News @ M-Media

Tag: DailySportsNews

  • Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    Deloitte ၏ တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းတွင် ရီးယဲလ်အသင်း ထိပ်ဆုံး၌ရှိနေ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး ငွေကြေးဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Deloitte ၏ စစ်တမ်းကောက်ယူမှု အရ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေ အကောင်းဆုံး ဘောလုံးအသင်းများ စာရင်းတွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းမှာ ထိပ်ဆုံးနေရာတွင် ရှိနေသည်ဟု သိရသည်။

    ရီးယဲလ်မှာ စုစုပေါင်းဝင်ငွေ ယူရို ၅၁၈.၉ သန်းဖြင့် ထိပ်ဆုံးနေရာတွင် ရှိနေပြီး၊ ဒုတိယနေရာမှ ပြိုင်ဘက် ဘာစီလိုနာနှင့် ၃၆ သန်းအသာဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။ တတိယနေရာတွင် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းက ၄၃၁.၂ သန်းဖြင့်ရှိနေပြီး၊ ၁၉၉၆-၉၇ ဘောလုံး ရာသီမှ ၂၀၀၃-၀၄ ဘောလုံးရာသီ အထိ ထိုစာရင်း၏ ပထမနေရာတွင် ရှိခဲ့သည့် မန်ယူ အသင်းမှာ အဆင့် ၄ နေရာသို့ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် အဆင့် ၃ ပြင်ပသို့ရောက်ရှိခြင်းလည်း ဖြစ်သည်။

    ပြင်သစ်လိဂ်ဝမ်းဖလားအား ၁၉ နှစ်ကြာမှ ပြန်လည်ဗိုလ်စွဲနိုင်ခဲ့သည့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ယမန်နှစ်အဆင့် ၁၀ နေရာမှ ယခုနှစ်တွင် အဆင့် ၅ သို့ တက်ရောက်လာနိုင်ခဲ့သည်။

    အီတလီကလပ်အသင်းများမှာ ထိပ်ဆုံး ၅ သင်းစာရင်းသို့ပင် မ၀င်နိုင်ခဲ့ဘဲ ဂျူဗင်တပ်စ်က အဆင့် ၉ နှင့် အေစီမီလန်က အဆင့် ၁၀ တို့တွင် ရှိနေကြသည်။ ထိုစာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အင်္ဂလန်မှ လေးသင်းဖြင့် အများဆုံးဖြစ်နေပြီး စပိန်နှင့် အီတလီတို့မှ ၂ သင်းစီ၊ ဂျာမနီနှင့် ပြင်သစ်တို့မှ တစ်သင်းစီရှိနေကြသည်။

    ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ၀င်ငွေအကောင်းဆုံး ၁၀ သင်း

    ၁။ ရီးယဲလ်မက်ဒရစ် ၅၁၈.၉ သန်း(ယူရို)
    ၂။ ဘာစီလိုနာ ၄၈၂.၆ သန်း
    ၃။ ဘိုင်ယန်မြူးနစ် ၄၃၁.၂ သန်း
    ၄။ မန်ချက်စတာယူနိုက်တက် ၄၂၃.၈ သန်း
    ၅။ ပဲရစ်စိန့်ဂျာမိန်း ၃၉၈.၈ သန်း
    ၆။ မန်ချက်စတာစီးတီး ၃၁၆.၂ သန်း
    ၇။ ချယ်ဆီး ၃၀၃.၄ သန်း
    ၈။ အာဆင်နယ် ၂၈၄.၃ သန်း
    ၉။ ဂျူဗင်တပ်စ် ၂၇၂.၄သန်း
    ၁၀။ အေစီမီလန် ၂၆၃.၅ သန်း

  • ကစားသမားဘ၀တွင် အမှားများ လုပ်ခဲ့မိသည့် အတွက် နောင်တရကြောင်း ရော်နယ်ဒိုဆို

    ကစားသမားဘ၀တွင် အမှားများ လုပ်ခဲ့မိသည့် အတွက် နောင်တရကြောင်း ရော်နယ်ဒိုဆို

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – မိမိ၏ ကစားသမား သက်တမ်း အစောပိုင်း ကာလတွင် ပေးခဲ့မိသည့် မှတ်ချက်များ အတွက် နောင်တရမိပြီး၊ ကစားသမား ဘ၀တွင် အမှားတစ်ချို့ ပြုလုပ် မိခဲ့သည်ဟု ရီးယဲလ် မက်ဒရစ် အသင်း၏ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၀န်ခံ ပြောကြားခဲ့သည်။

    “တစ်ခါက ပွဲအပြီးမှာ ကျွန်တော် အရမ်း ဒေါသထွက်ခဲ့ ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော် ဂိုးမသွင်းနိုင် လို့ပါ။ ကျွန်တော်ဟာ အရမ်း ယှဉ်ပြိုင်လိုစိတ် ရှိပြီး အရှုံးဆိုတာကို မုန်းပါတယ်။ ဒါကြောင့် အသင်းရှုံးနိမ့်တဲ့ အခါမှာ တစ်စုံတရာကို ပြောဆိုပြီး ဆိုးဆိုးဝါးဝါး ပြုမူတတ်တာဟာ သံသယ ဖြစ်စရာ မလိုပါဘူး” ဟု France Football ဘောလုံး စာစောင်နှင့် အင်တာဗျူးတွင် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အား ပူပူနွေးနွေး ရရှိထားသည့် ရော်နယ်ဒိုက မိမိ၏ ကျော်ကြားမှု၊ ကြွယ်ဝမှုနှင့် ငယ်ရွယ်မှု တို့ကြောင့် ပြိင်ဘက်အသင်း ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံရကြောင်း၊ မိမိမှာ လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားများကို ကျူးလွန်ပြီး များသောအားဖြင့် ဒေါသနှင့် ပွဲအရှုံးများကြောင့် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

    ၂၀၁၃-ခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် အောင်မြင်မှုများ မရခဲ့သော်လည်း အသင်းတွင် ပြသခဲ့သော ခြေစွမ်းနှင့် ဂိုးပေါင်းများစွာ သွင်းယူ နိုင်မှုကြောင့် ရော်နယ်ဒိုမှာ Ballon d’Or ဆုကို နှစ်ကြိမ်မြောက် ရရှိခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၏ လေးနှစ် ဆက်တိုက် လွှမ်းမိုးမှုအား အဆုံးသတ်နိုင် ခဲ့သည်။

    Ref : Goal

  • ကိုးမားရောဂါ ခံစားနေရသည့် ရှူးမိတ်ကာ ပြန်လည်ကောင်းမွန်လာရန် အလားလာ အနည်းငယ်သာရှိနေ

    ကိုးမားရောဂါ ခံစားနေရသည့် ရှူးမိတ်ကာ ပြန်လည်ကောင်းမွန်လာရန် အလားလာ အနည်းငယ်သာရှိနေ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – နှင်းလျှောစီးရာမှ မတော်တဆ ဖြစ်ခဲ့ပြီး ဆေးကုသမှု ခံနေရသည့် ဖော်မြူလာဝမ်း ကားမောင်း ချန်ပီယံဟောင်း ဂျာမနီနိုင်ငံသား မိုက်ကယ် ရှူးမိတ်ကာ၏ အခြေအနေမှာ ပြည်လည် ကောင်းမွန်လာနိုင်ဖွယ် မရှိဟု သိရသည်။

    အသက် ၄၅ နှစ်အရွယ်ရှိ ရှူးမိတ်ကာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြင်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းရှိ Meribel အပန်းဖြေ စခန်းတွင် နှင်းလျှော စီးရာမှ ပြုတ်ကျခဲ့ကာ ခေါင်းအား ကျောက်တုံးနှင့် ထိခိုက်မိသောကြောင့် ဦးနှောက် အစိတ်အပိုင်း တစ်ချို့ ဆိုးဝါးစွာ ပျက်စီးသွားခဲ့ပြီး သတိလစ် မေ့မြောမှု (ကိုးမား) ရောဂါ ခံစားနေခဲ့ရသည်။

    ထိုကဲ့သို့ ဦနှောက်ပျက်စီးမှုမှာ နှစ်ပါတ်ခန့် အကြာတွင် အခြေအနေ ကောင်းမွန်လေ့ ရှိသော်လည်း ယခု သုံးပတ်ကျော် ကြာမြင့်လာခဲ့သည် အထိ ရှူးမိတ်ကာ၏ အခြေအနေမှာ တိုးတက် ကောင်းမွန်လာခြင်း မရှိသောကြောင့် ကိုးမားရောဂါကို ကြာရှည်စွာ ခံစားရဖွယ် ရှိနေသည်။

    ရှူးမိတ်ကာ၏ မိသားစုကမူ ၎င်းတို့အနေဖြင့် မျှော်လင့်ချက် များကို စွန်လွှတ်သွားမည် မဟုတ်ဘဲ ဆက်လက် ကုသသွားမည် ဖြစ်ကြောင်း ရှူးမိတ်ကာနှင့် ၎င်းတို့အား နှစ်သိမ့် အားပေးသည့် ပရိတ်သတ် များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    Ref : Mirror

  • ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ချယ်ဆီးကွင်းလယ်လူ မာတာ မန်ယူသို့ပြောင်းရွှေ့တော့မည်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    – ချယ်ဆီးကွင်းလယ်လူ ဂျူအန်မာတာမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သိရသည်။

    ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ယခုသီတင်းပါတ် အကုန်တွင် စာချုပ်ချုပ်ရန်ရှိနေပြီး မာတာကလည်း မန်ယူအသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်တော့မည်ဟု ၀န်ခံခဲ့သည်။ ယခုနှစ်ကုန်လျှင် တိုက်စစ်မှူး ရူနီအား လက်လွှတ်ရဖွယ် ရှိနေသည့် မန်ယူအသင်းမှာ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကတည်းက မာတာအား ခေါ်ယူရန် ဆန္ဒရှိနေခဲ့သော်လည်း ယခုမှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    မာတာမှာ ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်ဆီးအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့ပြီ့း အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ် ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အသင်းသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက် အသင်းတွင်ပုံမှန်နေရာမရရှိတော့ဘဲ ယခုကဲ့သို့ အသင်းမှ ထွက်ခွာရသည်အထိ ဖြစ်လာခဲ့သည်။

    Ref : Daily

  • ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်သော ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အသင်းတွင် ပျော်ရွှင်မှုလိုအပ်နေပြီး အ၀တ်လဲခန်း အတွင်းတွင်လည်း ပြောင်းလဲမှုများ လိုအပ်နေသည်ဟု အေစီမီလန်အသင်း၏ နည်းပြသစ်ဖြစ်သူ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    အေစီမီလန် အသင်းတွင် အောင်မြင်သော ကစားသမားဘ၀ ရရှိခဲ့ပြီးနောက် နည်းပြအနေဖြင့် ပြန်လည်ရောက်ရှိလာသည့် ဆီးဒေါ့ဖ်မှာ ယမန်နေ့က ဆန်စီရိုတွင် ယမန်နေ့က ကစားခဲ့သည့် ဗီရိုနာအသင်းနှင့်ပွဲတွင် အေစီမီလန်အသင်း ၁-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သည်။

    “အ၀တ်လဲခန်းမှာ ကျွန်တော်တို့ အသိုက်အ၀န်းလေးတစ်ခု ဖန်တီးနိုင်ခဲ့ပြီး နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တစ်ပွဲပြီးတစ်ပွဲ အဲဒီလို လုပ်ရမယ် ဆိုတာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒါမှသာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မှာပါ။ ရလဒ်တိုင်း အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု Sky Spotr Italia သတင်းဌာနသို့ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    ထိုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးအား ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည့် ဘာလော့တယ်လီကလည်း ဂိုးသွင်း ပြီးနောက် ဆီးဒေါ့ဖ်အား ထောက်ခံသည့် အမူအရာဖြင့်အောင်ပွဲခံခဲ့ပြီး၊ ဆီးဒေါ့ဖ်ကလည်း ဘာလော့တယ်လီနှင့် အနီးကပ် အလုပ်လုပ်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref : Goal