News @ M-Media
Tag: EPL 2015-16
  • မိမိမှာ ဖိုက်တာတစ်ယောက်ဖြစ်သည်ဟု မန်စီးတီး နောက်ခံလူသစ်ပြော
    မိမိမှာ ဖိုက်တာတစ်ယောက်ဖြစ်သည်ဟု မန်စီးတီး နောက်ခံလူသစ်ပြော
    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media
    ota
    – အသင်း၏ ပရိတ်သတ်များအနေဖြင့် မိမိအား ဖိုက်တာတစ်ယောက်အဖြစ် မျှော်လင့်ရမည်ဖြစ်ပြီး မိမိအနေဖြင့်လည်း အသင်းအတွက် အရာရာကို ပေးဆပ်သွားမည်ဟု မန်စီးတီးအသင်း၏ ကစားသမားသစ် အိုတာမန်ဒီက ပြောကြားလိုက်သည်။
    အာဂျင်တိုင်းခံစစ်မှူး နီကိုလက်စ် အိုတာမန်ဒီမှာ ဗလင်စီယာအသင်းမှ ယူရို ၄၅ သန်းဖြင့် ယမန်နေ့က ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးအသင်း ဖြည့်တင်းသည့် စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။
    “ကွင်းအတွင်းမှာတော့ ကျွန်တော်ဟာ ကိုယ်ရည်ကိုယ်သွေးများစွာနဲ့ ကစားသမားတစ်ဦးပါ။ အလယ်တန်းနဲ့ တိုက်စစ်မှူးတွေ ပူပင်သောကမရှိ တိုက်စစ်ဆင်နိုင်ဖို့ ကျွန်တော်ဟာ ခံစစ်လိုင်းကို စုစုစည်းစည်း ရှိစေချင်ပါတယ်။ အသင်းက ခံစစ်စီအစဉ်ကို ကျွန်တော် ဆက်လက်ထိန်းသိမ်းချင်ပါတယ်” ဟု မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ အိုတာမန်ဒီက ပြောကြားခဲ့ပြီး မိမိမှာ ဘောလုံးတိုင်းအတွက်
    တိုက်ပွဲဝင်သွားမည့် ဖိုက်တာတစ်ယောက်ဖြစ်သည်ဟုလည်း ဆိုသည်။
    သို့သော်လည်း ပထမနေရာရရန်အတွက် အသင်းရှိ အမာခံ ခံစစ်မှူးများဖြစ်သော ကွန်ပနီ၊ မန်ဂါလာ၊ ဒီမစ်ချယ်လီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အိုတာမန်ဒီကမူ ထိုသို့ယှဉ်ပြိုင်ရခြင်းမှာ ဘောလုံး၏ အလှတရားဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ကွန်ပနီဟာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံအလယ်လူတွေထဲက တစ်ဦးပါ။ ဒီမစ်ချယ်လီကလည်း ကြီးကျယ်တဲ့ကစားသမားမို့လို ဒီမှာ ရှိနေတာပါ။ မန်ဂါလာလည်း ဒီအတိုင်းပါပဲ။ ကမ္ဘာပေါ်က အသင်းတိုင်း လိုချင်ကြတဲ့ ကစားသမားတွေ ဒီမှာရှိပါတယ်။ ပွဲထွက် ၁၁ ယောက်မှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုမျိုး ရှိမှာပါ။ ဒါပေမယ့် အသင်းဖော်တွေနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခြင်းဆိုတာ ဘောလုံးရဲ့ အလှတရားပါပဲ”
    Ref: Goal
  • ဂိုးမသွင်းနိုင်မှုအတွက် ဝေဖန်သူများကို ရူနီတုံ့ပြန်
    ဂိုးမသွင်းနိုင်မှုအတွက် ဝေဖန်သူများကို ရူနီတုံ့ပြန်
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    mu
    – မန်ယူ၏ အဓိကတိုက်စစ်မှူးအဖြစ် ယခုနှစ်အတွင်း ကစားခဲ့သည့်ပွဲများတွင် မိမိ စွမ်းဆောင်ရည် မကောင်းခဲ့သည့်ပွဲမှာ တစ်ပွဲသာရှိသည်ဟု တိုက်စစ်မှူး ရူနီက ဝေဖန်သူများကို ပြန်လည်တုန့်ပြန်လိုက်ပြီး ဂိုးများသွင်းခြင်းဖြင့် ၎င်းတို့၏ ဝေဖန်မှုကို အဆုံးသတ်စေမည်ဟု ပြောကြားလိုက်သည်။
    တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း ရူနီမှာ မန်ယူတိုက်စစ်တွင် အဓိကတိုက်စစ်မှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ဂိုးစည်း၌ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့သည့် ရူနီမှာ ယခုရာသီ စပါး၊ အက်စတွန်ဗီလာ၊ ကလပ်ဘရုဂျက်အသင်းတို့နှင့် ကစားသည့် ပွဲများတွင်လည်း ဂိုးသွင်းနိုင်ခြင်း၊ သို့မဟုတ် ဂိုးစည်းအတွင်း ခြိမ်းခြောက်နိုင်ခြင်းပင် မရှိဟု အချို့သူများက ဝေဖန်ခဲ့ကြသည်။
    သို့သော်လည်း ရူနီကမူ အက်စတွန်ဗီလာနှင့်တစ်ပွဲတွင်သာ မိမိ၏စွမ်းဆောင်ရည်မှာ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့သည်ဟု ဆိုပြီး မကြာမီ ဂိုးသွင်းခြေ ပြန်တွေ့လိမ့်မည်ဟု ပြောကြားခဲ့သည်။
    “ဒီရာသီမှာ တစ်ပွဲပဲ ကျွန်တော်ဆိုးခဲ့ပြီး၊ လူတိုင်းက အဲဒါကိုပဲ ပြောနေကြပါတယ်။ ကျွန်တော့်ကစားသမားဘ၀ တစ်လျှောက်လုံးမှာ ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ဒါကို ချေဖျက်သွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ရူနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ယမန်နေ့က ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ကစားခဲ့သည့် ကလပ်ဘရုဂျက်နှင့်ပွဲ၌ မိမိမှာ ကောင်းမွန်သည်ဟု ထင်ခဲ့ကြောင်း၊ တစ်ဂိုး သို့မဟုတ် နှစ်ဂိုးခန့် ရရှိနိုင်ခဲ့ကြောင်း၊ အနိုင်ရရှိမှုမှာ မိမိတို့အားလုံးအတွက် ကောင်းမွန်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    မန်ယူအတွက် ရူနီသွင်းယူပေးခဲ့သည့် နောက်ဆုံးဂိုးမှာ ဧပြီ ၄ ရက်နေ့က အက်စတွန်ဗီလာအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဖြစ်သည်။ နည်းပြဗန်ဂါးလ်ကမူ ရူနီ၏ ဂိုးမိုးခေါင်မှုအတွက် ဘရုဂျက်နှင့်ပွဲ မတိုင်ခင် ကာကွယ်ပြောကြားခဲ့သည်။
    Ref: Goal
  • ဘာကာတိုက်စစ်မှူးပက်ဒရို ချယ်ဆီးရောက်မည်
    ဘာကာတိုက်စစ်မှူးပက်ဒရို ချယ်ဆီးရောက်မည်
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    pedro
    – မန်ယူမှ ခေါ်ယူရန် ကြိုးစားနေသည့် ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုအား ချယ်ဆီးက ခေါ်ယူရန် သဘောတူညီချက်ရရှိခဲ့ပြီဟု သိရသည်။
    နည်းပြမော်ရင်ဟိုက ပက်ဒရိုအား သီးသန့် ဖုန်းခေါ်ခဲ့ပြီးနောက် ပက်ဒရိုကိုယ်တိုင် ချယ်ဆီးသို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်း ပေးရမည်ဖြစ်ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၁.၁ သန်းဖြင့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းဖြစ်သည်။
    ထိုပြောင်းရွှေ့ကြေးမှာ မန်ယူမှ ကမ်းလှမ်းထားသည့် ပြောင်းရွှေ့ကြေးထက်ပိုသော ပမာဏလည်းဖြစ်သည်။ ပက်ဒရိုမှာ ယနေ့တွင် ချယ်ဆီးသို့ လာရောက်၍ ဆေးစစ်မှု ခံယူမည်ဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့ ၀က်စ်ဘရွန်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ် ရှိနေသည်။
    ယခုကဲ့သို့ ခေါ်ယူမှုမှာ မန်စီးတီးအား ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်ဆီးအသင်း၏ ဒုတိယမြောက် ခေါ်ယူမှုဖြစ်ပြီး အော့စ်ဘာ့ဂ်အသင်းမှ ဘယ်နောက်ခံလူ ရာဘာရဟ်မန်ကိုလည်း ပေါင် ၂၂ သန်းဖြင့် ယခုတစ်ပတ်အတွင်း ခေါ်ယူထားသည်။
    မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်တို့ ရှိနေသည့်အတွက်ကြောင့် နေရာရရန် အခွင့်အရေးမရှိသည့် ပက်ဒရိုမှာ ဘာစီလိုနာမှ ပြောင်းရွှေ့ချင်နေသူ ဖြစ်သည်။ ဇန်န၀ါရီလအတွင်းက မော်ရင်ဟိုမှာ ပက်ဒရိုအား ခေါ်ယူရန် ငြင်းဆန်ခဲ့ဖူးသည်။
    Ref: Dailymail
  • မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို
    မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    chel
    – မန်စီးတီးနှင့်ပွဲ ပထမ ၁၀ စက္ကန့်အပြီးမှာပင် မိမိတို့အသင်းမှာ ပြဿနာရှိနေသည်ကို သိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    အီတီဟတ်တွင် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲ၌ ချယ်ဆီးမှာ ကစားကွက်အသာမရခဲ့ပဲ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ဂိုးသမား လက်စွမ်းပြနိုင်ခြင်းကြောင့်သာ ဂိုးမပြတ်ခဲ့ရခြင်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်း မဟန်ကြောင်း ပွဲအစမှာပင် သိခဲ့သည်ဟု ဆိုသည်။
    “ပွဲစပြီး ၁၀ စက္ကန့်နောက်ပိုင်းမှာ အဂူရို ခံစစ်လိုင်းကို ရောက်လာခဲ့ပြီး၊ (ဂိုးသမား) ဘီဂိုဗစ်က ရင်ဆိုင်ခဲ့ရတဲ့အခါ အစမကောင်းဘူဆိုတာ ချက်ချင်းပဲ ခင်ဗျားတို့ သိမှာပါ။ အဲဒီနောက်မှာ ခံစစ်ပျက်သွားတာကြောင့် သူ(ဘီဂိုဗစ်) ဟာ ၂ လုံး ၃ လုံးလောက် ကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ပထမဆုံး စိတ်ပျက်ခဲ့ရသူပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့ပြီး ပထမပိုင်းတွင် ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။
    ဒုတိယပိုင်းတွင်မူ မော်ရင်ဟိုမှာ အဓိကခံစစ်မှူး ဂျွန်တယ်ရီကို ကာ့တ်ဇူးမားနှင့် လူစားလဲခဲ့ပြီး ဂျွန်တယ်ရီမှာ မော်ရင်ဟိုလက်ထက် ၁၇၇ ပွဲတွင် ပထမဆုံး လူစားလဲခံရခြင်းလည်း ဖြစ်သည်။
    “တကယ်က ဂျွန်(တယ်ရီ) ကိုထုတ်ပြီး ဇူးမားကို ထည့်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဟာ အလျင်မြန်ဆုံး ကစားသမားကို အရန်ခုံမှမဟုတ်ဘဲ ကွင်းထဲမှာ ရှိချင်တာပါ။ ဇူးမား ကစားရမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်း သိပါတယ်။ တစ်ယောက်ကို ထုတ်ရမယ်ဆိုတော့ အသင်းခေါင်းဆောင်ကို ထုတ်လိုက်တာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ လူစားလဲခဲ့မှုကြောင့် အသက်အရွယ်ရလာပြီဖြစ်သည့် ဂျွန်တယ်ရီ၏ ချယ်ဆီး၌ ရေရှည်နေရာရရန်မှာ မသေချာတော့ဟု ပြောကြားမှုများလည်း ရှိနေသည်။
    Ref: Goal
  • အီတီဟတ်မှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂
    အီတီဟတ်မှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    epl 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အဖွင့်ပွဲမှာ ရှုံးခဲ့တဲ့ အာဆင်နယ် အနိုင်ရခဲ့သလို၊ မန်ယူကလည်း နိုင်ပွဲဆက်ခဲ့ပါတယ်။ လက်စတာစီးတီးကလည်း အံ့ဖွယ်ခြေစွမ်းနဲ့ ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ လက်ရှိချန်ပီယံ ချယ်ဆီးကတော့ အဝေးကွင်းမှာ မန်စီးတီးကို လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။
    Match of the week ဖြစ်တဲ့ လက်ရှိချန်ပီယံ ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာတော့ မော်ရင်ဟိုရဲ့ ချယ်ဆီးက ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒါတောင် ဂိုးသမား အက်စ်မီရ် ဘီဂိုဗစ်က မန်စီးတီးရဲ့ အပိုင် ၃ လုံးလောက်ကို ကာကွယ်သွားနိုင်တာကြောင့် ချယ်ဆီးဟာ ဒီထက် ရုပ်မပျက်ခဲ့တာပါ။ ပထမပိုင်းမှာ မန်စီးတီးပြုသမျှ နုခဲ့ရတဲ့ ချယ်ဆီး ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး။ မန်စီးတီးအတွက် ဂိုးတွေကို ၃၁ မိနစ်မှာ အဂူရို၊ ၇၉ မိနစ်မှာ ကွန်ပနီနဲ့၊ ၈၅ မိနစ်မှာ ဖာနန်ဒင်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    မန်ယူကတော့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ လူငယ်ကစားသမား ယာနူဇေးရဲ့ သေသပ်တဲ့ ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဗီလာကို အသာစီးကစားနိုင်ခဲ့တဲ့ မန်ယူတို့ ဒီပိုင်းရဲ့ အပိုင်ဂိုးသွင်းခွင့်တစ်ခု အပါအ၀င် ဒီထက်ပိုပြီး ဂိုးရနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ယာနူဇေးက သူဟာ ယုံကြည်မှုနဲ့ ထိုက်တန်သူတစ်ဦးဖြစ်တယ်လို့ ပြခဲ့တာလည်းဖြစ်ပါတယ်။
    အဖွင့်ပွဲမှာ ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့အာဆင်နယ် ဒီတစ်ပတ် အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်ကူတဲ့ အနိုင်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ၁၆ မိနစ်မှာ ဂျရူးက အဖွင့်ဂိုးကို လှလှပပ သွင်းနိုင်ခဲ့ပေမယ့် ၂၈ မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်ကစားသမား ဂျိုးဝါ့ဒ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ပိုကောင်းခဲ့တာကြောင့် အာဆင်နယ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါသေးတယ်။ ၅၆ မိနစ်မှာတော့ အာဆင်နယ်က ဂိုးရဖို့ကြိုးစားရင်း ဒါမိန်း ဒီလန်နေးက ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့တာကြောင့် အာဆင်နယ်က ဒုတိယဂိုးရခဲ့ပြီး ဒီရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ၀င်းဂါးကတော့ အနိုင် ၃ မှတ်ရခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။
    ချယ်ဆီးနည်းပြဟောင်း ရာနီရေးရီ ကိုင်တွယ်နေတဲ့ လက်စတာအသင်းဟာ ဒီတစ်ပတ်မှာလည်း ၀က်စ်ဟမ်းကို အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ မန်စီးတီးအောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ အဲဗာတန်ကတော့ တိုက်စစ်မှူး လူကာကူရဲ့ ဂိုး ၂ ဂိုးနဲ့အတူ ဆောက်သက်တမ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၀-၁ မန်ယူ
    ဆောက်သက်တမ် ၀-၃ အဲဗာတန်
    ဆန်းဒါးလန်း ၁-၃ နော်ဝစ်ခ်ျ
    ဆွမ်ဆီး ၂-၀ နယူးကာဆယ်
    စပါး ၂-၂ စတုတ်
    ခရစ္စတယ်ပဲလေ့စ် ၁-၂ အာဆင်နယ်
    မန်စီးတီး ၃-၀ ချယ်ဆီး