News @ M-Media

Tag: Ebola

  • ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    sirra

    – အီဘိုလာကူးစက်မှုသတင်းများကို လပေါင်းများစွာ ကြားခဲ့ရခြင်းမရှိသည့် ဆီရာလီယိုနီနိုင်ငံ တွန်ကိုလီလီခရိုင်တွင် ပြီးခဲ့သည့်တစ်ပတ်က အီဘိုလာဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ရောဂါပိုးကူးစက်နေသူ ၂ ဦးကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ရောဂါပိုးကူးစက်နေသူများမှာ ဇူလိုင်လအလယ်ပိုင်းက ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့သည့် ထိုအမျိုးသား၏ ဆွေမျိုးများဖြစ်သည်ဟု အီဘိုလာ တုန့်ပြန်ရေးစင်တာက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

    “ဗိုင်းရပ်စ်က ဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ အခု သိပါပြီ။ ပြီးတော့ ကျန်ရှိနေတဲ့ ဒီကူးစက်မှုတွေကို ၀န်းရံခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ရှင်းလင်းခြင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းအားဖြင့် ဒီပြန့်နှံ့မှုကို ခြေရာခံနေပါတယ်” ဟု စင်တာ၏ ပြောရေးဆိုခွင့်ရှိသူ အိုဘီ စီဆေးက ပောကြားခဲ့သည်။

    အာဏာပိုင်များကမူ ကူးစက်မှုကို ထိန်းချုပ်ရန် အလျင်အမြန် လုပ်ဆောင်နေကြသော်လည်း အဆိုပါကူးစက်မှုမှာ စိတ်ပူစရာဖြစ်သည်ဟု စီဆေးက ဆိုသည်။

    အမည်မဖေါ်လိုသူ အမျိုးသားတစ်ဦး ပြီးခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များမှာ လူ ၅၀၀ ခန့်ကို သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ သေဆုံးသွားသူမှာ အီဘိုလာကို မြို့တော် ဖရီးတောင်းတွင် ကူးစက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက် ၎င်းနေထိုင်ရာ ဇာတိသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

    ဒေသတွင်းဆေရုံး၌ ၎င်းအား အဖျားရှိနေသည်ကို စမ်းသပ်တွေ့ရှိခဲ့ရသော်လည်း အီဘိုလာ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိပေ။ ထို့ပြင် မိသားစုဝင်များကလည်း ထိုအမျိုးသား၏ အလောင်းကို ရောဂါပိုး ပြန့်နှံခြင်းမရှိစေရန် ပြုလုပ်ရသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြသည်။

    ဆီရာလီယိုနီနိုင်ငံတွင် အီဘိုလာကူးစက်မှု လုံးဝမရှိတော့သည်မှာ ၅ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • အီဘိုလာကြောင့် ဆီရာလီယွန်နီနိုင်ငံတွင် ကာဖျူးထုတ်ပြန်ရပြန်

    အီဘိုလာကြောင့် ဆီရာလီယွန်နီနိုင်ငံတွင် ကာဖျူးထုတ်ပြန်ရပြန်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    africa

    – အီဘိုလာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှုများ ဖြစ်ပေါ်လာပြီး တစ်လအတွင်း အမြင့်ဆုံးပမာဏအထိ ရောက်ရှိခဲ့ပြီးနောက် ဆီရာလီယွန်နီနိုင်ငံ မြောက်ပိုင်းရှိ ခရိုင်နှစ်ခုကို သမ္မတ အားန်နက်စ် ဘိုင် ကိုရိုမာက ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၂၁ ရက်ကြာမြင့်မည့် အဆိုပါကာဖျူးအမိန့်ကို မြို့တော် ဖရီးတောင်းသို့ သွားရာလမ်းရှိ ကမ်ဘီယာခရိုင်နှင့် ဂီနီနယ်စပ်ရှိ ပေါ့တ်လိုကို ခရိုင်တို့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက မည်သူမဆို တရားစွဲဆိုခံရမည်ဖြစ်သည်။

    အဆိုပါဒေသနှစ်ခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရောဂါကူးစက်မှုများကြောင့် စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ ဆီရာလီယိုနီတွင် ဇွန်လ ၉ ရက်နေ့က အီဘိုလာ ကူးစက်မှု ၇ ခု တွေ့ရှိခဲ့ရပြီး မတ်လ ၂၄ ရက်နေ့ နောက်ပိုင်း တစ်လအတွင်း အမြင့်ဆုံးလည်းဖြစ်သည်ဟု အမျိုးသား အီဘိုလာ တိုက်ဖျက်ရေးစင်တာ NERC က ပြောကြားခဲ့သည်။

    ၁၈ လတာ ကြာမြင့်နေပြီဖြစ်သည့် အနောက်အာဖရိက အီဘိုလာပြန့်နှံ့မှုတွင် လူပေါင်း ၁၁၁၀၀ ကျော် သေဆုံးခဲ့ပြီး ယခုလက်ရှိအချိန်တွင် ကူးစက်မှုနှုန်းမှာ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။

    အီဘိုလာပြန့်နှံ့မှု အဆိုးဝါးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် လိုက်ဘေးရီးယားတွင် မေလအတွင်းက အီဘိုလာကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်ခဲ့သည်။ ဆီရာလီယွန်နီနှင့် ဂီနီနိုင်ငံများမှာ လက်ရှိအချိန်အထိ နေ့စဉ် ကူးစက်ပြန့်နှံ့မှုများ ရှိနေဆဲဖြစ်သည်။

    Ref: Aljazeera

  • ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    ebola

    – အီဘိုလာဆေးဝါးစမ်းသပ်ရာတွင် ဒေသခံများက မပါဝင်ချင်တော့ဟု တိုင်ကြားမှုများ ရှိလာပြီးနောက် ဂါနာနိုင်ငံက ဆေးဝါးစမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

    ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တိုနီ ဂွဒ်မန်းက ဒေသတွင်း ရေဒီယို Citi FM သို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ဂါနာနိုင်ငံသား အများစုမှာ အီဘိုလာဆေးဝါး စမ်းသပ်မှုစီမံကိန်းတွင် စိတ်ပါဝင်စားမှု မရှိတော့ဟု တရားဝင် ပြောကြားလာခဲ့ကြသည်ဟု ဆိုသည်။

    လက်ရှိတွင် အီဘိုလာကင်းစင်နေသည့် ဂါနာမှာ အီလိုလာရောဂါနှင့်ပတ်သက်၍ စမ်းသပ်စဲ ဆေးဝါးနှစ်ခု၏ အန္တရာယ်ကင်းမှုနှင့် အကျိုးသက်ရောက်မှုကို အခြားသောနိုင်ငံများနှင့် ပူးပေါင်း စမ်းသပ်ရန် သဘောတူထားသည့် နိုင်ငံဖြစ်သည်။

    ပထမအဆင့်တွင် အမေရိကန် နာမည်ကြီး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Johnson and Johnson နှင့် ဒိန်းမတ်မှ Bavarian Nordic ဆေးဝါးကုမ္ပဏီတို့ ထုတ်လုပ်ထားသည့် ဆေးဝါးများအား အန္တရာယ်ကင်းခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်ခံရသူမှာ မိုဘိုင်းဖုန်းတစ်လုံးနှင့် ကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးကို ရရှိကြသည်။

    သို့သော်လည်း ထိုစမ်းသပ်မှုအတွက် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ နိုင်ငံပြင်ပကို ရောက်နေသော ကျန်းမာရေးဝန်ကြီး အဲလက် ဆဂ်ဘီဖီယာက ထိုစမ်းသပ်မှုအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွဒ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘယ်လိုစမ်းသပ်မှုမျိုးကိုမှ စိတ်မ၀င်စားတော့ဘူးလို့ ဂါနာပြည်သူတွေရဲ့ ဖုန်းဆက်ပြောဆိုမှု တော်တော်များများကို သူကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူပြန်လာပြီး ပြဿနာကို ဆန်းစစ်တဲ့အချိန်အထိ စမ်းသပ်မှုကို ရပ်ဆိုင်းထားမှာပါ”

    အာဏာရ အမျိုးသားဒီမိုကရက်တစ် ကွန်ဂရက်စ်ပါတီကလည်း အဆိုပါစမ်းသပ်မှုမှာ မလိုအပ်သည့် စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီဘိုလာရောဂါ ကုသရန်အတွက် လိုင်စင်ရဆေးဝါး သို့မဟုတ် ကုသမှုနည်းလမ်း ယခုအချိန်အထိ မရှိသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ အဆိုပါ ကပ်ရောဂါကို ရပ်တန့်ရေး ကြိုးစားရာတွင် အလားအလာရှိသည့် ဆေးဝါးကို အသုံပြုခွင့် ပေးထားသည်။

    ယခုအချိန်အထိ အဆင့်မြင့်ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိနေသော ဆေးဝါးနှစ်မျိုးမှာ အန္တရာယ်ကင်းပုံရသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ အသင်းတစ်ခုက မတ်လတွင် ပြောကြားခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အနောက်အာဖရိကနိုင်ငံများတွင် ကူးစက်ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၁၁၁၅၀ ကျော် သေဆုံးခဲ့ကြသည်။

    Ref: Aljazeera

  • အီဘိုလာအရေး တုန့်ပြန်မှုနှေးကွေးခြင်းကြောင့် မသေသင့်သူများ သေခဲ့ရသည်ဟု MSF ပြော

    အီဘိုလာအရေး တုန့်ပြန်မှုနှေးကွေးခြင်းကြောင့် မသေသင့်သူများ သေခဲ့ရသည်ဟု MSF ပြော

    မတ် ၂၃၊ ၂၀၁၅
    M-Media

    Liberia Races To Expand Ebola Treatment Facilities, As U.S. Troops Arrive

    – အနောက်အာဖရိကနိုင်ငံတွင် ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တုံ့ပြန်မှု နှေးကွေးခြင်းကြောင့် ကယ်တင်နိုင်သည့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ပဲရစ်အခြေစိုက် နယ်စည်မခြား ဆရာဝင်များအဖွဲ့ MSF က ပြောကြားလိုက်သည်။

    အဆိုပါဗိုင်းရပ်စ်ပြန့်နှံ့မှု တစ်နှစ်ပြည့်သည့်အချိန်နှင့် တိုက်ဆိုင်စွာ ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး အဆိုပါ ရောဂါပိုးပြန့်နှံ့မှုမှာ ထိန်းချုပ်၍မရဟု သတိပေးမှုကိုလည်း ပယ်ချခဲ့ကြကာ စောစောစီးစီး အကူအညီပေးရန် တောင်းဆိုမှုများကိုလည်း ပြည်တွင်းအစိုးရများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO တို့က လစ်လျူရှုခဲ့ကြသည်ဟု ဆိုသည်။

    အီဘိုလာကူးစက်ပြန့်ပွားမှုကြောင့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လူပေါင်း ၁၀၂၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ရောဂါပိုးဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော အနောက်အာဖရိကမှ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံတို့မှ ဖြစ်ကြသည်။

    MSF မှာ အီဘိုလာရောဂါ ပြန်ပွားလာမှုကို ပြီးခဲ့သည့်နှစ် မတ်လကုန်ပိုင်းက ကြေညာခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ပယ်ချခဲ့ပြီး သုံးလကျော်ကြာပြီးနောက်မှ ရောဂါပိုး ပြန့်ပွားကူးစက်နေကြောင်း အတည်ပြုခဲ့သည်။

    ဂီနီနှင့် ဆီရာလီယွန်နီ အစိုးရတို့ကလည်း အဆိုပါ ပြဿနာကို ဘေးချိတ်ထားကြပြီး ဆီယာလီယွန်နီနိုင်ငံကမူ အချက်အလက်အချို့ကို ထိန်ချန်ထားသောကြောင့် ရောဂါပိုးကူးစက်နေသည့် ကျေးရွာများကို ဖော်ထုတ်ရာတွင် MSF အား တားဆီးပိတ်ပင်သကဲ့သို့ ဖြစ်စေသည်ဟု အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် သြဂုတ်လနှောင်းပိုင်းတွင် အဆိုပါနိုင်ငံများရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် လူနာများဖြင့် ပြည့်လျှံသွားသောကြောင့် ကျန်းမာရေးလုပ်သားများမှာလည်း လူနာများအား ထားရစ်ကာ ထွက်ပြေးခဲ့ရသည်အထိ ဖြစ်သွားသည်ဟု MSF က ဆိုပြီး လက်ရှိအချိန်တွင် အီဘိုလာကူးစက်မှု လျော့ကျလာသော်လည်း လုံးဝ ရပ်တန့်သွားခြင်း မရှိသေးကြောင်း သတိပေးခဲ့သည်။

    ပြီးခဲ့သည့် နှစ်ပတ်ကျော်အတွင်း ပထမဦးဆုံးအဖြစ် သောကြာနေ့က လိုက်ဘေးရီးယားတွင် အီဘိုလာကူးစက်သူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး ဆီရာလီယွန်နီနိုင်ငံကလည်း နိုင်ငံတစ်ဝှမ်း တံခါးပိတ် ရှာဖွေမှုများကို ပြုလုပ်နေသည်။ ဂီနီနိုင်ငံတွင် ယခုနှစ်အစောပိုင်းက ကူးစက်မှု လျော့ကျလာခဲ့သော်လည်း နောက်ပိုင်းတွင် ကူးစက်မှုများ ပြန်လည် မြင့်တက်လာခဲ့သည်။

    Ref: Time

  • ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    မတ် ၁၊ ၂၀၁၅
    M-Media

    srln

    – မိမိ၏ သက်တော်စောင့်များထဲမှတစ်ဦးမှာ အီဘိုလာဖြင့် သေဆုံးခဲ့ပြီးနောက်ပိုင်း ဆီရာလီယွန်နီ၏ ဒုတိယသမ္မတ ဆမ် ဆူမာနာက အီဘိုလာစိုးရိမ်ရမှုကြောင့် ၎င်းကိုယ်တိုင် သီးသန့်နေထိုင်နေသည်ဟု အစိုးရက ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပြီး အဆိုပါ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တွန်းလှန်ရေးအတွက် ခရီးသွားမှု ကန့်သတ်ချက်များကိုလည်း ဆီယာလီယိုက ပြန်လည် သတ်မှတ်ထားသည်။

    သေဆုံးသွားသည့် ဆူမာနာ၏သက်တော်စောင့်မှာ အသက် ၄၂ နှစ်အရွယ် ဂျွန် ကိုရိုမာဆိုသူဖြစ်ပြီး သောကြာနေ့က အီဘိုလာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆူမာနာက ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့၏အိမ်တွင် သီးသန့်နေထိုင်ခဲ့ကာ ကျန်းမာရေးတာဝန်ရှိသူများက ဆောင်ရွက်နေသော စမ်းသပ်စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေသည်။

    ဒုတိယသမ္မတအနေဖြင့် အန္တရာယ်ရှိသော အနေအထားတွင် မရှိသော်လည်း ရောဂါပိုး ပေါက်ဖွားကူးစက်နိုင်သည့် အချိန်ကာလဖြစ်သော ၂၁ ရက်အထိ ရုံးသို့မသွားရန် ဆုံးဖြတ်ခဲ့ပြီး နေအိမ်မှနေ၍ အလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

    ဆီရာလီယွန်နီတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်း အီဘိုလာကူးစက်သူ ၁၈ ဦးရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ၂ ဦးတိုးလာခဲ့ကာ
    ထိုပမာဏမှာ နိုင်ငံအတွင်း ယခင်လများ၌ ရောဂါကူးစက်မှုနှုန်းလျော့ကျမှုကို ပျက်ဆီးစေခဲ့သည်။ ထို့ကြောင့် ခရီးသွားလာမှု
    ကန့်သတ်ချက်များကို အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    Ref: Aljazeera