News @ M-Media

Tag: EPL 2016-2017

  • ပုံမှန်နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဖာဘရီဂက်စ်ပြော

    ပုံမှန်နေရာရရန် တိုက်ပွဲဝင်သွားမည်ဟု ဖာဘရီဂက်စ်ပြော

    ဇန်န၀ါရီ ၂၄၊ ၂၀၁၇
    M-Media

    – ပုံမှန်နေရာတစ်နေရာ ရရှိရန် ရုန်းကန်နေရသော်လည်း မိမိအနေဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ချယ်ဆီးအသင်း၏ ကွင်းလယ်လူ ဆက်စ် ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဖာဘရီဂက်စ်မှာ အသင်းတွင် ပုံမှန်နေရာ ရရှိခဲ့ပြီး ချယ်ဆီးအသင်း ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားတို့ ရရှိခဲ့သည့် ၎င်း၏ ပထမဆုံးရာသီတွင် ၄၇ ပွဲအထိလည်းကောင်း၊ ပြီးခဲ့သည့်နှစ် မော်ရင်ဟိုနှင့် ဂူစ်ဟစ်ဒင့်တို့၏လက်အောက်တွင် ၄၈ ပွဲအထိလည်းကောင်း ပါဝင်ကစားခဲ့ရသည်။

    သို့သော်လည်း ယခုနှစ် အန်တိုနီယိုကွန်တီ ရောက်ရှိလာပြီးနောက်ပိုင်းတွင်မူ ပုံမှန် ပွဲထွက်ခွင့် မရတော့ပေ။

    “ကျွန်တော်ဟာ အောင်မြင်မှုတွေရဖို့၊ ပျော်ရွှင်စေဖို့ ဘောလုံးကစားတာပါ။ မကစားရတဲ့အချိန်မှာဆိုရင် ကျွန်တော် ၀မ်းနည်းတယ်။ ဒါမျိုး ကျွန်တော် မကြိုက်ပေမယ့် အသင်းအခြေအနေကောင်းတဲ့အတွက်တော့ ပျော်ရွှင်မိပါတယ်။ ဘောလုံးက ကျွန်တော့်ဘ၀ပါ။ ဘောလုံးက ကျွန်တော့်အတွက် အရာအားလုံးပါ။ ကစားရတဲ့အချိန်တိုင်းမှာ ကျွန်တော်ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်” ဟု ဖာဘရီဂက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အသင်း၌ နေရာပြန်ရရန် တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • လက်ရှိနောက်တန်းဖြင့် လီဗာပူးလ် ဖလားကို စိန်မခေါ်နိုင်ဟု ကစားသမားဟောင်း ပြော

    လက်ရှိနောက်တန်းဖြင့် လီဗာပူးလ် ဖလားကို စိန်မခေါ်နိုင်ဟု ကစားသမားဟောင်း ပြော

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    – လီဗာပူးလ်အသင်း၏ လက်ရှိနောက်တန်းဖြင့် ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်၍ မရဟု အသင်း၏ ဂန္တ၀င်ကစားသမားဟောင်း စတီဗ် နီကိုးလ်က ပြောကြားလိုက်သည်။

    ပွဲစဉ် ၂၂ ပွဲကစားပြီးချိန်တွင် ၅၁ ဂိုးသွင်းယူထားသည့် လီဗာပူးလ်မှာ ၂၇ ဂိုး ပြန်ပေးထားရပြီး မန်စီးတီး (၂၈ ဂိုး) ပြီးနောက် ထိပ်ဆုံး ၆ သင်းတွင် ဂိုးအများဆုံး ပေးထားရသည့် အသင်းဖြစ်နေသည်။ ဒီဇင်ဘာလအတွင်း လီဗာပူးလ်မှာ ဘုန်းမောက်အသင်းအား ၄ ဂိုး၊ ဆန်းဒါးလန်းအသင်းအား ၂ ဂိုးနှင့် ဆွမ်ဆီးအသင်းအား ၃ ဂိုး ပေးခဲ့ရသည်။

    နီကိုးလ်ကမူ ဂိုးများ ပြန်ပေးနေရမှုက လီဗာပူးလ်ကို အထိနာစေပြီး ပရီးမီးယားလိဂ်ဖလား ပြေးလမ်းပေါ် ပြန်တက်ရေးအတွက် ခက်ခဲစေမည်ဟု ဆိုသည်။

    “သူတို့ရဲ့ အခုနောက်တန်းနဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလား ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ အခု အပြောင်းအရွှေ့မှာ တစ်ယောက်ယောက်ကို သူတို့ ၀ယ်မယ့်ပုံ မပေါ်ပါဘူး။ ဒါဆိုရင် ဒီအတိုင်းပဲ ဆက်သွားမှာပါ” ဟု နီကိုးလ်က ပြောကြားခဲ့သည်။

    လီဗာပူးလ်နည်းပြ ယာဂန်ကလော့ကလည်း မိမိတို့အနေဖြင့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် နောက်တန်းကို အားဖြည့်သွားမည်မဟုတ်ဟု ၀န်ခံထားပြီး အသင်းမှာ စုစည်းမှုကောင်းရန်သာ လိုအပ်သည်ဟု ပြောကြားထားသည်။

    Ref: Goal

  • ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီ၏ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် Nike ကုမ္ပဏီက အထူး ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    Hypervenom WR250 အမည်ပေးထားပြီး ကလပ်နှင့် နိုင်ငံအသင်းများတွင် ရူနီဝတ်ဆင်သော ဂျာစီအရောင် အနီနှင့်အဖြူကို ပေါင်းစပ်ထားသည်။ ရွန်နီ၏ စံချိန်တင်ဂိုးအရေအတွက် ၂၅၀ ကို ဖော်ပြရန်အတွက် ထိုနံပါတ်နှင့် သရဖူတစ်ခုကို ပေါင်းစပ်၍ အထူးလိုဂိုတစ်ခု ပြုလုပကာ ဖိနပ်၏လျှာတွင် ရိုက်နှိပ်ထားသည်။

    ရူနီဝတ်ဆင်သည့် ကျောနံပတ်ကို WR10 အဖြစ် ဖိနပ်၏ ဘေးဖက်တွင် ရိုက်နှိပ်ထားပြီး၊ ဖိနပ်ကြိုးထိပ် အကွပ်ကိုလည်း အဖြူရောင်၊ အနီရောင်များဖြင့် ဖန်တီးထားသည်။ ဖိနပ်နှစ်ဖက်ကို ဘေးတိုက်ယှဉ်ထားပါက စိန့်ဂျော့ဂ်ျ လက်ဝါးကပ်တိုင်ပုံ ပေါ်လာမည်ဖြစ်သည်။

    ယမန်နေ့က စတုတ်စီးတီးအသင်းနှင့်ပွဲတွင် ရူနီမှာ နောက်ဆုံးမိနစ်တွင် အသင်းအတွက် အရေးပါသည့် ချေပဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးမှာ မန်ယူအတွက် ရူနီ၏ ၂၅၀ မြောက်ဂိုးလည်း ဖြစ်သည်။ ထို့ကြောင့် ဆာ ဘော့ဘီချာလ်တန်၏ စံချိန်ကိုချိုးကာ ရူနီမှာ မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ ကစားသမား ဖြစ်လာခဲ့သည်။

    ရူနီကမူ မိမိအနေဖြင့် ထိုကဲ့သို့စံချိန်မျိုး ရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း၊ ရှေ့ဆက်၍ ဂိုးများများ သွင်းချင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာကစားသမားအဖြစ် စပိန်တွင် ရှိနေစဉ်အတွင်း ယူရို တစ်သန်းနီးပါး အခွန်ရှောင်ခဲ့သည်ဆိုသော စွဲချက်အတွက် အာဆင်နယ်တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်က ယမန်နေ့ ဘာစီလိုနာတရားရုံးတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် ၂၀၁၃ ခုနှစ်များတွင် အခွန်ရှောင်ခဲ့မှုအတွက် ကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ၀န်ခံခဲ့ခြင်ဖြစ်ပြီး စပိန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်နှစ်ခုကိုလည်း လက်ခံခဲ့သည်ဟု Europa Press က ဖော်ပြခဲ့သည်။

    သို့သော်လည်း ဆန်းချက်မှာ အဆိုပါ အခွန်ရှောင်ထားမှုအတွက် ကျသင့်ပမာဏကို ပြန်လည်ပေးချေခဲ့သောကြောင့် တရားစွဲဆိုခံရမှုမှ ကင်းလွတ်ဖွယ် ရှိနေသည်။ ဆန်းချက်ဇ်၏ ရှေ့နေအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှာ အခွန်ဆောင်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်ကိစ္စတို့ကို ဆွေးနွေးရမည်ဖြစ်သည်။

    ထိုအမှုအတွက် ထောင်ဒဏ်မှာ ကာလအနည်းငယ်သာဖြစ်ပြီး ဆိုင်းငံ့ထောင်ဒဏ်လည်း ဖြစ်နိုင်သည်။

    Tax Agency က ရုံးတော်သို့ လျှောက်ထားမှုတွင် အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဇ်မှာ မောလ်တာအခြေစိုက် ကုမ္ပဏီတစ်ခု၏ ပုံရိပ်အသုံးပြုမှုနှင့်ပတ်သက်၍ အခွန်ရှောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Sport-english

  • နည်းပြဘ၀ နောက်ဆုံးပိုင်းရောက်နေပြီဟု ဂွါဒီယိုလာ ဖွင့်ဟ

    နည်းပြဘ၀ နောက်ဆုံးပိုင်းရောက်နေပြီဟု ဂွါဒီယိုလာ ဖွင့်ဟ

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    – လက်ရှိ မိမိ၏အခြေအနေမှာ နည်းပြဘ၀ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီး အသက် ၆၀ ကျော်သည်အထိ နည်းပြလောကတွင် ရှိနေမည်မဟုတ်ဟု မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့တွင် နည်းပြခဲ့ပြီး အောင်မြင်မှုအလီလီ ရရှိခဲ့သည့် ဂွါဒီယိုလာမှာ ယခုနှစ်နွေရာသီတွင် မန်စီးတီးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    “မန်ချက်စတာမှာ နောက်ထပ် ၃ ရာသီ၊ ဒါမှမဟုတ် ဒီထက်ပိုပြီး ရှိကောင်းရှိနိုင်ပါတယ်။ အသက် ၆၀၊ ၆၅ နှစ်လောက်အထိတော့ နည်းပြထိုင်ခုံမှာ ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြလောကကို နှုတ်ဆက်ဖို့အချိန်က စတင်နေပြီလို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘ၀ နောက်ဆုံးအချိန်ကို ရောက်နေပါပြီး ဒါကတော့ သေချာပါတယ်” ဟု အသက် ၄၅ နှစ်အရွယ် ဂွါဒီယိုလာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် ၄ ရာသီဖြတ်သန်းခဲ့သည့် ဂွါဒီယိုလာမှာ လာလီဂါ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၁၄ ခု ရရှိခဲ့ပြီး၊ ဘိုင်ယန်တွင်လည်း ဘွန်ဒစ်လီဂါဖလားကို ၃ ရာသီဆက် ဆွတ်ခူးနိုင်ခဲ့သည်။

    ယမန်နေ့က ဘန်လေအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် ၎င်းက မန်စီးတီးမှာ ၎င်း၏ နောက်ဆုံးအသင်းဖြစ်မည်ဟုလည်း ပြောဆိုခဲ့သည်။

    Ref: BBC