News @ M-Media

Tag: DailySportNews

  • အက်သလက်တီကို နည်းပြ စီမီနီယိုနှင့် အလုပ်တွဲ လုပ်ချင်သည်ဟု တောရက်စ်ဆို

    မတ် ၂၁ ၊ ၂၀၁၄
    M-Media

    – ချယ်ဆီးတွင် ပုံမှန်နေရာမရသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ၎င်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်အသင်းအားကိုင်တွယ်နေသော ကစားဖော်ဟောင်း စီမီယိုနီနှင့်အတူ အလုပ်လုပ်ချင်သည်ဟု ပြောကြားလိုက်သည်။

    355344_heroa

    အသက် ၃၀ အရွယ်ရှိ တောရက်စ်မှာ ချယ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းကို မပြသနိုင်သောကြောင့် အသင်းတွင်နေရာ ရရှိခြင်းမရှိဘဲ၊ နိုင်ငံအသင်း တွင်လည်း ရွေးချယ်ခံရခြင်း မရှိတော့ပေ။ လာမည့် နွေရာသီတွင် ချယ်ဆီးအသင်းမှ တောရက်စ်အား လက်လွှတ်ရန် ဆန္ဒရှိနေပြီး အက်သလက်တီကိုမက်ဒရစ် အသင်းကလည်း ခေါ်ယူနိုင်ရန်ကြိုးစားနေသည်။

    “ကျွန်တော်တို့ အတူကစားခဲ့စဉ်ကတည်းက စီမီယိုနီကို ကျွန်တော် တော်တော်လေး လေးစားခဲ့ပါတယ်။ သူက ကျွန်တော့်ကို အများကြီးကူညီတယ်။ ဘယ်လိုအသင်းခေါင်းဆောင်မျိုးဖြစ်ရမယ်ဆိုတာ၊ ရာသီကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာကို သူက ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ပါတယ်” ဟု တောရက်စ်က AS သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် စီမီနီယိုမှာ ဂွာဒီယိုလာ သို့မဟုတ် အခြားသော နာမည်ကြီးနည်းပြများကဲ့သို့ အရည်အချင်းရှိကြောင်းချီးကျူးခဲ့ပြီး အက်သလက်တီကိုသို့ ပြန်သွားမည်လားဟု မေးမြန်းရာ ဘောလုံးလောကတွင် မနက်ဖြန်ဘာဖြစ်မည်ဆိုသည်ကို မပြောနိုင်ကြောင်း တောရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အက်သလက်တီကိုနှင့်အတူ နာမည်ကျော်ခဲ့သည့် တောရက်စ်မှာ လီဗာပူးလ်အသင်းသို့ ၂၀၀၇ ခုနှစ်က ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်းသို့ ဗြိတန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ၃ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့သည်။

  • မန်ယူမှ ထွက်ခွါမည့် သတင်းငြင်းဆိုပြီး သက်တမ်းတိုးရန် အသင့်ဟု ဗန်ပါစီဆို

    မတ် ၁၄၊ ၂၀၁၄
    M-Media
    Manchester-United-Training-Session-3237365
    – မန်ချက်စတာယူနိုက်တက်အသင်း၏ ဟော်လန်တိုက်စစ်မှူး ဗန်ပါစီက မိမိမှာ အသင်းတွင်ပျော်ရွှင်နေပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်လည်း အသင့်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    ဆိုးရွားသောရလဒ်များ၊ နည်းပြ မိုယက်စ်နှင့် အဆင်မပြေမှုများကြောင့် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ထိုသတင်းများအား ဗန်ပါစီက ငြင်းဆိုလိုက်ပြီး မန်ယူအသင်းတွင် ဆက်နေရန် ဆန္ဒရှိသည်ဟု ဆိုသည်။

    “အမှန်ကတော့ ကျွန်တော် ဒီအသင်းမှာ ပျော်ပါတယ်။ အရင်က ကျွန်တော် လေးနှစ် စာချုပ် ချုပ်ထားပြီး၊ ကျန်ရှိနေတဲ့ သက်တမ်း ၂ နှစ်အပြီးမှာ ဒီထက်ပိုနေရမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာပါ။ ကောလဟာလတွေ ထွက်နေပေမယ့် ကျွန်တော်ကတော့ ဒီလိုခံစားရပါတယ်” ဟု ဗန်ပါစီက ပြောကြားခဲ့သည်။

    ဗန်ပါစီ မန်ယူမှထွက်ခွာမည်ဆိုသည့် သတင်းများမှာ ၎င်း၏ မိခင်နိုင်ငံ ဟော်လန်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ မန်ယူတွင် ကျင်လည်ရသည့်ဘ၀အား စိတ်ပျက်နေပြီး ယခုနှစ်နွေရာသီတွင် မန်ယူအသင်းက ထိုက်တန်သော စာချုပ်သက်တမ်းတိုးခြင်းမရှိပါက အသင်းမှထွက်ခွာတော့မည်ဟု ယခင် ဟော်လန်အသင်း လက်ရွေးစင်ဟောင်း ရော်နယ် ဒီ ဘိုးဝါးက ပြောကြားခဲ့သည်။

    ထို့ပြင် ဗန်ပါစီမှာ နည်းပြမိုယက်စ်၏ နည်းစနစ်များနှင့် အံဝင်ခွင်ကျဖြစ်ရန် ခက်ခဲနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်ထားသည်။

  • အခွန်ရှောင်သည့် ဘိုင်ယန်ဥက္ကဌအား ဂျာမနီတရားရုံးက ထောင် ၃ နှစ်ခွဲချ

    မတ် ၁၄၊ ၂၀၁၄
    M-Media

    378535_heroa

    – အခွန်ငွေရှောင်လွှဲမှုကြောင့် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဌ ဟိုနက်စ်အား ဂျာမနီ တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ် ခဲ့သည်ဟု သိရသည်။

    ဟိုနက်စ်မှာ အစောပိုင်းက အခွန်ငွေ ယူရို ၃.၅သန်းရှောင်လွှဲခဲ့သည်ဆိုသော ပြစ်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး၊ နောက်ဆုံးတွင် ၂၇.၂ သန်းရှောင်လွှဲခဲ့သည်ဟု ၀န်ခံခဲ့ပြီးနောက် ယမန်နေ့က တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ၎င်း၏ ရှေ့နေ့အဖွဲ့က အယူခံဝင်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း ဟိုနက်စ်ကမူ အယူခံမ၀င်တော့ဘဲပြစ်ဒဏ်အားကျခံမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဌ ရာထူးမှလည်း နှုတ်ထွက်ခဲ့သည်။

    “ကျွန်တော့်မိသားစုနဲ့ ဆွေးနွေးအပြီးမှာတော့၊ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး မြူးနစ်ခရိုင်တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ကို ခံယူဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ အယူခံမ၀င်ဖို့အတွက်လည်း ကျွန်တော့်ရှေ့နေကို ညွှန်ကြားထားပါတယ်။ ဒါဟာ ယဉ်ကျေးမှုရှိခြင်းနဲ့ တာဝန်ယူမှုကို ပြသတာလည်းဖြစ်ပါတယ်” ဟု ဟိုနက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် အခွန်ရှောင်ခြင်းမှာ မိမိဘ၀၏ ကြီးမာသောအမှားဖြစ်ကြောင်း၊ ဘိုင်ယန်မြူးနစ်မှာ မိမိဘ၀ဖြစ်ပြီး မိမိအား ထောက်ခံ အားပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဥရောပဖလား သုံးကြိမ်ရခဲ့ပြီး ဒူးဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ်၌ ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသော ဟိုနက်စ်မှာ ဂန္တ၀င်ဘိုင်ယန် အသင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသူလည်းဖြစ်သည်။

    Goal

  • အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ

    အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခြင်းခံနေရသည့် ဘိုင်ယန်ဥက္ကဌ ထောင်ဒဏ် ၅ နှစ်ကျော် ကျခံရဖွယ်ရှိနေ

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – အသင်း၏ ၀င်ငွေခွန်ရှောင်တိမ်းမှုနှင့် စပ်လျဉ်း၍ တရားရင်ဆိုင်နေရသည့် ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဌ ယူလီ ဟိုနက်စ်အား ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ရန် တရားလိုဘက်မှ တောင်းဆိုလိုက်သည်ဟု သိရသည်။

    ယခင် အနောက်ဂျာမနီလက်ရွေးစင်တစ်ဦးဖြစ်သူ ဟိုနက်စ်မှာ အခွန်ရှောင်လွှဲခဲ့သည်ဟုသော စွဲချက်ဖြင့် ယခုတစ်ပတ် တနင်္လာနေ့တွင် တရားရုံး၌ စတင်ကြားနာခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်ရန် ရှိနေသည်။ အသက် ၆၂ နှစ်အရွယ်ရှိ ဟိုနက်စ်မှာ အခွန်ငွေ ၁၈.၅ သန်းပေးဆောင်ရန် ကျန်ရှိနေပြီး တရားလိုများကမူ ၎င်းအား ထောင်ဒဏ်ချမှတ်စေလိုနေသည်။

    ထိုအမှုအား တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် အချင်မ် ဗွန် အန်ဂျဲလ်ကမူ ဟိုနက်စ်မှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ရရှိခဲ့သည့် ၀င်ငွေ ယူရို ၃၃ သန်းကို တရားဝင်ကြေညာခဲ့ခြင်းမရှိဟု ယုံကြည်နေပြီး၊ ထိုဝင်ငွေများအတွက် အခွန်ငွေ ၃.၅ သန်းပေးဆောင်ရမည်ဖြစ်သည်။

    ထိုကဲ့သို့ အခွန်ရှောင်ခြင်းကြောင့် ဟိုနက်စ်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ ချခံရဖွယ်ရှိနေသော်လည်း ၎င်း၏ ရှေ့နေကမူ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ရန်အတွက် တောင်းဆိုခဲ့သည်။ ဟိုနက်စ်မှာ စာရွက်စာတမ်းများ မမှန်မကန်လုပ်ခြင်းကြောင့် ၂၀၁၃ ခုနှစ်ကလည်း တရားစွဲဆိုခြင်းခံခဲ့ရကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

    ဥရောပဖလား သုံးကြိမ်ရခဲ့ပြီး ဒူးဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ်၌ ဘောလုံးကစားခြင်းမှ အနားယူခဲ့ရသော ဟိုနက်စ်မှာ ဂန္တ၀င် ဘိုင်ယန် အသင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသူလည်းဖြစ်သည်။

    Ref: Goal

  • ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို

    ဘာကာမှာ ချန်ပီယံလိဂ်တွက် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဇာဗီဆို

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – မန်စီးတီးအသင်းအား ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သည့် ဘာစီလိုနာအသင်းမှာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် အခက်ခဲဆုံး အချိန်နှင့် ရင်ဆိုင်ရတော့မည်ဟု ဘာစီလိုနာအသင်း၏ ၀ါရင့်ကွင်းလယ်လူ ဇာဗီက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့တွင် ဘာစီလိုနာမှာ မန်စီးတီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

    အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဇာဗီက အသင်းမှာ ၎င်းတို့၏ အကောင်းဆုံးပုံစံထဲမှ တစ်ချို့ကို ပြန်လည်ရရှိခဲ့ပြီး၊ ဥရောပအမြင့်ဆုံး ချန်ပီယံ လိဂ် ဆုဖလားအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတွင် သက်သေပြရမည်ဟု ဆိုသည်။

    “ဒါဟာ ချန်ပီယံလိဂ်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရတော့မယ်ဆိုတာ သိပါတယ်။ (မန်စီးနဲ့ပွဲမှာ) ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ကောင်းခဲ့ပြီး၊ ရည်ရွယ်ချက်ကလည်း ကွာတားဖိုင်နယ်ကို ရောက်ဖို့ပါ။ ပရိသတ်တွေ ကလည်း သောင်းသောင်းဖျဖျရှိခဲ့ပါတယ်” ဟု ဇာဗီ၏ ပြောကြားမှုကို ဘာစီလိုနာအသင်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ဘာစီလိုနာအသင်းမှာ လာလီဂါတွင် ခြေစွမ်းကျဆင်းနေပြီး ထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် ၄ မှတ်အကွာ တတိယနေရာတွင်ရှိနေသည်။

    Ref : Goal