News @ M-Media

Tag: Egypt

  • ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    – သောကြာနေ့က ကော့ပတစ်ခရစ်ယာန်တွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို အီဂျစ် ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက် ရှာဖွေနှိမ်နှင်းနေပြီး အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ခရစ်ယာန် ၇ ဦး သေဆုံးခဲ့တဲ့ မင်ယာပြည်နယ်က အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ကြေငြာထားတာပါ။

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ဒီအုပ်စုကို လိုက်လံနှိမ်နှင်းရာမှာ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁၉ ဦးသေဆုံးခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခရစ်ယာန်တွေရဲ့ ဈာပနအခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး အီဂျစ်ပြည်သူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

    အီဂျစ်နိုင်ငံရဲ့ သန်း ၉၀ သော လူဦးရေမျာ ကော့ပတစ်နဲ့ အောသို့ဒေါ့စ် ခရစ်ယာန်အသင်းဝင်တွေဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိနေပြီး အရှေ့အလယ်ပိုင်းရဲ့ ခရစ်ယာန်လူဦးရေ အများဆုံးလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    တာလီဘန်၏ ခေါင်းကိုင်ဖခင် မာင်လာနာ ဆာမီအွလ်ဟက် (လယ်)

    ကမ္ဘာက ဂရုဏာသက်ခဲ့သည့် ယီမင်ကလေးငယ် အဟာရချို့တဲ့မှုကြောင့် ကွယ်လွန်
    ==============
    ယီမင်နိုင်ငံရဲ့ အငတ်ဘေးဆိုက်ရောက်မှုကို ကမ္ဘာကြီးက သတိပြုမိလာစေတဲ့ဓာတ်ပုံမှာ ပါဝင်တဲ့ အရိုးအပြိုင်းအပြိုင်း ကလေးငယ်ဟာ ဒုက္ခသည်စခန်းမှာ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ် အေမလ်ဟူစိန်ဖြစ်ပြီး ယီမင်နိုင်ငံက အဟာရချို့တဲ့နေတဲ့ သိန်းချီတဲ့ ကလေးငယ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးယောက်တိုင်းမ်စ် သတင်းစာက ဟူစိန်ရဲ့ဓာတ်ပုံနဲ့ ယီမင်က လူသားချင်းစာနာထောက်ထားမှု ပြဿနာကို သတင်းတင်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဟူစိန်နဲ့ ယီမင်ကလေးငယ်တွေအပေါ် ဂရုဏာသက်ခဲ့ကြပါတယ်။ ဟူစိန်လေးဟာ အဟာရချို့တဲ့မှုကြောင့် သေဆုံးသွားရတာ ဖြစ်ပါတယ်။

    အာဖဂန်တာလီဘန်အဖွဲ့၏ ခေါင်းကိုင်ဖခင် အသတ်ခံရ
    ===================
    အာဖဂန်နစ္စတန်က စစ်သွေးကြွအဖွဲ့ တာလီဘန်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်လို့ လူသိများတဲ့ အသက် ၈၀ အရွယ် မောင်လာနာ ဆာမီအွလ်ဟက်ဟာ သောကြာနေ့က သူ့ရဲ့ အိပ်ယာပေါ်မှာ အသတ်ခံလိုက်ရတယ်လို့ မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။ ဟက်ကို တာလီဘန်ရဲ့ ‘ခေါင်းကိုင်ဖခင်’ လို့လူသိများပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်တဲ့ ဆိုဗီယက်တပ်တွေကို တိုက်ထုတ်ဖို့ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းရာမှာ သူ့ရဲ့ အတွေးအခေါ်က အဓိကကျခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီတပ်ဖွဲ့တွေဟာ တာလီဘန်အဖွဲ့ ဖြစ်လာပါတယ်။ ဟက်ဟာ တာလီဘန်ခေါင်းဆောင်တော်တော်များများကို သူ့ရဲ့အတွေးအခေါ် ရိုက်သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံက နိုင်ငံခြားတပ်တွေနဲ့ အာဖဂန်အစိုးရတို့ကို တိုက်ခိုက်ဖို့အတွက် တာလီဘန်ကို ဟက်က လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။

    အီဂျစ်တွင် IS အကြမ်းဖက်အဖွဲ့က ခရစ်ယာန်များစီးလာသည့်ကားကို တိုက်ခိုက်
    ==================
    အီဂျစ်နိုင်ငံမြောက်ပိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုဆီ သွားနေတဲ့ ဘတ်စ်ကားတစ်စီး မနေ့မှာ တိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၂ ဦးလောက်ရှိနေပြီး သေဆုံးသူအရေအတွက်လည်း တိုးလာဖွယ်ရှိနေပါတယ်။ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကို အရင်ကထက် ပိုမိုအားထည့်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မေလကလည်း ကော့ပတစ်ခရစ်ယာန်တွေကို တင်ဆောင်လာတဲ့ ဘစ်ကားတစ်စီးကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပါတယ်။

    ဂျာနယ်လစ်ကာရှိုဂျီအသတ်ခံရမှု ဆော်ဒီအစိုးရလက်ချက်ဟု တူရကီသမ္မတပြော
    ==================
    ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲ အသတ်ခံရမှုဟာ ဆော်ဒီအစိုးရရဲ့လက်ချက် ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ၀ါရှင်တန်ပို့စ်သတင်းစာကိုပေးပို့တဲ့ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ ဒါဟာ ကာရှိုဂျီကိစ္စအတွက် ဆော်ဒီအစိုးရကို အာဒိုဂန်ရဲ့ ပထမဆုံး အပြစ်တင်မှုလည်း ဖြစ်ပါတယ်။ ကာရှိုဂျီအသတ်ခံရမှုကိစ္စကို ဆော်ဒီက ပထမပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရုံးထဲဝင်ဝင်ချင်း လည်ပင်းညှစ်သတ်ခံလိုက်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေက ဆော်ဒီကလာတဲ့ ကြေးစားအဖွဲ့ဟာ ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းလုပ်ကာ အက်စစ်နဲ့ဖျော ဖျောက်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ အာဒိုဂန်က ဒီသတ်ဖြတ်မှုမှာ ဆော်ဒီဘုရင် ဆလ်မန် မပါဘူးလို့ ယုံကြည်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရက သိမ်းဆည်းခဲ့သည့် ဇိမ်ခံရွက်သင်္ဘော

    ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အစည်းအဝေး ကျင်းပ
    ===============
    အခုလနှောင်းပိုင်းမှာ ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ကိုရီးယားနှစ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေးဝန်ကြီးတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ အဆင့်မြင့်အစည်းအဝေးတစ်ခု စတင်ပြုလုပ်နေကြပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်ရွာ ပန်မွန်ဂျွန်းမှာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး အခုလနှောင်းပိုင်း ပြုံးယမ်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ အဲဒီကိစ္စကို အသေးစိတ် စီစဉ်ဖို့ ရှိနေပါတယ်။

    တိုင်းပြည်ဘဏ္ဍာကို အာဏာပိုင်များ အမြတ်ထုတ်သည့်အတွက် မလေးဘဏ္ဍာရေးဝန်ကြီး ၀မ်းနည်း
    =================
    ပြည်သူ့ငွေတွေကို ပြည်သူအတွက် အသုံးမပြုဘဲ အာဏာပိုင်တွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်လို့ မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင် 1MDB က ငွေတွေကို ၀န်ကြီးချုပ်ဟောင်းနာဂျစ်နဲ့ စီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုတို့က လှည့်ဖျားရယူကာ ၀ယ်ယူထားတယ်လို့ဆိုတဲ့ ရင်းဂစ် ၁ ဘီလီယံတန် ဇိမ်ခံရွက်လှေကို မလေးရှားက သိမ်းဆည်းပြီးတဲ့နောက် ၀န်ကြီးချုပ် မဟာသီဦးဆောင်တဲ့ အစိုးအဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ သွားရောက်ကြည့်ရှုခဲ့တာပါ။ လင်က ရွက်လှေပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးဟာ သာမန်လူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စစ်သွေးကြွများက ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲရန်ကြိုးစားမှုကို အီဂျစ် တားဆီး
    =================
    မြို့တော်ကိုင်ရိုအပြင်ဘက်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို မအောင်မြင်တဲ့ ဗုံးခွဲမှုနဲ့ ဆက်နွယ်နေသူ စစ်သွေးကြွ ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျော်ဒန် ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသမားတစ်ဦးဟာ ကိုင်ရိုင်မြို့မြောက်ဖက်က ခရစ်ယာန်ဘုရားကျောင်းကို ဖောက်ခွဲဖို့ ကြိုးစားမှုအတွင်း ဘုရားကျောင်းကို လုံခြုံရေးပေးထားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဟန့်တားဖမ်းဆီးမှုကြောင့် ဘုရားကျောင်းအပြင်ဘက်မှာသာ ပေါက်ကွဲခဲ့ပြီး သူကလွဲလို့ တစ်ခြားသူတွေ သေဆုံး၊ ဒဏ်ရာရခြင်း မရှိပါဘူး။ အီဂျစ်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေကို အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

    အာဖဂန်တွင် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာ
    ============
    စစ်မီးမငြိမ်းနိုင်တဲ့ အာဖဂန်နစ္စတန်မှာ မိုးခေါင်မှုပါ ဖြစ်လာတာကြောင့် နောက်နှစ်မှာ နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာ ဖူလှုံရေးအတွက် စိုးရိမ်စရာကောင်းနေတယ်လို့ အကူအညီပေးရေးအဖွဲ့ USAID က ပြောပါတယ်။ အခုနှစ်အတွင်း ဂျုံနဲ့ အခြားသီနှံတွေ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ပြီး လူ ၂ သန်းလောက်ဟာ နောက်ထပ် ၆ လလောက်အတွင်းမှာ အကူအညီတွေ အလျင်အမြန် လိုအပ်လာဖွယ် ရှိနေပါတယ်။ USAID က တော့ အာဖဂန်အစိုးရ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေအနေနဲ့ အာဖဂန်ပြည်သူတွေကို အကူအညီ တိုးမြှင့်ပေးအပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, CNA, Arab News

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၉၊ ၂၀၁၈
    M-Media

    ယနေ့မနက် အင်ဒိုနီးရှားငလျင် အနည်းဆုံး လူ ၁၀ ဦးသေဆုံး
    ============
    အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက ပြင်းအား ၆.၄ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတာကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ လွမ်ဘွတ်မှာ အဆောက်အဦးတွေ အများအပြား ပြိုကျ ပျက်ဆီးခဲ့ပါတယ်။ ပျက်ဆီးဆုံးရှုံးမှုစာရင်းကို အတိအကျ မသိရသေးဘဲ အာဏာပိုင်တွေက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။ နောက်ပိုင်းမှာ ပြင်းအား ၅.၄ ရှိတဲ့ နောက်ဆက်တွဲ ငလျင်တစ်ခုလည်း လှုပ်ခတ်သွားပါတယ်။

    အိန္ဒိယတွင် ပျော်ပွဲစားထွက်သည့် ဘတ်စ်ကား ချောက်ထဲထိုးကျ
    ================
    အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့တဲ့အတွက် တက္ကသိုလ်က ဆရာ၊ ဆရာမတွေအပါအ၀င် လူပေါင်း ၃၃ ဦး သေဆုံးခဲ့ပါတယ်။ တောင်ပေါ် အပန်းဖြေစခန်းကို ပျော်ပွဲစားထွက်လာတဲ့ အဲဒီကားပေါ်မှာ လူပေါင်း ၃၄ ဦး လိုက်ပါလာခဲ့ပြီး တစ်ဦးသာ အံ့ဖွယ် အသက်ရှင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယာဉ်မတော်တဆမှု အများအပြားဖြစ်ပွားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး တစ်နှစ်ကို လူပေါင်း ၁ သိန်း ၁ သောင်းလောက် ယာ
    ဉ်မတော်တဆမှုကြောင့် သေဆုံးနေရပါတယ်။

    ရပ်ဆိုင်းထားသည့်အကူအညီများ အီဂျစ်ကို အမေရိကန် ပြန်ပေးမည်
    ================
    လူ့အခွင့်အရေး စိုးရိမ်ရမှုတွေကြောင့် ရပ်ဆိုင်းထားတဲ့ အကူအညီ ကန်ဒေါ်လာ ၁၉၅ သန်းကို အီဂျစ်ထံ ပြန်လည်ပေးအပ်သွားမယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အီဂျစ်ဟာ ပြီးခဲ့တဲ့နှစ်က NGO တွေအပေါ် ကန့်သတ်တဲ့ ဥပဒေ ပြဌာန်းမှုကြောင့် အမေရိကန်က သူတို့ နှစ်စဉ်ပေးနေကြ အကူအညီအထဲက ၁၉၅ သန်းကို ရပ်ဆိုင်းခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ အမေရိကန်ရဲ့ မနေ့ကကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    ကမ္ဘောဒီးယား တစ်ဖက်သက်ရွေးကောက်ပွဲ ယနေ့တွင်စတင်
    =================
    ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် ဒီကနေ့မနက်မှာ စတင်မဲပေးခဲ့ကြပြီး လေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲဟာ လတ်တလောသမိုင်းမှာ တစ်ဖက်သက်အဆန်ဆုံး ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ၀န်ကြီးချုပ် ဟန်ဆန်ရဲ့ အာဏာရ CCP ပါတီဟာ သူတို့ကို စိန်ခေါ်နိုင်မယ့် CNRP ပါတီကို စနစ်တကျ နှိပ်ကွပ်ခဲ့ပြီး၊ ပြည်သူတွေကိုလည်း မသမာတဲ့နည်းတွေနဲ့ မဲဆွယ်ခဲ့ကြပါတယ်။ CNRP ပါတီခေါင်းဆောင် ကမ်ဆိုခါဟာ လက်ရှိမှာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။

    Ref: CNA, Aljazeera

  • မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ

    မံမီပြုလုပ်နည်းကို ဖော်ထုတ်နိုင်မည့် ရှေးဟောင်းနေရာတစ်ခု အီဂျစ်တွင် တွေ့ရှိ

    ဇူလိုင် ၁၅၊ ၂၀၁၈
    M-Media

    – အီဂျစ်က ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရှေးဟောင်း ဂူသင်္ချီုင်းတစ်ခုနဲ့ အလုပ်ခန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒီကပစ္စည်းတွေကို လေ့လာမှုကနေတစ်ဆင့် မံမီရုပ်ပြုလုပ်မှုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

    မြို့တော် ကိုင်ရိုတောင်ဘက် ပိရမစ်ကြီးတွေရှိရာ နေရာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိမယ့် ဂူသင်္ချီုင်းထဲမှာ မံမီရုပ်တွေ အပါအ၀င် မံမီရုပ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ မျက်နှာဖုံးတွေ၊ အဆီတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။

    ပညာရှင်တွေကတော့ ဒါဟာ အရေးပါတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ကျောက်ဆစ်ရုပ်ထုငယ်လေးတွေ၊ ခရား၊ မြေအိုးတွေကိုလည်း ဂူရဲ့အခန်းတွေထဲမှာ တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ မံမီရုပ်လုပ်ရာမှာ အသုံးပြုတာတွေ ဖြစ်ပါတယ်။

    “မြေအိုးတွေကို အစုလိုက် တွေ့ရှိရမှုက ဒီဆီတွေထဲမှာ ဓာတုဗေဒအရ ဘာတွေပါဝင်နေလဲဆိုတာကို အတိအကျသိရဖို့ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှု လုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ဂူသင်္ချီုင်းများ ဖော်ထုတ်ရေး စီမံကိန်းအကြီးအကဲ ရာမဒန် ဘဒ်ရီ ဟူစိန်က ပြောကြားခဲ့ပါတယ်။

    မံမီရုပ်လုပ်တဲ့ အလုပ်ခန်းဟာ အခုအချိန်အထိ တွေ့ရှိရသမျှထဲမှာ အကြီးဆုံးနဲ့ တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး မံမီရုပ်တွေကို ဘယ်လိုလုပ်ဆောင်လဲဆိုတာ သိဖို့အတွက် အချိန်တစ်ခု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    သေဆုံးသူတွေကို မံမီရုပ်တွေအဖြစ် အသွင်ပြောင်းရာမှာ ရှေးဟောင်းအီဂျစ်တွေ အသုံးပြုတဲ့ ဆီတွေရဲ့ ဓာတုဗေဒဆိုင်ရာ ပါဝင်မှုတွေကို လေ့လာဖို့ အခုတွေ့ရှိတဲ့ အလုပ်ခန်းက အထောက်အကူ ဖြစ်စေမယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။

    Ref: Press TV