News @ M-Media

Tag: Ebola

  • အီဘိုလာဗိုင်းရပ်စ် ကူးဆက်ခံ ဆရာဝန် အမေရိကန်သို့ ပြန်ရောက်ပြီ

    အီဘိုလာဗိုင်းရပ်စ် ကူးဆက်ခံ ဆရာဝန် အမေရိကန်သို့ ပြန်ရောက်ပြီ

    သြဂုတ် ၃ ၊ ၂၀၁၄
    M-Media

     အီဘိုလာဗိုင်းရပ်စ်ပိုးရှိနေသူများကို လိုက်ဘေးရီးယားတွင် ဆေးကုသပေးရင်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့သည့် အမေရိကန်ဆရာဝန် တစ်ဦးမှာ အမေရိကန်နိုင်ငံသို့ ယမန်နေ့က ပြန်လည် ရောက် ရှိလာခဲ့သည်ဟု သိရသည်။

    ဒေါက်တာ ကန့် ဘရန်တလီဆိုသူဖြစ်ပြီး အထူးကာကွယ်ရေး ပစ္စည်များတပ်ဆင်ထားသော လေယာဉ်ဖြင့် အတ္တလန်တာရှိ Dobbins လေတပ် စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား Emory တက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရောဂါပြန့်နှံ့မည်ကို စိုးရိမ်ရသည့် အတွက် သီးသန့် အခန်းဖြင့် ထားရှိသည်။ ၎င်း၏အခြေအနေမှာ ဆိုးရွားသော်လည်း တည်ငြိမ်နေသည်ပြီး အမေရိကန်ရောဂါဘယ ထိန်းချုပ်ကုသရေး အဖွဲ့ CDC နှင့် ပူးပေါင်းကာ ဆေးကုသမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

    ဘရန်တလီမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသည့် အမေရိကန် ၂ ဦးအနက် တစ်ဦးဖြစ်ပြီး အခြားတစ်ဦးဖြစ်သည့် သာသနာပြုအဖွဲ့မှာ နန်စီ ရိုက်ဘိုလ်ကိုမှာလည်း လာမည့် ရက်အနည်းငယ်အတွင်း အတ္တလန်တာသို့ ရောက်လာဖွယ်ရှိနေသည်။

    အချို့သော အမေရိကန်များကမူ အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူများကို အမေရိကန်နိုင်ငံအတွင်းသို့ အ၀င် မခံလိုကြဘဲ ရောဂါပိုးပြန့်နှံ့နေ သည့် နိုင်ငံများမှ လေကြောင်လိုင်းများကိုလည်း ရပ်တန့်စေလိုကြသည်။

    သို့သ်ာလည်း အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများမှာ CDC ၏ ရောဂါပိုး ထိန်းချုပ်ရေး အစီအမံများကို ဆောင်ရွက်ထားသောကြောင့် လူနာကို ကောင်းစွာစောင့်ရှောက်နိုင်သည်ဟု CDC မှ ဒါရိုက်တာ တွမ် ဖရီဒ်ဒန်က ယမန်နေ့တွင် ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် အနောက်အာဖရိကနိုင်ငံများတွင် သေဆုံးသူ ၇၀၀ ကျော်ရှိလာခဲ့ပြီး ရောဂါပိုးမှာလည်း လျှင်မြန်စွာ ပြန့်နှံ့နေသည်။

    ဆင်ဟွာ

  • အီဘိုလာဗိုင်းရပ်စ် ပြန့်နှံ့ခြင်းအား ထိန်းချုပ်၍ မရတော့ဟု WHO ပြောပြီ

    အီဘိုလာဗိုင်းရပ်စ် ပြန့်နှံ့ခြင်းအား ထိန်းချုပ်၍ မရတော့ဟု WHO ပြောပြီ

    သြဂုတ် ၂ ၊ ၂၀၁၄
    M-Media

    – အနောက်အာဖရိကနိုင်ငံများတွင် လူပေါင်း ၇၀၀ ကျော်သေဆုံးခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုမှာ ထိန်းချုပ်၍ မရတော့ဘဲ လျင်မြန်စွာ ပြန့်နှံ့နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အကြီးအကဲ မာဂရက်ချန်က ပြောကြားလိုက်သည်။

    ဂီနီနိုင်ငံမြို့တော် ကိုနာကရီတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ချန်က ထိုကဲ့သို့ ပြောကြား လိုက်ခြင်းပြီး ထိုပြဿနာမှ ဆိုးရွားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်မလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဂီနီ၊ လိုက်ဘေးရီးယား စီရာ လီယိုနီနှင့် အိုက်ဗရီကိုစ့်သမ္မတများကို တိုက်တွန်းခဲ့သည်။

    “ကျွန်မတို့ ထိန်းချုပ်ဖို့ ကြိုးစားနေတာထက် ပိုမြန်မြန်ဖြစ်နေပါတယ်။ ဒီအခြေအနေ ဆက်လက် ဆိုးရွားနေမယ် ဆိုရင် အသက်တွေဆုံးရှုံးတာ၊ လူမှုစီးပွားရေးကို ဆိုးရွားစွာ ပျက်ဆီးစေနိုင်တာ၊ အခြား တိုင်းပြည်တွေကို ပြန့်ပွားမှုအန္တရာယ် မြင့်တက်လာတာ စတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင် ပါတယ်။ ဒီအစည်းအဝေးဟာ ဒီပြဿနာကို တုံ့ပြန်ရာမှာ အလှည့်အပြောင်းတစ်ခုဖြစ်စေရပါမယ်” ဟု ချန်က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ပြီ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ကုသရေးလုပ်ငန်းငွန်းအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

    အဆိုပါ ဗိုင်းရပ်စ်ပိုး ပေါ်ပေါက်လာခဲ့သည့် လေးနှစ်တာကာလအတွင်း ယခုအခြေအနေမှာ အဆိုးရွားဆုံးဖြစ်နေပြီး ဗိုင်းရပ်စ် ပိုးကူးစက်မှု ၁၃၂၃ မှုအတွင်း ကျန်းမာရေးဝန်ထမ်း ၆၀ အပါအ၀င် ၇၂၉ ဦးသေဆုံးခဲ့ပြီဖြစ်သည်။

    ယခင်အတွေ့အကြုံများရ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ရပ်တန့်နိုင်ပြီး လူအများအား ကူးစက်မှုအန္တရာယ် မမြင့်မားခဲ့သော်လည်း ယခုလက်ရှိတွင် အချိန်အတော်ကြာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရန် ခွင့်ပြုထားခြင်းမှာ ဆိုးရွားသည့် မိုက်မဲမှုဖြစ်သည်ဟု ချန်ကဆိုသည်။

    ထို့ပြင် ပြည်သူများ၏ ရိုးရာဓလေ့ထုံးတမ်းများနှင့် ဘာသာရေး အယူဝါဒ ပြင်းပြမှုများကလည်း အဆိုပါရောဂါပိုး ပိုမိုပြန့်နှံ့စေပြီး ရောဂါပိုးအား ထိန်းချုပ်မှုတွင် သိသာသည့် အတားအဆီး ဖြစ်စေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကြောက်ရွံ့မှု၊ နားလည်မှုလွဲများခြင်းတွေက ဒေါသအဖြစ်ပြောင်းသွားတဲ့အခါ ပြည်သူတွေရဲ့ အပြုအမူတွေက ကုသရေးလုပ်နေတဲ့အဖွဲ့တွေအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင် ပါတယ်” ဟု ချန်ကဆိုသည်။

    ရောဂါဖြစ်ပွားနေသူများအား သီးသန့်ခွဲထားခြင်းကို ပြည်သူများက မနှစ်မြို့ကြပဲ မိမိတို့၏ အိမ်တွင်ထား ရှိကာ ကုသလိုကြခြင်း သို့မဟုတ် ရိုးရာဆေးဆရာများနှင့် ကုသခြင်း စသည်တို့က ရောဂါ ပိုးအား ထိန်းချုပ်ရန် ကြိုးပမ်းမှုကို အတားအဆီးဖြစ်စေသည်။

    ရောဂါပိုး မပြန့်နှံ့စေရန်အတွက် ဂီနီနိုင်ငံက ၎င်းတို့၏ နယ်စပ်ဝင်ပေါက်အချို့ကို ပိတ်ထား လိုက်ပြီး လေဆိပ်များ တွင်လည်း စမ်းသပ်စစ်ဆေးရေး စင်တာများ ထားရှိရန် ဆောင်ရွက်နေသည်။ ဆီရာ လီယိုနီ သမ္မတကလည်း ရောဂါဖြစ်ပွားနေသည့် ဒေသများတွင် အသွားအလာ ထိန်းချုပ်ကန့်သတ်ရန် စစ်တပ်ချထားခဲ့ပြီး ကျန်းမာရေး ၀န်ထမ်းများအား ဒေသခံပြုသူများက တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးရန် ဆောင်ရွက်ခဲ့သည်။

    Agencies

  • သေဆုံးမှုများလာသည့် အီဘိုလာဗိုင်းရပ်စ် ပြဿနာအား ဖြေရှင်းရန် အတွက် WHO တိုက်တွန်း

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media
    WHO calls urgent 11-nation meeting on Ebola
    – အာဖရိကနိုင်ငံအချို့တွင် ပြန့်နှံ့နေသည့် အီဘိုလာဗိုင်းရပ်စ်ကြောင့် စံချိန်တင်သေဆုံးမှုများကို ဖြေရှင်းရန် အတွက် ၁၁ နိုင်ငံ အစည်းအဝေးပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ယနေ့တွင် တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ဂီနီ၊ လိုက်ဘေးရီးယားနှင့် လီယိုနီနိုင်ငံများတွင် သေဆုံးမှုများ မြင့်တက်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ သို့ ပြန့်နှံ့နေမှုနှင့် နိုင်ငံတကာသို့ ပြန့်နှံ့ရန် အလားအလာရှိနေမှုက အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု  WHO အာဖရိကဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ လူးဝစ်ဆမ်ဘိုက ပြောကြားခဲ့သည်။

    ထိုပြဿနာအား ဖြေရှင်းရန်အတွက် WHO မှ ကျွမ်းကျင်သူ ၁၅၀ ကျော်ကို စေလွှတ်ထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေသော်လည်း လွန်ခဲ့သည့် ၃ပတ်တာကာလ အတွင်း သေဆုံးမှုများမှာ နေ့စဉ် တိုးလာခဲ့သည်။

    နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထိုဗိုင်းရပ်စ်ပြန့်နှံ့မှုမှာ ထိန်းချုပ်၍မရဟုဆိုပြီး ဥရောပကော်မရှင် ကလည်း ထိုပြဿနာအား ဖြေရှင်းရန် အင်္ဂါနေ့က ယူရို ၅ သိန်းထောက်ပံ့ခဲ့ကာ ၎င်းတို့၏ ထောက်ပံ့မှုမှာ ယူရို ၁.၉ သန်း ရှိလာပြီဖြစ်သည်။

    ကွန်ဂိုနိုင်ငံရှိ မြစ်တစ်ခု၏ အမည်ကို အစွဲပြုခေါ်ဝေါ်သည့် အီဘိုလာဗိုင်းရပ်စ်မှာ ၁၉၇၆ ခုနှစ်က ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ကုသရန် ဆေးမရှိသေးချေ။ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၈၀ ရှိပြီဟု WHO ၏ မှတ်တမ်းများအရ သိရသည်။ နိုင်ငံ ၁၁ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများပါဝင်မည့် အဆိုပါအစည်းအဝေးကို ဇွန်လိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဂါနာနိုင်ငံ အက္ကရာမြို့တွင် ပြုလုပ်ဖွယ်ရှိနေသည်။

    Ref:  Agencies

  • အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဂီနီနိုင်ငံတွင် သေဆုံးသူ ၇၀ အထိရှိလာ

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    Ebola outbreak kills 70 in Guinea
    – အာဖရိကအနောက်ခြင်းမှ နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံအတွင်းပျံ့နှံ့နေသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်မှာ ၇၀ အထိရှိလာပြီဟု ဂီနီကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အမြို့တော် ကိုနက်ရီ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး၊ နိုင်ငံအရှေ့တောင်ပိုင်း ဝေးလံခေါင်သီသောနေရာများတွင် အများဆုံးဖြစ်ပွားနေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    “ဇန်န၀ါရီလမှ မတ်လ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အဆိုပါဗိုင်းရပ်စ်ကြောင့် အဖျားရောဂါခံစားနေရသော လူဦးရေမှာ ၁၁၁ ဦးရှိပြီး ထိုအထဲမှ ၇၀ သေဆုံးခဲ့ကာ၊ သေဆုံးမှုမှာ ၆၃ ရာခိုင်နှုန်းအထိရှိသည်” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုဗိုင်းရပ်စ်ပိုးမှာ လူဦးရေ ၂ သန်းနေထိုင်သည့် မြို့တော်အတွင်းသို့ ကူးစက်ပျံ့နှံလာမည်ကို ဂီနီအာဏာပိုင်များက စိုးရိမ်နေသည်။ ကိုနက်ရီမြို့ရှိ Donak ဆေးရုံကမူ ထိုဗိုင်းရပ်စ်ကူးစက်နေသည့် လူနာ ၃၀၀ ခန့် ဆေးရုံသို့ လာရောက်ကုသခဲ့ပြီး၊ အခြားသူများသို့ ရောဂါပိုး ကူးစက်ခြင်းမှ တားဆီးရန် ရောဂါဖြစ်ပွားနေသူများအား ပြည်သူများက သီးသန့်ခွဲထားခြင်းကြောင့် ဆေးရုံရောက်သည့် အရေအတွက်မှာ လျော့ကျနေသဟု သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် လိုက်ဘေးရီးယာနှင့် စီယာလီယိုနီ နိုင်ငံများတွင်လည်း အီဘိုလာရောဂါးပိုး ကူးစက်သူ ရာပေါင်းများစွာရှိနေပြီး အနည်းဆုံးသေဆုံးသူ ၆ ဦးနေပြီဟု သိရသည်။ ဆီနီဂေါနိုင်ငံကလည်း အီဘိုလာရောဂါပိုး နိုင်ငံအတွင်းသို့ မ၀င်ရောက်စေရန် နိုင်ငံရှေ့တောင်ပိုင်းရှိ ဂနီနယ်စပ်အား ပိတ်ပစ်ခဲ့သည်။

    အီဘိုလာဗိုပ်စ်ပိုးကြောင့် သွေးယိုသည့် အဖျားရောဂါဖြစ်ပွားနိုင်ပြီး ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ၀မ်းရှောခြင်း စသည်တို့ ဆိုးရွားစွာဖြစ်နိုင်ကာ၊ ကိုယ်လက်အင်္ဂါများ အသုံးပြု၍ မရတော့ခြင်းနှင့် သွေးယိုမှု မရပ်တန့်ခြင်းတို့ဖြစ်ပွားနိုင်သည်။

    အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ သွေး၊ မစင်၊ ချွေး စသည်တို့ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးဆက်နိုင်ပြီး၊ လိင်ဆက်ဆံခြင်းနှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသည့် အလောင်းများအား အကာအကွယ်မရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်းတို့ကြောင့်လည်း အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နိုင်သည်။

    ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသည့် ဗိုင်းရပ်စ်ပိုးထဲမှ တစ်ခုဖြစ်သည့် အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံတွင်လည်း ပျံ့နှံ့ခဲ့ဖူးပြီး ကူးစက်သူ ၂၅ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးခဲ့သည်။

    CAH/HSN/SS