News @ M-Media

Tag: DailySportNews

  • မော်ရင်ဟိုက မိမိအား အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ထည့်ပေးခဲ့ဟု ဒရော့ဂ်ဘာဆို

    မော်ရင်ဟိုက မိမိအား အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ထည့်ပေးခဲ့ဟု ဒရော့ဂ်ဘာဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    – ချယ်ဆီးအသင်းတွင် ကစားခဲ့စဉ် မော်ရင်ဟိုရိုက်သွင်းပေးခဲ့သည့် အလုပ်နှင့်ပတ်သက်သည့် ကျင့်ဝတ်က ဘောလုံးလောက၌ မိမိ၏ အောင်မြင်မှု အတွက် အဓိကကျခဲ့သည်ဟု ဂါလာတာစာရေး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာက ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂါလာတာစာရေးအသင်းနှင့်အတူ အသင်းဟောင်း ချယ်ဆီး၊ နည်းပြဟောင်း မော်ရင်ဟိုတို့နှင့် ပြန်လည်တွေ့ဆုံရန် ရှိနေသည့် ဒရော့ဂ်ဘာက မော်ရင်ဟိုမှာ မိမိတွဲလုပ်ဖူးသည့် နည်းပြများထဲတွင် အကောင်းဆုံးဖြစ်ပြီး၊ မော်ရင်ဟို သင်ပေးခဲ့သည့် ကျင့်ဝတ်များက မိမိ၏ စိတ်ပိုင်းဆိုင်ရာကို လွှမ်းခဲ့သည်ဟု ဆိုသည်။

    “ချယ်ဆီးမှာရှိနေစဉ် ကျွန်တော်တို့ရဲ့ ဒဿနက ရိုးရှင်းပါတယ်။ သူ(မော်ရင်ဟို)က အရှုံးကို မုန်းတီးအောင် ကျွန်တော်တို့ကို သင်ပေးခဲ့တာပါ။ လေ့ကျင့်ရေးကွင်းက ပွဲမှာ ဂိုးပေးလိုက် ရတဲ့အခါ အရေးကြီးတဲ့ပွဲမှာ ဂိုးပေးလိုက်ရသလိုမျိုး ဂျွန်တယ်ရီဟာ အော်ဟစ် ကန်ကျောက်တာမျိုးကို တွေ့ရမှာပါ။ လေ့ကျင့်ရာမှာတောင် ကျွန်တော်တို့မှာ ဒီလိုစိတ်ဓာတ် မျိုးရှိနေရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဘယ်လို စိတ်ဓာတ်မျိုးဆိုတာ စဉ်းစားလို့ရပါတယ်” ဟု ဒရော့ဂ်ဘာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ဒရော့ဂ်ဘက ၎င်းအနေဖြင့် ၂၀၀၄ ခုနှစ် ချယ်ဆီးအသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်တော့မည်ဆဲဆဲတွင် မော်ရင်ဟို၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။

    ချယ်ဆီးသို့ ပြောင်းရွှေ့မှုမှာ အလောင်းအစား တစ်ခုဖြစ်ပြီး၊ အကောင်းဆုံး ကစားသမားဖြစ်ချင်ပါက ချယ်ဆီးသို့ လာရောက်ကစားရန်နှင့် အသင်းသို့ ရောက်ရှိပါက ကစားပုံကောင်းရမည်ဖြစ်ကာ ကစားပုံမကောင်းလျှင် အသင်းတွင် ပါဝင်ရမည် မဟုတ်ဟု မော်ရင်ဟိုက ပွင့်ပွင့်လင်းလင်း ပြောကြား ခဲ့ကြောင်း ဒရော့ဂ်ဘာက ၀န်ခံခဲ့သည်။

    ဒရော့ဂ်ဘာမှာ ချယ်ဆီးအသင်းတွင် ၈ နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ် အပါအ၀င် ဆုဖလား ၁၀ ခုကျော်ရရှိခဲ့ကာ၊ တစ်ဦးချင်း ဆုတံဆိပ်များလည်း အများအပြား ဆွတ်ခူးခဲ့သည်။

    Ref : Goal

  • အသင်း၏ပုံစံအတွက် အသင်းသားများက တာဝန်ယူရမည်ဟု ရူနီဆို

    အသင်း၏ပုံစံအတွက် အသင်းသားများက တာဝန်ယူရမည်ဟု ရူနီဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    – လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် မရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မန်ယူအသင်းသားများအနေဖြင့် ၎င်းတို့၏တန်ဖိုးအား ရာသီကုန်အထိ သက်သေပြသွားရမည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူအသင်း၏ ဆိုးရွားသော ကစားပုံများအတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ခြေလှမ်းများအား မြှင့်ရန်နှင့် အမြင့်ဆုံးအဆင့်ဖြင့် အဆုံးသတ်နိုင်ရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်။

    “အမှတ်ပေးဇယားက ကျွန်တော်တို့ရဲ့ အဆင့်အတွက် ကျွန်တော်တို့ကစားသမားတွေ တာဝန်ယူရပါမယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတယ်ဆိုတာ ကိုယ်တိုင်သိကြပါတယ်” ဟု ရူနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်ရာသီအတွက် အရေးကြီးဆုံးမှာ အဆင့်လေးနေရာအား ရရှိရန်နှင့် ချန်ပီယံလိဂ်တွင် တိုးတက်မှုများ ပြသရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ FA ဖလားနှင့် ကပီတယ်ဝမ်း ဖလားတို့မှ ထွက်ခွာခဲ့ရပြီး၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့်လေးရှိ လီဗာပူးလ်အသင်းနှင့် ၁၁ မှတ် ကွာဟနေသောကြောင့် ရာသီကုန်တွင် အဆင့် ၄ နေရာသေချာရေး အခွင့်အလမ်းမှာလည်း သံသယဖြစ်ဖွယ်ရှိနေသည်။

    Ref : Goal

  • နေးမာအပြောင်းအရွှေ့ အခွန်ပိုင်းဆိုင်ရာ လိမ်လည်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်အား ဘာကာငြင်းဆို

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media
    neymar_transfer_fraud_alleged_tax-366403
    – နေးမာ၏ အပြောင်းအရွှေ့နှင့် ဆက်စပ်သည့် အခွန်ငွေများကို ပေးဆောင်ခြင်းမရှိဟူသော စွပ်စွဲချက်အား ဘာစီလိုနာအသင်းမှ ငြင်းဆိုလိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာသို့ ယူရို ၅၇.၁ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သော နေးမာ၏ အပြောင်းအရွှေ့တွင် ပွင့်လင်းမြင်သာမှုမရှိဟု စောဒကတက်ခဲ့ပြီး ဘာစီလိုနာအသင်း၏ ပရိတ်သတ်တစ်ဦးက တရားရုံးသို့ တိုင်ကြားခဲ့သည်။

    ထို့ကြောင့် တရားရုံးက စစ်ဆေးခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် ထိုအပြောင်းအရွှေ့တွင် အာဏာပိုင်များအား အသိပေးခြင်းမရှိဘဲ တရားမ၀င်ငွေပေးချေမှု နှစ်ခုရှိသည်ဟု တွေ့ရှိခဲ့ကာ၊ အသင်းအနေဖြင့် အစိုးရအား အခွန်ငွေ ယူရို ၉.၁ သန်း ပေးရန် ကျန်ရှိနေသည်ဟု တရားရုံးက ပြောကြားခဲ့သည်။

    သို့သော်လည်း ဘာစီလိုနာအသင်းကမူ ထိုကိစ္စအား ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအပြောင်းအရွှေ့တွင် အခွန်စည်းကမ်းများကို လိုက်နာခဲ့သည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ကလပ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသော ထိုကြေညာချက်တွင် နေးမာအား ခေါ်ယူမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ပြစ်မှုမရှိကြောင်း၊ အမှုပါအချက်အလက်များအတွက် ရှင်းလင်းစေရန်အလို့ငှာ တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အ၀ ပြုလုပ်သွားမည်ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။

    Ref: Goal.

    Image-[GETTY]

  • ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    Untitled

    – ရုရှားနိုင်ငံ၌ လက်ရှိကျင်းပလျက်ရှိနေသည့် ၂၀၁၄ ဆိုချီအိုလံပစ်ပြိုင်ပွဲတွင် ဆေးကျသော ကစားသမားများ ပထမဆုံးထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

    ယမန်နေ့က စစ်ဆေးမှုတွင် ဂျာမနီ ဘိုင်အသလွန် အမျိုးသမီးကစားသမား အီဗီ ရှန်ဘာချာ စတီလီနှင့် အီတလီ နှင်းကားမောင်းကစားသမား ၀ီလီယံ ဖရူလာနီတို့မှာ တားမြစ်ဆေးဝါးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့သည့် စတီလီကလည်း ၎င်းမှာ ဆေးကျကြောင်း ၀န်ခံခဲ့ပြီး စဉ်းစား၍မရသည့် အိပ်မက်ဆိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အီတလီ အိုလံပစ်ကော်မတီကမူ ၎င်းတို့၏ ကစားသမား ဖရူလာနီ ဆေးကျကြောင်း အတည်ပြုခဲ့ပြီး ဆိုချီအိုလံပစ်မှ နှုတ်ထွက်ခဲ့ပြီဟု ကြေညာခဲ့သည်။

    တားမြစ်ဆေးသုံးစွဲမှုအား နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်လာခဲ့သူဟု လူသိများသည့် စတီလီ ဆေးကျခဲ့သည့်ဖြစ်ရပ်က ဂျာမနီ အားကစား လောကအတွက် တုန်လှုပ်စရာဖြစ်ခဲ့သည်။

    ၂၀၁၀ ခုနှစ်က ကနေဒါတွင်ပြုလုပ်ခဲ့သည့် ဗန်ကူးဗား ဆောင်းရာသီအိုလံပစ်တွင် ဆေးကျသူတစ်ဦးသာရှိခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ခဲ့ သည့် ဆိုချီအိုလံပစ်ပြိုင်ပွဲမှာ ၂၃ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပြီး ယခုအချိန်အထိ နော်ဝေနိုင်ငံက ရွှေ ၁၀ခု၊ ငွေ ၄ ခု၊ ကြေး ၈ ခုနှင့် နိုင်ငံအလိုက် ပထမ နေရာတွင် ရှိနေသည်။

    Ref : ChannelNewsAsia

  • ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။

    စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။

    ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။

    Ref : Dailymail