News @ M-Media

Tag: Ebola

  • ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    ဓာတ်ခွဲစစ်ဆေးမှုအရ ကူးစက်မြန် အီဘိုလာ သံသယရှိသူများ ရောဂါပိုး လုံးဝ မရှိကြောင်း သိရှိရ

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media

    ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်မှု အရ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသော လူနာနှင့် ၎င်းနှင့် အနီးကပ်ထိတွေ့သူ (၄)ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ လုံးဝကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

    ၎င်းတို့ (၅)ဦး၏ ဓာတ်ခွဲနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်-မဟုတ် အတည်ပြုနိုင်ရန် (၂၉-၈-၂၀၁၄) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ (၅)ဦးစလုံး၏ ဓာတ်ခွဲနမူနာတွင် ကူးစက်မြန်အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

    ဩဂုတ် (၁၉) ရက်နေ့ ညပိုင်းက အီဘိုလာ ပြန့်ပွားနေသည့် အာဖရိက အနောက်နိုင်ငံ တခုတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာနိုင်ငံသား တစ်ဦး၌ အဖျားရောဂါတွေ့ရှိပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေးအဖွဲ့က သံသယ လူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများပြုလုပ် ခဲ့ခြင်းဖြစ်သည်။

    ကိုးကား- MOI

  • ဆီနီဂေါတွင် အီဘိုလာ ရောဂါကူးစက်သူတွေ့ရှိ၊ ZMapp ဆေးဝါးသစ် ကုသနိုင်ဖွယ်ရှိ၊

    ဆီနီဂေါတွင် အီဘိုလာ ရောဂါကူးစက်သူတွေ့ရှိ၊ ZMapp ဆေးဝါးသစ် ကုသနိုင်ဖွယ်ရှိ၊

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    nurses-escort-a-man
    – အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတစ်ဦးအား နိုင်ငံအတွင်း ပထမဆုံးတွေ့ရှိခဲ့သည်ဟု ဆီနီဂေါလ် ကျန်းမာရေးဝန်ကြီးက ယမန်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။

    ဂီနီနိုင်ငံမှ အမျိုးသားတစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် လက္ခဏာများ တွေ့ရခြင်းကြောင့် အင်္ဂါနေ့က ဆီနီဂေါလ်မြို့တော် ဒါကာမြို့ဆေးရုံသို့ လာရောက်စစ်ဆေးမှု ခံယူပြီးနောက် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ၎င်းကိုယ်တိုင်ကလည်း ဂီနီတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူများနှင့် အနီးကပ် ဆက်ဆံမှုများရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အ၀ါ မာရီ ကိုးလ် ဆက်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းမှာ ဆီနီဂေါလ်တွင် ပထမဦးဆုံးဖြစ်ပြီး လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယိုနီ၊ နိုက်ဂျီးရီးယားတို့ပြီးနောက် အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့သည့် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ ရောဂါပိုးကူးစက်ခံရသူများမှာ လက်ရှိသတင်းရရှိသည့် အရေအတွက်ထက် ၆ ဆခန့် ပိုမိုမြင့်မားနိုင်ပြီး၊ ပြန့်နှံ့မှုများနှုန်း မှာလည်း မြင့်တက်လာနိုင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ထိုဗိုင်းရပ်စ်ပိုးအား တွန်းလှန်အတွက် အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် GlaxoSmithKline နှင့် အမေရိကန်အစိုးရတို့မှာ လာမည့်သီတင်းပတ် အတွင်း ဆေးဝါးသစ်တစ်မျိုးကို အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် လူနာများအား စမ်းသပ်ကုသသွားမည်ဖြစ်သည်။

    အဆိုပါဆေးမှာ ZMapp ဟု အမည်ရပြီး ကနဦးစမ်းသပ်မှုများအရ နို့တိုက် သတ္တ၀ါများတွင် ရာနှုန်းပြည့် အောင်မြင်မှု ရရှိခဲ့သည်ဟု ယမန်နေ့က ထုတ်ဝေသော Nature ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

    ref_Reuters

  • အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media

    အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အီဘိုလာ သံသယရှိသူ တစ်ဦး ရန်ကုန်လေဆိပ်တွင်တွေ၊့ စစ်ဆေးမှုများပြုလုပ်နေ

    – ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်သည်ဟု သံသယရှိ၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ အမျိုးသားမှာ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ  ဂီနီနှင့် လိုက်ဘေးရီးယားတို့တွင် (၁၃) လခန့် အလုပ်လုပ်ကိုင်ဖူးပြီး ယမန်နေ့ ညပိုင်း ၈ နာရီလေယာဉ်ဖြင့် ဘန်ကောက်မြို့မှ ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်ကာ အဖျားဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရကြောင်းသိရှိရသည်။

    ၎င်းအား ရန်ကုန်မြို့ဆင်ခြေဖုံးရှိ  ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းနှင့် ဓာတ်ခွဲ စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရသိရသည်။

    ref_ ဆင်ဟွာ၊ MOI

  • အမေရိကန်၏ စမ်းသပ်ဆဲ အီဘိုလာရောဂါ ဆေးဝါးသစ်များ အာဖရိကန်များကို ပေးသုံးရန် ပညာရှင်များပြော

    အမေရိကန်၏ စမ်းသပ်ဆဲ အီဘိုလာရောဂါ ဆေးဝါးသစ်များ အာဖရိကန်များကို ပေးသုံးရန် ပညာရှင်များပြော

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media

    Girls look at a poster, distributed by UNICEF, bearing information on and illustrations of best practices that help prevent the spread of Ebola virus disease (EVD), in the city of Voinjama, in Lofa County in this handout photo
    ဂီနီ၊ ဆိုင်ရာလီယွန်နှင့် လိုင်ဘေးရီးယားရှိ လူ (၉၀၀)နီးပါးသေဆုံးပြီး (၁၆၀၀)ကျော် ရောဂါကူးစက်ခံထားရသည်။ (ဓာတ်ပုံ – ရိုက်တာ)

    အမေရိကန်ကယ်ဆယ်ရေးလုပ်သားများကိုသာ အဘယ်ကြောင့် စမ်းသပ်ဆေးဝါးပေးထားသနည်းဟု ကမ္ဘာ့ထိပ်တန်း အီဘိုလာရောဂါကျွမ်းကျင်ပညာရှင်များက မေးခွန်းထုတ်နေကြ၏။

    ကြောက်ခမန်းလိလိ ရောဂါဆိုးကြီး ဖြစ်ပွားနေသော အနောက်အာဖရိက တိုင်းပြည်သုံးခု၌ ရှိနေကြသည့် ပြည်သူများအား စမ်းသပ်ဆေးဝါးနှင့် ဗိုင်းရပ်စ် ကာကွယ်ဆေးများ ပေးကမ်းရန် အီဘိုလာရောဂါဆိုင်ရာ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်ပညာရှင်သုံးဦးမှ တောင်းဆိုလိုက်သည်။

    လိုင်ဘေးရီးယားတွင် ထိုရောဂါကူးစက်ခံ အမေရိကန် ကယ်ဆယ်ရေး လုပ်သားတို့ကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်မခေါ်ယူမီ အတည်ပြုချက်မထွက်သေးသည့် ဆေးဝါးတစ်မျိုး ပေးခဲ့သည့် အချက်ကို ထောက်ပြ၍ (၁၉၇၆)ခုနှစ်က အီဘိုလာရောဂါ တွဲဖက်ရှာဖွေတွေ့ရှိသူ ပီတာ ပိုင်းယော့ Peter Piot အပါအ၀င် ကျွမ်းကျင်သူများသည် အလားတူ ကူးစက်ခံရသည့် အာဖရိကသားများ အနေနှင့် အလားတူ အခွင့်အရေးရသင့်ကြောင်း ပြောကြားသည်။

    အီဘိုလာရောဂါ တိုက်ဖျက်ရေးလေ့လာမှုအောက်မှ အသုံးချနိုင်လောက်သော ဗိုင်းရပ်စ် တိုက်ဖျက်ဆေးဝါးများ၊ ဗီဇတူ ဘက်တီးရီးယားတို့ကို တိုက်ဖျက်နိုင်သည့် ပရိုတိန်းများ၊ ကာကွယ်ဆေးမျိုးစုံ ရှိနေပြီးဖြစ်ကြောင်း Piot ၊ David Heymann နှင့် Jeremy Farrar အပါအ၀င် London School of Hygiene and Tropical Medicine ၊ Chatham House Centre on Global Health Security ၊ Wellcome Trust ရှိ ကူးစက်ရောဂါဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခနှင့် ဒါရိုက်တာအားလုံးတို့က ဆိုသည်။

    “ဒီကာကွယ်ဆေးတွေကို  အသုံးပြုမယ် မပြုဘူးဆိုတာ အာဖရိကတိုင်းပြည်အစိုးရတို့ကို ဆုံးဖြတ်ချက် ချစေသင့်ပါတယ်။ ရောဂါကူးစက်နိုင်မှု အန္တရာယ် အထူးမြင့်မားနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေကို ကာကွယ်၊ ကုသပေးဖို့ ဆိုတာမျိုးပေါ့ ” ဟူ၍ ၎င်းတို့၏ စုပေါင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

    ထိုသို့ စမ်းသပ်ကုသခြင်း ခွင့်ပြုပေးရေးအတွက် နိုင်ငံတကာ၏ တစ်ခုတည်းသော သြဇာရှိအဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO  မှ ဤအခန်းကဏ္ဍအား ဦးစားပေး ဦးဆောင်မှုပေး ရလိမ့်မည် ဟုလည်း ထည့်သွင်းဖော်ပြထား၏။

    ဖေဖော်ဝါရီလအတွင်း ဂီနီနိုင်ငံ၌ ဗိုင်းရပ်စ် စတင်ပျံ့နှံ့ချိန်မှစ၍ အီဘိုလာရောဂါကြောင့် ဂီနီ၊ ဆိုင်ရာလီယွန်နှင့် လိုင်ဘေးရီးယားတို့တွင် လူပေါင်း (၉၀၀)နီးပါး သေဆုံးကာ (၁၆၀၀၀)အထက် ကူးစက်ခံထားရသည်။

    လစ်ဗျားရှိ အမေရိကန်ကယ်ဆယ်ရေး လုပ်သား (၂)ဦးမှာ အီဘိုလာရောဂါဖြင့် နာမကျန်း ဖြစ်ခဲ့သည်။  ၎င်းနောက် ဆန်ဒီယားဂိုး အခြေစိုက် ပုဂ္ဂလိက ဇီဝနည်းပညာအသင်း Mapp Biopharmaceutical မှ ထုတ်လုပ်သည့် ZMapp အမည်ရှိ စမ်းသပ်ဆေးဝါးကို တိုက်ကျွေးပြီးသည့်နောက် ထိုသူတို့မှာ လစ်ဗျားမှာတင် အခြေအနေ အဆင့်ဆင့် တိုးတက်ကောင်းမွန်လာကြောင်း တွေ့ကြရသည်။

    အာဖရိက တိုက်သားတို့အပေါ် အလားတူအခွင့်အရေးမျိုး အဘယ်ကြောင့် မပေးခဲ့ကြောင်း Piot ၊ Farrar နှင့် Heymann တို့က မေးခွန်းထုတ်ခဲ့သည်။

    အကယ်၍ ကြွယ်ဝ ချမ်းသာသော တိုင်းပြည်များ၌ ကြောက်စရာ ဗိုင်းရပ်စ် ပြန့်ပွားမှုကြီးထွား လာလေလျှင် “ဆေးဝါးအေဂျင်စီများသည် ကုမ္ပဏီများ၊ ဓာတ်ခွဲခန်းများနှင့် ဆေးဝါး ကုန်ပစ္စည်းတိုးမြှင့်ထုတ်လုပ်ရေး အတွက် ဆွေးနွေးပါ၊ ထို့နောက် မည်သူသည် အခမဲ့အသုံးပြုခြင်း အတွက် လိုအပ်ကြောင်း မဆိုင်းမတွ ဆုံးဖြတ်ကြပါ ” ဟု ဆိုကြပေသည်။

    အင်္ဂါနေ့နှောင်းပိုင်း လန်ဒန်၌ ထုတ်ပြန်သည့် အဆိုပါစာထဲတွင် “ သာမန်အားဖြင့် ကနဦး ဘေးကင်း စိတ်ချရေး စစ်ဆေးချက်များ မပါဝင်ဘဲ စမ်းသပ်ကုသမှုနဲ့ အဆင့် မကျော်အပ်ပါဘူး။ သို့သော် အနောက် အာဖရိကမှာ ရင်ဆိုင်နေရတဲ့ သေရေးရှင်ရေး စိန်ခေါ်ချက်ကြောင့် အဆိုးရွားဆုံး လိုအပ်နေသူတွေထံ အသင့်လျော်ဆုံး၊ အကောင်းဆုံး(စမ်းသပ်)ဆေးဝါးများကို ပေးပို့ကူညီကြဖို့ လိုအပ်နေပါပြီ။ တစ်ချိန်တည်းမှာဘဲ ဘေးကင်းမှုနဲ့ ထိရောက်မှု အတိုင်းအတာကို စောင့်ကြည့်သွားရမှာပါ ” ဟုလည်း သူတို့က ဆိုထားကြ၏။

    ZMapp ဆေးဝါးသည် ဇန္န၀ါရီလအတွင်း အရေးပေါ် ကုသမှု၌သာ ဖော်စပ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ချက်ခြင်းရယူရန် မလွယ်ကူလောက်အောင် ပမာဏနည်းပါးနေကြောင်း၊ ကုသရေးစနစ် မှာ ခက်ခဲသလို ကုန်ပစ္စည်းများအား လိုသလိုချက်ခြင်းထုတ်ဖို့က အလွန်လက်ဝင်ကြောင်း Biotech firm Mapp နှင့် ၎င်း၏ စီးပွားရေးပါတနာLeaf Biopharmaceutical ကုမ္ပဏီက ပြောကြားသည်။

    ယင်းဆေးဝါးတွင် ထည့်သွင်းအသုံးပြုသည့် အဆင့်မြင့်ပြုပြင်ထားသောဆေးရွက်ကြီးများ ရရှိအောင် ရက်သတ္တပတ်ပေါင်း များစွာ စောင့်ဆိုင်းရသည်ဟု သိရသည်။

    ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီသည် လိုင်စင်နှင့် စမ်းသပ်ကုသမှု ပုံမှန်နည်းစဉ်အားဖြင့် ထွက်ရှိမလာသော မည်သည့်ဆေးဝါးကိုမျှ အားပေးလိမ့်မည်မဟုတ်ကြောင်း ဂျီနီဗာအခြေစိုက် WHO  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။

    လူသားတို့ထံ ဘေးကင်းထိရောက်မှုရှိကြောင်း သတ်မှတ်ရန် စမ်းသပ်မှုလုပ်မထားသော ဓာတ်ခွဲခန်းဆေးဝါးများကို လူနာများအား ကုသခြင်းက ပုံမှန်လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်နေပါသည်။

    Agencies
  • သတိပြုဖွယ် အီဘိုလာ( Ebola Virus Disease- EVD) ဗိုင်းရပ်စ် အန္တရာယ်

    သတိပြုဖွယ် အီဘိုလာ( Ebola Virus Disease- EVD) ဗိုင်းရပ်စ် အန္တရာယ်

    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် ရေးသည်။

    အီဘိုလာဗိုင်းရပ်စ်ဟာ အာဖရိကမှာ အကြီးအကျယ်ပျံ့ပွားနေပြီး ကမ္ဘာအနှံ့ကို ထိန်းမနိုင် သိမ်းမရကူးစက်တော့မယ်လို့ လူအများက စိုးရိမ်ပူပန်နေကြပါပြီ။

    ကျွန်တော်ဟာ ဆေးပညာရှင်တစ်ဦးမဟုတ်တဲ့အတွက် အခုရေးမယ့်ထဲမှာ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားတွေ၊ စဖြစ်ရတဲ့ အကြောင်းရင်းတွေကို စောင်းပေးဖော်ပြမှာ မဟုတ်ဘဲ အများသိလိုတဲ့ (လိုရင်းအချက် အခြေခံဗဟု သုတလောက် ကိုသာ) ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။

    1234366_1510544552490981_1822675066960252999_n

    (၁) ကူးစက်နိုင်ပုံ
    =========

    အီဘိုလာဗိုင်းရပ်စ်ဟာ ရောဂါကူးစက်ခံထားရတဲ့ လူနာရဲ့ အနာကထွက်တဲ့ အချွဲအကျိတွေ၊ အရေပြားအပိုင်းအစတွေ၊ သွေးတွေ၊ စွန့်ထုတ်ပစ္စည်းတွေဖြစ်တဲ့ ချွေး၊ ကျင်ငယ်၊ မစင်တွေ၊ အင်္ဂါအစိတ်အပိုင်းတွေကို အကာအကွယ်မဲ့ တိုက်ရိုက်ကိုင်တွယ်ခြင်းကတဆင့် ကူးစက်နိုင်သလို ဒီလို အီဘိုလာဗိုင်းရပ်စ်ပါတဲ့အရည်တွေ ထိစွန်းနေတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို တဆင့်ခံကိုင်တွယ်မိတာကလည်း ကူးစက်နိုင်ပါသေးတယ်။

    အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေကို ၀မ်းနည်းပူဆွေးနေတဲ့မိသားစုတွေက ဖက်ရမ်းနှုတ်ဆက်ကြတဲ့ ဓလေ့ကြောင့်လည်း ရောဂါ ကူးစက်မှု ဖြစ်နိုင်ပါသေးတယ်။ တကယ်လို့ ရောဂါသည်တစ်ဦးဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရမှု ကနေ ပြန်ကောင်းလာ ခဲ့ရင်တောင် သူ့ရဲ့ သုက်ပိုးထဲမှာ အီဘိုလာဗိုင်းရပ်စ်ဟာ ၇ ပတ်ထိ အသက်ရှင်နေနိုင်ကာ အခြားသူကို ကူးစက်စေနိုင်ပါသေးတယ်။

    ကျန်းမာရေးလုပ်သားတွေရဲ့ ရော၈ါကူးစက်ခံရမှုက လူနာတွေကို အနီးကပ်ထိတွေ့ပြုစုကြရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ သေချာ တင်းကျပ်တဲ့ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေကို လျော့လျော့ရဲရဲ လိုက်နာလုပ်ဆောင်ကြတဲ့ အတွက်လည်း ရောဂါကူးစက်ခံရမှု ပိုမိုဆိုးဝါးလာတာ ဖြစ်ပါတယ်။

    (၂) ရောဂါလက္ခဏာ
    ===========

    ရောဂါပိုး ကူးစက်ခံရပြီး ယေဘုယျအားဖြင့် ၂ ၇က်ကနေ ၂၁ ၇က်အတွင်း ( အများအားဖြင့် ၈ ၇က်က ၁၀ ၇က်အတွင်း) ရောဂါ လက္ခဏာစပေါ်ပါတယ်။ ရောဂါ လက္ခဏာဟာ သာမန် တုပ်ကွေးဖြစ်တာ၊ ၀မ်းသွားတာ၊ အူရောင်ငန်းဖျားဖြစ်တာ၊ ငှက်ဖျားရောဂါ လက္ခဏာတွေနဲ့ ဆင်တူမှားယွင်းနိုင်ပါတယ်။

    ပင်မရောဂါလက္ခဏာတွေထဲမှာ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ အဆစ်အမြစ် ကြွက်သားတွေကိုက်ခဲနာကျင်မယ်၊ ရုတ်တရက်ကြီးကို အားနည်းသွားမယ်၊ ၀မ်းပျက်ဝမ်းလျှောမယ်၊ အန်မယ်၊ ဗိုက်နာမယ်၊ ခံတွင်းပျက်မယ်၊ စတဲ့လက္ခဏာတွေနောက်မှာ အင်ပြင်ကွက်တွေ ထွက်မယ်၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်တွေ ပျက်စီးမယ်၊ နောက်ဆုံးအဆင့် ကိုယ်တွင်းကိုယ်ပြင်သွေးထွက်တာတွေထိ ရှိလာပါမယ်။ သွေးယိုစီးကျတာတွေဟာ မျက်လုံး၊ နှာခေါင်း၊ နားရွက်၊ ပါးစပ်နဲ့ စအိုတွေက သွေးယိုစီးကျတာတွေ ဖြစ်လာပါမယ်။ ဒါဟာနောက်ဆုံး အဆင့်ပါ။

    အီဘိုလာဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိနေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးဟာ ရောဂါသည်တစ်ဦးကနေ သီးသန့်ဖယ်ထုတ်တားတဲ့ သုက်ပိုးထဲမှာ ၆၁ ရက်တိုင်အောင် အသက်ရှင်နိုင်တဲ့ မဟာစွမ်းအားရှင်ပိုးဖြစ်ပါတယ်။

    (၃) ရောဂါဖြစ်ပွားနေစဉ်
    =============

    DAY 7 -9
    အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၇ ရက်ကနေ ၉ ၇က်အတွင်း ခေါင်းကိုက်ပါမယ်၊ အားကုန်မောပန်းပါမယ်၊ ကြွက်သားတွေ နာကျင်နေပါမယ်။

    DAY 10
    အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁၀ ၇က်မှာ ရုတ်တရက် အပြင်းဖျားတတ်ပါတယ်။

    DAY 11
    အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁၁ ၇က်မှာ လူနာ အားလုံးဝမရှိ ဖြစ်တတ်ပါတယ်။ ဦးနှောက် ထိခိုက်တတ်ပါတယ်။ မျက်လုံး၊ နှာခေါင်း၊ နားရွက်၊ ပါးစပ်နဲ့ စအိုတွေက သွေးယိုစီးကျလာပါမယ်။

    DAY 12
    အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁၂ ၇က်မှာ သတိလစ်သွားပါမယ်။ ခန္ဓာကိုယ် တွင်းပိုင်းမှာ ပြင်းပြင်း ထန်ထန် သွေးယိုစီးမှုတွေဖြစ်ပြီး သေဆုံးပါတယ်။

    (၄) ကာကွယ်ဆေး နဲ့ ကုသမှု
    ================

    အီဘိုလာဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါ။ ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

    ကုသဖို့ကတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်တဲ့အတွက် ရေဓာတ်ခမ်းခြောက်မှုအတွက် သာမန်ဓာတ်ဆားတိုက်တာ၊ အကြောဆေးသွင်းပေးတာ၊ အပူကြီးရင် အဖျားကျဆေးပေးတာလောက်ပဲ လုပ်ပေးနိုင်ပါသေးတယ်။

    အီဘိုလာဗိုင်းရပ်စ်ပိုးကို တိုက်ရိုက်သတ်နိုင်တဲ့ ကုထုံး မပေါ်သေးပါ။ ကုထုံးအသစ်တွေကို ကြိုးစားရှာဖွေနေကြဆဲဖြစ်ပါတယ်။

    (၅) ကြိုတင်ကာကွယ်နိုင်သလား
    ==================

    အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ပြီလို့ သံသယရှိတာနဲ့ ကူးစက်ခံရတဲ့ တိရိစ္ဆာန် ဒါမှမဟုတ် လူကို သီးသန့်ခွဲထုတ်ရပါမယ်။ တိရိစ္ဆာန်သေကျေပြီ ဆိုရင် တွင်းနက်နက်တူးမြေမြုတ်တာ ဒါမှမဟုတ် အသေကောင်ကို မီးရှို့တာက တိရိစ္ဆာန်ကနေ လူကို ကူးစက်တာကို လျှော့ချနိုင်ပါတယ်။

    အီဘိုလာဗိုင်းရပ်စ်ပိုးကို ကုသကာကွယ်နိုင်တဲ့ ကုထုံး မရှိသေးတဲ့အတွက် လုံလောက်တဲ့ ကျန်းမာရေးဗဟုသုတရှိခြင်းကသာ ရောဂါကူးစက်ခြင်းကို အတိုင်းအတာတစ်ခုအထိ လျော့ကျနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

    ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။

    Ref : http://www.who.int/mediacentre/factsheets/fs103/en/
    http://www.health24.com/Medical/infectious-diseases/Ebola/Signs-and-symptoms-of-Ebola-20140729

    ဆွေမွန်
    ၄ သြဂုတ် ၂၀၁၄