News @ M-Media

Tag: DailySportsNews

  • ဒီဇင်ဘာ ၉၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၉၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

     

     

    article-2520380-19F6F38700000578-197_634x425

    ဘရာဇီး ပြည်တွင်းပွဲစဉ်တွင် ရုန်းရင်းဆန်ခတ်ဖြစ် ၂၀၁၄ ကမ္ဘာဖလား အိမ်ရှင် ပုံရိပ်ထိခိုက်

    – ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပြီး နှစ်ရက်အကြာတွင် ဘရာဇီးပြည်တွင်းလိဂ်ပွဲစဉ်တစ်ခု၌ ရုန်းရင်းဆန်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ပရိတ်သတ်တစ်ဦးမှာ ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့သောကြောင့်ကွင်းအတွင်းသို့ ရဟတ်ယာဉ်ဆင်းသက်၍ ဆေးရုံသို့ပို့ဆောင်ရသည်အထိ ဖြစ်ခဲ့သည်။ အက်သလက်တီကို ပီအာရ်အသင်းနှင့် ဗာစကိုဒဂါးမားတို့ကစားခဲ့သည့် ပွဲတွင် နှစ်ဘက်အသင်း ပရိတ်သတ်များ တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များက ရာဘာကျည်ဆံများဖြင့်ပစ်ကာ လူစုခွဲခဲ့ရသည်။ ပွဲကိုမှု ၁ နာရီနှင့် ၁၀ မိနစ်အထိ ရပ်နားခဲ့ပြီးနောက် ပြန်လည်ကစားခဲ့သည်။ ထိုကဲ့သို့ဖြစ်ပွားခြင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံရေးအတွက် ဝေဖန်မှုတစ်ချို့အား ရင်ဆိုင်နေရသည့် ဘရာဇီးနိုင်ငံအတွက် အရှက်ရစရာဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    …………………………..

    ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်ပြီးဟု ရိုးမားနည်းပြပြော

    – တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် ဖီအိုရင်တီးနားအသင်းအား အနိုင်ရခဲ့ပြီးနောက် အသင်းအနေဖြင့် စီးရီးအေချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သူဖြစ်လာပြီဟု ရိုးမားအသင်းနည်းပြဖြစ်သူ ဂါစီယာက ပြောကြားခဲ့သည်။ ထိုပွဲတွင် ယခုနှစ်ရာသီ ရှုံးပွဲမရှိသေးသည့် ရိုးမားအသင်းမှာ မိုင်ကွန်နှင့် အက်စထရိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး လေးပွဲဆက်တိုက်သရေကျမှုကို အဆုံးသတ်နိုင်ခဲ့သည်။
    …………………………..
    အဝေးကွင်းရလဒ်မကောင်းသော်လည်း တိုက်စစ်အသားပေးဆက်ကစားမည်ဟု မန်စီတီးနည်းပြပြော

    – အဝေးကွင်းတွင် အမှတ်များဆုံးရှုံးနေသော်လည်း တိုက်စစ်အသားပေး ကစားပုံအား ဆက်လက်ကစားသွားမည်ဟု မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ စနေနေ့က ကစားခဲ့သည့် ဆောက်သက်တမ်နှင့်ပွဲတွင် မန်စီးတီးအသင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ထိုးဂိုးအား မထိန်းနိုင်ခဲ့ဘဲ တစ်ဂိုးပြန်ပေးခဲ့ရပြီး တစ်မှတ်သာရရှိခဲ့သည်။
    ………………………………
    ဘေးလ်က ရီးယဲလ်ဖလားများရရန် အထောက်ကူ ဖြစ်စေမည်ဟု ရော်နယ်ဒိုပြော

    – အသင်းသို့ တိုက်စစ်မှူး ဂါရက်ဘေးလ်ရောက်ရှိလာခြင်းမှာ အသင်းအား ဖလားများရရှိအောင် အထောက်အကူဖြစ်စေသည်ဟု ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီယဲလ်သို့ရောက်ရှိလာသည့် ဂါရက်ဘေးမှာ အသင်းနှင့် ပါဝင်ကစားခဲ့ရသည့် ၁၃ ပွဲတွင် ၉ ဂိုးသွင်းယူပေးထားသည်။
    ……………………………….
    လီဗာပူးတိုက်စ်မှူး ဆွာရက်ဇ် သွင်းဂိုး ၁၄ ဂိုးဖြင့် ဥရောပဂိုးအများဆုံး တတိယနေရာသို့ရောက်လာ

    – စနေနေ့ကကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်မှာ ယခုနှစ်အတွင်း သွင်းဂိုး ၁၄ ဂိုးအထိရှိလာပြီဖြစ်ပြီး ဥရောပ ဂိုးသွင်းအများဆုံး စာရင်းတွင် တတိယနေရာသို့ရောက်ရှိလာခဲ့ကာ ထိပ်ဆုံးမှ ရော်နယ်ဒိုနှင့် ၃ ဂိုးသာကွာတော့သည်။ ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ အဆင့် ၅ နေရာတွင် ရှိနေသည်။
    …………………………………
     ဇက်ခ်ျ ဂျွန်ဆန်က တိုက်ဂါးဝုဒ်အား play-off တွင် အနိုင်ယူ

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်တောက်ဘက် Sherwood Country ဂေါက်ကလပ်တွင်ကျင်းပပြုလုပ်ခဲ့သည့် World Challenge ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဇက်ခ်ျ ဂျွန်ဆန်က တိုက်ဂါးဝုဒ်အား play-off တွင် အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    …………………………………
    နေပြည်တော် ဆီးဂိမ်း ကြက်တောင်ရိုက်ပြိုင်ပွဲ ကစားကွင်းအတွင်း အဲယားကွန်း ပိတ်ထားမှု မလေးအသင်းနည်းပြ မစိုးရိမ်

    – ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများအတွင်း နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ လေအေးပေးစက်များကို ပိတ်ထားမည်ဖြစ်သောကြောင့် မိမိ၏ ကစားသမားများအား အကျိုးသက်ရောက်မှုကို စိုးရိမ်မည်မဟုတ်ဟု မလေးရှား ကြက်တောင်ရိုက် (တစ်ဦးချင်း) အသင်း၏ နည်းပြဖြစ်သူ ရရှစ်ဒ် စီဒက်က ပြောကြားခဲ့သည်။

    မလေးရှား ကြက်တောင်ရိုက် ကစားသမားများမှာ ယမန်နေ့က ၀ဏ္ဍသိဒ္ဓိအားကစားကွင်းတွင် ပထမဦးဆုံးအကြိမ် လေ့ကျင့်ကစားခဲ့ကြပြီး ရုံအတွင်းအပူချိန်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးခဲ့ပေ။

    သြဂုတ်လအတွင်းက တရုတ်နိုင်ငံ ဂွမ်ဇူတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့ နံပါတ် ၁ မလေးရှားနာမည်ကြီး တင်းနစ်သမား လီချုံဝေမှာ ကစားကွင်းအတွင်း အပူချိန်မြင့်မားခြင်းကြောင့် ဆက်လက်မကစားနိုင်ဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    Ref: NST

  • ဒီဇင်ဘာ ၇၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၇၊ အားကစားသတင်းများ

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media

    –  လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းအား ပိုမိုတောင့်တင်းအောင် ဆောင်ရွက်သွားမည်ဟု မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။ မိုယက်စ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ဘာကာကွင်းလယ်လူ ဖာဘရီဂတ်စ်အား ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အဲဗာတန်ကွင်းလယ်လူ ဖယ်လိုင်နီကိုလည်း အပြောင်းအရွှေ့နောက်ဆုံးရက်မှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးဝါးနေပြီး ကစားသမား ဖြည့်တင်းရန် လိုအပ်နေသောကြောင့် မိုယက်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


    …………………………….

    –  နည်းပြ ဒေးဗစ်မိုယက်စ်၏ သမီးဖြစ်သူ လော်ရန်မိုယက်စ်နှင့် ပက်သက်မှုများရှိနေပြီး၊ လော်ရန်နှင့် ချိန်းတွေ့ခဲ့သောကြောင့် မိုယက်စ်က အသင်းတွင် ထည့်သွင်း အသုံးပြုခြင်းမရှိခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မန်ယူကွင်းလယ်ကစားသမား ၀ီလ်ဖရိဒ်ဇာဟာက ထိုသတင်းမှာ မဟုတ်မှန်ဘဲ လော်ရန်ကို တွေ့ပင်မတွေ့ဖူးကြောင်း၊ မိမိအားပါဝင်ကစားရန် အဆင့်သင့်ဖြစ်သည်ဟု နည်းပြကယူဆသောအချိန်တွင် အသင်းတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ရှင်းလင်းရေးသားခဲ့သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ဇာဟာအား နည်းပြဟောင်း ဖာဂူဆန်လက်ထက်က ခရစ္စတယ်ပဲလေ့စ်မှ ပေါင် ၁၅ သန်းဖြင့်ခေါ်ယူထားခဲ့သူဖြစ်ပြီး ယခုအချိန်အထိ အသင်းတွင် ပုံမှန်ကစားခွင့်မရသေးပေ။
    ……………………………….

    –   ယခုနှစ်ရာသီတွင် အမှားအနည်းငယ်သာပြုလုပ်ထားသည့် အာဆင်နယ်အသင်းမှာ ဇယားထိပ်တွင်ရောက်ရှိနေမှုမှာ ထိုက်တန်ကြောင်း ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး၊ ချန်ပီယံဖြစ်မဖြစ်ကို မေလမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကာ ဒီဇင်ဘာလတွင် မဟုတ်ကြောင်း သတိပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ယခုအချိန်တွင် ဒုတိယနေရာ၌ ရှိနေသည့် ချယ်ဆီးအသင်းအား ၄ မှတ်ဖြတ်ထားနိုင်သော်လည်း ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ပွဲကျပ်များကြောင့် အမှတ်လျော့နိုင်ခြေ လည်းရှိနေသည်။ ထို့ပြင် ဦးဆောင်သူ အာဆင်နယ်နှင့် ၁၂ မှတ်ကွာဟနေသော်လည်း မိုယက်စ်၏ မန်ယူအသင်းမှာ ချန်ပီယံဆုအား ခြိမ်းခြောက်နိုင်စွမ်း ရှိနေသေးသည် ဟု မော်ရင်ဟိုက ထပ်လောင်း ပြောကြားခဲ့သည်။
    …………………………..

    –  ဒဏ်ရာကြောင့် ၁ လနီးပါး အနားယူနေခဲ့ရသည့် တိုက်စစ်မှူးဗန်ပါစီမှာ ယမန်နေ့ကပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် အပြည့်အ၀ပါဝင်ခဲ့သည်။ ထို့နောက် ယနေ့တွင် အသင်း ဆေးအဖွဲ့၏ တာဝန်ရှိသူများနှင့်တွေ့ဆုံမည်ဖြစ်ပြီး ဒဏ်ရာအခြေအနေအား စစ်ဆေးမည်ဟု သိရသည်။
    ……………………………………

    –  ဗိုလ်စွဲရန် ရေပန်းစားနေသည့် အိမ်ရှင် ဘရာဇီးအသင်းအား ရှုံးထွက်အဆင့်တွင်ရှောင်ရှားနိုင်ရန် ဟော်လန်အနေဖြင့် အုပ်စု ထိပ်ဆုံးရောက်အောင် ကြိုစားရမည်ဟု ဟော်လန်ကွင်းလယ်လူ ရော်ဘင်က ပြောကြားခဲ့သည်။ ဟော်လန်အသင်းမှာ ကမ္ဘာ့ဖလားအုပ်စု B တွင် လက်ရှိချန်ပီယံ စပိန်၊ ချီလီ၊ သြစတေးလျတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နောက်တစ်ဆင့် တက်ရောက်ရေးအတွက် ရုန်းကန်ရမည်ဖြစ်သည်။
    ………………………………..

    –  ၁၉၉၈ ခုနှစ် အမိမြေ၌ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရခဲ့ခြင်းမှာ မိမိ၏ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် အလွန်လှပ၍ အရေးပါသော အောင်မြင်မှုဖြစ်သည်ဟု ပြင်သစ်အသင်း၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဇီဒိန်းကပြောကြားလိုက်သည်။ ထိုကမ္ဘာ့ဖလားပွဲ အုပ်စုပွဲစဉ်ဖြစ်သည့် ဆော်ဒီအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အသင်းမှာ အုပ်စုမှ ထွက်ရလုနီးပါး ဖြစ်ခဲ့သော်လည်း ဘရာဇီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် နိုင်ရရှိခဲ့သော ဗိုလ်လုပွဲတွင် အရေးပါသော ဂိုး ၂ ဂိုးကို ဇီဒိန်းက သွင်းယူပေးခဲ့သည်။ ထို့ပြင် ယခုလက်ရှိ ပြင်သစ်အသင်းမှာ ၉၈ ကမ္ဘာ့ဖလားရရှိခဲ့သည့် ပြင်သစ်အသင်းထက် ပိုမိုသာလွန်ရန် မျှော်လင့်နေသော်လည်း ဘရာဇီး၏ အိမ်ရှင်ဖြစ်မှုက အဆုံးအဖြတ်နိုင်သည်ဟု ပြောကြားခဲ့သည်။
    …………………………………

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အသက် ၁၇ နှစ်အောက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲအား အိန္ဒိယတွင် ကျင်းပရန်နှင့်၊ ၂၀၁၆ ခုနှစ် ၁၇ နှစ်အောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအား ဂျော်ဒန်နိုင်ငံတွင်ကျင်းပရန် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ကပြုလုပ်ခဲ့သည့် အဆိုပါရွေးချယ်မှုပြီးနောက် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထိုဆုံးဖြတ်မှုမျာ နိုင်ငံရေး၊ ပထ၀ီရေးနှင့်ဆိုင်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ……………………………

    –  ကမ္ဘာ့ ကားမောင်းအဖွဲ့ချုပ် FIA က ပေးအပ်ချီးမြှင့်သည့် ထူးခြားပြောင်မြောက်သော သတင်းရယူမှုအတွက် အကောင်းဆုံး ရုပ်သံလိုင်းဆု (Best TV Broadcaster Award for Outstanding Coverage) အား Sky Sports F1 ရုပ်သံလိုင်းက ဆွတ်ခူးရရှိသွားခဲ့သည်။ ထိုဆုအား ယမန်နေ့ညက ပဲရစ်တွင်ပြုလုပ်ခဲ့သည့် ၂၀၁၃ ခုနှစ် FIA ၏ ဆုပေးပွဲအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Sky Sports F1 မှာ ယမန်နှစ်ကလည်း ထိုဆုအား ရရှိခဲ့သည်။
    ……………………………

    ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုအပေါ် နည်းပြများ၏ မှတ်ချက်များ

    ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုကို ယမန်နေ့က ဘရာဇီး နိုင်ငံတွင်ပြုလုပ်ခဲ့ရာ အိမ်ရှင် ဘရာဇီးလ်အသင်းမှာ အုပ်စုချောင်နေပြီး၊ အင်္ဂလန်၊ အီတလီတို့ ပါဝင်သည့် အုပ်စု D နှင့် ဂျာမနီနှင့် ပေါ်တူဂီတို့ ပါဝင်သည့် အုပ်စု G တို့အား မရဏအုပ်စုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုနှစ်တွင်မှ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်ခဲ့သည့် ဘော့စနီးယား-ဟဇီဂိုဗီနာအသင်းမှာ အာဂျင်တီးနား၊ အီရန်တို့နှင့် တစ်အုပ်စုတည်း ကျရောက် နေသည်။ အုပ်စုမဲခွဲမှုများပြီးဆုံးခဲ့ပြီးနောက် ပါဝင် ယှဉ်ပြိုင်မည့် အသင်းများမှ နည်းပြများ၏ မှတ်ချက်များမှာလည်း ထွက်ပေါ်လာခဲ့သည်။

    “အဖွင့်ပွဲစဉ်ကို ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။ ပြီးတော့ ပွဲတိုင်းကို နောက်ဆုံး အခွင့်အရေးပဲလို့ သဘောထားပြီး ကစားရပါမယ် ” (စကိုလာရီ – ဘရာဇီး နည်းပြ)

    “ဒီမနက်ကပဲ ငါတို့ ဟော်လန်အသင်းနဲ့ ကျလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါ သေးတယ်။ အခုတော့ ဒီလို ဖြစ်လာပါပြီ။ အဖွင့်ပွဲမှာကန်ရမှာပါ။ ဟော်လန်ကို ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားရပါလိမ့်မယ်” (ဒဲလ်ဘော့စကေး-စပိန်နည်းပြ)

    လက်ရှိချန်ပီယံ စပိန်အသင်း၏မှ အဖွင့်ပွဲစဉ်အဖြစ် ဒုတိယသုံးကြိမ်ရရှိခဲ့သည့် ဟော်လန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    “အုပ်စုကြပ်ဆိုသာ သံသယဖြစ်စရာမလိုပါဘူး၊ အီတလီနဲ့ ဥရုဂွေးပါနေတဲ့ အတွက် ကျွန်တော်တို့ အုပ်စုမှာ နိုင်ခြေအမြင့်ဆုံးရှိတဲ့ အသင်းနှစ်သင်း ရှိနေသလိုပါပဲ” (ရွိုင် ဟဒ်ဆန်- အင်္ဂလန်နည်းပြ)

    “ဒါဟာ မရဏအုပ်စုဖြစ်ပြီး၊ ခက်ခဲတဲ့အုပ်စုတစ်ခုပါ။ ကျွန်တော်တို့ (ဘရာဇီးကို) သွားရမယ့်ခရီးဟာ ဝေးတဲ့အတွက် ပူပန်မိပါတယ်။ အင်္ဂလန်နဲ့ ပွဲကတော့ တကယ့်ကိုအရေးကြီးမှာပါ။” (ပရန်ဒယ်လီ-အီတလီနည်းပြ)

    ဂျာမနီအသင်းမှာ အုပ်စုတွင်အမေရိကန်အသင်းနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အမေရိကန်အသင်း၏ နည်းပြမှာ ယခင်ဂျာမန်နည်းပြဟောင်း ကလင်းစမန်း ဖြစ်သည်။ ဂျာမနီနည်းပြ ဂျိုအာချင်းလိုမှာ တစ်ချိန်က ကလင်းစမန်း၏ လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

    “ဒါဟာ ဘောလုံးလောကရဲ့ရူးနှမ်းတဲ့ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ” ဟု ဂျာမနီအသင်းနှင့် ရင်ဆိုင်ရမည်ကိုရည်ညွှန်း၍ ကလင်းစမန်းက ပြောကြား ခဲ့ပြီး ဂျိုအာချင်းလိုကမူ “မိတ်ဆွေဟောင်းတွေပြန်တွေ့ကြမှာပါ” ဟု မှတ်ချက်ပေးခဲ့သည်။

    “ကျွန်တော်တို့ မရဏအုပ်စုမှာမပါတဲ့အတွက် ကျေနပ်မိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ခရီးဝေးလည်းသွားစရာမလိုပါဘူး” (အဲလက်စ် စဘယ်လာ- အာဂျင်တီးနား နည်းပြ)

    အာဂျင်တီးနားအသင်းမျာ ၁၉၇၈နှင့် ၁၉၈၆ ခုနှစ်များတွင် ကမ္ဘာ့ဖလားအား ဆွတ်ခူးရရှိထားပြီး အဖွင့်ပွဲစဉ်တွင် ဘော့စနီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    “ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အုပ်စုပါပဲ။ အာဂျင်တီးနားဟာ ကမ္ဘာ့ အင်အားကြီးအသင်းပါ။ ဒါပေမယ့် အီရန်နဲ့ ဘော့စနီးယားတို့ကိုလည်း အထင် သေးလို့ မရပါဘူး” (ဒန်နီယဲလ် အေမိုကာချီ- နိုက်ဂျီးရီယားလက်ထောက် နည်းပြ)

    “မဲခွဲမှုအတွက်ကျေနပ်ပါတယ်။ အခြား အုပ်စုတစ်ချို့မှာ ပိုတောင့်တင်းတဲ့ အသင်းတွေပါဝင်ပါတယ်။ ဘယ်လ်ဂျီယံက လက်ရှိအချိန်မှာ ဥရောပရဲ့ အတောင့်တင်းဆုံးအသင်းတွေထဲက တစ်ခုပါ” (ကာပယ်လို – ရုရှားနည်းပြ)

    Ref : Channelnewsasia
    1

  • ဒီဇင်ဘာ ၃၊ အားကစားသတင်းများ စုစည်းမှု

    ဒီဇင်ဘာ ၃၊ အားကစားသတင်းများ စုစည်းမှု

    ဒီဇင်ဘာ ၃ ၊ ၂၀၁၃
    M-Media

    338814_heroa

    –  ချန်ပီယံလိဂ်တွင် အေဂျက်နှင့် လိဂ်ပွဲစဉ်တွင် ဘီဘာလ်အိုအသင်းတို့အား နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားသော်လည်း အသင်းတွင် ယုံကြည်မှုမပျက်သုဉ်းဟု ဘာကာအသင်း ကွင်းလယ်လူ အင်နီယေစတာက ပြောဆိုလိုက်သည်။ ထို့ပြင်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အာဂျင်တီးနားတွင် ဆေးကုသမှုခံယူနေရသည့် မက်ဆီမှာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဟု သိရသည်။

    –  အဝေးကွင်းတွင် လာဇီယိုအား ၄-ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပြသခဲ့သော တိုက်စစ်မှူး ဟီဂူအင်၏ခြေစွမ်းအား နာပိုလီနည်းပြ ဘင်နီတက်ဇ်က ချီးကျူး လိုက်ပြီး၊ ဟီဂူဟင်မှာ လာဇီယို နောက်ခံလူများ ကြောက်ရွံ့ရသူတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုပွဲတွင် ၂ ဂိုး သွင်းယူပေးခဲ့သည့် ဟီဂူအင်မှာ နာပိုလီအသင်းသို့ ရောက်ရှိလာပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလက အသင်းအတွက် ပထမဦးဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ပိုင်းတွင် အသင်းအတွက်အရေးပါသော ဂိုးများကို သွင်းယူပေးနေသူဖြစ်သည်။ ဟီဂူအင်မှာ အသင်းအတွက် ထူးခြားမှုများကို ပြုလုပ်နိုင်သူဖြစ်ကြောင်း ဘင်နီတက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

    –  အသင်းရှိ တိုစစ်မှူး ကာကာမှာ အေစီမီလန်အသင်း၏ စိဓာတ်ပိုင်းဆိုင်ရာကို ပုံဖော်သူတစ်ဦးဖြစ်ပြီး၊ စိတ်ပျက်စရာကောင်းသည့် ရလဒ်များကို ကျော်လွန်ပြီးနောက် အသင်းအား ဦးဆောင်သူဖြစ်လာသည်ဟု အေစီမီလန်အသင်းနည်းပြ ကာပယ်လိုက ချီးကျူးပြောဆိုလိုက်သည်။ ကာကာမှာ တနင်္ဂနွေနေ့က ကစားခဲ့သည့် ကာတာနီယာ အား ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထိုပွဲအနိုင်မှာ စီးရီးအေတွင် ရလဒ်မကောင်းဖြစ်နေသည့် အသင်းနှင့် နည်းပြကာပယ်လိုအတွက် ဖိအားများလျော့ကျစေခဲ့သည့် အနိုင်လည်း ဖြစ်ခဲ့သည်။

    –  အသင်းရှိ ကွင်းလယ်လူ အန်ဒရီယာ ပီယာလိုမှာ အူးဒီးနီးစ်နှင့်ပွဲတွင် ညာဘက် ဒူးခေါင်းအရွတ် စုတ်ပြဲသွားပြီး မည်မျှကြာအောင် ကုသရမည်ကို မသိရှိရသေးဘဲ၊ ပဏာမ စစ်ဆေးမှုများအရ တစ်လခန့်အနားယူရဖွယ်ရှိသည်ဟု ဂျူဗင်တပ်စ်အသင်းက အသင်း၏ ၀ဘ်ဆိုဒ်မှ တစ်ဆင့် ကြေညာခဲ့သည်။ ပွဲအစ ၆ မိနစ်တွင် ပီယာလိုမှာ ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်တွင် လူစားလဲခဲ့ရသည်။

    –  မိမိအားစော်ကားသည့် မှတ်ချတ်အပေါ် ဆပ်ဘလတ္တာက ပြန်လည်တောင်းပန်ခဲ့သော်လည်း ထိုတောင်းပန်မှုအား ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပျက်ရယ်ပြုလိုက်ပြီး၊ မိမိမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံပုံစံရှိနေသည်ဟု ပြောကြားလိုက်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလတ္တာမှာ ပြီးခဲ့သည့် အောက်တိုဘာလက အောက်စဖို့ဒ်တွင် ရော်နယ်ဒိုမှာ ဆံသဆိုင်တွင်သာ အချိန်ကုန်သော ကစားသမားဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ပြီးနောက်ပိုင်းတွင် ထိုစကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

    –  အရန်ခုံတွင် ထိုင်ရန် သတ်မှတ်ခြင်းခံထားရသည့် အသင်းရှိ ကွင်းလယ်ကစားသမား ဘင်အာဖာနှင့် တိုက်စစ်မှူး ဆစ်ဆိုကိုတို့မှာ အသင်းတွင် ပြန်လည်ပါဝင်ရန် အတွက် အချိန်စောင့်ရန်လိုအပ်သည်ဟု နယူးကာဆယ်အသင်း၏ နည်းပြဖြစ်သူ အလန်ပါဂျူးက ပြောကြားလိုက်သည်။ နယူးကာဆယ်အသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းကောင်းများကို ပြသနေပြီး ချယ်ဆီးနှင့် တော့တင်ဟမ်အသင်းများအပါအ၀င် လေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်ခြောက် အထိ တက်လာနိုင်ခဲ့ပြီးနောက် ပါဂျူးအား အသင်း၏ ပုံစံအား ပြောင်းလဲချင်နေသည်။

    –  စပါးနည်းပြ ဗီလာဘိုအားစ်အနေဖြင့် သတင်းသမားများ၏ ဝေဖန်မှုများနှင့် ပက်သက်၍ ရင့်ကျက်မှုကို ပိုမိုပြသသင့်သည်ဟု ၀က်ဟမ်းအသင်း၏ နည်းပြဖြစ်သူ ဆမ်အလာဒွိုက်စ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က မန်ယူအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲအပြီးတွင် အချို့သော မီဒီယာများက စပါးအသင်းနှင့် ပက်သက်၍ မမျှမတ ပြောဆိုရေးသားကြသည်ဟု ဗီလာဘိုအားစ်က ပြောကြားခဲ့ခြင်းကို ရည်ညွှန်း၍ ဆမ်အလာဒွိုက်စ်က မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

  • ဒီဇင်ဘာ၁-နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ- ၁ ၂၀၁၃
    M-Media

    25_thai_jpg_1664060f

    – ဘန်ကောက်မြို့တွင်ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများက သိမ်းပိုက်ထားသည့် အစိုးရအဆောက်အဦးများကို အကြမ်းမဖက်သောနည်းလမ်းဖြင့် ပြန်လည်သိမ်းယူရန် ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေသည်ဟု သိရသည်။ ဆန္ဒပြသူများမှာ ဘန်ကောက်မြို့ ပါယာသိုင်းဒေသရှိ ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံနှင့် ပြည်သူ့ဆက်ဆံရေးဌာန အဆောက်အအုံ၊ ဘန်ကောက်မြောက်ပိုင်းဆင်ခြေဖုံးရှိ အစိုးရအဆောက်အအုံအချို့တို့ကို သိမ်းယူထားသည်။ ဘန်ကောက်မြို့တစ်ဝှမ်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များစွာ ချထားပြီး အချို့နေရာများတွင် မျက်ရည်ဗုံးများ အသုံးပြုကာ လူစုခွဲခြင်းကို လုပ်ဆောင်လျက်ရှိပြီး၊ လုံခြုံတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံမှုများ ရှိလာသောကြောင့် ယခုအချိန်အထိ လူ ၄ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

    – စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန်အတွက် G20 အဖွဲ့၏ ဥက္ကဌတာဝန်ကို သြစတေးလျနိုင်ငံမှ ယနေ့တွင် တရားဝင်လွှဲပြောင်း ရယူခဲ့သည်ဟုသိရသည်။ ထိုကဲ့သို့ ဥက္ကဌတာဝန်ကို ယူခြင်းမှာ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးအမြတ်ဖြစ်ထွန်းစေရန်အတွက် စီပွားရေး လုပ်ငန်းဆောင်တာများကို ပုံဖေါ်ပေးရန်ဖြစ်သည်ဟု ၀န်ကြီးချုပ် တိုနီအဘော့က ပြောကြားခဲ့သည်။

    – နယူးယောက်မြို့ရှိ Grand Central ဘူတာရုံမှ နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ရထားတစ်စင်းမှာ ယနေ့နံနက်ပိုင်းက လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိနေကာ သေဆုံးသူစာရင်းအား မသိရှိရသေးဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    – မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျူးဘားနိုင်ငံမြောက်ပိုင်းကျွန်းတွင်  ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကာ၊ အိမ်ခြေများစွာ ပျက်စီးခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ထိုကျွန်းတွင် အိမ်ခြေ သုံးသန်းရှိပြီး ၈၅ ရာခိုင်နှုန်းမှာ ဆိုးရွားသော အခြေအနေတွင်ရှိနေသည်ဟု အမျိုးသားစားရင်းအင်းဗျူရိုမှ ပြောကြားခဲ့သည်။

    – စပိန်အစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အလုပ်သမားပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြုလုပ်သွားမည်ဟု စပိန် စီးပွားရေးဝန်ကြီး လူးဝစ် ဒီ ဂူအင်ဒို့စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ပထမအကြိမ် အလုပ်သမား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး၊ ယခုအကြိမ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် မတူညီသော လုပ်ငန်းများနှင့် အချိန်ပိုင်းလုပ်ငန်းတို့ကို ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင် ပြလုပ်မည်ဟု ဂူအင်ဒို့စ်က ထည့်သွင်းပြောကြားခဲ့သည်။ စပိန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမှာ ဆက်လက်တိုးတက်လျက်ပြီး ယခုအချိန်တွင် ၂၅ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်သည်။

    – ကိုလံဘီယာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ယခုနှစ်ဆောင်းရာသီအတွင်း နိုင်ငံအနောက် အလယ်ပိုင်းဒေသအပါအ၀င် နိုင်ငံ၏ အချို့ဒေသများတွင် မိုးများစွာ ရွာသွန်းခဲ့ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ကာ အိမ်ခြေ ၂၀၀ ခန့်ပျက်ဆီးခဲ့ပြီး မိသားစု ၁၃၀၀၀ ကျော် ထိခိုက်ခဲ့ရသည်ဟု သိရသည်။ ထို့ပြင် လေမုန်တိုင်းများ၊ မိုးကြိုးမုန်တိုင်းများကြောင့် နိုင်ငံအတွင်းအရေးပေါ်အခြေအနေသို့ ဦးတည်လျက်ရှိနေသည်။

    – အီရန်နိုင်ငံ Bushehr ဒေသတွင် နျူးကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုတည်ဆောက်ရန်နှင့် ထိုအစီအစဉ်အား ၂၀၁၄ ခုနှစ်တွင်စတင်ရန် အီရန်နှင့် ရုရှားနိုင်ငံတို့ ဆွေးနွေးနေကြသည်ဟု အီန်ရန် နျူးကလီးယား အကြီးအကဲ အလီအက္ကဘာ ဆာလေဟီ၏ ပြောကြားမှုအား ကိုးကား၍ မီဒီယာများက ယနေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။ အသစ်ဆောက်လုပ်မည့် စက်ရုံမှာ ပမာဏမည်မျှရှိမည်ကို ၎င်းအနေဖြင့် ပြောကြားခြင်းမပြုခဲ့ပေ။ သို့သော်လည်း အီရန်အနေဖြင့် မီဂါဝပ် ၁၀၀၀ ထုတ်လုပ်ပေးနိုင်မည့် နျူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ယခင်က စီစဉ်ထားခဲ့သည်။ Bushehr ဒေသတွင်ပင် မီဂါဝပ် ၁၀၀၀ ထုတ်လုပ်ပေးနိုင်သည့် ဓာတ်အားပေး စက်ရုံတစ်ခုရှိနေပြီး နည်းပညာပိုင်းဆိုင်ရာ ပြစ်တင်ပြောဆိုမှုများကြောင့် နှောင့်နှေး ကြန့်ကြာမှုများစွာဖြစ်ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်မှ စတင်လည်ပတ်နိုင်ခဲ့သည်။

  • ဒီဇင်ဘာ ၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    M-Media

    345740_heroa

    –  ရီးယဲလ်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ခြင်းမှာ အိပ်မက်များ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ် က ပြောကြားလိုက်သည်။ ဘေးလ်မှာ ယမန်နေ့က ကစားခဲ့သည် ဗယ်လာဒိုလစ်အသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် သူ၏ ပထမဆုံးဟက်ထရစ်ကို သွင်းယူပေးခဲ့ နိုင်သည်။ အသင်းသို့ရောက်ရှိလာပြီးကတည်းက ပွဲထွက်ကစားသမားအဖြစ် ၉ ပွဲကစားပေးခဲ့သည့် ဘေးလ်မှာ အသင်းအတွက် ၇ ဂိုးသွင်းယူပေးထားနိုင်ပြီး ၆ ကြိမ် ဖန်တီးပေးထားနိုင်သည်။

    –  Ballon d’Or ဆုအတွက် ရော်နယ်ဒိုအား ထောက်ခံသည်ဟု တစ်နိုင်ငံတည်းသား ကစားသမား မာမာဒူ ဆာခို၏ ပြောကြားမှုအပေါ် စိတ်ပျက်မိသည်ဟု ဘိုင်ယန် မြူးနစ်အသင်း၏ ပြင်သစ်ကွင်းလည်လူ ဖရန့်ရီဘာရီက ပြောကြားလိုက်သည်။ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်အသင်းတွင် ရီဘာရီမှာ အဓိက ကစားသမားဖြစ်ခဲ့သော်လည်း ယခုနှစ်ရာသီတွင် ရော်နယ်ဒိုမှာ ခြေစွမ်းပြနေသောကြောင့် လီဗာပူးလ်နောက်ခံလူ ဆာခိုက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    –  အသင်း၏ ကွင်းလယ်ကစားသမား ယိုဟန် ကာဘာယီအား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် လုံလောက်သောစွမ်းရည်များရှိသည်ဟု နယူးကာဆယ် အသင်း၏ နည်းပြ အလန်ပါဂျူးကပြောကြားလိုက်သည်။ ကာဘာယီမှာ ယမန်နေ့က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် နယူးကာဆယ်အသင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အသင်းမှထွက်ခွာရန် သတင်းထွက်နေသူဖြစ်သည်။

    –  အသင်းရှိ ဝေးလ်တိုက်စစ်မှူးဘေးလ်မှာ ဗယ်လာဒိုလစ်အား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ယမန်နေ့ပွဲတွင် ဟက်ထရစ်သွင်းယူပေးခဲ့သော်လည်း အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကသာ ထိုပွဲ၏ အရေးပါဆုံး ကစားသမားဖြစ်သည်ဟု ရီးယဲလ်အသင်း၏နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်သည်။ ထိုပွဲအနိုင်မှာ ရီးယဲလ်အသင်း၏ ၄ ပွဲဆက် နိုင်ပွဲလည်းဖြစ်ခဲ့ပြီး ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် အမှတ်ကွာခြားချက် ကျဉ်းမြောင်းစေခဲ့သည်။

    –  ပေါ်တူဂီ နာမည်ကြီး ကလပ်အသင်းဖြစ်သည့် ပေါ်တိုအသင်းမှာ ယမန်နေ့က ကစားခဲ့သော ပြည်တွင်းလိဂ်ပွဲစဉ်တွင် အကယ်ဒီမီကာအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး လိဂ်ပွဲ ၅၄ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန် ကြိုးပြတ်ခဲ့ရသည်။ ပေါ်တိုအသင်းမှာ နောက်ဆုံးရှုံးပွဲအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက ကြုံတွေ့ခဲ့ပြီးနောက် ၂၂ လအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် နောက်ဆုံး ခြောက်ပွဲတွင်လည်း တစ်ပွဲမှ အနိုင်မရရှိသေးခြင်းကြောင့် နည်းပြ ပေါ်လိုဖွန်စီကာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    –  မန်စီးတီးအသင်း၏ နောက်ခံလူမီကာရစ်ချက်က ၎င်းအနေဖြင့် မန်စီးတီးအသင်းတွင် ဆက်လက်ကစားချင်သော်လည်း ယခုအချိန်တွင် အသင်းမှ ထွက်ခွာရန် စဉ်းစားနေပြီး ပွဲထွက်ကစားသမားအဖြစ် ကစားရမည့်အသင်းကို ရှာဖွေမည်ဟု ပြောကြားလိုက်သည်။ ရစ်ချစ်မှာ ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ၆ ပွဲသာ ကစားထားရပြီး ယခုနှစ်ရာသီကုန်ထိတိုင်အောင် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုထားသူဖြစ်သည်။

    –  ဘိုင်ယန်မြူနစ်အသင်းမှာ လူသားများနှင့်ဖွဲ့စည်းထားသော အသင်းသာဖြစ်ပြီး စက်ရုပ်မဟုတ်ဟု Eintracht Braunschweig အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သောပွဲအပြီးတွင် အသင်း၏ ဂိုးသမားဖြစ်သူ မန်နျူယဲလ်နူအာက ပြောကြားလိုက်သည်။ ထိုပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာ အကောင်းဆုံး ပုံစံမရှိသောကြောင့် နူအာက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

    –  Ballon d’Or ဆုမှာ ဘောလုံးအားကစား၏ အနှစ်သာရနှင့်ဆန့်ကျင်နေပြီး ထိုဆုမှာ ကစားသမားများအား အသင်းကောင်းမွန်မှုထက် တစ်ဦးချင်းကောင်းမွန်မှုကိုသာ အလေးထားရန် ဖြစ်ပေါ်စေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ ဘောလုံးလောကတွင် ဂုဏ်ရှိန်အမြင့်ဆုံးဆုဖြစ်သည့် Ballon d’Or ဆု ယခုနှစ်အတွက် ဇကာတင်စာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒို၊ မက်ဆီနှင့် ရီဘာရီတို့ပါဝင်နေပြီး မည်သူရရှိမည်ဆိုသည့် ထင်ကြေးပေးမှုများ များလာချိန်တွင် အာဆင်ဝင်ဂါးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မည်သူကိုမှ ထိုဆုအား မရေစေချင်ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။