News @ M-Media

Tag: Egypt

  • ဧရာမ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု အီဂျစ်တွင် ဖွင့်လှစ်

    ဧရာမ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု အီဂျစ်တွင် ဖွင့်လှစ်

    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media

    အသစ်ဖွင့်လှစ်လိုက်သည့် Cathedral of the Nativity ဘုရားကျောင်း

    – အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အကြီးဆုံးဖြစ်လာမယ့် ခရစ်ယာန်ဘုရားကျောင်းကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက မနေ့မှာ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံရဲ့ သမိုင်းတွင်မယ့်နေ့ရက်လို့လည်း ပြောကြားလိုက်ပါတယ်။

    Cathedral of the Nativity လို့ အမည်ပေးထားတဲ့ အဲဒီ ကော့ပတစ် ခရစ်ယာန်ရားကျောင်းဟာ အီဂျစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်သစ်မှာ တည်ဆောက်ထားတာဖြစ်ပြီး အီဂျစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကော့ပတစ်ခရစ်ယာန် ဘာသာဝင်ရဲ့ ထည့်ဝင်ငွေလည်း ပါဝင်ပါတယ်။

    မနေ့က ကျရောက်တဲ့ ကော့ပတစ်ခရစ်ယာန်တွေရဲ့ ခရစ်စ္စမတ်နေ့ ၀တ်ပြုဆုတောင်းမှုကို အဲဒီဘုရားကျောင်းမှာ ပထမဆုံး ကျင်းပခဲ့ပြီး သမ္မတ အလ်-စီစီ တက်ရောက်ကာ ဘုရားကျောင်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    “ဒီအခမ်းအနားဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းမှာ အရေးပါတဲ့ကာလတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်သွေးတစ်သားတည်းဖြစ်ပြီး အမြဲတမ်းလည်း ဒီအတိုင်းဖြစ်နေမှာပါ” လို့ အလ်-စီစီက နိုင်ငံအတွင်းမှာရှိနေတဲ့ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ရည်ညွှန်းပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီဂျစ်နိုင်ငံရဲ့ သန်း ၁၀၀ နီးပါးသော လူဦးရေမှာ ခရစ်ယာန်ဘာသာဝင်ဦးရေဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး ကော့ပတစ် ခရစ်ယာန်အသင်းတော်က အကြီးဆုံး ဖြစ်ပါတယ်။

    ကော့ပတစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး တာဝါဒရော့စ် ၂ က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီကနေ့မှာ ဘုရားသခင်ရဲ့ ကတိတော် ပြည့်မြောက်တာကို ကျွန်တော်တို့ တွေ့မြင်ရပါပြီ။ ဒီလို ကြီးကျယ်တဲ့ အခမ်းအနားကို ကျွန်တော်တို့က သက်သေခံနေပါတယ်”

    ဘုရားကျောင်းတည်ရှိရာ ခြံဝန်းဟာ ၆၃၀၀၀ စကွဲယားမီတာရှိပြီး ပန်းခြံ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး သီတင်းသုံးရာ အဆောက်အဦး၊ ဧည့်ဆောင်၊ အစည်းအဝေးခန်းနဲ့ ရုံးခန်းတွေလည်း ပါဝင်မှာဖြစ်ကာ တစ်ကြိမ်ကို လူပေါင်း ၉၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်အတွင်း ကော့ပတစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ မီးပြတိုက်နှစ်ခုလည်း ပါဝင်ပြီး မီးပြတိုက်တွေရဲ့ ထိပ်ဆုံးမှာ ခေါင်းလောင်းတွေကိုလည်း တပ်ဆင်ထားပါတယ်။

    ဘုရားကျောင်းဖွင့်ပွဲအခမ်းအနားကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက နိုင်ငံတွေနဲ့ မွတ်စလင်အဖွဲ့အစည်း၊ အာရပ်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

    သမ္မတ အလ်-စီစီဟာ မြို့တော်သစ်က al-Fattah al-Aleem ဗလီဝတ်ကျောင်းတော်ကိုလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အီဂျစ်က ထိပ်တန်း အစ္စလာမ့် ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ်က ရှေ့ဆောင်အီမာမ်ကြီးက ခရစ်ယာန်၊ ဂျူးတွေ အပါအ၀င် ဘယ်သူတွေရဲ့ ၀တ်ပြုရာနေရာကိုမဆို စောင့်ရှောက် ကာကွယ်ပေးဖို့ အစ္စလာမ်သာသနာက ဘာသာဝင်တွေကို တာဝန်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    Cathedral of the Nativity ဘုရားကျောင်းနဲ့ al-Fattah al-Aleem ဗလီဝတ်ကျောင်းတော်တို့တည်ရှိတဲ့ အုပ်ချုပ်ရေးမြို့တော်သစ် ဆောက်လုပ်မယ့် စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ အီဂျစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • အရှေ့အလယ်ပိုင်း၏ အကြီးဆုံးခရစ်ယာန်ဘုရားကျောင်းသစ် အီဂျစ်တွင် ဖွင့်လှစ်တော့မည်

    အရှေ့အလယ်ပိုင်း၏ အကြီးဆုံးခရစ်ယာန်ဘုရားကျောင်းသစ် အီဂျစ်တွင် ဖွင့်လှစ်တော့မည်

    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media

    ဇန်န၀ါရီ ၇ ရက်နေ့တွင် ဖွင့်လှစ်မည့် ခရစ်ယာန်ဘုရားကျောင်းသစ် ကွန်ပျူတာဒီဇိုင်း

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ပိုင်းမှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးမြို့တော်သစ်က ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းသစ်တွေကို ဇန်န၀ါရီ ၇ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေပြီး အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ တက်ရောက်မှာ ဖြစ်ပါတယ်။

    Al-Fattah al-Alem Mosque ဗလီဝတ်ကျောင်းတော်နဲ့ Birth of Christ Cathedral ခရစ်ယာန်ဘုရားကျောင်းတို့ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတစ်ဝှမ်းက အစိုးရအကြီးအကဲတွေ တက်ရောက်ဖို့ ရှိနေပါတယ်။ Al-Fattah al-Alem ဗလီဟာ နိုင်ငံတော်ဗလီဝတ်ကျောင်းတော် ဖြစ်လာမှာ ဖြစ်ပါတယ်။

    Birth of Christ Cathedral ဘုရားကျောင်းသစ်ကို အီဂျစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကော့ပတစ်ခရစ်ယာန် ဘာသာဝင်တွေ ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်း ဖြစ်လာမှာပါ။

    ဘုရားကျောင်းတည်ရှိရာ ခြံဝန်းဟာ ၆၃၀၀၀ စကွဲယားမီတာရှိပြီး ပန်းခြံ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး သီတင်းသုံးရာ အဆောက်အဦး၊ ဧည့်ဆောင်၊ အစည်းအဝေးခန်းနဲ့ ရုံးခန်းတွေလည်း ပါဝင်မှာဖြစ်ကာ တစ်ကြိမ်ကို လူပေါင်း ၉၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်အတွင်း ကော့ပတစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ မီးပြတိုက်နှစ်ခုလည်း ပါဝင်ပြီး မီးပြတိုက်တွေရဲ့ ထိပ်ဆုံးမှာ ခေါင်းလောင်းတွေကိုလည်း တပ်ဆင်ထားပါတယ်။

    ဇန်ဝါရီ ၆ ရက်နေ့မှာကျရောက်မယ့် ကော့ပတစ်ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အခမ်းအနားကို အဲဒီဘုရားကျောင်းသစ်မှာ ကျင်းပသွားမယ်လို့ အီဂျစ် ကော့ပတစ်ခရစ်ယာန်အသင်တော်က ကြေငြာထားပါတယ်။

    လက်ရှိမှာ အမည်မပေးရသေးတဲ့ အုပ်ချုပ်ရေးမြို့တော်သစ် ဆောက်လုပ်မယ့်အစီအစဉ်ကို အီဂျစ်က ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ စကွဲယားကီလိုမီတာ ၇၀၀ ကျယ်ဝန်းမယ့် အဲဒီမြို့တော်မှာ အီဂျစ်အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ အပြင် လူနေအိမ်ယာတွေလည်း ပါဝင်မှာဖြစ်ကာ လူပေါင်း ၅ သန်းလောက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Egypt Independent

  • ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား ဗုံးခွဲသူများကို အီဂျစ်က ပြင်းပြင်းထန်ထန်နှိမ်နှင်း

    ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား ဗုံးခွဲသူများကို အီဂျစ်က ပြင်းပြင်းထန်ထန်နှိမ်နှင်း

    ဒီဇင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    – ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားကို တိုက်ခိုက်မှု ပြုလုပ်တဲ့အဖွဲ့ကို နှိမ်နှင်းမှုအတွင်း အနည်းဆုံး သေနတ်သမား ၄၀ လောက်ကို သုတ်သင်ခဲ့တယ်လို့ အီဂျစ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အီဂျစ်ရဲ့ နာမည်ကျော် ဂီဇာပိရမစ်နားမှာ သောကြာနေ့က လမ်းဘေးဗုံး ပေါက်ကွဲမှုအတွင်း ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီး ထိခိုက်ခဲ့ပြီး ဗီယက်နမ်ခရီးသွား ၃ ဦးနဲ့ အီဂျစ်နိုင်ငံသား စကားပြန်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဗီယက်နမ်ခရီးသွားတွေအပါအ၀င် လူ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူခြင်း မရှိသေးပါဘူး။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အီဂျစ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဂီဇာဒေသနဲ့ ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းတွေမှာ စီးနင်းမှုတွေ လုပ်ခဲ့တယ်လို့ အီဂျစ်နိုင်ငံပိုင်သတင်းဌာန MENA က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ဟာ လက်နက်ကိုင်အဖွဲ့ တော်တော်များများ ကျက်စားရာဒေသ ဖြစ်ပါတယ်။

    အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေအဓိက၀င်ရာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ သမ္မတဟောင်း ဟိုစနီမူဘာရက် ပြုတ်ကျသွားတဲ့ ၂၀၁၁ ခုနှစ် လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် သိသိသာသာ ထိခိုက်ခဲ့ပြီး မကြာခင်နှစ်ပိုင်းတွေကမှ ပုံမှန်ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – BBC က ရွေးချယ်တဲ့ တစ်နှစ်တာ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ မဒ်ဟီ ဘီနာတီယာ၊ ကာလီဒူ ကူလီဘလီ၊ ဆာဒီယိုမာနေးနဲ့ သောမတ်စ် ပါတေးတို့ကို ကျော်ဖြတ် ရရှိခဲ့တာဖြစ်ပြီး၊ ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

    “ဒီနှစ်မှာ ထပ်ရတဲ့အတွက် တော်တော်လေး ပျော်ရွှင်မိပါတယ်။ နောက်နှစ်လည်း ဒီလိုပဲ ဆက်ရချင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၄၄ ဂိုး သွင်းပေးခဲ့သလို၊ ၂၀၁၈ ခုနှစ်
    ကမ္ဘာဖလားမှာလည်း အီဂျစ်အသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

    “၂၀၁၈ ခုနှစ်မှ အချိန်ကောင်းတွေ တော်တော်များများ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရိုးမားနဲ့ ပထမအကျော့ပွဲဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဂိုးတွေသွင်းပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးနားရောက်အောင် အသင်းကို ကူညီပေးနိုင်ခဲ့တယ်။ တော်တော်လေးကို ပျော်ရွှင်စရာ ကောင်းပါတယ်” လို့ ဆာလာဟ်က ပြောပါတယ်။

    ၂၀၁၉ ခုနှစ်မှာတော့ အသင်းနဲ့အတူ ဆုတံဆိပ်တစ်ခုခုရချင်ပြီး အားလုံး စိတ်အားထက်သန်နေကြတယ်လို့လည်း ဆိုပါတယ်။ အခုနှစ် ဘီဘီစီရဲ့ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ရွေးချယ်မှုမှာ မဲပေးသူ ၆ သိန်း ၅ သောင်းလောက် ရရှိခဲ့ပြီး ဒီဆုအတွက် စံချိန်တင်အရေအတွက်လည်း ဖြစ်ပါတယ်။

    နိုက်ဂျီရီးယားကစားသမား ဂျေဂျေအိုကိုချာနောက်ပိုင်း ဆာလာဟ်ဟာ ဒီဆုကို ၂ ကြိမ်ဆက်ရတဲ့ ပထမဆုံး ကစားသမားလည်း  ဖြစ်ပါတယ်။

    Ref: BBC

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အစ္စရေးလက်ချက်ကြောင့် ဒဏ်ရာရသွားသည့် ပါလက်စတိုင်းတစ်ဦးကို ဆေးအဖွဲ့က သယ်ဆောင်လာစဉ်

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးလက်ချက်ကြောင့် ၂ ရက်အတွင်း လူ ၅ ဦး သေဆုံး
    =====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ မနေ့ကပြုလုပ်တဲ့ ကျူးကျော်မှု ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ရာမာလာက အစ္စရေးရဲ့ တရားမ၀င် ကျူးကျော်အိမ်ယာအနီးမှာ ပါလက်စတိုင်းတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် ကြာသာပတေးနေ့မှာ ရာမာလာကို အစ္စရေးက ပိတ်ဆို့ကာ စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ညနဲ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းတို့မှာလည်း အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်း ၄ ဦး သေဆုံးကာ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၀၀ လောက် အဖမ်းခံခဲ့ရပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာတည်ဆောက်မှုဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတွေက တားမြစ် ကန့်ကွက်ထားပေမယ့် အစ္စရေးက လိုက်နာခြင်း မရှိပါဘူး။ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

    ဆီးရီးယား ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့ရန် ကုလနှင့် အင်အားကြီးနိုင်ငံများ ဆွေးနွေးမည်
    ===================
    ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတာဖန် ဒီ မစ္စတူရာဟာ လာမယ့်တစ်ပတ်အစောပိုင်းမှာ အီရန်၊ ရုရှားနဲ့ တူရကီတို့က အဆင့်မြင့်အရာရှိတွေနဲ့ ဂျီနီဗာမှာ တွေ့ဆုံဖို့ရှိပြီး ဆီးရီးယားနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ် ပေါ်ထွက်လာဖို့ ဆွေးနွေးသွားမယ်လို့ မနေ့က ကုလကနေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ ကာဇက်စတန်မှာ ဆီးရီးယားက ပြည်တွင်းစစ်ဖြစ်နေတဲ့ နှစ်ဖက်အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးသူတွေ တွေ့ဆုံခဲ့ကြပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ပေါ်ထွက်လာဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ် ပြီးဆုံးနေရးအတွက် အခုနောက်ပိုင်း ဆွေးနွေးမှုတွေမှာ အီရန်၊ တူရကီနဲ့ ရုရှားတို့က အဓိကအခန်းကဏ္ဍတွေမှာ ပါဝင်လာပါတယ်။

    သီရိလင်္ကာတွင် ဖွဲ့စည်းပုံကိုကျော်လွန်၍ ၀န်ကြီးဖြစ်လာသည့် ရာဂျာပက်ဆာ ရာထူးမှ နှုတ်ထွက်မည်
    ===============
    သီရိလင်္ကာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ မာဟင်ဒါ ရာဂျာပက်ဆာက ဒီကနေ့မှာ ရာထူးကနေ ဆင်းတော့မယ်လို့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။ ရာဂျာပက်ဆာဟာ သမ္မတဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ အောက်တိုဘာလနှောင်းပိုင်းက ၀န်ကြီးချုပ် ရာနီးလ်ကို ထုတ်ပယ်ကာ ရာဂျာပက်ဆာကို ခန့်အပ်ခဲ့ပြီး ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရီဆီနာက လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ပါဘူး။ သီရိလင်္ကာမှာ အစိုးရစနစ် ရပ်ဆိုင်းခဲ့တာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး ရာဂျာပက်ဆာ နှုတ်ထွက်မှုက ဒီပြဿနာပြေလည်ဖို့အတွက် လမ်းစလည်း ဖြစ်ပါတယ်။

    ပိရစ်ကို မလေးမစားလုပ်မှုအတွက် လူ ၂ ဦးကို အီဂျစ်ဖမ်းဆီး
    =================
    ဒိန်းမတ် ဓာတ်ပုံဆရာတစ်ဦးက နာမည်ကျော် Giza ပိရမစ်အပေါ် တက်ရောက်မှု၊ အမျိုးသမီးတစ်ဦးကို အပေါ်ပိုင်းဗလာနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှုမှာ ဆက်နွယ်သူနှစ်ဦးကို အီဂျစ်အာဏာပိုင်တွေက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အီဂျစ်ပေါင် ၄၀၀၀ (၂၂၅ ဒေါ်လာ) ယူပြီး ပိရမစ်ကို ညဘက် လိုက်ပို့ပေးတဲ့ ကုလားအုပ်သမား၊ ဓာတ်ပုံဆရာနဲ့အဖွဲ့ကို ကုလားအုပ်သမားနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးတို့ ဖြစ်ပြီး သူတို့ကလည်း ဒီကိစ္စနဲ့ ဆက်နွယ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒီဗီဒီယိုဟာ အွန်လိုင်းစာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် အီဂျစ်ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ အီဂျစ်မှာ ပိရမစ်တွေပေါ် တက်တာကို တားမြစ်ထားပြီး၊ အရှက်ကင်းမဲ့တဲ့ပုံစံနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်တာကိုလည်း ပိတ်ပင်ထားပါတယ်။

    Ref: Aljazeera,Alarabiya, CNA