News @ M-Media

Tag: economic

  • TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်

    TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်

    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – Trans Pacific Partnership (TPP) အဖွဲ့ဝင်နိုင်ငံများမှာ ကုန်သွယ်မှုသဘောတူညီချက်၏ အဓိကကျအချက်များအပေါ် သဘောတူညီခဲ့ပြီး အမေရိကန်မပါဝင်သော်လည်း ရှေ့ဆက် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘အမေရိကန်သာ ပထမ’ မူဝါဒသည်သာ အမရိကန်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရမည်ဟု ယုံကြည်ကြောင်းပြောဆိုကာ TPP ကို စွန့်ပယ်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် ယခုသဘောတူညီချက်မှာ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးလုပ်ငန်းကို တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။

    TPP ၏ အဓိကအချက်များအတွက် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်များ ဆွေးနွေးရန် လိုအပ်သည့် အဆိုပါ သဘောတူညီချက်ကို CPTPP ဟု ခေါ်ဆိုသွားမည်ဖြစ်သည်။

    ဂျပန်စီးပွားရေးဝန်ကြီး Toshimitsu Motegi က ထိုသဘောတူညီချက်ကို ရှေ့ဆက်ဆောင်ရွက်ပါက အမေရိကန်ကို ပြန်လည်ဆွဲခေါ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

    Ref: CNA

  • “အခက်တွေ အချက်တွေ”

    “အခက်တွေ အချက်တွေ”

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၆
    ဆောင်းပါးရှင်- ကောင်းလွန်း
    15590628_1376857632364613_7897217800730958695_n
    ၂၀၁၆ ရဲ့ 4th quarter မှာ မြန်မာ လုပ်ငန်းရှင်တွေ အခက်ကြုံကြရတယ်..။ ထိပ်တန်းချမ်းသာတဲ့ လက်တစ်ဆုပ်စာ လူချမ်းသာတစ်စုကလွဲရင် အားလုံးလိုလိုပါပဲ..။ တချိန်တုန်းကတော့ “စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ” ဆိုပြီး သီချင်းတောင် နေ့တိုင်းကြားရသေး..။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်တာ မလုပ်ကြနဲ့.. ဆိုတဲ့ ပိတ်ဆို့ အရေးယူမှု ရှိခဲ့တာကိုး.. အခုတော့ ဘယ်သူကမှလဲ စီးပွားရေးမပိတ်ဆို့တော့ပါပဲနဲ့ ကြပ် သွားကြတယ်လေ..။ အကြောင်းရင်းတော့ ရှိရမှာပေါ့..။ ရှိပါတယ်..။ နေ့စဉ်နဲ့ အမျှ ဆိုရှယ်မီဒီယာမှာ ကြပ် သွားရခြင်း အကြောင်းရင်း အမျိုးမျိုး ဖတ်ရပါတယ်..။ Issue တွေပေါ့..။ တစ်နေ့ထက် တစ်နေ့ Issue တွေသာ များလာတယ်.. Solution မတွေ့ဘူး..။ မတွေ့လေ ဈေးတက်လေနဲ့ တက်ရင်းတက်ရင်း တော်တော်တောင် ရောက်လာပြီ..။
    ဒီ “အကြပ်” ကို “အခွင့်အလမ်း” တစ်ခုဖြစ်အောင် ဦးမလှည့်နိုင် မဖန်တီးနိုင်သရွေ့ တက်နေဦးမှာပါပဲ..။ ပြည်တွင်းမှာ ဒေါ်လာ ဝယ်လိုအား မြင့်တက်ရခြင်း အကြောင်းရင်းတွေကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်..။

    တကယ်တော့ အလုအယက်ဝယ်နေကြတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းသုံးဖို့ တစ်ဒေါ်လာမှ မပါပါဘူး..။ ပြည်ပ ကနေ ပစ္စည်း တင်သွင်းဖို့ ဝယ်နေကြတာပါ..။ ပြည်ပကနေ တင်သွင်းထားတဲ့ ကုန်စည်ဖိုးတွေ ပေးချေဖို့ ဝယ်နေကြတာပါ..။

    ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံထားကြတဲ့ ကုမ္ပဏီကြီး ငယ် တွေကလဲ သူတို့ အကျိုးအမြတ်အတွက် လာတယ် ဆိုတာ စွဲစွဲမြဲမြဲ သိထားရမှာဖြစ်ပါတယ်..။ ဘယ်သူကမှ အလှူလာပေးတာ မဟုတ်သလို သူတို့ ရဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို အခမဲ့ မပေးကြပါဘူး..။ သူတို့က ပြည်တွင်းမှာ သူတို့ရဲ့ ထုတ်ကုန်တွေကို ကျပ်ငွေနဲ့ ရောင်းပေမယ့် အဲဒီ ကျပ်ငွေတွေဟာ မြန်မာပြည် အပြင်ဖက် ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ တန်ဖိုးမဲ့ သွားပြီ ဆိုတာ အားလုံးသိကြပါတယ်…။ ဒီတော့ သူတို့ နိုင်ငံကို သူတို့ ပြန်သယ် သွားကြမယ့် အကျိုးအမြတ်တွေဟာ ဒေါ်လာပဲ ဖြစ်ရမှာလေ..။ ဒါကြောင့် ဒေါ်လာ ဝယ်လိုအား မြင့်လာတာပါ..။

    ဆက်သွယ်ရေးကွန်ယက်တွေ သိပ်ကောင်းလာပြီ.. လူတကိုယ် ဖုံး နှစ်လုံး သုံးလုံး ကိုင်နိုင်လာပြီ..။ Package တွေ အမျိုးမျိုးဖန်တီးပြီး နဂိုကမှ စကားများများ ပြောတတ်ကြတဲ့ လူမျိုး တွေကို ပြောသထက်ပြောအောင် ဖန်တီးပေးပြီး ဈေးရောင်းကြတယ်..။ ဝယ်သူတွေက
    ကျပ်ငွေနဲ့ ပေးချေကြတယ်..။ သူတို့က အဲဒီ ကျပ်ငွေတွေကို ပြည်ပကို ပြန်သယ်တဲ့ အခါ ဒေါ်လာနဲ့ လဲလှယ်ပြီးမှ သယ်သွားကြတယ်..။ ဒါဟာ Issue ပါပဲ..။

    ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ များလာလေလေ..။ ဒီကိစ္စဟာ မလွဲမသွေ ကြုံရလေလေ ဖြစ်မှာပါပဲ..။

    ဒါဆိုရင် Solution က ဘာဖြစ်မလဲ..။

    လုပ်ရမှာကတော့ “ကြပ် နေတဲ့ ငွေ” ချောင်သွားအောင် “ကျပ်ငွေ” ကို ခိုင်မာအောင် လုပ်ဖို့ပါပဲ..။ ငွေကြေးတစ်ရပ် ရဲ့ ဂုဏ်သိက္ခာဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှုအပေါ်မှာ အများကြီး တည်မှီပါတယ်..။ နိုင်ငံရေး ဂုဏ်သိက္ခာ ခိုင်မာလာရင် ဒေသတွင်းနိုင်ငံတွေက ကြည်ညို လာပါလိမ့်မယ်..။ သူတို့ နဲ့ တန်းတူ ဆက်ဆံလာပါလိမ့်မယ်..။ အခုအချိန်ထိကတော့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံနေတုန်းပါပဲ..။ တစုံတယောက် ရဲ့ အရှိန်အဝါကို လေးစားတာ မှန်ပေမယ့်.. အဲဒါဟာ ပုဂ္ဂိုလ်ကြည်ညိုမှု သာ ဖြစ်နေပါသေးတယ်..။ နိုင်ငံကြည်ညိုမှု အဆင့်ကို မရောက်သေးပါဘူး..။

    နိုင်ငံကြည်ညိုမှု အဆင့်ကိုရောက်ချင်ရင် တစ်နိုင်ငံလုံး အမှန်တကယ် အလုပ်လုပ်မှ ဖြစ်ပါလိမ့်မယ်..။ အခုအချိန်ထိ ကတော့ လှော်နေတဲ့ တက်တွေလဲ ကြီးတာကြီး သေးတာသေး နဲ့ အရွယ်မညီသေးသလို လှော်နေတဲ့ လက်တွေလဲ အားကြိုးမာန်တက် လှော်သူလှော်သလို ရေသာခို အချောင်လိုက်နေတဲ့ လှော်သား တွေလဲ များနေသေးတဲ့ အတွက် “တက်ညီလက်ညီ” ဆိုတာ ဖြစ်မလာသေးတာပါ..။

    တိုင်းပြည်ကို တာဝန်ယူထားပြီး “သြဇာ” ဆိုတဲ့ Influence တစ်ခု ထဲနဲ့ မောင်းနှင်နေတာကို အားလုံး သိကြပါတယ်..။ “ သြဇာ” ရဲ့ တွဲဖက်စကားလုံး ဖြစ်တဲ့ “အာဏာ” ဆိုတဲ့ Power ကတော့ လုံလုံလောက်လောက် မရှိသေးပါဘူး..။ တနည်းပြောရရင် Power Balance မဖြစ်တာပါ..။ အဲဒီအတွက် နေ့စဉ်နဲ့ အမျှ ညှိနှိုင်းမှုတွေ အပေးအယူတွေ လုပ်နေရတယ် ဆိုတာသေချာပါတယ်..။

    စနစ်တစ်ခုထဲကို နှစ်ပေါင်းကြာရှည်ကျင်လည် ကျင့်သုံး ခဲ့တဲ့ နိုင်ငံတစ်ခုဟာ ပွင့်ပွင့်လင်းလင်း ဖြစ်ပြီ ဆိုတာနဲ့ “မျက်စိသူငယ် နားသူငယ်” ဖြစ်တတ်ပါတယ်..။ အမိဝမ်းထဲမှာ ၉လလောက်နေထိုင်ခဲ့ရတဲ့ မွေးကင်းစကလေးငယ်ဟာ အလင်းရောင်ကို ကောင်းကောင်း မကြည့်နိုင်.. ပြင်ပလောက က အသံတွေကို ကောင်းကောင်းမယဉ်ပါးသေးတော့ ကြောက်လန့်.. အဲဒါကို “မျက်စိသူငယ် ..နားသူငယ်” လို့ ပြောတာပါ..။ ကလေးငယ်တွေဟာ အိပ်နေတုန်း ထိတ်ကနဲ လန့်တတ်တာဟာ လဲ “မျက်စိသူငယ် နားသူငယ်” ရဲ့ အကြောင်းခံကြောင့်ပါပဲ..။

    နိုင်ငံရဲ့စနစ်သစ်တစ်ခု ကူးပြောင်းရာမှာလဲ (ပြောင်းတော့မယ်ဆိုတာသိပေမယ့်) သေသေချာချာ ကြိုတင် ပြင်ဆင်ထားခြင်းမရှိပဲ အစိုးရအဖွဲ့ကို နေ့ချင်းညချင်း ဖွဲ့.. တိုင်းပြည်တာဝန်ကို ချက်ချင်း လွှဲပြောင်းထမ်းဆောင် ဆိုတဲ့ အခါမျိုးမှာ ချွတ်ချော်တိမ်းစောင်းမှုတွေ အများကြီး ကြုံရတော့တာပါပဲ..။ ပြောင်း…. ပြောင်း… ဆိုလို့သာ ပြောင်းလိုက်ရတယ်..။ ပြောင်းလဲ တာဝန်ယူသူအများစုက နိုင်ငံတကာ နဲ့ ဘယ်လိုဆက်ဆံ ရမယ် ဆိုတာထက် လက်ရှိအစိုးရကို ဘယ်လိုတော်လှန်ရမယ် ဆိုတာ ကို တစိုက်မတ်မတ် အာရုံစိုက်လာသူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်..။ ကဲ.. အခုတော့ ကိုယ်အစိုးရဖြစ်ပြီလေ..။ နိုင်ငံတကာ နဲ့ ဆက်ဆံရပြီ..။ မူဝါဒတွေ ပြောင်းလဲ ကြရပြီ..။ သံခင်းတမန်ခင်းတွေ သုံးကြရပြီ..။ အကူအညီတွေ လိုလာကြပြီ..။

    ရောက်လာပါတယ်.. ကူညီမယ့်သူတွေ ..။ ဒါပေမယ့် ကူညီသူတချို့ရဲ့ လက်ထဲမှာ ထိုးဝါးတွေနဲ့..။ တချို့ကတော့ တကယ် ကူညီကြမှာ..။ ဒါပေမယ့် ကိုယ့်ဖက်က ခံယူချက်တွေက မပြောင်းနိုင် မပြင်နိုင်သေးဘူး..။ သူများပြောတာ နားထောင်ဖို့ သင်ယူဖို့ လက်ခံဖို့ အသင့်မဖြစ်သေးဘူး..။ ခေါင်းမာတဲ့ အကျင့်ကစွဲနေတာ ကြာပြီလေ..။ ဒါကလဲ အပြစ်တော့ မဆိုသာပေဘူး.. အာဆီယံ အဖွဲ့ဝင်ဖြစ်တာပဲ နှစ်ပေါင်း နှစ်ဆယ်ပြည့်တော့မယ်.. One vision, One identity, One community အစား “ပြည်ပအားကိုး ပုဆိန်ရိုး” က စွဲနေတုန်း.. ။

    အကူအညီတော့ တောင်းတတ်ခဲ့ပါတယ်..။ တောင်းတာမှ တော်တော်ကို တောင်းတတ်တာ..။ “ဘာရမလဲ”.. ဆိုတာပဲ တောင်းတတ်ခဲ့ပြီး “ဘာပြန်ပေးရမလဲ” ဆိုတာကို မေးဖို့ မေ့ထားခဲ့ကြတယ်.. အဲဒီလိုနဲ့ပဲ အချိန်တွေ ကြာလာခဲ့ပြီး ဖွံ့ဖြိုးတဲ့ ဆီ တိုးတက်တဲ့ ဆီ မရောက်တော့ပဲ.. တစ်ကိုယ်ချင်းသာ ချမ်းသာလာခဲ့ကြတာ အများအမြင်ပါပဲ..။

    ကောင်းပါပြီ Solution ကို စဉ်းစားကြည့်ရအောင်..။ ဒီနေ့ “ကြပ်” နေပါတယ်လို့ အသံမြည်နေသူတွေ ဟာ “ချမ်းသာ” သူတွေ ချည်းပဲဖြစ်တယ် ဆိုတာ တွေ့ရပါမယ်..။ ဒါကလဲ အမှန်ပါပဲ..။ သူတို့ရဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ထပ်တိုးမလာချင်နေ မလျော့စေချင်တာက လူ့သဘာဝပါ..။ အခုအချိန်မှာ ကိုယ့်လက်ထဲ ရှိပြီးသားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဖို့ပဲ စဉ်းစားမိကြမှာပါ..။ “ဆုပ်မိ..မလွှတ်နဲ့” လို့ ဆုံးမစကားက ရှိထားနှင့်သကိုး..။ ဒီထက်ပိုကြာလာရင် လှောင်ကန်ထဲက ရေလို မစီးဆင်းနိုင်တော့ပဲ အခက်တွေ့နိုင်ပါတယ်..။ ရေဆိုတာ စီးနေမှ သန့်တာပါ..။ လှောင်ကန်ထဲက ရေကို ရေသန့်စက်နဲ့ သန့်အောင် လုပ်လို့ရနိုင်ပါတယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် စီးမျောရတဲ့ အထိ အသိ ကို မရနိုင်ပါဘူး..။

    အာဖရိက က ဇင်ဘာဘွေ နိုင်ငံဟာ စိန်အကောင်းစားတွေ အများကြီးထွက် တဲ့ နိုင်ငံပါ.. ဒါပေမယ့် သူ့မှာ ငွေကြေး အမြဲတန်း “ကြပ်” နေပါတယ်..။ “ကြပ်” လေလေ ငွေစက္ကူတွေ ရိုက်ထုတ်လေလေ လုပ်ရင်းနဲ့ သူ့ငွေ တန်ဖိုးက နိမ့်သထက်နိမ့်လာပြီး နောက်ဆုံးမှာ ထရီလီယံဒေါ်လာ (သန်းပေါင်းသောင်းချီ) ပိုက်ဆံတွေအထိ ရိုက်ထုတ် လာရပါတယ်..။ အခြေခံစားကုန်တွေကို မီလီယံဒေါ်လာကနေ ဘီလီယံဒေါ်လာအထိ ပေးပြီး ဝယ်ရပါတယ်..။ သူ့ရဲ့ ဒေါ်လာတစ်သန်းဟာ အမေရိကန် တစ်ဒေါ်လာနဲ့ ညီပါတော့တယ်..။

    ဒါဟာ နိုင်ငံတကာနဲ့ မဆက်ဆံ.. ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံတဲ့ Stereotype ဖြစ်စဉ်ကြောင့်ပါ..။ ကိုယ်ကလွဲပြီး သူများကို မယုံတာ အထိအောင်က ကိစ္စမရှိသေးပါဘူး..။ ကိုယ်သာအသိဆုံး ကိုယ်သာ အတတ်ဆုံး ဆိုပြီး တလွဲဆံပင် ကောင်းနေတာကျတော့ ကိစ္စ ရှိလာပါပြီ..။ နောက်ဆုံးတော့ ကိုယ်ပဲ ထီးထီးကျန်ခဲ့တာပါ…။

    ဒါကြောင့် ဒီနေ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို မြန်မြန်ထက်ထက် တိုးမြှင့်ဖို့ လိုပါတယ်..။ တကမ္ဘာလုံးရဲ့ စီးပွားရေး အခြေအနေဟာ အနုတ်လက္ခဏာ အသွင်ဆောင်နေပါတယ်..။ ဘယ်သူကမှ ကိုယ့်တစ်ယောက်ထဲကို ကူညီနိုင်မှာ မဟုတ်ပါဘူး..။ ဒါကြောင့် ကိုယ့်ကို ကူညီနိုင်မယ့် လူ..ပညာ..ပစ္စည်း .. အရင်းအနှီး.. နည်းပညာ.. စိတ်ဓါတ် စတာတွေ အားလုံးကို ရှာဖွေချဉ်းကပ် လက်ခံရမှာပါ..။ ကမ္ဘာပေါ်မှာ ကိုယ့်တစ်နိုင်ငံတည်း.. ကိုယ့်လူမျိုးတစ်မျိုးတည်း ရှိနေတာမဟုတ်ပါဘူး..။ အိမ်နီးချင်း ဘယ်သူမှ မရှိတဲ့ လွင်တီးခေါင် ကန္တာရမှာ နေသူများလဲ မဟုတ်ကြပါဘူး..။ အာဆီယံ ဆိုတဲ့ အသိုင်းအဝိုင်း ကြီး တစ်ခုထဲမှာ အများနဲ့ အတူနေထိုင်ကြတာပါ..။ အာဆီယံနဲ့ တနည်းတဖုံဆက်စပ်နေတဲ့ နိုင်ငံပေါင်း သုံးဆယ်ကျော် ရှိပါသေးတယ်..။ အဲဒါတွေကလဲ မိတ်ဆွေတွေပါပဲ..။ အဲဒီ မိတ်ဆွေ တွေကို ပိုပြီးရင်းနှီးလာအောင် ဆက်ဆံ ရမှာပါ..။ သူတို့နဲ့ ရင်းနှီးတဲ့ အတွက် ကိုယ့်အတွက် ခွန်အားဖြစ်စေမှာပါ..။

    “ဘယ်သူ့အခက်.. ဘယ်သူ့အချက်” ဆိုပြီး လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်နေရမယ့် အချိန်မဟုတ်တော့ပါဘူး..။ တစ်ဦးချင်း တစ်ယောက်ချင်းလဲ လုပ်လို့ ရနိုင်တာမျိုး မဟုတ်ပါဘူး.။ အစိုးရနဲ့ လူချမ်းသာတွေ ပူးပေါင်းရမယ်.. အားလုံးနဲ့ ရင်းရင်းနှီးနှီး ဖေါ်ဖေါ်ရွေရွေ ဆက်ဆံပြီး ကိုယ့်အခက်အခဲကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြ အကူအညီတောင်းတာဟာ solution ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။

    ချစ်ခင်စွာဖြင့်
    ကောင်းလွန်း (၁၇.၁၂.၂၀၁၆)

    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။

  • နိုင်ငံခြားဘဏ်သစ် ၄ ခုကို မြန်မာက ထပ်မံလုပ်ကိုင်ခွင့်ပြု

    နိုင်ငံခြားဘဏ်သစ် ၄ ခုကို မြန်မာက ထပ်မံလုပ်ကိုင်ခွင့်ပြု

    မတ် ၈၊ ၂၀၁၆
    M-Media

    yangon

    – မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် နိုင်ငံခြား ဘဏ်သစ် ၄ ခုကို မြန်မာအစိုးရက ကနဦးခွင့်ပြုချက် ပေးလိုက်ပြီဟု သိရသည်။

    အဆိုပါဘဏ်များမှာ ဗီယက်နမ်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ထိုင်ဝမ်မှ E.Sun ကုန်သွယ်ရေးဘဏ်၊ တောင်ကိုရီးယားမှ Shinhan ဘဏ်နှင့် အိန္ဒိယအစိုးရဘဏ်တို့ ဖြစ်ကြသည်ဟု ဗဟိုဘဏ်၏ ပြောကြားမှုကို ကိုးကား၍ Global News Light of Myanmar က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံခြားဘဏ် ၁၃ ခုကို ဖွင့်လှစ်ခွင့်ပေးထားပြီး အချို့သာ ဖွင့်လှစ်နိုင်သေးကာ အများစုမှာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုညီမှုရှိစေရန် ဆောင်ရွက်နေသည့် အနေအထားတွင် ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ဧပြီလက ဂျပန်နိုင်ငံမှ Tokyo-Mitsubishi UFJ (BTMU) မှာ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားဘဏ် ဖြစ်လာခဲ့ပြီး အခြား လုပ်ကိုင်ခွင့်ရသူများတွင် ဂျပန်မှ SMBC ဘဏ်၊ စင်ကာပူမှ OCBC ဘဏ်တို့ ပါဝင်သည်။

    Ref: Channelnewsasia

  • ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်

    11295802_10206829143111974_509535722301994523_n

    လာမည့် ဇွန်လ ၁ရက်နေ့မှစ၍ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

    ကောက်ခံမည့် အခွန်ရာခိုင်နှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ပါက သက်ဆိုင်ရာနှုန်းထား အလျောက် ကောက်ယူသွားမည် ဖြစ်သည်။

    အဆိုပါ ကောက်ခံမှုနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ဝေဖန်မှုအချို့ရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သော ပြည်ထောင်စု အခွန် ဥပဒေအရ သတ်မှတ်ကောက်ခံခြင်းလည်း ဖြစ်သည်။

    ၁၀၀၀ဖိုး ဖုန်းငွေဖြည့်ပါ ၄၈ကျပ်၊ ၃၀၀၀ ဆိုလျှင် ၁၄၃ကျပ်၊ ၅၀၀၀ ကျပ်ဆိုလျှင် ၂၃၈ ကျပ်၊ ၁၀၀၀၀ကျပ် အတွက် ၄၇၆ကျပ်၊ ၂၀၀၀၀ဖိုးငွေဖြည့်ပါက ၉၅၂ ကျပ် အသီးသီး ဖုန်းငွေဖြည့်သူထံမှ ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်သည်။

    အခွန်ငွေကောက်ခံမှုတွင် လက်ရှိ အော်ပရေတာများဖြစ်သည့် MPT၊ MECTEL၊ Ooredoo၊ Telenor သုံးစွဲသူများထံမှ ကောက်ခံမှုပြုမည်ဖြစ်ရာ သက်ဆိုင်ရာ အော်ပရေတာများမှ သုံးစွဲသူများထံ မက်ဆေစ့်များ ပေးပို့လျက်ရှိသည်။

    လက်ရှိအချိန်တွင် မြန်မာပြည်တွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှု တစစ မြင့်မားလျက်ရှိရာ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ၅၅.၈ရာခိုင်နှုန်းသည် မိုဘိုင်း အင်တာနက်ကို နေ့စဉ် ပျမ်းမျှ တစ်နာရီမှ နှစ်နာရီအတွင်း သုံးစွဲလျက်ရှိကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူတို့၏ အလေ့အထ စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ဖုန်းပြောဆိုခများ အနေဖြင့် အော်ရီဒူးမှ တစ်မိနစ်လျှင် ၂၀ကျပ်ဖြင့် အနည်းဆုံးကောက်ခံနေပြီး တယ်လီနော်မှ ၂၅ကျပ်၊ MPT ဆွေသဟာသည် ၃၅ကျပ် နှင့် သာမန် MPT ဖုန်းများသည် တစ်မိနစ်လျှင် ၅၀ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှစ၍ နိုင်ငံတကာ အော်ပရေတာ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနော် ပြည်တွင်း အော်ပရေတာဖြစ်သည့် အမ်ပီတီနှင့် ၎င်း၏လက်ခွဲ MECTEL တို့မှ ဆက်သွယ်ရေးနှင့် မိုဘိုင်းဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လာမည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းအော်ပရေတာ အသစ်တစ်ခုဖြစ်သည့် ရတနာပုံ တယ်လီပိုတ်မှလည်း ဆက်သွယ်ရေးနှင့်မိုဘိုင်းဝန်ဆောင်မှုများ ပေးရန် လျာထားကြောင်းသိရသည်။

    ၂၀၀၈ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၈၉တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည် ဟုဖော်ပြထားပြီး ကုန်သွယ်လုပ်ငန်းခွန်သည် ပုဒ်မ ၉၆ကိုရည်ညွှန်းသော အခြေခံဥပဒေ ဇယား၁ ဘဏ္ဍာရေးနှင့် စီမံကိန်း ကဏ္ဍတွင် ပါဝင်သည်။

  • ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ

    ရခိုင်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် တစ်ခု နိုင်ငံခြား ကုမ္ပဏီများ လုပ်ပိုင်ခွင့်ရ

    မေ ၄၊ ၂၀၁၅
    M-Media

    my

    – ရခိုင်ကမ်းရိုးတန်းရှိ ကမ်းလွန် ရေနံနှင့် သဘာဓာတ်ငွေ လုပ်ကွက်တစ်ခုကို နိုင်ငံတကာ ရေနံကုမ္ပဏီများဖြစ်သော Statoil ကုမ္ပဏီနှင့် နှင့် ConocoPhillips ကုမ္ပဏီတို့အား မြန်မာအစိုးရက လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်ဟု နိုင်ငံပိုင်ကြေးမုံသတင်းစာက ဖော်ပြခဲ့သည်။

    အဆိုကုမ္ပဏီ၏ လက်ခွဲဖြစ်ပြီး စင်ကာပူတွင် မှတ်ပုံတင်ထားသော Statoil Myanmar Private Ltd နှင့် ConocoPhillips Myanmar E&P Ptd ကုမ္ပဏီများမှာ ရေနက်လုပ်ကွက် AD 10 တွင် ကန်ဒေါ်လာ ၃၂၃ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    လုပ်ပိုင်ခွင့်ကာလမှာ ၈ နှစ်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဦးစွာ လေ့လာရမည်ဟု သတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းအတွက် ရေနက်လုပ်ကွက် ၁၀ ခုနှင့် ရေတိမ်လုပ်ကွက် ၁၀ ခုကို Royal Dutch Shell ကုမ္ပဏီ၊ Total ကုမ္ပဏီတို့နှင့် အခြား ကုမ္ပဏီ ၂ ခုကို ပေးအပ်ခဲ့သည်။

    ပြီးခဲ့သည့် မတ်လက ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၈ ဘီလီယံရှိခဲ့ပြီး ခန့်မှန်ထားသည့် ပမာဏထက် ၂ ဘီလီယံ ပိုခဲ့သည်။ ထိုအထဲမှ ၃၅ ရာခိုင်နှုန်းမှာ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟု မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    Ref: Reuters