်းအရွှေ့အတွက် ယူရိုသန်း ၄၀ နှင့် ကော်မရှင်များရခဲ့သည့် နေးမာ၏ ဖခင်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ဘာစီလိုနာနှင့် နေးမာ၏ ဖခင်ဖြစ်သူတို့ ပြုလုပ်ထားသည့် သဘောတူညီချက် စာရွက်စာတမ်းများကို ကြည့်ရှုရန် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

    ယခင် ဆန်းတို့စ်အသင်း၏ ဥက္ကဌဟောင်းဖြစ်သူ လူးဝစ် အဲလ်ဗာရို ဒီ အိုလီဗီရာ ရီဘီရို (အတိုကောက် LAOR) ကလည်း နေးမာ၏ ဖခင်ဖြစ်သူအား “လူလည်” ဟု ထေ့ငေါ့ခဲ့ပြီး ထိုကဲ့သို့ သူမျိုးအား တရားစွဲဆိုရမည်ဟု ပြောကြားခဲ့သည်။

    “သူတို့အားလုံး(ဆန်းတို့စ်အသင်း တာဝန်ရှိသူများ)ကို ကျွန်တော် အမြဲတမ်း လေးစားခဲ့ပြီး၊ ကျွန်တော်ဟာ အလွန် ပရော်ဖက်ရှင်နယ်ပီသခဲ့ပါတယ်။ (၎င်း၏ဖခင်အပေါ် ဝေဖန်ခဲ့မှုအတွက်) အရင်နည်းပြဟောင်း LAOR နဲ့ အခုနည်းပြ အိုဒီလီယိုတို့ကို ကျွန်တော်တော်တော် စိတ်ပျက်မိပါတယ်။ အထူးသဖြင့် LAOR ကိုပါ။ သူ့ဟာ ကျွန်တော် အရမ်းချစ်ပြီး၊ အရမ်းလေးစားတဲ့သူပါ” ဟု နေးမာက ဆိုရှယ်ဆိုဒ်တစ်ခုဖြစ်သည့် ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် ၎င်း၏အဖေဖြစ်သူကို ထိုကဲ့သို့ ပြောကြားမှုအား မကြိုက်ကြောင်း၊ မိမိမှာ ဖခင်ဖြစ်သူ၏ ပရိတ်သတ်တစ်ဦးဖြစ်ပြီး၊ ယခုကဲ့သို့ နေရာမျိုးရောက်အောင် ဖခင်ဖြစ်သူက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    နေးမာ၏ အပြောင်းအရွှေ့ကိစ္စကို စပိန်တရားရုံးတစ်ခုမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တရားဝင်ဖော်ပြခြင်းမရှိသည့် ယူရို ၃၇.၉ သန်းအတွက် ဘာကာမှ အခွန်ငွေ ၉.၁ သန်းပေးဆောင်ရန် ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ဘာစီလိုနာအသင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ ကာကွယ်ထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
    Ref : Goal

  • မန်ယူ၏ကစားပုံက ဗန်ပါစီအတွက် ခက်ခဲနေသည်ဟု နယ်သာလန် နည်းပြဆို

    မန်ယူ၏ကစားပုံက ဗန်ပါစီအတွက် ခက်ခဲနေသည်ဟု နယ်သာလန် နည်းပြဆို

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media

    –  နည်းပြ မိုယက်စ်လက်အောက် မန်ချက်စတာယူနိုက်တက်တွင် ကစားနေရသော ပုံစံမှာ ဗန်ပါစီအတွက် အခက်အခဲများ ဖြစ်နေသည်ဟု နယ်သာလန်အသင်း နည်းပြဖြစ်သူ လူးဝစ် ဗန် ဂါလ်က ပြောကြားလိုက်သည်။

    ယခုနှစ်အတွင်း မိုယက်စ်မှပြုလုပ်သည့် လေ့ကျင့်ရေး နည်းစနစ်များနှင့် ပတ်သက်၍ ဗန်ပါစီနှင့် မိုယက်စ်တို့ မကျေလည်မှုများရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး၊ ဗန်ပါစီခံစားနေရသည့် ဒဏ်ရာပြဿနာနှင့် ပတ်သက်၍လည်း နယ်သာလန် ဘောလုံးအဖွဲ့ချုပ်က မန်ယူအား ဆက်သွယ်ပြောဆိုထားသည်။

    နယ်သာလန်နည်းပြ ဗန်ဂါလ်ကမူ ဗန်ပါစီမှာ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရမည်ဖြစ်ပြီး၊ လက်ရွေးစင်အသင်း၏ ပွဲများက မန်ယူပွဲများထက် ပိုမို၍ ရိုးရှင်းကာ၊ ဗန်ပါစီ၏ စွမ်းရည်နှင့်လည်း ပိုမိုအံဝင်ခွင်ကျဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့ကစားပုံ ကောင်းမွန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ နိုင်ငံကို ကိုယ်စားပြု ကစားရတာ ကို ချစ်လို့ပါ။ ခြေစစ်ပွဲစဉ်တွေမှာ သူရဲ့အစွမ်းကို အရင်ကထက် ပိုမိုပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ သူဟာ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဗန်ဂါလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref : Goal

  • ချန်ပီယံလိဂ်တွင် မန်စီးတီးအနေဖြင့် ဘာစီလိုနာအား ကျော်ဖြတ်ရန် အခွင့်အရေးရှိဟု မော်ရင်ဟိုဆို

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    369752_heroa
    – နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်နေသည့် ဘာစီလိုနာအား ကျော်ဖြတ်ကာ နောက်တစ်ဆင့် တက်နိုင်မည် အခွင့်အရေး မန်စီးတီးအသင်းတွင် ရှိနေသည်ဟု ချယ်ဆီးအသင်း နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မန်စီးတီးနှင့် ဘာစီလိုနာအသင်းတို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ယနေ့ညတွင် အီတီဟတ်၌ ကစားရန် ရှိနေပြီး၊ မော်ရင်ဟိုက မာတီနို လက်ထက်တွင် ဘာစီလိုနာအသင်းမှာ အဆင့်နိမ့်နေပြီး၊ ထိုအချင်းအရာက မန်စီးတီးအသင်း အခွင့်အရေးကောင်းဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။

    “သူတို့(ဘာကာ)မှာ မက်ဆီရှိနေတာမှန်ပါတယ်။ သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်ပြီး၊ အခြား ကစားသမားကောင်းတွေလည်း ရှိပါသေးတယ်၊ ဒါပေမယ့် အခု ဘာစီလိုနာဟာ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံးပါ။ ဒ့ါကြောင့် မန်စီးတီးမှာ အခွင့်အရေး ရှိနေပါတယ်” ဟု မော်ရင်ဟိုက ဗြိတိန် ရုပ်သံတစ်ခုဖြစ်သည့် ITV သို့ ပြောကြားခဲ့သည်။ မန်စီးတီးမှာ အသင်း၏ သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။

    မော်ရင်ဟိုမှာ ချယ်ဆီးနှင့် အင်တာအသင်းတို့ဖြင့် ဘာစီလိုနာအား နှစ်ကြိမ် တိုင်တိုင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး၊ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိ လာစဉ်ကတည်းက မန်စီးတီးနှင့် ပယ်လီဂရီနီတို့အား ဝေဖန်ခဲ့သူဖြစ်သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်ရှုံးကြွေး ပြန်ဆပ်တဲ့ မန်စီးတီး၊ လက်ရှိချန်ပီယံ ၀ီဂန် နောက်တစ်ဆင့်တက်တဲ့ FA ဖလား ပဉ္စမအဆင့် ပွဲစဉ်များ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media

    Stevan Jovetic scores the first goal for Manchester City in their 2-0 win over Chelsea in FA Cup.
    – FA ဖလား ပဉ္စမအဆင့်ရဲ့ ၄ ပွဲ ယမန်နေ့ညက ကစားဖို့ရှိပေမယ့် ရှက်ဖီးနဲ့ ချာလ်တန်တို့ရဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရတာကြောင့် ၃ ပွဲပဲ ကစားဖြစ်ခဲ့ပြီး မန်စီးတီးက ချယ်ဆီးကို ပရီးမီးယားလိဂ် ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဆန်းဒါးကလည်း နောက်တစ်ဆင့်တက်ခဲ့ပြီး ပရီးမီးယားလိဂ် ဇယားအောက်ခြေရောက်နေတဲ့ ကာဒစ်ဖ်ကတော့ လက်ရှိချန်ပီယံ ၀ီဂန်ကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကစားစဉ်က အိမ်ကွင်းမှာ ချယ်ဆီးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ရတဲ့ မန်စီးတီး ဒီပွဲမှာတော့ အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်မယ်လို့ အစောပိုင်းက ပြောထားပေမယ့် ပွဲထွက်လာတဲ့အခါမှာတော့ နှစ်သင်းစလုံး ပထမကစားသမား တော်တော်များများပါဝင်လာခဲ့ပါတယ်။

    ပွဲစကတည်း မန်စီးတီးတို့ အသာရခဲ့ပြီး ၁၅ မိနစ်မှာ တိုက်စစ်မှူး ဂျိုဗီတစ်ရဲ့ ကန်ချက် ဘားထိထွက်ခဲ့ပေမယ့်၊ တစ်မိနစ်အကြာမှာတော့ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဂျီုဗီတစ်က အနိမ့်ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အိမ်ရှင် မန်စီးတီးအသင်းကသာ ဖိထားနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၂ မိနစ်အလိုမှာ နောက်ထပ်ဂိုးရလုနီးပါးဖြစ်ခဲ့ပါသေးတယ်။

    ဒုတိယပိုင်းမှာတော့ မော်ရင်ဟိုက အသစ်ရောက်လာတဲ့ မိုဟာမက်ဆာလာကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ ကစားကွက်ကို ယှဉ်နိုင်ခြင်းမရှိခဲ့ဘဲ ၆၇ မိနစ်မှာ နာဆရီရဲ့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒေးဗစ်ဆေးလ်ဗါးနဲ့ အပေးအယူလုပ်ပြီး လူကျွံထောင်ချောက်ကို ထိုးကျော်ဖြတ်ကာ သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ မန်စီးတီးကပဲ ပွဲကို ထိန်းကစားခဲ့ပြီး ပရီးမီးယားလိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ကာ၊ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

    ပရီးမီးယားလိဂ်မှာ ခြေမမှန်ပေမယ့် FA ဖလားမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပိုယက်ရဲ့ ဆန်းဒါးလန်းအသင်းကတော့ အိမ်ကွင်း အလင်းရောင်မှာ ဆောက်သက်တမ်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တော်တော်များများရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာမှုတွေကြောင့်သာ တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပြီး၊ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးကိုတော့ ၄၉ မိနစ်မှာ ခရေ့ဂ်ျ ဂါဒနာက အဝေးကနေ သွင်းယူပေးခဲ့တာပါ။

    ဆိုးလ်ရှားရဲ့ ကာဒစ်ကတော့ အိမ်ကွင်းမှာ လက်ရှိချန်ပီယံ ၀ီဂန်ကို အရှုံးပေးခဲ့ရပါတယ်။ ပွဲအစ အထနှေးခဲ့ပေမယ့် ၀ီဂန်တို့ ၁၈ မိနစ်မှာ ဂိုးစရခဲ့ပြီး မက်ကန်က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ၁၀ မိနစ်အကြာမှာတော့ မန်ယူကနေ ပြောင်းရွှေ့လာတဲ့ ၀ီလ်ဖရိုင်းဇာဟာရဲ့ ထိုးဖောက်မှုကတစ်ဆင့် ကမ်းဘဲလ်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၀က်စ်တန်ရဲ့ မိနစ် ၄၀ ဂိုးကိုတော့ ကာဒစ်ဖ်တို့ ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ဘဲ နောက်တစ်ဆင့်တက်ရေးကို စွန့်လွှတ်ခဲ့ရပါတယ်။

    ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၂-၀ ချယ်ဆီး
    ဆန်းဒါးလန်း ၁-၀ ဆောက်သက်တန်
    ကာဒစ်ဖ် ၁-၂ ၀ီဂန်