News @ M-Media

Tag: Eainwaaythu(KZ)

  • # ကမ္ဘာကြီး အမှောင်ကျနေတယ် # (ကဗျာ)

    # ကမ္ဘာကြီး အမှောင်ကျနေတယ် # (ကဗျာ)

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၅
    M-Media
    .11218907_749940538445435_2734111841001054851_n
    လူ့အမြင်တွေ ကျဉ်းသထက် ကျဉ်းလာပြီး
    လူ့အတ္တတွေ စည်းဝါးလွတ် ကျယ်လာတယ်။
    x
    ရလာဒ်အဖြစ်
    ငြိမ်းချမ်းရေးက အကန့်အသတ်မဲ့ အကျဉ်းကျပြီး
    အမုန်းတရားက နှစ်လရှည်ကြာ လွတ်မြောက်သွားလေရဲ့ ။
    x
    ပြန်လည်တည့်မတ်ရေး ခေါင်းစဉ်အောက်မှာ
    မာသာထရီဇာနဲ့ ဟစ်တလာတို့
    တစ်ယောက်မျက်နှာ တစ်ယောက်စေ့စေ့ကြည့်
    နားလည်မှုတွေ အပြန်အလှန် ဝတ်မှုံကူးကြရင်း
    အပြုံးကိုယ်စီ ပြိုင်တူပွင့်လိုက်ကြတယ်။
    x
    အပြုံးတွေရဲ့ 
    ဆိုလိုရင်းကို အမည်မတပ်နိုင်ခင်မှာပဲ
    ကမ္ဘာကြီး အမှောင်အတိ ကျသွားလေရဲ့ ။

    ——————
    အိမ်ဝေးသူ (KZ)
    ——————

  • တာဝန်ကျေကြသူများ

    တာဝန်ကျေကြသူများ

    နိုဝင်ဘာ ၈ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ (KZ) ရေးသည်။

    MyanmarElection2 copy

    * လက်သန်းလေးတွေ အရောင်မတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။

    * လက်သန်းလေးတွေ အရွယ်မတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။

    * လက်သန်းလေးတွေ ပုံစံမတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။

    * လက်သန်းလေးတွေမှာ လူမျိုး၊ ဘာသာ မရှိကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။

    * လက်သန်းလေးတွေမှာ ဆင်းရဲ ချမ်းသာ မရှိဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။

    * အရောင်စွန်းတဲ့ လက်သန်းလေးတွေနဲ့ အတူ
    တာဝန်ကိုယ်စီ ကျေလွန်းတဲ့ လက်သန်းလေးတွေနဲ့ အတူ
    လက်သန်းလေးတွေ နေတဲ့ တိုင်းပြည်ရဲ့
    အနာဂတ်ဟာလည်း မျှော့်လင့်ခြင်းများနဲ့ ပြည့်လို့နေတယ်။

    အိမ်ဝေးသူ (KZ)

  • # ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ #

    # ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ #

    ဇွန် ၂၁ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။
    11062680_683784341727722_3996778075657158954_n
    ၁၉၉၁ ခုနှစ်
    ————-
    “သားကြီး ကျောင်းသွားတော့မှာလား”
    “ဟုတ်ကဲ့ဖေဖေ”
    “စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
    “အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
    “ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
    “ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”
    x
    ၂၀၀၂ ခုနှစ်
    ————
    “သားကြီးရေ၊ သားကြီး”
    “မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
    “သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
    “ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
    အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
    “အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
    “သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
    “ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
    “ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
    “မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
    ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
    “အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”
    x
    ၂၀၁၂ ခုနှစ်
    ————
    “မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
    “ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
    လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
    ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
    “ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
    သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
    “ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
    ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”
    x
    ၂၀၁၄ ခုနှစ်
    ————-
    (က)
    “ဟလို…သားကြီးလား…ဖေဖေပါ”
    “ဖေဖေ အသုံးစရိတ်ပြတ်နေလို့
    ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
    “ဟာ…ဖေဖေကလည်းဗျာ”
    “ပြီးခဲ့တဲ့ လ,တုန်းကပဲ
    ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
    ဟုတ်တယ် သားကြီးရဲ့…
    ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
    “မင်းမေမေ မရှိကတည်းက
    ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”
    (ခ)
    “သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
    “ကျွန်တော်…
    ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
    “ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
    “သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
    “သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
    “ဖေဖေ ပါဝါတိုးရမလားမသိဘူး”
    “သားကြီး အဆင်ပြေရင်
    ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
    “ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
    “ကျွန်တော်လည်း အခုက မအားသေးဘူး”
    “ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
    “ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”
    (ဂ)
    “သားကြီးရေ”
    “ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
    “နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
    “သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
    “သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
    မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
    “ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
    “ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
    “အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
    “ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”
    x
    ၂၀၁၅ ခုနှစ်။
    ————-
    လူဆိုတဲ့ သတ္တဝါဟာ
    ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
    သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
    ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
    အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
    ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
    x
    ၂၀၁၆ ခုနှစ်
    ————
    ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
    မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
    ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။
    —————-
    အိမ်ဝေးသူ(KZ)
    —————-

  • # မင်းဘက်က အပျင်းပြေ၊ ငါတို့အတွက်တော့ ဘဝတွေ #

    # မင်းဘက်က အပျင်းပြေ၊ ငါတို့အတွက်တော့ ဘဝတွေ #

    ဧပြီ ၂၇ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။

    11170344_662359473870209_4930574308894873819_n
    မင်းရဲ့ကျောပေါ်မှာ ကစားနေတဲ့ ကလေးငယ်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်သွားရှာပြီ။
    x
    မင်းရဲ့  ကျောပေါ်မှာ မေတ္တာပို့နေတဲ့ အမေအိုကြီး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ ကျောပေါ်မှာ ဝန်ထမ်းထားတဲ့ ကိုယ်ဝန်သည်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ ဆောက်ထားတဲ့ မူလတန်းကျောင်းလေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ တည်ထားတဲ့ ဘုရားဆောင်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ ရုန်းကန်နေတဲ့ ပစ္စုပန်တွေ
    မင်းရဲ့ကျောပေါ်မှာ ငဲ့ကြည့်နေတဲ့ အတိတ်တွေ
    မင်းရဲ့ကျောပေါ်မှာ ပြေးလွှားနေတဲ့ အနာဂတ်တွေ
    ခုတော့လည်း အရာအားလုံးက မင်းအလိုကျပေါ့ကွယ်။
    x
    မင်းရဲ့ ဆာလောင်မှုအတွက် ဘဝတွေရင်းရတယ်။
    မင်းရဲ့ အကြောတဆန့်အတွက် အသက်တွေပေးရတယ်။
    ခုတော့လည်း
    မင်းရဲ့ ကျောပေါ်မှာ စိုက်ထားတဲ့
    “ကမ္ဘာမြေစိမ်းလန်းပါစေ”ဆိုတဲ့ ဆိုင်းဘုတ်လေး ကွယ်လွန်ခဲ့ပြီ။
    ငါတို့ဘဝတွေနဲ့ အနာဂတ်ကိုယ်စီလည်း တိမ်းပါးခဲ့ကြရပါပြီ။
    x
    ဟေ့-ကမ္ဘာမြေ !
    ငါတို့ ဘဝတွေ…မယိမ်းယိုင်စေဖို့
    ကျေးဇူးပြုပြီး
    မင်းရဲ့ကျောပြင်ကို ဖြေးဖြေးဆန့်ပေးစမ်းပါကွယ့်။

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    (မှတ်ချက်)
    ကျွန်တော်တို့ လူသားတွေရဲ့ ကိုယ်ကျင့်တရားဟာ ကျွန်တော်တို့ ကမ္ဘာမြေရဲ့
    စိမ်းလန်းခြင်း၊ ဆုတ်ယုတ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့အတူ
    မြေကမ္ဘာမှာ ဖြေသာလောက်တဲ့ လေညှင်းလေးတွေ တိုက်ခတ်နိုင်ပါစေလို့ ဆုမွန်
    တောင်းခဲ့ပါတယ်။
    x
    (စာကြွင်း)
    အစိုးရနဲ့ ပြည်သူ၊ တွဲလက်တွေတူညီလို့ အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါစေ။
    နီပါလ်နိုင်ငံသားတွေရဲ့ ဘေးအန္တရာယ်အတွက် ကျွန်တော် ဝမ်းနည်းမိတာတော့
    အမှန်ပါပဲ။ ဒါပေမယ့် အဲ့ဒီ့ငလျင်ဟာ ကျွန်တော်တို့တိုင်းပြည်မှာ မဖြစ်သွားတဲ့အတွက်
    ဝမ်းသာမိတာလည်း အမှန်ပါပဲ။ ဘေးအန္တရာယ်တစ်ခုခုကျရင် ထိထိရောက်ရောက်
    မလုပ်တဲ့ အစိုးရ၊ ပြည်ပအကူအညီရရင်လည်း ရတာကို အိတ်ထဲထည့်တတ်တဲ့
    အစိုးရ။ ဒီအချက်တွေကို သတိထားမိရုံနဲ့ သူများနိုင်ငံမှာတော့ ငါတို့ နိုင်ငံထက်
    ပိုပြီးမဆိုးလောက်ပါဘူးလေ ဆိုတဲ့အသိနဲ့ ဒီအဖြစ်အပျက်ကြီးက မြန်မာပြည်မှာ
    ဖြစ်မသွားတာကိုပဲ ကျွန်တ်ာဝမ်းသာမိပါတယ်။

  • # ငါ…ထွန်းထွန်းမင်း #

    # ငါ…ထွန်းထွန်းမင်း #

    ဧပြီ ၁၁ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။

    Tun Tun Min

    ငါထိုးတဲ့လက်သီးက
    ဘာသာတရား မရွေးဘူး။
    ငါ့ခြေကန်ချက်တွေမှာလည်း
    အမုန်းတရား မပါဘူး။
    x
    ရွှေတံဆိပ်ဆုက
    ငါ့အတွက် မမြဲလည်း
    ဖြောင့်မတ်မှုကတော့
    ငါ့ဦးခေါင်းထက်မှာ
    နေလို၊ လ,လို တည်တယ်။
    x
    ငါထိုးတယ်…ငါနိုင်တယ်။
    ငါထိုးတယ်…ငါရှုံးတယ်။
    အနိုင်အရှုံးလား…?
    ငါ့အတွက် အဓိကမကျဘူး။
    ယှဉ်ပြိုင်ခြင်းလား…?
    ခါးရိုးချဉ်ဆီလို ငါတန်ဖိုးထားတယ်။
    x
    ပြိုင်ဘက်ရဲ့ ထိုးချက်က
    ငါ့အရိုးတွေကို ရိုက်ချိုးပစ်နိုင်တယ်။
    ငါ့ပြည်သူတွေရဲ့
    ခွဲခြားဆက်ဆံခြင်းကတော့
    ငါ့သည်းခြေကို အဆိပ်ခတ်နိုင်တယ်။
    x
    ဘာပဲဖြစ်ဖြစ်
    တိုင်းပြည်ကိုကိုယ်စားပြုတဲ့ ထိုးပွဲတိုင်းမှာ
    မြန်မာ့စိတ်ဓာတ်က
    ငါ့သွေးကြောတွေထဲ စီးဆင်းတယ်။
    x
    မြန်မာ့အားကစား
    ကမ္ဘာကိုမလွှမ်းနိုင်လည်း
    မြန်မာ့စိတ်ဓာတ်ကို
    ကမ္ဘာအဝှမ်း သြဘာညံစေချင်သူမို့
    ဟေ့…သွေးချင်းတို့ရေ
    ကျေးဇူးပြုပြီး
    ငါ့…အားကစားစိတ်ဓာတ်ကို
    ပြက်ရယ်မပြုကြပါနဲ့လားကွယ်

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-