News @ M-Media

Tag: DailySportsNews

  • ခြေထောက်ထဲတွင် ဘောလုံးရှိနေပါက တာတိုအပြေးချန်ပီယံ အူစိန်ဘော့ကိုပင် အနိုင်ယူနိုင်သည်ဟု ဂါဗင်ဟိုဆို

    ခြေထောက်ထဲတွင် ဘောလုံးရှိနေပါက တာတိုအပြေးချန်ပီယံ အူစိန်ဘော့ကိုပင် အနိုင်ယူနိုင်သည်ဟု ဂါဗင်ဟိုဆို

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    – ခြေထောက်ထဲတွင် ဘောလုံးထား၍ အပြေးပြိုင်ပါက မိမိမှာ တာတိုအပြေးချန်ပီယံ ဂျမေကာနိုင်ငံသား အူစိန်ဘော့ထက်ပင် အပြေးမြန်သူ ဖြစ်ကြောင်း ရိုးမားအသင်း၏ ကွင်းလယ်လူ ဂျာဗင်ဟိုက ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် နာပိုလီအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရခဲ့သော ကိုပါအီတာလီယာဖလား ဆီးမီးဖိုင်နယ်ပထမအကျာ့တွင် ၂ ဂိုး သွင်းယူ ပေးခဲ့သည့် ဂျာဗင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘောလုံးကို ခြေထောက်တွင်ထား၍ မီတာ ၁၀၀၊ မီတာ ၂၀၀ တာတိုပြေးပွဲတွင် အူစိန်ဘော့ အား အနိုင်ယူနိုင်မည်ဟု အရွှန်းဖောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘောလုံးကို ခြေထောက်ထဲ ထားပြီးပြေးရင် ကျွန်တော် သူ့(အူစိန်ဘော့)ကို နိုင်မှာပါ။ ဘောလုံးမရှိရင်တော့ သူက ကျွန်တော့ထက်ပိုမြန်ပါလိမ့်မယ်” ဟု Rai Sport အားကစား သတင်းဌာနသို့ ဂျာဗင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင်ထိုပွဲတွင် နောက်ဆုံးပိတ်အရေးပါသော အနိုင်ဂိုးကို သွင်းယူခွင့်ရပြီး ကစားဖော်များ ပရိတ်သတ်များဖြင့် အောင်ပွဲခံခဲ့ရခြင်းမှာ ကောင်းမွန်သော ခံစားမှု ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဂျာဗင်ဟိုမှာ အာဆင်နယ်အသင်းမှ ရိုးမားအသင်းသို့ ပြီးခဲ့သည့်နွေရာသီက ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းများကို ပြသနေပြီး ရိုးမားအသင်း မှာလည်း စီးရီးအေ၏ ဒုတိယနေရာတွင်ရှိနေသည်။

    Ref : Goal

  • မိုယက်စ်မှာ မန်ယူအတွက် သင့်တော်သော နည်းပြဖြစ်သည်ဟု ဘက်ခမ်းဆို၊ မော်ရင်ဟိုကိုလည်း ချီးကျူးခဲ့

    မိုယက်စ်မှာ မန်ယူအတွက် သင့်တော်သော နည်းပြဖြစ်သည်ဟု ဘက်ခမ်းဆို၊ မော်ရင်ဟိုကိုလည်း ချီးကျူးခဲ့

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    – စကော့တလန်သား နည်းပြ မိုယက်စ်အနေဖြင့် မန်ယူအသင်းအား ရုန်းကန်နေရသော အနေအထားမှ ချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်သူအဖြစ် ပြောင်းလဲ နိုင်သည်ဟု ယုံကြည်ကြောင်း အင်္ဂလန် နာမည်ကျော် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူအသင်းမှာ ယခုနှစ်တွင် ရလဒ်များအလွန်ဆိုးရွားနေပြီး ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ၁၅ မှတ်ကွာဟနေကာ ကစားပြီးသမျှ ၂၄ ပွဲတွင် ၁၂ ပွဲသာ အနိုင်ရရှိထားသည်။ ပြီးခဲ့သည့် စနေနေ့ကလည်း စတုတ်စီးတီး အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ရာသီ ၈ ပွဲမြောက်အရှုံးလည်းဖြစ်သည်။

    သို့သော်လည်း မိုယက်စ်မှာ မန်ယူအသင်း၏ ကံကြမ္မာကို ပြောင်းလဲနိုင်သော သင့်တော်သည့် နည်းပြတစ်ဦးဖြစ်ကြောင်း ဘက်ခမ်းကဆိုသည်။

    “ရာသီတစ်လျှောက်လုံး ဇယားထိပ်ဆုံးမှာရှိနေတတ်တဲ့ မန်ယူအသင်း အခုရာသီမှာ ဒီလိုမဖြစ်တော့ အသင်းဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူတွေက ထင်ကြပါတယ်။ ဒါကို ပြဿနာလို့ ကျွန်တော်မမြင်ပါဘူး။ အပြောင်းအလဲကာလတစ်ခုပါ” ဟု ESPN သတင်းဌာနသို့ ၎င်းက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိုယက်စ်မှာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး၊ ၎င်းအတွက် အချိန်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ဆုဖလား များအား မည်ကဲ့သို့ ရယူရမည်ကိုသိကြောင်း၊ နည်းပြကောင်းတစ်ဦး ဖြစ်ရုံသာမက ကိုယ်ပိုင် အရည်အသွေးကောင်း ရှိသူတစ်ဦး ဖြစ်ကြောင်း ဘက်ခမ်း က ချီးကျူးသွားခဲ့သည်။

    Ref : Goal

  • အဝေးကွင်းမှာ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    ကြောက်စရာ မန်စီးတီးတိုက်စစ်ကို အကောင်းဆုံး နောက်တန်းနဲ့ ရင်ဆိုင် အနိုင်ယူခဲ့ပြီး ချန်ပီယံဆုအတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး

    MCI-CHE-1314-ps20

    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ Match of the Week ဖြစ်တဲ့ ထိပ်ဆုံးက မန်စီးတီးနဲ့ ချယ်ဆီးတို့ရဲ့ ပွဲစဉ်ကို ယနေ့နံနက်က ကစားခဲ့ပြီး မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ အိုင်ဗန်နိုဗစ်ရဲ့ ဂိုးနဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးနေတဲ့ မန်စီးတီး တိုက်စစ်မှာ အဂူရို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဇီကိုနဲ့ နီဂရီဒိုတို့ ပွဲထွက်ခဲ့ပါတယ်။ အလယ်တန်းမှာလည်း နာဆရီ မပါဝင်နိုင်ခဲ့ပါဘူး။

    မော်ရင်ဟိုကတော့ သူရဲ့ပုံစံအတိုင်း ခံစစ်ကို အကောင်းဆုံးပြင်ဆင်ခဲ့ပြီး တောရက်စ် မပါဝင်နိုင်တဲ့အတွက် တိုက်စစ်မှာ အီတူး၊ ၀ီလီယံနဲ့ ဟာဇာ့ဒ်တို့ကို တွဲပေးခဲ့ပါတယ်။ အသစ်ရောက်လာတဲ့ ကစားသမားတွေထဲမှာ ဆားဘီးယား အလယ်တန်း ကစားသမား မာတစ် ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကတော့ အရန်စာရင်းမှာပါခဲ့ပေမယ့် ၀င်ရောက်ကစားခွင့်မရခဲ့ပါဘူး။

    ပွဲအစကတည်းက အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် သိပ်သည်းလှတဲ့ ချယ်ဆီးနောက်တန်းကြောင့် ဂိုးပေါက်ကိုတော့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ချယ်ဆီးကတော့ မာတစ်ရဲ့ ကွင်းလယ်မောင်းနှင်မှုနဲ့ အတူ ဘောလုံးပိုင်ဆိုင်မှု အားနည်းခဲ့ပေမယ့် မန်စီးတီးဘက်ကို ဂိုးသွင်းခွင့်တော်တော် များများရခဲ့ပြီး အပိုင်သုံးလုံးလောက် တိုင်ထိထွက်ခဲ့တာကြောင့် ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။

    ချယ်ဆီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၃၂ မိနစ်မှာ နောက်ခံလူ အိုင်ဗန်နိုဗစ်က ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းယူခဲ့ပါတယ်။ ချယ်ဆီးဟာ နောက်ဆုံး ကစားတဲ့ ၈ ပွဲမှာ ၆ ပွဲအထိ ဂိုးမပေးရခဲ့ဘဲ၊ အခုပွဲဟာ လေးပွဲဆက်တိုက် ဂိုးမပေးရခြင်းလည်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲ ၂၀ မှာ ၁၉ ပွဲအထိ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကတော့ ၂၀၁၀ နောက်ပိုင်း အိမ်ကွင်းမှာ ပေးဂိုးမရဘဲ ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်းပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ချယ်ဆီးနောက်ခံလူ ကာဟေးလ်က ဆွတ်ခူးသွားပါတယ်။

    ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဟာ အာဆင်နယ်ထက် ၂ မှတ်လျော့၊ မန်စီးတီးနဲ့ အမှတ်တူ ဂိုးကွာချက်ကြောင့် တတိယနေရာမှာရှိနေခဲ့ပါတယ်။

    Photo-.premierleague.com

  • ပြင်သစ် Open GDF SUEZ တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီးများကို ဖြုတ်ချခဲ့သည့် ပက်ဗလူချင်ကိုဗာ ဗိုလ်စွဲ

    ပြင်သစ် Open GDF SUEZ တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီးများကို ဖြုတ်ချခဲ့သည့် ပက်ဗလူချင်ကိုဗာ ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် Open GDF SUEZ WTA တင်းနစ်ပြိုင်ပွဲတွင် ရုရှားတင်းနစ်မယ် အန်နက်စ်တာစီယာ ပက်ဗလူချင်ကိုဗာက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ပက်ဗလူချင်ကိုဗာက နိုင်ခြေအဆင့် ၃ ရှိ အီတလီ တင်းနစ်မယ် ဆာရာ အီရာနီအား ၃-၆၊ ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၂၂ နှစ်အရွယ် ပက်ဗလူချင်ကိုဗာမှာ နိုင်ခြေအဆင့် ၇ ရှိ ကာရ်လာ ဆွာရက်ဇ် နာဗာရို၊ နိုင်ခြေအဆင့် ၄ ရှိ အိန်ဂျလီကာရ်ဘာနှင့် နိုင်ချေအဆင့် ၁ ရှိ မာရီယာ ရှာရာပိုဗာ စသည့် နာမည်ကျော် တင်းနစ်မယ်များအား အနိုင်ကစားကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    Ref : SkySports

  • သက်ကြီးတန်း စက်ဘီး အားကစားတွင် အသက် ၁၀၂ နှစ် အရွယ် ပြင်သစ်အဘိုးအို စံချိန်သစ်တင်

    သက်ကြီးတန်း စက်ဘီး အားကစားတွင် အသက် ၁၀၂ နှစ် အရွယ် ပြင်သစ်အဘိုးအို စံချိန်သစ်တင်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media

    – အသက် ၁၀၂ နှစ်အရွယ် ပြင်သစ် စက်ဘီးစီးသမား အဘိုးအိုတစ်ဦးမှာ ၂၆.၉၂၇ ကီလိုမီတာ( ၁၆.၇ မိုင်) ခရီးအား တစ်နာရီအတွင်း စီးပြခဲ့ပြီး အသက် ၁၀၀ အထက် သက်ကြီးတန်း စက်ဘီးအားကစားနယ်ပယ်တွင် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။

    ရော်ဘတ် မားချန့်ဟု အမည်ရသည့် အဆိုပါ အဘိုးအိုမှာလွန်ခဲ့သည့် ၂ နှစ်က ၎င်းကိုယ်တိုင်တင်ထားသည့် စံချိန်အား ၂.၅ ကီလိုမီတာအသာဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မီးသတ်သမားဟောင်းတစ်ဦးဖြစ်သည့် မားချန့်မှာ အသက် ၁၀၀ အရွယ် ၂၀၁၂ ခုနှစ်ကလည်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ခရီးအား ၄ နာရီ ၁၇ မိနစ် ၂၇ စက္ကန့်ဖြင့် အရောက်စီးပြနိုင်ခဲ့သည်။

    ပြင်သစ် စက်ဘီးစီးစင်တာ National Velodrome အတွင်း စီးပြခဲ့ခြင်းဖြစ်ပြီး၊ ပန်းဝန်လာသည့် မားချန့်အား ဓာတ်ပုံဆရာများ၊ ကင်မရာမန်းများအပါအ၀င် လူပေါင်းများစွာက ကြိုဆိုခဲ့ကြသည်။

    ၎င်းအား အားပေးသူများကို လက်ပြနှုတ်ဆက်ခဲ့သည့် မားချန့်က

    “သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် ပန်းဝင်တဲ့အချိန်မှာ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ကို အားပေးဖို့ ကီလို မီတာ ၆၀၀ လောက်ဝေးတဲ့နေရာကနေ လာရတဲ့သူတွေရှိပါတယ်။ သိပ်ကို အံ့သြစရာပါပဲ။ ကျွန်တော် ပြောနိုင်တာကတော့ ဒီလောက်ပါပဲ” ဟု မားချန့်က ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    ထို့ပြင်ပရိတ်သတ်များ၏ အားပေးမှုမရှိဘဲနှင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်မည်မဟုတ်ဟု မားချန့်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : English Alarabiya