ဇန်န၀ါရီ ၁၉၊ ၂၀၁၅
M-Media
– ရောဂါကူးစက်နိုင်သည့် ကာလဖြစ်သော ၄၂ ရက်ကြာ စောင့်ကြည်ပြီးနောက် ရောဂါပိုး ထပ်မံ ကူးစက်မှုကို မတွေ့ရသောကြောင့် အစိုးရနှင့် ကုလသမဂ္ဂတို့က မာလီနိုင်ငံအား အီဘိုလာကင်းစင်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။
`ဒီနေ့ ဇန်န၀ါရီ ၁၈၊ ၂၀၁၅ ဟာ မာလီမှာ အီဘိုလာကပ်ရောဂါ အဆုံးသတ်သွားတဲ့နေ့ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်´ ဟု မာလီသမ္မတ အွတ်စမန် ကုန်းက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားပြီး နိုင်ငံရှိ ကျန်းမာရေးလုပ်သားများနှင့် နိုင်ငံတကာမှ မိတ်ဖက်များကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။
မာလီနိုင်ငံတွင် အီဘိုလာရောဂါ ကင်းရှင်းကြောင်း ကုလသမဂ္ဂ အီဘိုလာ အရေးပေါ်တိုက်ဖျက်ရေး UNMEER မှ အကြီးအကဲဖြစ်သူ အီဘရာဟီမာ ဆိုစီဖောလ်ကလည်း အတည်ပြုခဲ့သည်။
ရောဂါပိုး ကူးစက်ပြန့်နှံ့နိုင်သည့် ရက်မှာ ၂၁ ဖြစ်ပြီး၊ ပိုမိုသေချာစေရန် ၄၂ ရက် စောင့်ကြည့်ခဲ့ကာ ရောဂါပိုး ထပ်မံကူးစက်ခြင်း မရှိသောကြောင့် မာလီအား အီဘိုလာ ကင်းစင်းနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အီဘိုလာကူးစက်ပြန့်နှံ့မှုကာလ ၁ နှစ်အတွင်း မာလီနိုင်ငံတွင် စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ မှတ်တမ်းများအရ ၂၀၁၄ နှစ်ဆန်းမှ စတင်ခဲ့သည့် အီဘိုလာ ရောဂါပိုးကြောင့် ယခုအချိန်အထိ လူပေါင်း ၈၄၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
ဆီရာလီယိုနီ၊ ဂီနီနှင့် လိုက်ဘေးရီးယားတို့အပါအ၀င် အီဘိုလာကူးစက်ပြန့်နှံ့နေသည့် အခြားသော အနောက်အာဖရိက နိုင်ငံများတွင်လည်း အီဘိုလာ ကူးစက်ပြန့်နှံ့မှုနှုန်းမှာ သိသိသာသာ ကျဆင်းလာနေသည်။
Ref: aljazeera