News @ M-Media

Tag: DailySportsNews

  • နိုဝင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    arsene-wenger

    –  ရီးယဲနောက်ခံလူ ရာမို့စ်မှာ နည်းပြအန်ဆယ်လော့တီ၊ အသင်းဥက္ကဌပီရက်ဇ်တို့နှင့် အဆင်မပြေဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မန်စီးတီး အသင်း နှင့် ချယ်ဆီးအသင်းတို့က ရာမို့စ်အား ရာသီကုန်တွင်ခေါ်ယူရန်ပြင်ဆင်နေကြသည်ဟု သိရသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက ကစားခဲ့သည့် ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ရာမို့စ်မှာ အနီကတ်ပြသခြင်းခံခဲ့ရပြီး ရီးယဲလ်မက်ဒရစ်ကစားသမားသက်တမ်းတစ်လျှောက် ၁၇ ကြိမ်မြောက် အနီကတ်ပြခံရခြင်းလည်းဖြစ်ကာ ထိုအနီကတ်နှင့်ပက်သက်၍ အန်ဆယ်လော့တီက ရာမို့စ်အား ဝေဖန်ခဲ့သည်။ မန်စီးတီးနည်းပြ ပယ်လီဂရီနှင့် ချယ်ဆီးနည်းပြ မော်ရင်ဟိုတို့မှာ နောက်ခံလူ တစ်ဦးအလိုရှိနေပြီး ယခင်က ၎င်းတို့နှစ်ဦစလုံးလက်တွဲခဲ့ဖူးသည့် ရာမို့စ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

    –  ချယ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် လူငယ်တိုက်စစ်မှူး လူကာကူက ယခုနှစ်တွင် အဲဗာတန်အသင်းအနေဖြင့် ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့ပါက ချယ်ဆီးမှ ထွက်ခွာပြီး အဲဗာတန်အသင်းတွင်သာ ကစားတော့မည်ဟု ပြောဆိုလိုက်သည်။ လူကာကူမှာ ယမန်နှစ်ကလည်း ၀က်စ်ဘရွန်းအသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့ရပြီး ယခုနှစ်ရာသီ အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ အဲဗာတန်သို့လည်း အငှားဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် ၁၂ ပွဲကစား ပြီးချိန် ဒုတိယနေရာမှ လီဗာပူးလ်အသင်းနှင့် ၃ မှတ်အကွာတွင်ရှိနေသည့် အဲဗာတန်အသင်းအတွက် လူကာကူမှာ ၇ ဂိုးသွင်းယူပေးထားသည်။

    –  အသင်း၏ ပိုင်ရှင်အသစ်မှာ လာမည့်ဆောင်းရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှုးတစ်ဦး ၀ယ်ယူရန် စောင့်ကြည့်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်၊ အင်တာမီလန်အသင်း၏ တိုက်စစ်မှူး ရော်ဒရီဂို ပလာစီအိုက အသင်း၏ တိုက်စစ်မှာ အီတလီတွင် အကောင်းဆုံးဖြစ်နေပြီး တိုက်စစ်မှူးသစ် မလိုအပ်ဟု ပြောကြား လိုက်သည်။ အင်တာမီလန်အသင်းမှာ စီးရီးအေအမှတ်ပေးဇယားတွင် အဆင့် ၄ နေရာ၌ရှိနေပြီး ယခုလက်ရှိတွင် အခြားသော အသင်း ၁၉ သင်းထက် ပိုမို၍ ဂိုးသွင်း ယူထားနိုင်သော အသင်းဖြစ်သည်။

    –  ကွင်းလယ်လူဂျရတ်အနေဖြင့် အနာဂတ်တွင် နောက်ခံအလယ်လူနေရာတွင် ပြောင်းလဲကစားကာ ကစားသမားဘ၀အား ဆက်လက် ဖြတ်သန်းသွားနိုင်လိမ့်မည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျရတ်မှာ လီဗာပူးလ်အသင်းတွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကမှစ၍ စတင်ကစားခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၊ FA ဖလားအပါအ၀င် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးထားသူဖြစ်သည်။

    –  ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သည့် ဂျူဗင်တပ်စ်အသင်း၏ ချီလီကွင်းလယ်ကစားသမား အာဂူရို ဗီဒယ်လ်က အသင်းမှထွက်ခွာရန်မစဉ်းစားဟု ပြောကြားလိုက်သည်။ ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနိုင်သောကြောင့် ဥရောပအသင်းကြီးများက မကြာသေးမီကစတင်ကာ ဗီဒယ်လ်အား ခေါ်ယူရန် ကြိုးပမ်းနေကြသည်။

    –  ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်ပွဲတွင် ပြင်သစ်အသင်းခေါင်းဆောင် ဇီဒိန်းအား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု ထိုပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဟိုရာစီယို အလီဇန်ဒိုက ပြောကြားလိုက်သည်။ အီတလီနှင့် ကစားခဲ့သည့် ထိုပွဲတွင် ပြင်သစ်ကွင်းလယ်လူ ဇီဒိန်းမှာ အီတလီနောက်ခံလူ မာတာရာဇီ၏ ရင်ဘတ်အား ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ခေါင်းဖြင့်တိုက်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဇီဒိန်းမှာ ပွဲ၏ အရေးပါသော ကစားသမားဖြစ်ပြီး၊ ပြင်သစ်အသင်းခေါင်းဆောင်လည်းဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သောကြောင့် ထုတ်ပယ်ရန် ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု အလီဇန်ဒိုကဆိုသည်။

    –  အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ပွဲကစားမှုများနှင့် ရင်ဆိုင်နေရသောကြောင့် လုပ်ပွဲကစားမှု လုံးအမြစ်မပြတ်မည်ကို ကြောက်ရွံ့မိသည်ဟု အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အမျိုးသား ရာဇ၀တ်မှုအေဂျင်ဆီ(NCA)မှ အင်္ဂလိပ်အောက်တန်းလိဂ်များတွင် လုပ်ပွဲများ ဖန်တီးသည် ဟု ယူဆသူများအား ဖမ်းဆီးခဲ့ပြီးနောက် ၀င်းဂါးက ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ စင်ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသားနှစ်ဦး အပါအ၀င် လုပ်ပွဲဖန်တီးသည်ဟု ယူဆရသူ စုစုပေါင်း ၇ ဦးကို အင်္ဂလန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရ သည်။

    –  ၂၀၁၅ ခုနှစ် ကမ္ဘာ့ကြက်တောာင် ချန်ပီယံရှစ်ပြိုင်ပွဲအား ဂျကာတာတွင် ကျင်းပမည်ဟု အင်ဒိုနီးရှား အားကစားဆိုင်ရာ တာဝန်ရှိသည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။ ထိုကြောင့် ဆယ်ဆုနှစ် ၂ ခုအတွင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုအား အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည် ကျင်းပခြင်း ဖြစ်လာမည်ဖြစ်သည်။

  • နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    344929_heroa

    – စပိန်အသင်းနည်းပြဖြစ်သူ ဒဲလ်ဘော့စကေးက အသင်း၏ လက်ရှိစွမ်းရည်ကို ယုံကြည်မှုရှိနေသော်လည်း အသင်းရှိ ကစားသမားများမှာ စိတ်ကြီးဝင်မှုမရှိဘဲ မိမိကိုယ်ကို နှိမ့်ချရမည်ဟု သတိပေးပြောဆိုလိုက်သည်။ စပိန်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် တောင်အာဖရိကနှင် ခြေစမ်းပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒဲလ်ဘော့စကေးက ထိုခြေစွမ်းကို ရောင့်ရဲ့ကျေနပ်နေ၍မဖြစ်ဘဲ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြင်ဆင်ရမည်ဟု အသင်းသားများအား ဆက်လက်တိုက်တွန်းခဲ့သည်။

    – တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ ၎င်း၏ဒဏ်ရာအားကုသရန် အာဂျင်တီးနားသို့ သွားရောက်မည်ဟု သိရသည်။ မက်ဆီမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကစားခဲ့သည့် ဘက်တစ်နှင့်ပွဲတွင် ထိုဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၆ ပတ်မှ ၈ ပတ်အထိ အနားယူရမည်ဖြစ်သည်။

    – အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ ဂိုးသမား ရှက်ဇက်နီမှာ အသင်း၏ အနာဂတ်အတွင် အရေးပါသော ကစားသမားဖြစ်လာကာ အသင်းဂန္တ၀င်ကစားသမား ဖြစ်လာနိုင်သည်ဟု ပြောကြားလိုက်သည်။ ပိုလန်လက်ရွေးစင် ကစားသမားဖြစ်သူ ရှက်ဇက်နီမှာ ယမန်နှစ်က ကြမ်းတမ်းသောအချိန်များကို ဖြတ်သန်းခဲ့ရပြီး ပထမဦးစားပေးကစားသမားအဖြစ်မှပင် အနားပေးခြင်းခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အသင်းအတွက် ပုံမှန်လက်စွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲ ၅၀ မြောက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် အသက် ၂၃ နှစ်သာ ရှိသေးသည့် ရှက်ဇက်နီထံမှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ရရှိရန် ၀င်းဂါးက မျှော်လင့်နေသည်။

    – ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် အသင်းမှထွက်ခွာသွားသည့် ဖာဘရီဂတ်ကို မြင်ရချိန်၌ ၀မ်းနည်းမိသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစာသမား ဂျက်ဝီလ်ရှိုင်းယားက Google Hangout မှတစ်ဆင့် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    – ရိုမားအသင်းတွင် ပုံမှန်ပါဝင်ခွင့်မရသောကြောင့် အာဂျင်တီးနားအသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် အသင်းမှ ထွက်ခွာနိုင်သည်ဟု ရိုမားအသင်း၏ နောက်ခံလူ နီကိုလက်စ် ဘာဒစ်ဆိုက ပြောကြားခဲ့သည်။ ယခင်အင်တာကစားသမားဟောင်းဖြစ်သူ ဘာဒစ်ဆိုမှာ ယခုနှစ်တွင် ရိုးမားအသင်းနှင့် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး၊ နိုင်ငံအသင်းတွင် ပါဝင်မကစားရသည်မှာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

    – ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် အသင်းကြီးများဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီယဲလ်မက်ဒရစ်အသင်းများက မိမိအသင်းအား ရှောင်ရှားချင်လိမ့်မည်ဟု မန်စီတီးအသင်း နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးအသင်းမှာ အုပ်စုတွင် ဘိုင်ယမန်မြူးနစ်နောက် အုပ်စုဒုတိယနေရာသာ ရရှိရန် အခြေအနေရှိနေသောကြောင့် နောက်တစ်ဆင့်တွင် အသင်းကြီးများနှင့် တွေ့ဆုံရဖွယ်ရှိနေသည်။ သို့သော်လည်း မိမိတို့အနေဖြင့် တောင့်တင်းသော လူစာရင်းရှိသည့်အတွက် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    – ဘိုင်ယန်မြူးနစ်အသင်းက မိမိအားခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် အသင်းတွင်ဆက်ရှိနေကာ အသင်းအတွက် ဆုဖလားများရရှိရန် တိုင်ပွဲဝင် ပေးချင်သည်ဟု ဖီအိုရင်တီးနားအသင်း၏ အလယ်တန်းလူ ဂျူအန် ကော်ဒရာဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိသည့် ကိုလံဘီယာ ကစားသမား ကော်ဒရာဒိုက ဖီအိုရင်တီးနားအသင်းတွင်ဆက်နေကာ စွမ်းဆောင်ရည်များ မိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

    – ကမ္ဘာပေါ်ရှိမည်သည့်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် အဆင့်တူခြင်းမရှိဘဲ၊ ယခုနှစ်တွင် အသင်းနှင့် ဆုတံဆိပ်မျာကို ရယူရန် ဆုံးဖြတ်ထားသည်ဟု ရီးယဲလ် အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ကပြောဆိုလိုက်သည်။ ဂါရက်ဘေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရာသီအစတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသင်းအတွက် ဂိုးများသွင်းယူလာနိုင်သူဖြစ်သည်။

  • နိုဝင်ဘာ ၂၃-အားကစားသတင်း

    နိုဝင်ဘာ- ၂၃ ၂၀၁၃
    M-Media

    Ronaldo 11

    – မန်ယူအသင်းတွင် ၆ နှစ်ကြာကစားသွားခဲ့သည် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုနှင့် တစ်နေ့နေ့တွင် တွဲ၍ အလုပ်လုပ်ချင်သည်ဟု မန်ယူနည်းပြ ဒေးဗစ် မိုယက်စ်က ပြောဆိုလိုက်သည်။ ယခုနှစ် Ballon d’Or ဆုအတွက် ဇကာတင်စာရင်းတွင် ပါဝင်နေသည့် ရော်နယ်ဒိုမှာ မန်ယူတွင် အောင်မြင်သော ကစားသမားဘ၀ ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က စံချိန်တွင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

    – မန်စီးတီးအသင်းမှ အဲဗာတန်အသင်းသို့ အငှားဖြင့် သွားရောက်စားနေသည့် အင်္ဂလန်ကွင်းလယ်လူ ဂါရက်ဘယ်ရီက ၎င်းအနေဖြင့် အက်စတွန်ဗီလာတွင်ကစားနေစဉ် ၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းသို့ ပြောင်းရွှေရန် နီးစပ်ခဲ့သော်လည်း လီဗာပူးလ် ပရိတ်သတ်များက ၎င်းအား မလိုချင်သောကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ဟုပြောဆိုခဲ့သည်။

    – နယူးကာဆယ်အသင်း၏ အာဂျင်တီးနားနောက်ခံလူ ကိုလိုစီနီက ၎င်းအနေဖြင့် နယူးကာဆယ်သင်းက အမြန်ဆုံးထွက်ခွာလိုပြီး အသင်းဟောင်း အာဂျင်တီးနားကလပ် San Lorenzo အသင်းသို့ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း ယခုလက်ရှိ အလုပ်အား လေးစားမှုရှိသည်ဟု သူကဆိုသည်။

    – အသင်းဖော် ခီဒီရာ၏ ဒဏ်ရာမှာ အသင်းရှိကျန်ကစားသမားအားလုံးအား တုန်လှုပ်ခြောက်ခြားစေသည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ အလွန်ဆိုက ဖွင့်ဟခဲ့သည်။ ဂျာမန်လက်ရွေးစင် ခီဒီရာမှာ ပြီးခဲ့သည့်တစ်ပါတ် မီလန်တွင်ကစားခဲ့သည့် အီတလီအသင်းနှင့် ခြေစမ်းပွဲတွင် ဆိုးရွားသော ဒူးဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိသည့် ဘောလုံးရာသီတစ်ခုလုံအား လွဲချော်တော့မည်ဖြစ်သည်။ ထို့ပြင် လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။

    – အသင်းရှိ အားထားရသည့် ကစားသမားများဖြစ်ကြသည့် မက်ဆီနှင့် ဗားလ်ဒက်စ်တို့ မပါဝင်နိုင်သော်လည်း Granada နှင့်ပွဲတွင် ဘာကာမှာ အကောင်းဆုံးပုံစံကို ပြသနိုင်မည်ဟု ယုံကြည်ကြောင်း ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် လာမည့် ဇန်န၀ါရီလအထိ အသင်းတွင်ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ၊ ဘာကာ၏ ဦးစားပေးဂိုးသမား ဗားလ်ဒက်စ်မှာလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး လေးပတ်ခန့် အနားယူရမည်ဟု သိရသည်။

    – ရီးယဲလ်မက်ဒရစ်မှ ပြောင်းရွှေ့ကြေးကြီးမြင့်စွာဖြင့် နာပိုလီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူင်အင်က နာပိုလီအသင်းတွင် သမိုင်းသစ်ရေးထိုးရန် ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ဟီဂူအင်မှာ နာပိုလီသို့ရောက်ရှိခဲ့ပြီးကတည်းက ခြေစွမ်းပြနေပြီး နာပိုလီအသင်းမှာလည်း စီးရီးအေတွင် ပုံစံကောင်းများရရှိနေသည်။

  • နိုဝင်ဘာ ၂၁ အားကစားသတင်းများ

    နိုဝင်ဘာ ၂၁ အားကစားသတင်းများ

    နိုဝင်ဘာ ၂၁ ၂၀၁၃
    M-Media

    အေစီမီလန်အတွင်ပျော်ရွှင်သည်ဟု ဘာလော့တယ်လီဆို

    အေစီမီလန်အသင်းတိုက်စစ်မှူးဖြစ်သူ မာရီယိုဘာလော့တယ်လီက အသင်းတွင် မတည်မငြိမ်ဖြစ်နေသည့်ဆိုသည့် သတင်းများအား ငြင်းဆိုလိုက်ပြီး ဆန်စီရိုမှထွက်ခွာရန် မစဉ်းစားကြောင်း ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီလန်အသင်းတွင် စတင်ကစားရကတည်းက ဝေဖန်မှုများကို ရင်ဆိုင်နေရပြီး၊ အီတလီအသင်းတွင်လည်း ယခုနောက်ပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိပေ။
    ကလပ်အသင်းနှင့် နိုင်ငံအသင်းများတွင် ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းမှ ပြောင်းရွှေ့တော့မည် ဆိုသည့် ကောလဟာလများအား ဘာလော့တယ်လီက ငြင်းဆန်ခဲ့သည်။

    “လာတော့မယ့် အနာဂတ်ကိုပဲ ကျွန်တော်စဉ်စားပါတယ်။ အဝေးကြီးကို ကျွန်တော်မတွေးပါဘူး။ နောက်တစ်ပွဲမှာ ကျွန်တော်ကောင်းကောင်းကစားဖို့ပဲ ကျွန်တော်စဉ်းစားထားတာပါ။ အခုအချိန် အေစီမီလန်မှာ ကျွန်တော်ပျော်ပါတယ်။ ဇန်န၀ါရီ ဒါမှမဟုတ် မေလ(အပြောင်းအရွှေ့ကာလ)အကြောင်းကို ကျွန်တော် မစဉ်စားချင်ပါဘူး” ဟု ဘာလော့တယ်လီက Sky Sport Italia သို့ပြောကြားခဲ့သည်။

    ထို့ပြင် အီတလီမီဒီယာများက ၎င်းအပေါ်အလွန်အမင်းဝေဖန်ရေးသားသည့်အတွက် စိတ်ပျက်မိသည်ဟု ဘာလော့တယ်လီက ၀န်ခံခဲ့သည်။

    …………………………………
    ပိုမိုကောင်းမွန်သည့် ပုံစံဖြင့်ပြန်လာမည်ဟု မက်ဆီဆို

    ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအတွက် ရွှေဖိနပ်ဆုကို ယမန်နေ့က ရယူခဲ့ပြီးနောက်၊ ၎င်းခံစားနေရသည့် ဒဏ်ရာမှ ပိုမိုကောင်းမွန်သော အနေအထားဖြင့် ပြန်လာမည်ဟု ပြောဆိုလိုက်သည်။

    ယမန်နေ့က ဘာစီလိုနာမြို့တွင် ရယူခဲ့သည့် အဆိုပါရွှေဖိနပ်ဆုမှာ မက်ဆီ၏ တတိယမြောက် ရွှေဖိနပ်ဆုလည်းဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ် ဥရောပ ဘောလုံးလောကတွင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သောကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး၊ မက်ဆီက ယခုအချိန် သူ၏ အဓိကဆောင်ရွက်ရမည့်ကိစ္စမှာ ဒဏ်ရာမှ အမြန်ဆုံးသက်သာပျောက်ကင်းရန်နှင့် စွမ်းဆောင်ရည်အကောင်းဆုံးပုံစံဖြင့် ဘောလုံးပြန်ကစားနိုင်ရန်ဖြစ်သည်ဟု ၀န်ခံပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကြံ့ခိုင်မှုရှိရှိနဲ့ ပြန်ကစားဖို့ပါ။ ကျွန်တော့်ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ ကျွန်တော်လုပ်ဆောင်နေပြီး ကျွန်တော်ပြန်ကစားရတဲ့အခါ ဒဏ်ရာတွေထပ်မရတော့ဘူးလို့ မျှော်လင့်ပါတယ်” ဟု ရွှေဖိနပ်ဆုအား လက်ခံရယူပြီးနောက် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ ဘောလုံးရာသီအစက ကြွက်သားဒဏ်ရာရရှိခဲ့ပြီး၊ ယခုလောလောဆယ်တွင် တံကောက်ကြောဒဏ်ရာကြောင့် လာမည့်နှစ်အထိ အနားယူရဖွယ်ရှိနေသည်။
    Messi
    ……………………………………….
    ဂါလာတာစာရေးမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ဟု မန်စီနီဆို

    ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့် ခက်ခဲ့သည့် စမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ကစားသမားများမှာ အသင်းအား တိုးတက်စေရန်ဆောင်ရွက်နိုင်ပြီး၊ အသင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည်ဟု တူရကီကလပ် ဂါလာတာစာရေး၏ နည်းပြဖြစ်သူ မန်စီနီက ပြောကြားလိုက်သည်။

    ဂါလာတာစာရေးမှာ ချန်ပီယံလိဂ် အုပ်စု B တွင် ဒုတိယနေရာ၌ရှိနေသော်လည်း တတိယနေရာမှ ကိုပင်ဟေဂင်အသင်းနှင့် အမှတ်တူနေကာ စတုတ္ထနေရာမှ ဂျူဗင်တပ်စ်အသင်းနှင့် တစ်မှတ်သာ ကွာဟနေသည်။

    လက်ကျန်နှစ်ပွဲတွင် ရီးယဲလ်အသင်းအား အဝေးကွင်းတွင်လည်းကောင်း၊ ဂျူဗင်တပ်စ်အသင်းအား အိမ်ကွင်းတွင်လည်းကောင်း ကစားရမည်ဖြစ်သောကြောင့် မန်စီနီအနေဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရေးမျှော်လင့်ချက်အတွက် စိတ်လှုပ်ရှားနေသည်။

    “ဂါလာတာစာရေးအသင်းဟာ ဒီနှစ်မှာ စွမ်းဆောင်မှုကောင်းတွေလုပ်ဖို့ အလားအလာရှိတဲ့အသင်းပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ လွယ်ကူတဲ့ပြိုင်ပွဲတော့မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့အုပ်စုကလည်း တော်တော့်ကို ကြပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ (နောက်တစ်ဆင့်ကို) တက်ရောက်နိုင်ပါတယ်” ဟု မန်စီနီက Uefa.com သို့ ပြောကြားခဲ့သည်။

    ဂါလာတာစာရေးအသင်း နည်းပြဟောင်း ဖာတီ တာရင်ထွက်သွား ပြီးနောက် မန်စီနီမှာ ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းမှစ၍ အသင်းအား ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

    ……………………………………
    ကာတာ၏ ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေများမှာ လက်ခံနိုင်ဖွယ်မရှိဟု ဘလတ္တာဆို

    ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆောင်ရွက်နေသည့် ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသော အဖွဲ့ဖြစ်သည့်  Amnesty International မှ ပြောကြားခဲ့ပြီးနောက်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆပ်ဘလတ္တာကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင့်အချို့မှာ လက်ခံနိုင်ဖွယ်မရှိဟု ပြောကြားခဲ့သည်။

    Amnesty International အဖွဲ့က ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့သည့်တစ်ပါတ်က ထုတ်ဝေခဲ့ပြီး၊ ထိုအစီရင်ခံစာတွင် ဆောက်လုပ်ရေးလုပ်သားများမှာ ကျွဲ၊ နွားများကဲ့သို့ ခိုင်းစေခံနေရသည်ဟု ဖော်ပြထားသည်။

    ကာတာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိစ္စနှင်ပက်သက်ပြီး ဖြေရှင်းရန်အတွက်နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့(ITUC)နှင့် ဂျာမနီကုန်သွယ်မှုအဖွဲ့(DFB) တို့ ပူးပေါင်းပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန်ရှိနေသည့် ဘလတ္တာက

    “စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာခေါင်းဆောင်တွေက ကာတာနိုင်ငံရဲ့ လက်မခံနိုင်ဖွယ် အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာဖို့အတွက် ကူညီဆောင်ရွက်ပေးရပါမယ်။ ဒါကြောင့်မို့လို့ DFB နဲ့ ITUC တို့ပြုလုပ်မယ့် ဆွေးနွေးပွဲကို ကြိုဆိုတာပါ။ အပြောင်းအလဲတွေကို ကျွန်တော်တို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သည့်ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

  • နိုဝင်ဘာ- ၁၆ အားကစားသတင်းများ

    နိုဝင်ဘာ- ၁၆ ၂၀၁၃
    M-Media

    ပြင်သစ်မှာ ခြေစစ်ပွဲအောင်နိုင်သည်ဟု ဘန်ဇီမာဆို

    ပလေးအော့ပွဲစဉ် ပထမအကျော့တွင် ယူကရိန်းအသင်းအား  ရှုံးနိမ့်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်ရန် မလွယ်ကူတော့သော်လည်း အသင်းမှာ ခြေစစ်ပွဲအား အောင်မြင်နိုင်သည်ဟု ပြင်သစ်အသင်း တိုက်စစ်မှူး ဘန်ဇီမာက ပြောကြားလိုက်သည်။

    ယူကရိန်းမြေတွင် ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပြင်သစ်အသင်းမှာ ကစားပုံကောင်းခဲ့သော်လည်း ဒုတိယပိုင်းသွင်းဂိုးများဖြင့် အိမ်ရှင်အား အရှုံးပေးခဲ့ ရခြင်းဖြစ်သည်။

    သို့သော်လည်း ဘန်ဇီမာက ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အား စွန့်လွှတ်ရန် ငြင်းပယ်ခဲ့သည်။

    “ပြင်သစ်မှာကစားရမယ့် ဒုတိယအကျော့ ကျန်ပါသေးတယ်။ လွယ်မှာမဟုတ်ဘူး ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် (မျှော်လင့်ချက်ကို) ကျွန်တော်တို့ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ သူတိုနဲ့ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ဘန်ဇီမာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပလေးအော့ဖ်ပွဲစဉ် ဒုတိယအကျော့အား လာမည့် အင်္ဂါနေ့တွင် ပြင်သစ်၌ ကစားမည်ဖြစ်သည်။
    France can still qualify
    ……………………………………..
    အာဆင်နယ်ဂိုးသမား ဆက်ဇက်နီ အသင်းနှင့် စာချုပ် သက်တမ်းတိုး

    ၂၀၁၅ ခုနှစ်တွင် စာချုပ်သက်တမ်းပြည့်တော့မည့် အာဆင်နယ်အသင်း၏ ဂိုးသမား ဆက်ဇက်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူခဲ့သည် ဟု သိရသည်။

    ယမန်နှစ်ရာသီက အသင်းတွင် နေရာပျောက်ဆုံးခဲ့သည့်သော်လည်း အာဆင်နယ်အသင်း ဘောလုံးအကယ်ဒမီမှ အသင်းကြီးသို့ ၂၀၀၆ ခုနှစ်တွင် ခေါ်ယူခြင်းခံခဲ့ရသည် ဆက်ဇက်နီမှာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေနိုင်သည့် ယခုနှစ် အာဆင်နယ်အသင်း၏ ပင်တိုင် ပွဲထွက်ဂိုးသမားတစ်ဦးလာခဲ့သည်။

    ဆက်ဇက်နီ အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ခြင်းကြောင့် အသင်းနည်းပြ အာဆင်ဝင်းဂါးမှာ ပျော်ရွှင်နေပြီး၊ အသင်း၏ အနာဂတ်တွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်လာမည်ဟု ယုံကြည်နေသည်။

    “ဆက်ဇက်နီက အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အတွက် ကျွန်တော်တို့ ပီတိ ဖြစ်မိပါတယ်။ သူဟာ တော်တော်ကို ပါရမီရှိတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တာပါ။ ကောင်းမွန်တဲ့ အလိုအလျောက် တုံ့ပြန်မှုတွေရှိပြီး၊ သူရဲ့စိတ်ဓာတ်ကလည်း ခိုင်မာပါတယ်” ဟု အာဆင်နယ်အသင်း၏ ၀ဘ်ဆိုဒ်သို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် ဆက်ဇက်နီ၏ အရည်အသွေးများမှာ ဆက်လက်တိုးတက်လာမည်ဖြစ်ပြီး အာဆင်နယ်အသင်းတွင် အရေးပါသော ကစားသမာတစ်ဦးဖြစ်လာနိုင်သည်ဟုလည်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။


    ………………………………
    ဘာစီလိုနာထက် ဘယ်အသင်းကမှ ပိုမကောင်းပါဘူး (ဇာဗီ)

    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူဇာဗီက အသင်း၏ လက်ရှိ ပုံစံအား ချီးကျူးလိုက်ပြီး ယခုအချိန်တွင် ဘာစီလိုနာအသင်းထက် မည်သည့်အသင်းကမျှ ပိုကောင်းခြင်းမရှိဟု ပြောကြားလိုက်သည်။

    နည်းပြမာတီနို၏ ဘာစီလိုနာအသင်းမှာ ယခုအခါ လာလီဂါ ၁၃ ပွဲကစားထားပြီး ၃၇ မှတ်ဖြင့် ဇယားထိပ်ဆုံးတွင်ရှိနေသည်။ သို့သော်လည်း ဘာစီလိုနာအသင်းမှာ အကောင်းဆုံးပုံစံသို့ မရောက်သေးဟု ဇာဗီက ဖွင့်ဟခဲ့သည်။

    “ကျွန်တော်တို့အသင်း အကောင်းဆုံးပုံစံကို မရောက်သေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်တော်ဟုတ်နေပါပြီ။ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းတဲ့ အခြေအနေမျိုးကို ရောက်နိုင်ပါတယ်။ အမြင့်ဆုံးအဆင့်ကို ရောက်အောင် လုပ်ဖို့လိုပေမယ့် ဘာကာထက် ဘယ်အသင်းပိုကောင်းလဲလို့မေးရင်၊ ဘယ်အသင်းမှမရှိပါဘူး” ဟု Mundo Deportivo သတင်းစာသို့ ဇာဗီက ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ရာရနေသည့် အသင်းဖော်မက်ဆီမှာ အကောင်းဆုံးအနေအထားဖြင့် ပြန်လာမည်ဖြစ်ကြောင်း ဇာဗီက ထည့်သွင်းပြောကြားခဲ့သည်။

    …………………………………..
    အင်္ဂလန်မှာ တိုးတက်အောင်လုပ်ရမည်ဟု လမ်းပတ်ဆို

    အသင်း၏ ကစားပုံ ဆိုးရွာသည်ဟု ပြောဆိုမှုများအား အင်္ဂလန် ကွင်းလယ်လူ လမ်းပတ်က ငြင်းပယ်ခဲ့သော်လည်း၊ အသင်းမှာ ဘရာဇီးသို့မရောက်မီ လုပ်ဆောင်စရာ အများကြီးရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယနေ့နံနက် ၀င်ဘလေတွင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ချီလီအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ တိုးတက်မှုအတွက် လုပ်ဆောင်ရမည့် ကိစ္စများ များစွာရှိသည်ဟု လမ်းပတ်က ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့အလုပ်ကို ကျွန်တော်တို့ သတိပြုရပါမယ်။ ကျွန်တော်တို့ မိုးထဲရေထဲမှာ ရောက်နေတာမဟုတ်သလို၊ ကျွန်တော်တို့ကစားပုံလဲ မဆိုးရွားပါဘူး။ လာမယ့် အင်္ဂါနေ့မှာ ကမ္ဘာ့ထိပ်ဆုံးအဆင့် အသင်းတစ်သင်း(ဂျာမနီ) နဲ့ ကျွန်တော်တို့ ကစားဖို့ရှိနေပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုပါတယ်” ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ၀ဘ်ဆိုဒ်သို့ လမ်းပတ်ကပြောကြားခဲ့သည်။

    ထို့နောက် ချီလီအသင်းအား ချီးကျူးခဲ့ပြီး၊ ကစားပုံခြားနားသည့် အသင်းနှင့် ခြေစမ်းရသည့်အတွက် ၀မ်းမြောက်မိကြောင်း လမ်းပတ်က ထပ်လောင်း ပြောကြားခဲ့သည်။

    ———————————-

    ယူကရိန်း၊ ဂရိနှင့် ပေါ်တူဂီတို့အနိုင်ရရှိခဲ့ကြသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ပွဲစဉ်များ

    ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-off ပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်း၊ ပေါ်တူဂီ၊ ဂရိတို့ အသီးသီးအနိုင် ရရှိခဲ့ကြသည်။

    ပေါ်တူဂီ ၁-၀ ဆွီဒင်

    လစ္စဘွန်းတွင် ကစားခဲ့သည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရော်နယ်ဒို၏ နောက်ကျဂိုးကြောင့်သာ အိမ်ရှင်တို့ အသက်ရှူချောင်ခဲ့ရခြင်းဖြစ်သည်။

    ယခုပွဲမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဇကာတင်စာရင်းတွင်ပါဝင်ကြသည့် ရော်နယ်ဒိုနှင့် အီဗရာဟီမိုဗစ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။

    ပထပိုင်းတွင် ပေါ်တူဂီတို့က ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သော်လည်း ဆွီဒင်က အကောင်းဆုံး ဂိုးသွင်းခွင့်များရခဲ့သည်။ သို့သော် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။

    ဒုတိယပိုင်းတွင် အိမ်ရှင်တို့က အခွင့်အရေးများရရှိအောင် ဖိကစားနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၈၂ မိနစ်တွင် ပေါ်တူဂီအသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့သည်။ ထိုဂိုးအား မီဂွဲ ဗီလိုဆို၏ ဖြတ်တင်ဘောမှတစ်ဆင့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ၀မ်းလျားထိုး ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………………………..
    ယူကရိန်း ၂-၀ ပြင်သစ်

    အုပ်စုအဆင့်တွင် ရုန်းကန်ခဲ့ရသော ပြင်သစ်မှာ ယခုပွဲတွင်လည်း အိမ်ရှင်ယူကရိန်းတို့အား အရှုံးပေးခဲ့ရသောကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်မှာ အနည်းငယ် မှေးမှိန်လာပြီဖြစ်သည်။

    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် နှစ်သင်းစလုံးအခွင့်အရေးများ ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။ ဒုတိယပိုင်းတွင် ပြင်သစ်တို့က ပွဲအားပိုမိုစိုးမိုးထားနိုင်ခဲ့ပြီး အိမ်ရှင် ယူကရိန်းတို့က တန်ပြန်တိုက်စစ်မှနေ၍ ပြင်သစ်အသင်းအား ခြိမ်းခြောက်နိုင်ခဲ့သည်။

    ၆၁ မိနစ်တွင် ယူကရိန်းတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဇိုဇူလ်ယာက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ပြင်သစ်အသင်းက ချေပဂိုးရရှိရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ၈၃ မိနစ်တွင် အိမ်ရှင်တို့က ဒုတိယအနိုင်ဂိုး ထပ်မံသွင်းယူသွားခဲ့သည်။

    အာဆင်နယ်နောက်ခံလူ ကွန်စီယန်နီ၏ ဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းတမ်း မှုကြောင့် ယူကရိန်းတို့ ပင်နယ်တီရရှိခဲ့ပြီး ယာမိုလန်ကိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည်။

    ယခုပွဲရှုံးနိမ့်မှုကြောင့် ပြင်သစ်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်မှာ မှေးမှိန်လာခဲ့ပြီး လာမည့်သီတင်းပတ်တွင် ပြင်သစ်၌ ကစားမည့်ပွဲ၌ အနည်းဆုံး ၃ ဂိုးပြတ်ဖြင့် အနိုင်ရအောင် ကစားရတော့မည်ဖြစ်သည်။
    …………………………………
    ဂရိ ၃-၁ ရိုမေးနီးယား

    ဂရိတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ အိုလံပီယာကော့စ် တိုက်စစ်မှူး၏ သွင်းဂိုးများဖြင့် အရေးပါသောနိုင်ပွဲကို ရယူခဲ့သည်။

    နှစ်သင်းစလုံးမှာ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားခဲ့သည့် လူစာရင်းအား သုံးနေရာအပြောင်းအလဲလုပ်ခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်တို့က စတင်ရရှိခဲ့ပြီး ၁၄ မိနစ်တွင် တိုက်စစ်မှူး မီထရိုလူက ဧရိယာအတွင်းမှ ဘော်လီကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

    သို့သော် ဂရိတို့၏ဦးဆောင်မှုမှာ ၅ မိနစ်သာ ကြာခဲ့ပြီး ၁၉ မိနစ်တွင် ဘော့ဂ်ဒန် စတန်ကျူက ရိုမေးနီးယားအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး၊ တစ်မိနစ်အကြာတွင် ဂရိတို့ ဒုတိယဦးဆောင်ဂိုးထပ်ရခဲ့သည်။ ထိုဂိုအား ဆာလ်ပင်ဂီဒစ်က သွင်းယူပေးခဲ့သည်။ အိမ်ရှင်တို့အတွက် အနိုင်သေချာစေမည့် ဂိုးကို ဒုတိယပိုင်း ၆၆ မိနစ်တွင် အိုလံပီယာကော့စ် တိုက်စစ်မှူး မီထရိုလူကပင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ရိုးမေးနီးယား အသင်းကစားသားမား လာဇာမှာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။
    ………………………………..
    အိုက်စလန် ၀-၀ ခရိုအေးရှား

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် အိုက်စလန်နှင့် ခရိုအေးရှားတို့၏ ပွဲစဉ်တွင် အိမ်ရှင်တို့မှာ အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် သရေဖြင့်ပင် ပွဲပြီးဆုံးခဲ့သည်။

    Photo-Armando Franca / Associated Press