News @ M-Media

Tag: DailySportsNews

  • နိုဝင်ဘာ ၁၅ အားကစားသတင်းများ

    နိုဝင်ဘာ-၁၅ ၂၀၁၃

    M-Media

    အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုထက် ပိုကောင်းသည်ဟု ဆွီဒင် နည်းပြဆို

    ဆွီဒင်အသင်း၏ နည်းပြဖြစ်သူ အဲရစ်ဟမ်ရန်က အသင်း၏ တိုက်စ်စမှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ယခုလက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်သည် ဟုပြောကြားလိုက်သည်။

    ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်သည်ဟူ၍လည်း ဟမ်ရန်က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်တော့ ဇလာတန်ဟာ နံပါတ် ၁ ပါပဲ။ သူဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ ပြီးတော့ ကျွန်တော်တို့ ဆွီဒင်အသင်းရဲ့ အသင်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု လစ္စဘွန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပေါ်တူဂီနှင့် ဆွီဒင်တို့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ် ပထမကျော့ အဖြစ် ယနေ့တွင် လစ္စဘွန်း၌လည်းကောင်း၊ ဒုတိယအကျော့အဖြစ် လာမည့် အင်္ဂါနေ့တွင် စတော့ဟုမ်း၌လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref:dailymail

    Ibrahimovic——————————-

    ဇစ်ကိုအား ခေါ်ယူရန် အာဆင်နယ်စဉ်းစားနေ

    တိုက်စစ်မှူးစစ်စစ်အဖြစ် ဂျရူး တစ်ဦးတည်းသာရှိသည့် အာဆင်နယ်အသင်းမှာ အသင်း၏ တိုက်စစ်အား အားဖြည့်ရန် မန်စီးတီးအသင်း တိုက်စစ်မှူး ဇစ်ကိုအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။

    ယခုနှစ် မန်စီးတီးအသင်းတွင် ပုံမှန် ကစားခွင့် မရသည့်အတွက် မပျော်မရွှင် ဖြစ်နေသည်ဟု ဇစ်ကိုက ပြီးခဲ့သည့် သီတင်းပတ်က ၀န်ခံပြောကြားထားပြီး အာဆင်နယ်အသင်း၏ ဇန်န၀ါရီ ၀ယ်ယူမည့်ကစားသမား စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။

    ထို့ပြင် အာဆင်နယ်အသင်းမှာ ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်မှူး ကရင်မ် ဘန်ဇီမာကိုလည်း ခေါ်ယူရန်ဆက်သွယ်နေသည်ဟု သိရသည်။ အဆင်နယ်မှာ တိုက်စစ်ပိုင်းတွင် ဂျရူး တစ်ဦးတည်းကိုသာ အားထားနေရပြီး၊ ၎င်းအား ဖိအားများလျော့ကျရန် တိုက်စစ်မှူးတစ်ဦးအား  လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် လိုအပ်နေသည်။

    ……………………………
    အစိုးရအား သပိတ်မှောက်ရန်အစီအစဉ်အား ပြင်သစ်ကလပ်များ ရွှေ့ဆိုင်း

    ဘောလုံးကစားသမားများအား အခွန်ငွေမြင့်မားစွာကောက်ယူမှုအစီအစဉ်နှင့် ပက်သက်၍ အစိုးရနှင့် ထပ်မံဆွေးနွေးရန် သဘောတူညီခဲ့ပြီးနောက် ဘောလုံးပွဲများ မကစားဘဲ သပိတ်မှောက်မည့် အစီအစဉ်အား ပြင်သစ်ဘောလုံး ကလပ်များ အစည်းအရုံး(UCPF) ရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။

    ပြင်သစ်အစိုးရမှာ ပြင်သစ်နိုင်ငံအတွင်းတွင် ကစားနေသော တစ်နှစ်လုပ်ခ ယူရို ၁ သန်းနှင့် အထက်ရရှိသည့် ဘောလုံးသမားများအား ၀င်ငွေ၏ ၇၅ ရာခိုင်နှုန်းကို အခွန်ကောက်ရန် စီစဉ်ခဲ့သောကြောင့် ပြင်သစ်ထိပ်ဆုံး ဘောလုံးပြိုင်ပွဲနှစ်ခုရှိ ကလပ်အသင်းများက နိုဝင်ဘာ ၂၉ နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကစားမည့် ပွဲများကို သပိတ်မှောက်ရန် မူလက စီစဉ်ခဲ့သည်။

    နောက်ပိုင်းတွင် အစိုးရနှင့် ဘောလုံးကလပ်အသင်းများ အကြား ကြားဝင်စေ့စပ်ပေးမှုများကြောင့် ထိုသပိတ်မှောက်ရန် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သော်လည်း အခြေအနေထူးခြားမှုမရှိပါက သပိတ်မှောက်မှုအားဆက်လက် အကောင်အထည်ဖော်သွားမည်ဟု UCPF က သတိပေးခဲ့သည်။

    “ကျွန်တော်တို့ဒီလာတာ ရာဇသံပေးဖို့လာတာမဟုတ်ပါဘူး။ ဆွေးနွေးဖို့လာတာပါ။ ဗုဒ္ဓဟူးနေ့ညက အစိုးရက ခန့်အပ်ထားတဲ့ ကြားဝင်စေ့စပ်သူတွေဆီကနေ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒီလူတွေနဲ့ သူတို့ပြောတဲ့စကားတွေကို ယုံကြည်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု UCPF ဥက္ကဌ ဂျိန်း ပီရီလူဗလ်က ပြောကြားခဲ့သည်။

    ……………………………….
    ဘာစီလိုနာအသင်းနှင့် ပွဲဦးထွက်ကို ဘယ်တော့မှမမေ့ဟု မက်ဆီဆို

    မနက်ဖြန်တွင် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့်သက်တမ်း ၁၀ နှစ်ပြည့်တော့မည်ဖြစ်သည့် တိုက်စစ်မှူး မက်ဆီက ဘာစီလိုနာ အသင်းကြီးတွင် ပထမဆုံးစတင်ကစားခဲ့ရသည့် ပွဲဦးထွက်ပွဲကို ဘယ်တော့မှမမေ့ဟု ပြောကြားလိုက်သည်။

    မက်ဆီမှာ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင်ကစားခဲ့သည့် ပေါ်တိုအသင်းနှင့် ခြေစမ်းပွဲတွင် ဘာစီလိုနာ အသင်းအတွက် ပထမဦးဆုံး ပါဝင် ကစားခွင့်ရခဲ့ပြီး၊ အသက် ၁၆ နှစ် အရွယ်သာရှိသေးသည့် ၎င်းအနေဖြင့် ထိုစဉ်က အိပ်မက်များ အမှန်တကယ်ဖြစ်လာသည်ဟု ခံစားခဲ့ရသည်ဟု ဆိုသည်။

    “၂၀၀၃ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ကျွန်တော့်အတွက် အရေးပါတဲ့ နေ့ရက်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ငယ်ငယ်လေးထဲက ကျွန်တော်မက်ခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာလို့ပါ။ အဲဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းတဲ့နေ့ပါပဲ” ဟု မက်ဆီက Barca TV ရုပ်သံသို့ ပြောကြားခဲ့သည်။

    ထိုအချိန်မှစကာ တဖြည်းဖြည်းတိုးတက်လာခဲ့သည့် မက်ဆီက အောင်မြင်မှုများမှာ ၎င်းအားပြောင်းလဲစေခဲ့ခြင်းမရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိသည့် မက်ဆီမှာ ယခုအခါ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်တွင်မှ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။

  • နိုဝင်ဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၄၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    ဖာဂူဆန်၏ ဝေဖန်မှုအား ရွိုင်ကိန်း ပြန်လည်တုံ့ပြန်


    ပြီးခဲ့သည့် အောက်တိုဘာလကထုတ်ဝေခဲ့သော ဖာဂူဆန်၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ၎င်းအား ဝေဖန်ထားမှုများနှင့်ပက်သက်၍ စကားစစ်ထိုးနေမည် မဟုတ်သော် လည်း၊ အမှန်တရားအား ထုတ်ဖော်မည်ဟု ဆုံဖြတ်ထားကြောင်း မန်ယူအသင်းအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြောကြားလိုက်သည်။

    ဖာဂူဆန်က ၎င်း၏ အထုပ္ပတ္တိတွင် ရွိုင်ကိန်းအား ခြိမ်းခြောက်တတ်ပြီး ရက်စက်ကြမ်းကြုတ်သော ကစားသမားတစ်ဦးအဖြစ်ဖော်ပြထားပြီး၊ ထင်ထားသည်ထက်ပို၍ ရိုင်းစိုင်းသော နှုတ်လျာရှိသည်ဟုလည်း ဖော်ပြထားသည်။

    အိုင်ယာလန်သင်း၏ လက်ထောက်နည်းပြအဖြစ် မကြာသေးမီကမှ စတင်တာဝန်ထမ်းဆောင်နေသည့် ရွိုင်ကိန်းက သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ဖာဂူဆန် ၏ ကစားသမားဟောင်းများနှင့် လက်ရှိကစားသမားများအား ဝေဖန်မှုအား မေးခွန်းထုတ်ခဲ့သည်။

    “ဘောလုံးလောကရဲ့ အလှကတော့ လူတိုင်းမှာ ထင်မြင်ချက်တွေရှိနေတာပါ။ ကျွန်တော့်အတွက်ကတော့ ပြဿနာမဟုတ်ပါဘူး။ ကျွန်တော့်ကိစ္စကတော့ ကျွန်တော့် အကြောင်း နဲ့ ပက်သက်ပြီး၊ ယခင်ကကျွန်တော်ပြောခဲ့တာတွေနဲ့ ပက်သက်ပြီး တခြားသူတွေက ဝေဖန်တာနဲ့၊ ကျွန်တော်အကြောင်းကို လိမ်ပြောတာတွေပါ။ အဲဒီအခါကျရင် ကျွန်တော်ထွက်လာပြီး ကိုယ့်ကိုယ်ကို ကာကွယ်သွားပါမယ်” ဟု ဖာဂူဆန်၏ အထုပ္ပတ္တိနှင့်ပက်သက်၍ မေးမြန်းခဲ့သည့် မေးခွန်းအား ဖြေကြားခဲ့သည်။

    ထို့ပြင် ယခုအချိန်တွင် ဖာဂူဆန်၏ရေးထားမှုအား ခုခံမည်မဟုတ်ကြောင်း ကိန်းက ထည့်သွင်းပြောကြားခဲ့သည်။

    Goal
    ________________________

    အင်္ဂလန်လူငယ်ကစားသမားများအား ပိုမိုဂရုစိုက်သင့်သည်ဟု ရော်ဂျာဆို


    ရဟီမ်းစတာလင်ကဲ့သို့ လူငယ်ကစားသမားများအား အင်္ဂလန်လက်ရွေးစင် အသင်းတွင် အချိန်မတိုင်ခင် စောစောစီးစီးရွေးချယ်ခြင်းနှင့်ပက်သက်၍ လီဗာပူးလ် အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက သတိပေးပြောဆိုလိုက်သည်။

    တောင်ပံကစားသမား စတာလင်မှာ အသက် ၁၇-နှစ်အရွယ် ယမန်နှစ်က လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကိုခံခဲ့ရပြီး တစ်ပွဲသာ ပါဝင်ကစားခွင်ရပြီးနောက် ထပ်မံ ရွေးချယ်ခြင်းမခံရတော့ပေ။

    လူငယ်ကစားမားများမှာ အချို့အခြေအနေများတွင် အချိန်မကျသေးဘဲ အသင်းတွင် ပါဝင်ကစားနေရသည်ဟု ယုံကြည်နေသည့် ရော်ဂျာက ပါရမီရှိသည့် အင်္ဂလန် လူငယ်ကစားသမားများအား ပိုမိုဂရုတစိုက် စောင့်ကြည့်ရန် တိုက်တွန်းခဲ့ပြီး စောစောစီးစီးရွေးချယ်ကာ စောစောစီးစီ မေ့ပစ်လိုက်ခြင်းမှာ မမျှတဟု ထည့်သွင်းပြောကြား ခဲ့သည်။

    “သူ(စတာလင်) ဟာ နိုင်ငံမှာရှိတဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ယောက်ပါ။ ပြီးတော့ လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့ပြီး ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်။ ဒါပေမယ့် အဓိကကတော့ နည်းပြတွေရဲ့ မျှော်လင့်ချက်ပါ။ အဲဒါဟာ လူငယ်ကစားသမားတွေအတွက် အကြီးမားဆုံး အကြီးမားဆုံး(အတားအဆီး) ပါပဲ” ဟု ရော်ဂျာက Daily Express သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပွဲအနည်းငယ်တွင်ရွေးချယ်ခံရပြီးနောက် နောက်ပိုင်းတွင် အမေ့ခံရသည့် လူငယ်ကစားသမားများစွာရှိနေပြီး ထိုကိစ္စအတွက် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ စတာလင်အနေဖြင့် ပထမဦးဆုံးကစားခဲ့သည့် နိုင်ငံပွဲတွင် အရည်အသွေး ပြည့်မီစွာ ကစားနိုင်ခဲ့သော်လည်း၊ မျှော်လင့်ချက်ကြီးမားခြင်း၏ သားကောင် မဖြစ်စေရန် ဂရုစိုက်ရမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    Goal
    ________________________
    မန်စီးတီးတွင်ပျော်ရွင်နေသည်ဟု တိုးယေးဆို


    နည်းပြသစ်လက်အောက်တွင် အသင်းမှာ မတည်ငြိမ်သောကြောင့် အသင်းအားစွန့်ခွာတော့မည်ဆိုသည့်သတင်းအား မန်စီးတီးအသင်း ကွင်းလယ်လူ ယာယာတိုးယေး က ငြင်းပယ်လိုက်သည်။

    မန်စီးတီးသင်း၏ ကစားသမားဟောင်း ရော့ဒ်နေး မာရှ်က ယခုနှစ်ပရီးမီးယားလိဂ်တွင် မန်စီတီးအသင်းအနေဖြင့် ရလဒ်များ မကောင်းသောကြောင့် ယာယားတိုးရေးမှာ အီတီဟတ်တွင် ဆက်လက်ရှိနေရေးမှာ မတည်မငြိမ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း နိုင်ငံတကာပွဲကစားရန် အိုက်ဗရီကို့စ်အသင်းသို့ ရောက်ရှိနေသည့် ယာယာတိုးယေးက ၎င်းတို့၏ ညီအကိုနှစ်ယောက်ဓာတ်ပုံကို လွှင့်တင်ကာ ထို ပြောကြားမှုအား ၎င်း၏ တွစ်တာ စာမျက်နှာမှတစ်ဆင့် ငြင်းပယ်လိုက်သည်။

    “ကောလဟာလတွေကို နားမထောင်ပါနဲ့၊ ကျွန်တော် မန်စီးတီးမှာပဲပျော်ပါတယ်။ တိုးယေး ညီအကိုနှစ်ယောက်ဟာ (အခုလောလာဆယ်တော့) မန်ချက်စတာမှမရှိဘဲ ကာဆာကို ရောက်နေပါတယ်” ဟု တိုးယေးက တုံ့ပြန်ရေးသားထားသည်။

    တိုးယေးမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ် အင်္ဂါနေ့က ဆီနီဂေါအသင်းအား ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။

    Goal
    ________________________
    ဘာလော့တယ်လီကို ကြောက်ရွံ့ခြင်းမရှိဟု ဘိုအာတင်းဆို


    နက်ဖြန်တွင်ကစားမည့် အီတလီအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ပြင်သစ်အသင်း၏ နောက်ခံလူ ဘိုအာတင်းက အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား ကြောက်ရွံ နေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ယမန်နှစ်က ယူရို ၂၀၁၂ ပြိုင်ပွဲတွင် ပြင်သစ်အသင်းက အီတလီအသင်းအား ၂-ဂိုး ၁-ဂိုး အနိုင်ရရှိသောပွဲတွင် အီတလီအသင်းအတွက် အနိုင်ဂိုး ၂-ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ဘိုအာတင်းအနေဖြင့် ယခုပွဲ ဘာလော့တယ်လီအာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

    “သူ(ဘာလော့တယ်လီ)ဟာ ၂၀၁၂ ခုနှစ်တုန်းကျွန်တော်တို့ကို ပြိုင်ပွဲက ထွက်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ကို ကြောက်ရွံ့စေမှာ မဟုတ်ပါဘူး။ သူဟာ ဥရောပအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သူရာနှုန်းပြည့် ကစားနိုင်တဲ့အခါ သူ့ကို ထိန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့နောက်တန်းအတွက်ရော ကျွန်တော့်အတွက်ပါ စိန်ခေါ်မှုကောင်းတစ်ခုပါ” ဟု Bild မဂ္ဂဇင်းသို့ ဘိုအာတင်းက ပြောကြားခဲ့သည်။

    Goal
    ________________________

  • နိုဝင်ဘာ ၁၃ အားကစားသတင်းများ

    နိုဝင်ဘာ-၁၃ ၂၀၁၃
    M-Media

    ပြိုင်ဘက်အသင်းကို စော်ကားသော ပရိတ်သတ်ကြောင့် အေဂျက်အသင်းအား ယူအီးအက်ဖ်အေ ဒဏ်ရိုက်

    ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုတွင် ပြိုင်ဘက်အသင်းအား စော်ကားသည့် ဆောင်ပုဒ်များအား ကိုင်ဆောင်အားပေးခဲ့သည့် ပရိတ်သတ်များကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ဟော်လန်ကလပ် အေဂျက်အသင်းအား ဒဏ်ငွေရိုက်ခဲ့သည်ဟု သိရသည်။

    နိုင်ဝင်ဘာ ၆ ရက်နေ့က အမ်စတာဒမ်တွင် ဆဲလ်တစ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် အေဂျက်အသင်း ပရိတ်သတ်များမှာ ပြိုင်ဘက်အသင်းအား စော်ကားသည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ခဲ့သောကြောင့် ယူရို ၂၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရခြင်းဖြစ်သည်။

    ထိုကဲ့သို့ ဒဏ်ရိုက်ခံရခြင်းကို အေဂျက်အသင်းကလည်း အတည်ပြုခဲ့ပြီး၊ ထိုကဲ့သို့အပြုအမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ဒဏ်ငွေ ယူရို ငါးသောင်းနှင့် ကွင်းအစိတ်အပိုင်းတစ်ချို့အား ပိတ်ပစ်ခြင်းဖြစ်ပြီး အေဂျက်စ်အသင်း၏ လုံလောက်သော လျှောက်လဲချက်များကြောင့် ယခုကဲ့သို့ ဒဏ်ငွေ တစ်ဝက်လျှော့ကြသွားခြင်းဖြစ်ကြောင်း အသင်းမှထုတ်ပြန်သောကြေညာချက်တွင် ရေးသားထားသည်။

    သို့သော်လည်း အေဂျက်အသင်းအနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ဆဲလ်တစ်အသင်း၏ ကွင်း၌ ပြုလုပ်ခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူများအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကြားနာမှုကိုခံနေရသည်။

    Ajax hit with Uefa fine

    ……………………………………..

    ပရီးမီးယားလိဂ်မှာ အားနည်းလာပြီဟု လေမန်းဆို

    အာဆင်နယ်အသင်း၏ ဂိုးသမားဟောင်းဖြစ်သူ လေမန်းက ပရီးမီးယားလိဂ်မှာ တစ်ချိန်ကတောင့်တင်းခဲ့သည့် ပုံစံမျိုးမရှိတော့ဘဲ အားနည်လာပြီး ဥရောပ ဘေလုံးလောကအား ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်တို့ကသာ ဦးဆောင်နေသည်ဟု ပြောကြားလိုက်သည်။

    လေမန်းမှာ အာဆင်နယ်အသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ငါးနှစ်တာကစားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဂျာမနီကလပ် စတုဂတ် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံး ကစားခြင်းမှ အနားယူသွားခဲ့သူဖြစ်သည်။

    ပရီးမီးယားလိဂ်အား ဘွန်ဒစ်လီဂါနှင့် နှိုင်းယှဉ်ရန် လေမန်းက ငြင်းပယ်ခဲ့ပြီး၊ ဘိုင်ယန်နှင့် ဒေါ့မွန်အသင်းတို့မှာ ဥရောပထိပ်ဆုံးသို့ ရောက်ရှိလာနေပြီး အင်္ဂလန်ထိပ်သီး အသင်းများထက် လုံးဝခြားနားနေပြီဟုဆိုသည်။

    “ထိပ်ဆုံးက ဒီနှစ်သင်းဟာ တော်တော့်ကို ဟန်ချက်ညီတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်ရော ဒေါ့မွန်ပါ အများကြီး လုပ်ပြနိုင်ခဲ့လို့ပါ။ ပြီးတော့ ပရီးမီးယားလိဂ်က ယခင်က တောင့်တင်းသလောက် အခုအဲဒီလိုမျိုး မဟုတ်တော့ပါဘူး” ဟု လေမန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal.com

    ……………………………………..
    မော်ရင်ဟိုနှင့် မည်သည့်ပြဿနာမှ မရှိဟု အက်ဆီယန်ဆို

    ချယ်ဆီးအသင်း၏ ဂါနာကွင်းလယ်လူ အက်ဆီယန်က နည်းပြမော်ရင်ဟိုနှင့် ၎င်းတို့အကြား ဆက်ဆံရေးမှာ ကောင်းမွန်သည်ဟု ပြောကြားလိုက်သည်။

    မော်ရင်ဟိုအသင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အသင်းတွင် ပုံမှန်နေရာ မရသည့်အတွက် နည်းပြနှင့်အဆင်မပြေဖြစ်နေသည်ဆိုသည့် သတင်းများပေါ် ထွက်လာပြီးနောက် အက်ဆီယန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    အက်ဆီယန်မှာ ပြီးခဲ့သည့်နှစ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ပြီး ယခုအချိန်အထိ ချယ်ဆီးအသင်းနှင့် လိဂ်ဖလားပွဲ နှစ်ပွဲတွင်သာ ပါဝင်ကစားခွင့်ရထားသည်။

    “ချယ်ဆီးအသင်းရဲ့ အရန်ခုံမှာထိုင်ရတာကို ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်ဟာ ဒီလိုအခြေအနေမျိုးတွေကို ကြုံဖူးတဲ့ကစားသမား တစ်ယောက်ပါ။ ရှေ့ဆက် ကျွန်တော်ပြင်းပြင်း ထန်ထန်လေ့ကျင့်သွားပြီး၊ ချယ်ဆီးအသင်းအတွက် ပါဝင်ကစား ခွင့်ရမယ့်အချိန်တွေ ပြန်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အသက် ၃၀ အရွယ်ရှိ အက်ဆီယန်က Asempa FM သို့ ပြောကြားခဲ့သည်။
    Ref: Goal.com


    …………………………………..
    မက်ဆီမှာ ကြီးကျယ်သော ကစားသမားဖြစ်သည်ဟု ဗားလ်ဒက်စ်ဆို

    အသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ ကြီးကျယ်သော ကစားသမားတစ်ဦဖြစ်ပြီး ဘာစီလိုနာအသင်းက ၎င်းအား မှီခိုနေရသည်ဟု ဘာစီလိုနာအသင်း၏ ဂိုးသမားဖြစ်သူ ဗစ်တာဗားလ်ဒက်စ်က ပြောကြားလိုက်သည်။

    မက်ဆီမှာ ဘက်တစ်အသင်းအား ၄ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး သီးတင်းပတ် ၆ ပတ်ခန့် အနားယူရမည်ဖြစ်သည်။ ထိုကဲ့သို့ ဒဏ်ရာရရှိမှုမှာ ယခုနှစ်ရာသီတွင် မက်ဆီ၏ တတိယမြောက်ရရှိသည့် ဒဏ်ရာလည်းဖြစ်သည်။

    မက်ဆီကမစားနိုင်သည့်အတွက်ကြောင့် အသင်း၏တိုက်စစ်တွင် သက်ရောက်မှုများရှိမည်ဟု ဗားလ်ဒက်စ်က ၀န်ခံခဲ့ပြီး၊ မက်ဆီအနေဖြင့် ဒဏ်ရာမှ အမြန်ဆုံး ပြန်လည် သက်သာလာမည်ဟု ဗားလ်ဒက်စ်က ယုံကြည်နေသည်။

    “ကျွန်တော့်အတွက်တော့ သူ(မက်ဆီ)ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်တဲ့အတွက် ဘာကာဟာ သူ့အပေါ်မှာ အမြဲတမ်း မှီခိုနေရမှာပါ။ သူဝမ်းနည်းနေပုံပါပဲ။ ကျွန်တော်တို့ဘောလုံးသမားတွေဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး၊ ကျွန်တော်တို့မကစားနိုင်တာကို နားလည်လက်ခံမပေးနိုင်ကြပါဘူး” ဟု ဗားလ်ဒက်စ်က ပြောကြားခဲ့သည်။

    ယမန်နှစ်က ၃၂ ပွဲကစားပြီး ၄၆ ဂိုး သွင်းယူပေးခဲ့သည့် မက်ဆီမှာ ဘာစီလိုနာသို့ နည်းပြသစ်မာတီနိုရောက်ရှိလာပြီးနောက်ပိုင်း ၁၆ ပွဲ ပါဝင်ကစားခွင့်ရထားပြီး ၁၄ ဂိုး သွင်းယူပေးထားနိုင်သည်။
    messi 3

  • နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလား လုံခြုံရေးနှင့် ပက်သက်ပြီး သြစတေးလျစိုးရိမ်

    Untitled
    လာမည့်နှစ်တွင် ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ လုံခြုံရေးနှင့်ပက်သက်၍ စိုးရိမ်မိပြီး၊ ထိုကိစ္စအား ဆောင်ရွက်ရန်မှာ ဘရာဇီးလ်နိုင်ငံ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဟု သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တစ်ပါတ်က မြို့တော် ရီယိုဒီဂျနေရိုးတွင် ကျင်းပြုလုပ်ရန် စီစဉ်ထားသည့် Soccerex ကမ္ဘာ့ ဘောလုံးညီလာခံကို နိုင်ငံအတွင်းမငြိမ်သက်မှုများကြောင့် ဖျက်သိမ်းရန် အစိုးရက ဆုံးဖြတ်ပြီးနောက်ပိုင်း၊ ၂၀၁၄ ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဘရာဇီးလ်အနေဖြင့် ဘေးကင်းစွာ ကျင်းပနိုင်မည့်စွမ်းရည်နှင့် ပက်သက်ပြီး စိုးရိမ်စိတ်မှာ မြင့်တက်လာခဲ့သည်။

    နိုင်ငံ၏ မြို့တော် ရီယိုဒီဂျနေရိုးနှင့် ဆော်ပေါ်လိုမြို့များတွင် အစိုးရ၏ ချစားမှုများနှင့် ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲများ ကျင်းပရန်အတွက် ဒေါ်လာ သန်း သောင်းချီသုံးစွဲမှုများအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် လအနည်းငယ်မှစ၍ မကြာခဏဖြစ်ပေါ်နေသည်။

    ထို့ကြောင့် တစ်လတာကြာမြင့်မည့် ပြိုင်ပွဲကာလအတွင်း လာရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးသမားများ၏ ဘေးကင်းလုံခြုံမှုအတွက် စီစဉ်ထားရှိသော လုံခြုံရေး အစီအမံများအပေါ် သြစတေးလျအစိုးရအနေဖြင့် စိုးရိမ်နေကြောင်း သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ အကြီးအကဲ ဒေးဗစ်ဂါလော့ပ်က ၀န်ခံပြောကြားခဲ့သည်။

    Channelnewsasia
    _______________________

    လီဗာပူးလ်တွင် ကစားခဲ့သည့်တစ်လျှောက် ယခုအချိန်မှာ အသင်း၏ အကောင်းဆုံးအချိန်ဖြစ်သည့်ဟု ဂျွန်ဆင်ဆို


    ၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့လာကတည်းက အသင်း၏ ကစားပုံမှာ ယခုအချိန်တွင် အကောင်းဆုံးဖြစ်နေသည်ဟု အင်္ဂလက်ရွေးစင် နောက်ခံလူ ဂလင်းဂျွန်ဆင်က ပြောကြားလိုက်သည်။

    ထိုပြင် အသင်းအနေဖြင့် အရည်အသွေးကောင်းများဖြင့်ပြည်ဝနေပြီး အာဆင်နယ်နှင့်ပွဲတွင် တွေ့ခဲ့ရသည့်အရှုံးမှ ပြန်လည်ခေါင်းထောင်လာနိုင်သည့် အသင်း၏ စွမ်းရည်အား ချီးကျူးပြောဆိုခဲ့သည်။

    “အရင်တုန်းက ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူစာရင်းနဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ကတော့ ကျွန်တော်အသင်းမှာ စကစား ခဲ့တဲ့ သက်တမ်းတစ်လျှောက် အခုအချိန်ဟာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျွန်ဆင်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ဂျွန်ဆင်မှာ လီဗာပူးလ်အသင်းသို့ရောက်ရှိပြီးနောက် လေးနှစ်တာကာလအတွင်း နည်းပြလေးဦး၏လက်အောက်တွင် ကစားခဲ့ရသော ကစားသမားတစ်ဦးဖြစ်သည်။

    လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့် စနေနေ့က ဖူလ်ဟမ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ဦးဆောင်သူ အာဆင်နယ်အသင်းထက် နှစ်မှတ် လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    Goal
    _______________________

    ATP World Tour Finals ချန်ပီယံဘွဲ့အား ဂျိုကိုဗစ်ကာကွယ်


    လန်ဒန်တွင် ကျင်းပခဲ့သည့် ယခုနှစ် ATP ရာသီပိတ်တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်သည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ်အား အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    လက်ရှိ ကမ္ဘာ့အဆင် ၂ ရှိ ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံလည်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နာဒယ်အား ၆-၃၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဘွဲ့ကို ကာကွယ် နိုင်ခဲ့သည်။

    ယခုပွဲဗိုလ်စွဲနိုင်ခဲ့မှုမှာ ဂျိုကိုဗစ်၏ ကစားသမားသက်တမ်း ၂၂ ခုမြောက်အောင်ပွဲ ဖြစ်ပြီး၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ပဲရစ်အိုးပင်းတို့တွင် ဗိုလ်စွဲခဲ့ပြီးနောက် ယခုနှစ်အတွင်း ပြိုင်ပွဲလေးခုအား ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    “တင်းနစ်ကွင်းထဲမှာတော့ ကျွန်တော်တို့တစ်ယောက်တည်းကစားနေတာကို ခင်ဗျားတို့မြင်ရမှာပါ။ ဒါပေမယ့် တကယ့်အောင်မြင်မှုက ကျွန်တော်တို့နောက်ကွယ်မှာ ရှိတဲ့(အသင်းက) လူတွေဆီကလာတာပါ” ဟု ဂျိုကိုဗစ်က နည်းပြအဖွဲ့၏ အရေးပါမှုကို ပွဲအပြီးတွင်ပြောကြားသွားခဲ့သည်။

    Skysports
    _______________________

    တားမြစ်ဆေးပြဿနာကြောင့် စပိန်တင်းနစ်မယ်တစ်ဦး ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ခံရ

    စပိန်အမျိုးသမီးတင်းနစ်မယ်တစ်ဦးဖြစ်သူ နူရီယာ လာဂိုစ်တီရာ ဗိုက်စ်မှာ တားမြစ်ဆေးဝါးပြဿနာကြောင့် တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် နူရီယာမှာ ပြီးခဲ့သည့် ဂျူလိုင်လက အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တွင် ကျင်းပပြုလုပ်ခဲ့သော Bank of the West Classic တင်းနစ်ပြိုင်ပွဲတွင် တားမြစ်ဆေးဝါးတစ်ခုဖြစ်သည့် d-methamphetamine သုံးစွဲကြောင်း တွေ့ရှိရ၍ ယခုကဲ့သို့ ကစားခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

    နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်မှ ထုတ်ပြန်သောအစီရင်ခံစာတွင် လွတ်လပ်သောကြားနာမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ထိုကြားနားမှုတွင် နူရီယာ အနေဖြင့် ၎င်း၏ ခန္ဓာကိုယ် ထဲသို့ d-methamphetamine ဆေးဝါး မည်ကဲ့သို့ ၀င်ရောက်ခဲ့သည်ကို ရှင်းမပြနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

    Skysports
    _______________________

  • နိုဝင်ဘာ ၁၁ အားကစားသတင်းများ

    နိုဝင်ဘာ ၁၁ အားကစားသတင်းများ

    နိုဝင်ဘာ-၁၁ ၂၀၁၃
    M-Media

    အသင်း၏ အဝေးကွင်း စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ပယ်လီဂရီနီ စိုးရိမ်

    မန်ချက်စတာအသင်း၏ အဝေးကွင်း စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ စိုးရိမ်မိနသည်ဟု အသင်းနည်းပြ ပယ်လီဂရီနီက ၀န်ခံပြောကြားလိုက်သည်။

    ဆန်းဒါးလန်းအသင်းအား အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ပယ်လီဂရီနီက အဝေးကွင်းတွင် အမှတ်များအရ မယူနိုင်ပါက ချန်ပီယံဖြစ်ရန်ခက်ခဲလာပီဟု ပြောကြားခဲ့ပြီး အသင်းရှိ ကစားသမားများကိုလည်း စွမ်းဆောင်ရည်ကိုလည်း ကာကွယ်ပြောကြားခဲ့သည်။

    “အဝေးကွင်းမှာ အမှတ်တွေဆုံးရှုံးနေတဲ့အတွက် ကျွန်တော်စိုးရိမ်မိပါတယ်။ တကယ်တော့ ဒါဟာ တော်တော်ခက်ခဲ့ပါတယ်။ အဝေးကွင်းမှာ ကျွန်တော်တို့ မနိုင်ဘူးဆိုရင် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကစားပုံ ဆိုးရွားတယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်တို့ အစီအစဉ်တွေချပြီး တိုးတက်အောင် ကြိုးစားရပါမယ်။ နောက်ပွဲတွေမှာ ကျွန်တော်တို့ နိုင်မယ်ဆိုတာ သေချာပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref:Goal.com

    …………………………….
    အာဆင်နယ်အနေဖြင့် တိုက်စစ်မှူးတစ်ဦး ၀ယ်ယူသင့်သည်ဟု နောက်ခံလူဟောင်းဆို

    အာဆင်နယ်အသင်း၏ နောက်ခံလူဟောင်းဖြစ်သူ နီဂယ် ၀င်းတားဘန်းက အာဆင်ဝင်းဂါးအနေဖြင့် အသင်းတွင်ရှိနေသည့် တိုက်စစ်မှူး ဂျရူး ဖိအားလျော့စေရန် လာမည့် ဇန်န၀ါရီလတွင် တိုက်စစ်မှူးတစ်ဦး ၀ယ်ယူသင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ပိုဒေါစကီးနှင့် ဝေါလ်ကော့တို့ ဒဏ်ရာမှပြန်လည် သက်သာလာပါက အသင်း၏ တိုက်စစ်မှာ ပိုမို ကောင်းမွန်လာမည်ဖြစ်သော်လည်း ၀င်းဂါးအနေဖြင့် ဂျရူးကဲ့သို့ တိုက်စစ်မှူး စစ်စစ်တစ်ယောက် ၀ယ်ယူရန် အရေးကြီးသည်ဟု ၀င်းတားဘန်းက ခံစားနေရသည်။

    “(အာဆင်နယ်အသင်းတွင်) လူတိုင်းပြောနေကြတဲ့နေရာတစ်ခုကတော့ တိုက်စစ်မှူးနေရာပါ။ ဂျရူးဟား အနားမရဘဲ အသင်းမှာ ကစားနေရမယ်ဆိုရင် ဒါဟာ သူ့အတွက် ခက်ခဲမှာပါ။ သူတို့(အာဆင်နယ်)အနေနဲ့ အမြဲတမ်းဖြစ်ဖြစ်၊ အငှားနဲ့ဖြစ်ဖြစ် တိုက်စစ်မှူး တစ်ယောက်လောက် ခေါ်ဖို့ကြိုးစားမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းတားဘန်းမှ ပြောကြားခဲ့သည်။

    အသက် ၄၉ နှစ်အရွယ်ရှိ ၀င်းတားဘန်းမှာ အာဆင်နယ်အသင်းတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးခဲ့သည့် ဂန္တ၀င်နောက်ခံလူဟောင်းတစ်ဦးဖြစ်သည်။

    Ref: Goal.com

    …………………………………..
    ဂွာဒီယိုလာမှာ ဘိုင်ယန်တွင် ဘာစီလိုနာမှထက်ပိုသည့် အောင်မြင်မှုမျိုးကို ရယူချင်သည်ဟု ရီဘာရီဆို

    ဘိုင်ယန်မြူးနစ်အသင်း၏ အလယ်တန်းလူ ဖန့်ရီဘာရီက အသင်းနည်းပြ ဂွာဒီယိုလာ၏ စွမ်းဆောင်ရည်များအား ချီးကျူးလိုက်ပြီး၊ ယခုနှစ်နွေရာသီ ဂွာဒီယိုလာ အသင်းသို့စရောက်ကတည်းက မိမိ၏ စွမ်းဆောင်ရည်များမှာလည်း တိုးတက်လာခဲ့သည်ဟု ပြောကြားလိုက်သည်။

    ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါတွင် ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ဟမ်းဘတ်အသင်း၏ နှစ်ပေါင်း ၃၀ ကြာတင်ထားခဲ့သည့် စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။

    “အောင်မြင်မှုတွေရခဲ့တဲ့ ဘာစီလိုနာမှာ သူပြသခဲ့တဲ့ နည်းစနစ်ကို ဂွာဒီယိုလာက ကျွန်တော်တို့အသင်းကို ယူဆောင်လာပါတယ်။ သူရဲ့စိတ်ကူးတွေနဲ့ အတူ ရောက်လာခဲ့ပြီး ဘာစီလိုနာမှာရခဲ့တဲ့ အောင်မြင်မှုတွေထက်ပိုတဲ့ အောင်မြင်မှုတွေကို သူရချင်နေပါတယ်။ ဘိုင်ယန်နဲ့အတူ အောင်ပွဲခံချင်နေတာပါ” ဟု ဂွာဒီယိုလာနှင့် ပတ်သက်ပြီး အားကစားရုပ်သံတစ်ခုဖြစ်သည့် beIN Sport ရုပ်သံမှတင်ဆက်သည့် ‘Le Club’ အစီအစဉ် သို့ ရီဘာရီက ပြောကြားခဲ့သည်။

    Ref: Goal.com
    …………………………………..

    ATP World Tour Finals ဖိုင်နယ်သို့ နာဒယ်နှင့် ဂျိုကိုဗစ်တို့တက်ရောက်

    လန်ဒန်တွင်ကျင်းပပြုလုပ်နေသည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ စပိန်တင်းနစ်သမား နာဒယ်နှင့် ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    နာဒယ်မှာ ဆီမီးဖိုင်နယ်တွင် ဆွစ်ဇလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာအား အနိုင်ယူနိုင်ခဲ့ပြီး၊ ဂျိုကိုဗစ်မှာလည်း ဆွစ်ဇလန်တင်းနစ်သမား ၀ါဝရင်ကာအား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ဒူးဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပြင်သစ်နှင့် ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲများတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နာဒယ်မှာ ဖက်ဒါရာအား ၇-၅၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နာဒယ်မှာ ဖက်ဒါရာနှင့် ယခုပွဲအပါအ၀င် ၃၂ ပွဲတွေ့ဆုံခဲ့ပြီး ၂၂ ပွဲအနိုင်ရရှိခဲ့သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဂျိုကိုဗစ်နှင့် ၀ါဝရင်ကာတို့ပွဲတွင် ဂျိုကိုဗစ်က ၆-၃ ၆-၃ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။  ဂျိုကိုဗစ်မှာ ယခုပွဲအနိုင်ရရှိပြီးနောက် ၂၁ ဆက်တိုက် အနိုင်ရရှိသည့် ရလဒ်ကောင်းကိုလည်း ရရှိထားသည်။

    ATP World Tour Finals မှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိကစားသမားများသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ရာသီပိတ် တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဗိုလ်လုပွဲကို ယနေ့တွင် ကစားမည်ဖြစ်သည်။

    Ref:skysports

    ………………………………………………..
    ဂျူဗင်တပ်စ်အသင်းတွင် ကစားရသည်ကို ပျော်ရွှင်ကြောင်း လော်ရန်တေးဆို

    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ လော်ရန်တေးက အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ ကားလို့စ်တီဗက်ဇ်နှင့် ဆက်ဆံရေးကောင်းမွန် ကြောင်းပြောကြားခဲ့ပြီး အသင်း၌မပျော်မရွှင်ဖြစ်နေသည်ဆိုသည့်သတင်းအား ငြင်းပယ်လိုက်သည်။

    လောရန်တေးမှာ နာပိုလီအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည်။ ယခုနှစ်နွေရာသီကမှ ဂျူဗင်တပ်စ်သို့ ရောက်ရှိလာသည့် လော်ရန်တေးမှာ ဇန်န၀ါရီတွင် အသင်းမှ ထွက်ခွာတော့မည်ဟု ကောလဟာလများ ထွက်ပေါ်လာ ခဲ့သော်လည်း လော်ရန်တေးက ငြင်းပယ်ခဲ့သည်။

    “ကျွန်တော့်ရဲ့လုပ်အားတွေနဲ့ အသင်းကို အမြဲတမ်းကူညီပေးနေပါတယ်။ ကျွန်တော်ရဲ့စွမ်းဆောင်ရည်တိုးတက်လာတာဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘဲ၊ ကျွန်တော်ကြိုးစားလို့သာ ဒီလိုတိုးတက်လာတာပါ။ ပြီးတော့ တီဗက်ဇ်နဲ့လည်း ဆက်ဆံရေးကောင်းတွေရှိပြီး အသင်းမှာရှိနေတာကိုလည်း ပြောပါတယ်” ဟု Sky Sport သို့ လော်ရန်တေးက ပြောကြားခဲ့သည်။
    Ref: Goal.com

    1