News @ M-Media
Tag: EPL 2016-2017
  • အဆင့် ၁ နေရာကို ဆက်ထိန်းသွားနိုင်မည်ဟု ချယ်ဆီးနည်းပြ ယူဆနေ
    အဆင့် ၁ နေရာကို ဆက်ထိန်းသွားနိုင်မည်ဟု ချယ်ဆီးနည်းပြ ယူဆနေ
    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media
    conte
    – ဇယားထိပ်ဆုံးသို့ ရောက်ရှိနေသည့် မိမိတို့အသင်းမှာ လက်ရှိခြေစွမ်းကို ထိန်းသိမ်းသွားနိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာ ခွန်အားများ လုံလုံလောက်လောက် ရှိနေသည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။
    ယမန်နေ့က မစ်ဒယ်ဘရော့နှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ဒီယေဂိုကော်စတာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဇယားအား လီဗာပူးလ်၊ မန်စီးတီးတို့ကို ၁ မှတ်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။ ထိုပွဲမှာ ချယ်ဆီး၏ ၆ ပွဲဆက်တိုက် ဂိုးမပေးရသည့်ပွဲလည်း ဖြစ်သည်။
    မစ်ဒယ်ဘရော့နည်းပြက ပွဲအပြီးတွင် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်ခြေ ရှိနေသည်ဟု ပြောကြားခဲ့ပြီး၊ ကွန်တီကမူ ရာသီအကြို အပြင်းအထန် လေ့ကျင်မှုများ၏ အသီးအပွင့်ကို ခံစားနေရသည်ဟု ဆိုသည်။
    “ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ရာသီအစမှာ နည်းစနစ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာကြောင့် ရက်အနည်းငယ်အတွင်းမှာ ပွဲတော်တော်များများ ကစားဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ လိဂ်က ပွဲတိုင်းမှာ တောင်းတင့်ဖို့၊ အစကနေအဆုံးအထိ သွားနိုင်ဖို့ အရေးကြီးတာကြောင့် ကျွန်တော်တို့ ဒီလို ဆက်ကြိုးစားသွားမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။
    Ref : Goal
  • လက်ရှိခြေစွမ်းနှင့် ဖလားမရနိုင်ဟု ဂွါဒီယိုလာ ၀န်ခံ
    လက်ရှိခြေစွမ်းနှင့် ဖလားမရနိုင်ဟု ဂွါဒီယိုလာ ၀န်ခံ
    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media
    gua
    – ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် စနေနေ့က ကစားခဲ့သည့်ပုံစံမျိုး ဆက်ကစားပါက မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ဖလား မရနိုင်ဟု မန်စီးတီးအသင်းနည်းပြ ပက် ဂွါဒီယိုလာက ပြောကြားလိုက်သည်။
    အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် အဆိုပါပွဲတွင် မန်စီးတီးမှာ ယာယာတိုးယေး၏ ဂိုးများကြောင့် ၂ ဂိုး ၁ ဂိုဖြင့် အနိုင်ရခဲ့သော်လည်း ၁ ဂိုးစီသရေဖြစ်ခဲ့ပြီးနောက်မှ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မန်စီးတီးမှာ ပြီးခဲ့သည့် အိမ်ကွင်း နောက်ဆုံး ၃ ပွဲစလုံးတွင် ၁ ဂိုးစီ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ဂွါဒီယိုလာကမူ အသင်း၏ စိတ်ဓာတ်ကို ချီးကျူးခဲ့သော်လည်း ထိုပုံစံအတိုင်း ဆက်ကစားနေပါက အမှတ်လျော့မည်ဟု သတိပေးခဲ့သည်။
    “နည်းပြတွေအတွက် စိတ်ပျက်ရတာက ပွဲရဲ့ လျှို့ဝှက်ချက်ကို တွေ့တဲ့အချိန်လို့ ကျွန်တော် ကစားသမားတွေကို ပြောထားပါတယ်။ အဲဗာတန်၊ ဆောက်သက်တမ်နဲ့ မစ်ဒယ်ဘရော့တို့ကို အိမ်ကွင်းမှာ ခြေအသာနဲ့ကစားနိုင်ပြီး အနိုင်မရဘူးဆိုတာမျိုး တွေ့ရတဲ့အခါမှာ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အရိုးသားဆုံးပြောရရင် ဒီပုံစံမျိုးနဲ့ဆိုရင်တော့ မလွယ်ပါဘူး။ ဒီလို ကစားမယ်ဆိုရင် ကျွန်တော်တို့ ဖလားတွေ ရမှာမဟုတ်ပါဘူး” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
    Ref: Goal
  • ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    arsenal-2
    – အိုးထရက်ဖို့ဒ်သူရဲကောင်း တိုက်စစ်မှူးဂျရူးမှာ ပုံမှန်ကစားခွင့်မရသည့်အတွက် စိတ်ပျက်နေသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် ၎င်းအား အရေးပါသည့် ကစားသမားအဖြစ် မှတ်ယူထားဆဲဟု ဆိုသည်။
    ယမန်နေ့က အိုးထရက်ဖို့ဒ်တွင် နောက်ကျဂိုးသွင်းကာ အာဆင်နယ်အတွက် အဖိုးတန် သရေ ၁ မှတ် ရယူပေးခဲ့သည့် ဂျရူးမှာ ခြေချောင်းဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်ပိုင်း ယခုနှစ်အစကတည်းက ပွဲထွက်ခွင့်ရသေးဘဲ၊ လူစာဝင်းကစားသမားအဖြစ် ၃ ဂိုး သွင်းပေးထားသည်။
    “အိုလီဗီယာ ဂျရူးကို ကျွန်တော်ဟာ ပုံမှန်ကစားသမားအဖြစ် မှတ်ယူထားတာပါ။ သူ အားလပ်ရပ်ယူပြီး ပြန်လာတဲ့အခါ ဒဏ်ရာနည်းနည်းရခဲ့တယ်။ သိပ်မကြာသေးခင်ကမှ ပြန်ကစားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပွဲမှာ သူ စိတ်ပျက်ခဲ့တယ်ဆိုတာ ဟုတ်ပါဘူး။ ဒါပေမယ့် သူက အဆင်သင့်ဖြစ်နေတာကြောင့် ဒါမျိုးဖြစ်တာ မထူးဆန်းပါဘူး။ ကျွန်တော် အဖြေရှာပြီးသားပါ။ ဆန်းချက်ဇ်က ရာသီအစကတည်းက ကောင်းနေတယ်။ ကျွန်တော့မှာ ရွေးချယ်မှုနှစ်ခုရှိပြီး ဆန်းချက်ဇ်က တောင်ပံကစားနိုင်တာကြောင့် ဒီရွေးချယ်မှုနှစ်ခုစလုံးကို သုံးနိုင်ပါတယ်။ အိုလီဗီယာက အလယ်မှာပဲကစားနိုင်တယ်။ ဒါ့ကြောင့်တ တစ်ခါတစ်လေမှာ သူတို့နှစ်ယောက်ကို တွဲပေးလိုက်မှာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ မန်ယူကို အိုးထရက်ဖို့တွင် ၂၀၀၆ ခုနှစ် စက်တင်ဘာကတည်းက အနိုင်မရခဲ့ဘဲ၊ ၀င်းဂါးကလည်း မော်ရငင်ဟင်နှင့် ၁၂ ကြိမ်တွေ့ဆုံရာတွင် တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်း မရှိချေ။ ၀င်းဂါကမူ ထိုအချက်အလက်များက ကစားသမားများအပေါ် ၀န်ပိခဲ့သည်ဟု ၀န်ခံခဲ့သည်။
    Ref: Goal
  • အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    lester
    – ရလဒ်များဆိုးရွားကာ ရုန်းကန်နေရသော်လည်း မိမိအနေဖြင့် ခြောက်ခြားမှုဖြစ်မည်မဟုတ်ဟု လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ၀က်ဖို့နှင့်ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာမှာ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး တန်းဆင်းဇုန်နှင့် ၂ မှတ်သာ ကွာဟတော့သည်။
    ရာနီယေးရီကမူ မိမိအနေဖြင့် မတုန်လှုပ်ဟုဆိုသည်။
    “ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါပေမယ့် အသင်းစိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော် အကောင်းမြင်ပါတယ်။ ပွဲမှာ စောစောပိုင်းကတည်းက အာရုံစိုက်ခဲ့ရမှာပါ။ ဒါပေမယ့် သူတို့ အံ့သြလောက်တဲ့ဂိုးတွေ ရသွားပါတယ်။ ကျွန်တော်တို့ ရည်တည်မှုက မကောင်းဘူး။ ဒါပေမယ့် ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ ကျွန်တော် မတုန်လှုပ်ပါဘူး။ ကစားသမားတွေကို ကျွန်တော် ယုံကြည်မှုရှိပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • ရလဒ်မကောင်းသော်လည်း ကစားပုံမဆိုးဟု ကလော့ပ်ပြော
    ရလဒ်မကောင်းသော်လည်း ကစားပုံမဆိုးဟု ကလော့ပ်ပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    klop
    – ဆောက်သက်တမ်အသင်းအား သရေကျမှုအတွက် မိမိအနေဖြင့် မကျေနပ်သော်လည်း အသင်းကစားပုံမှာ မိမိထင်ထားသည်ထက် ပိုမိုကောင်းမွန်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် အဆိုပါအဝေးကွင်းပွဲတွင် ဆာဒီယို မိန်း၊ ရော်ဘတ်တို ဖာမီနို၊ ဖိလစ်ပီ ကော်တင်ဟိုနှင့် နသန်နီယဲလ် ကလိုင်းတို့မှာ အကောင်းဆုံးအခွင့်အရေးများ ရရှိခဲ့သော်လည်း ဂိုးဝင်အောင် မသွင်းနိုင်သောကြောင့် ဂိုးမရှိရလဒ်ဖြင့် လီဗာပူးလ်မှာ သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    လက်ရှိတွင် လီဗာပူးလ်မှာ မန်စီးတီးအား ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေသော်လည်း ယနေ့တွင် ချယ်ဆီးက မစ်ဒယ်ဘရော့အား အနိုင်ရလျှင် လီဗာပူးလ်ကို တစ်မှတ်ဖြတ်၍ ဦးဆောင်နိုင်မည်ဖြစ်သည်။
    ကလော့ပ်ကမူ အသင်းကစားပုံမှ မိမိထင်သလောက်မဆိုးခဲ့ဟု ဆိုသည်။
    “ဘောလုံးမှာ နှစ်ခုသောအရာက အရေးကြီးပါတယ်။ တစ်ခုက ရလဒ်နဲ့ နောက်တစ်ခုက ကစားပုံပါ။ ရလဒ်ကမကောင်းဘူး။ ဒါပေမယ့် ပွဲအတွက်ပြင်ဆင်မှုအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ မျှော်လင့်ခဲ့တာထက်ကို ကစားပုံက ပိုကောင်းပါတယ်။ ပထမပိုင်းမှာမဆိုးသလို၊ ဒုတိယပိုင်းမှာလည်း ပိုကောင်းခဲ့ပါတယ်။ ကစားဖို့ခက်တဲ့အသင်းနဲ့ ကစားရတဲ့ ဒီပွဲမှာ ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဆောက်သက်တမ်ဟာ လိဂ်မှာ စုဖွဲ့မှုအကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါပဲ” ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က ပြောကြားခဲ့သည်။
    Ref: Goal