News @ M-Media

Tag: DailySportNews

  • Tour De Langkawi ပြိုင်ပွဲ အီရန် စက်ဘီးစီးသမား ဗိုလ်စွဲ၊ ပြိုင်ပွဲသက်တမ်းတွင် ပထမဆုံးဗိုလ်စွဲသည့် အာရှသားဖြစ်

    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား ဗိုလ်စွဲ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့သည့် အာရှသားဖြစ်လာ

    353813_Mirsamad-Pourseyedigolakhour

    – မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ တရန်နဂူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား စက်ဘီးစီးကစားသမား Mirsamad Pourseyedigolakhour က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    Tabriz-Petrochemical အသင်းအတွက် ကစားပေးသည့် Mirsamad မှာ ပြိုင်ပွဲအတွင်း စုစုပေါင်းကြာချိန် ၃၅ နာရီ ၇ မိနစ်နှင့် ၁၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပထမဆုံးဗိုလ်စွဲနိုင်ခဲ့သည့် အာရှစက်ဘီးစီးကစားသမားလည်းဖြစ်သည်။

    “အာရှက ပထမဆုံးဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ၁၉ နှစ်ကြာပြီးမှ အာရှသားတစ်ယောက်ဟာ ဒီလိုဗိုလ်စွဲနိုင်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအောင်ပွဲဟာ ကျွန်တော်နဲ့ အာရှ စက်ဘီးလောကအတွက်တော့ မဟာအောင်မြင်မှုကြီးပါပဲ” ဟု Mirsamad က ပြောကြားခဲ့သည်။

    ထို့ပြင် အီရန်နိုင်ငံမှာ တောင်များ များပြားသောကြောင့် ပြိုင်ပွဲအတွက် လေ့ကျင့်ရန်နှင့် အရည်အသွေးတိုးတက်ရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Tour De Langkawi  စက်ဘီးစီးပြိုင်ပွဲမှာ မလေးရှားတွင် နှစ်စဉ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆင့်များ သတ်မှတ်ထားသည့်အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလနှင့် မတ်လတွင်ကျင်းပလေ့ရှိပြီး ကမ္ဘာ့တစ်ဝှမ်းမှ စိတ်ဝင်စားခြင်းခံရသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

    PressTV

  • အိုဇေးဂိုးပြန်သွင်းပြီး FA ဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်လာတဲ့ အာဆင်နယ်

    မတ် ၉ ၊ ၂၀၁၄
    M-Media

    article-2576253-1C20675800000578-232_634x388
    – FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ ယမန်နေ့က ကစားခဲ့ကြပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကျနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်း အီမရိတ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

    ခြေစွမ်းမပြနိုင်မှု၊ ဂိုးပေါက်ပျောက်နေမှုကြောင့် ဝေဖန်ခံနေရတဲ့ အိုဇေးလ် ဒီပွဲမှာ ပါဝင်လာခဲ့ပြီး ပွဲအစ ၇ မိနစ်မှာပဲ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဒီနှစ်အတွက် သူရဲ့ပထမဆုံးဂိုးလည်းဖြစ်ပြီး ၃ လကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲကိုတော့ အာဆင်နယ်ကပဲ စိုးမိုးထားပြီး အဲဗာတန်ရဲ့ အဓိက အတွဲဖြစ်တဲ့ လူကာကူ မီရဲလက်စ်တို့ အလုပ်မဖြစ်ခဲ့ပါဘူး။

    ဒါပေမယ့် ၃၂ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး လူကာကူက အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်း ကသာ ဖိကစားနိုင်ခဲ့ပြီး နောက်ဆုံး ၂၂ မိနစ် အတွင်းမှာ နောက်ထပ် သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ၆၈ မိနစ်မှာ ပင်နယ်တီက တစ်ဆင့် အာတီတာ၊ ၈၃ နဲ့ ၈၅ မိနစ်တွေမှာ ဂျီရော့တို့က အသီးသီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်မှာ စတုတ်စီးတီးကိုရှုံးပြီး တတိယနေရာရောက်သွားတဲ့ အာဆင်နယ်အတွက် FA ဖလား ရယူရေး မျှော်လင့်ချက်ဟာ တောက်ပ လာခဲ့ပြီ ဖြစ်ပါတယ်။
    Photo-Getty Images

  • ရလဒ်များဆိုးဝါးနေသော်လည်း အသင်းသားများက ၎င်းအား ထောက်ခံဟု မန်ယူနည်းပြပြောကြား

    မတ် ၈ ၊ ၂၀၁၄
    M-Media
    373116_heroa
    – ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ရလဒ်များ ဆိုးရွားနေသောကြောင့် နည်းပြမိုယက်စ်မှာ မန်ယူကစားသမားများ၏ ယုံကြည်မှုကို ဆုံးရှုံးနေသည် ဟူသောသတင်းအား မိုယက်စ်က ငြင်းဆိုလိုက်ပြီး အသင်းရှိ ကစားသမားအားလုံးမှာ မိမိအား အားပေးထောက်ခံကြသည်ဟု ပြောကြားလိုက်သည်။

    ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့ပြီးနောက် ပထမဦးဆုံးရာသီတွင်ပင် မိုယက်စ်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဝေဖန်မှုများကိုလည်း ခံနေရသည်။ မိုယက်စ်ကိုင်တွယ်သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာ၌ရှိနေပြီး၊ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ချန်ပီယံလိဂ်ဖလား ၁၆ သင်းအဆင့် ပထမအကျော့တွင် အိုလံပီယာကော့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

    မိုယက်စ်၏ စွမ်းဆောင်ရည်များကြောင့် အသင်းရှိကစားသမားများကလည်း မိုယက်စ်အပေါ်ယုံကြည်မှုမရှိဘဲ အင်တိုက်အားတိုက်ကစားခြင်းမရှိဟု သတင်းများလည်းထွက်ပေါ်လာခဲ့ပြီး၊ မိုယက်စ်ကမူ ယင်းသတင်းအား ငြင်းဆိုခဲ့သည်။

    “သူတို့(အသင်းသားများ) အားလုံးဟာ ကျွန်တော်ခိုင်းသလိုမကစားဘူးဆိုတဲ့ ပြောဆိုမှုတွေဟာ ဟုတ် မဟုတ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူတို့အားလုံး ကျွန်နော်ပြောသလို ကစားကြတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါ့ကြောင့် ဒီကောလဟာလတွေကို လက်မခံပါဘူး” ဟု မိုယက်စ်က ဆိုသည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် ကစားပုံ ပိုကောင်းဖို့ လိုအပ်ကြောင်း၊ အိုလံပီယာကော့စ်နှင့်ပွဲတွင် မိမိတို့၏ ကစားပုံမှာ အဆိုးဝါးဆုံးဖြစ်ပြီး အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် တိုးတက်လာပြီး ပိုကောင်းလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ၁၁ မှတ်ဖြတ် ထားသော်လည်း ချန်ပီယံပြိုင်ပွဲ အဆုံးမသတ်သေးဟု ဂျူဗင်တပ် နည်းပြသတိပေး

    မတ် ၇၊ ၂၀၁၄
    M-Media

    374712_heroa

    – စီးရီးအေချန်ပီယံဖြစ်ရေးပြိုင်ဆိုင်မှုမှာ အဆုံးမသတ်သေးသောကြောင့် အသင်းရှိ ကစားသမားများ အာရုံစူးစိုက်မှု မကျသွားစေရန် ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးက သတိပေးခဲ့ပြီး၊ အသင်း၏ ပုံစံကောင်းများအတွက်လည်း ၎င်းက ချီးကျူးပြောဆိုခဲ့သည်။

    လက်ရှိချန်ပီယံဂျူတပ်စ်အသင်းမှာ စီးရီးအေ အမှတ်ပေးဇယား၌ ထိပ်ဆုံးတွင်ရှိနေပြီး ဒုတိယနေရာမှ ရိုးမားထက် တစ်ပွဲအသာ ၁၁ မှတ်ဖြတ်ကာ ဦးဆောင်ထားသည်။ သို့သော်လည်း လော်ရန်တေးက စီးရီးအေ ဖလားအား ထပ်မံဆွတ်ခူးရန်အတွက် မိမိတို့၏ လက်ရှိပုံစံကောင်းကို ရာသီကုန်အထိ ဆက်လက်ထိန်းသိမ်းသွားရမည်ဟု ဆိုသည်။

    “ရိုးမားအသင်းနဲ့ ဒီလိုအမှတ်တွေကွာအောင် လုပ်ဆောင်နိုင်ခဲ့တာ ကျွန်တော်မအံ့သြပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေဟာ အခုအချိန်အထိ ပြောစရာမရှိပေမယ့် ဒီလိုအမှတ်တွေကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး” ဟု လော်ရန်တေးက Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ယူရိုပါလိဂ်တွင် ဖီအိုရင်တီးနားဖြင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ယခုနှစ်အစက စီးရီးအေရှုံးကြွေးအား ပြန်လည်ဆပ်သွားမည်ဟု လော်ရန်တေးက ထည့်သွင်းပြောကြားခဲ့သည်။

  • ကမ္ဘာ့ဖလားတွင် ပါဝင်ခွင့်ရရန် မိမိလည်း တိုက်ပွဲဝင်ရမည့်ဟု ရူနီဆို

    မတ် ၆ ၊ ၂၀၁၄
    M-Media
    375871_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရေးအတွက် မည်သည့်ကစားသမားမှ မသေချာသေးဘဲ မိမိအနေဖြင့်လည်း အသင်းတွင် ပါဝင်ခွင့်ရရန် တိုက်ပွဲဝင်ရမည်ဟု မျှော်လင့်နေကြောင်း အင်္ဂလန်အသင်းတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဒိန်းမတ်အသင်းနှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး တစ်လုံးတည်းသော ထိုအနိုင်ဂိုးမှာအား တိုက်စစ်မှူးရူနီ ထွက်သွားပြီးနောက်ပိုင်းမှ လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဘရာဇီးတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်တွင် အင်္ဂလန်နည်းပြ ဟဒ်ဆန်၏ အစီအစဉ်၌ ပါဝင်ခွင့်ရရန် ကြိုးစားရမည်ဟု ရူနီက ဆိုသည်။

    “(ပြိုင်ပွဲအတွက်) ဇကာတင် ၂၃ သုံးယောက်မရွေးမီ အခုအသင်းဟာ နောက်ဆုံးပါ။ ကျွန်တော်တို့မှာ ၂၉ ယောက်ရှိပြီး၊ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး ပြသချင်ခဲ့ကြပါတယ်” ဟု ရူနီက Sky Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆောက်သက်တမ်အသင်း၏ လူငယ်နောက်ခံလူ လုက်ရှောကို ပွဲထုတ်ခဲ့ပြီး၊ ရူနီက လုက်ရှောမှာ ကောင်းမွန်သည့် ကစားသမားဖြစ်ပြီး နည်းပြ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Goal