နိုဝင်ဘာ ၁၇၊ ၂၀၁၆
M-Media
– ဘောလုံးပွဲတစ်ပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို သုံးသပ်ရန်အတွက် ဗီဒီယိုအကူဒိုင် (VAR) နည်းလမ်းကို လက်ရှိတွင် ပရီးမီးယားလိဂ်၌ လျှို့ဝှက်စမ်းသပ်နေပြီး မကြာမီ အမြဲတမ်းအတွက် အသုံးပြုလာနိုင်သည်ဟု သိရသည်။
ပြီးခဲ့သည့်မတ်လတွင် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) က ဗီဒီယိုအကူဒိုင် နည်းလမ်းကို စမ်းသပ်အသုံးပြုရန် ခွင့်ပြုခဲ့သော်လည်း ပရီးမီးယားလိဂ်ကမူ လူသိရှင်ကြား စမ်းသပ်မှုတွင် ပါဝင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါနည်းလမ်းကို ပွဲအတွင်းမဟုတ်သော်လည်း စမ်းသပ်အသုံးပြုလျက်ရှိပြီး ယခုနှ်စ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲကို ထိုနည်းလမ်းဖြင့် သုံးသပ်ခဲ့သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။
ဗီဒီယိုအကူဒိုင်ဆိုသည်မှာ ပွဲကစားနေစဉ်အတွင်း အဓိက ဆုံးဖြတ်ချက်များအတွက် ကွင်းလယ်ဒိုင်မှာ ဗီဒီယိုအနှေးပြကွက်ကို ပြန်လည်ကြည့်ရှုကာ မှားယွင်းသော ဆုံးဖြတ်ချက်များကို ပြင်ဆင်နိုင်မည့် နည်းစနစ်မျိုး ဖြစ်သည်။
ဒိုင်လူကြီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Professional Game Match Officials ကမူ VAR နည်းလမ်းကို အင်္ဂလန်တွင် စမ်းသပ်နေသည်ဟု The Telegraph အား အတည်ပြုခဲ့သည်။
“ဘောလုံးပွဲရဲ့ အရှိန်ကို မထိခိုက်ဘဲ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဒိုင်လူကြီးတွေကို အကူအညီဖြစ်စေတဲ့ နည်းပညာမျိုးကို အသုံးပြုဖို့အတွက် စဉ်းစားရမှာပါ။ IFAB ဟာ အနည်းဆုံး ၂ နှစ်လောက် စမ်းသပ်မှုပြုလုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဘောလုံးပွဲမှာ အကျိုးဖြစ်ထွန်းဖို့ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်ရေး ဒီအချိန်ဟာ အကောင်းဆုံးအချိန်လားဆိုတာ အရေးကြီးနေပါတယ်” ဟု အဖွဲ့ အကြီးအကဲ မိုက် ရီလေးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် VAR နည်းလမ်းကို နိုင်ငံတကာအဆင့် ဘောလုံးပွဲတော်တော်များများတွင် စမ်းသပ်အသုံးပြုနေပြီး အင်္ဂါနေ့က အင်္ဂလန်နှင့် အီတလီတို့၏ ခြေစွမ်းပွဲလည်း ပါဝင်သည်။
IFAB ကမူ အဆိုပါ စမ်းသပ်မှုကို ၂ နှစ်ကြာ ပြုလုပ်သွားရန် စီစဉ်ထားပြီး အမြဲတမ်းအသုံးပြုရန်အတွက်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
Ref: Goal