News @ M-Media

Tag: EPL 2016-2017

  • မော်ရင်ဟိုမှာ ဖာဂူဆန်နှင့်တူညီသည်ဟု မန်ယူနောက်ခံလူ နဗီးလ် ပြော

    မော်ရင်ဟိုမှာ ဖာဂူဆန်နှင့်တူညီသည်ဟု မန်ယူနောက်ခံလူ နဗီးလ် ပြော

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – မည်သည့်နည်းနှင့်မဆို အနိုင်ရရှိရမည်ဟု မော်ရင်ဟို၏ ဆုံးဖြတ်ထားမှုမှာ နည်းပြဟောင်း ဖာဂူဆန်နှင့် တူညီသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က ပြောကြားလိုက်သည်။

    ဖာဂူဆန်မှာ မန်ယူအသင်းအား ကိုင်တွယ်ခဲ့သည့် ၂၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၁၃ ကြိမ်နှင့် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားပေါင်း ၃၈ လုံးကို ရယူပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အနားယူခဲ့သည်။

    နောက်ပိုင်းတွင် မိုယက်စ်၊ ဗန်ဟားလ်တို့က ဖာဂူဆန်နေရာကို ဆက်ခံခဲ့သော်လည်း မန်ယူအား အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ယခုရာသီတွင် မန်ယူမှာ မော်ရင်ဟိုလက်ထဲသို့ ရောက်လာခဲ့သည်။

    “နိုင်လိုမှု၊ အောင်မြင်မှု၊ ပြင်းပြတဲ့ ရည်ရွယ်ချက်တွေ၊ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်တာတွေဟာ မော်ရင်ဟိုနဲ့ ဖာဂူဆန်အကြား အကြီးကျယ်ဆုံး တူညီမှုပါပဲ” ဟု နဗီးလ်က Omnisport သို့ ပြောကြားခဲ့ပြီး အသင်းမှာ မော်ရင်ဟို၏ ထိန်းကြောင်းမှုအောက်တွင် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

    မော်ရင်ဟိုမှာ မန်ယူအား တစ်ဖြည်းဖြည်းဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်၌ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိထားသည်။ ဇယားတွင် ၂ ပွဲလျော့ဖြင့် စတုတ္ထနေရာမှာ လီဗာပူးလ်နှင့် ၆ မှတ် ကွာဟနေသည်။

    Ref: Goal

  • ဖလားရမည့် ယုံကြည်ချက်ရှိကြောင်း ဖာနန်ဒင်ဟို ဖွင့်ဟ

    ဖလားရမည့် ယုံကြည်ချက်ရှိကြောင်း ဖာနန်ဒင်ဟို ဖွင့်ဟ

    မတ် ၈၊ ၂၀၁၇
    M-Media

    – မိမိတို့အသင်းအနေဖြင့် ချယ်ဆီးကိုကျော်ကာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်း ရှိနေသည်ဟု မန်စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုက ပြောကြားလိုက်သည်။

    လက်ရှိတွင် ချယ်ဆီးမှာ ထိပ်ဆုံးတွင် ဒုတိယနေရာမှ စပါးအသင်းအား ၁၀ မှတ်ဖြတ်ထားပြီး တတိယနေရာမှ မန်စီးတီးမှာ ချယ်ဆီးနှင့် ၁၁ မှတ် ကွာဟနေသည်။

    လက်ရှိအနေအထားအရ ချယ်ဆီးမှာ အကောင်းဆုံးပုံစံတွင်ရှိနေပြီး အမှတ်ဆုံးရှုံးနိုင်မည့်အလားအလာ မရှိသော်လည်း ဖာနန်ဒင်ဟိုကမူ မန်စီးတီးမှာ ၆ နှစ်အတွင်း တတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မည်ဟု မျှော်လင့်နေသည်။

    “နိုင်ချင်တဲ့ဆန္ဒမျိုး ရှိတဲ့အခါ ဖလားမရဘူးဆိုတဲ့ ကိစ္စအတွက် သိပ်ပြီး မနှစ်မြို့ပါဘူး။ ကျွန်တော်တို့ ယုံကြည်မှုရှိရမယ်။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ပရီးမီးယားလိဂ်ဟာ သိပ်ခက်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ပြီးတော့ ရာသီရဲ့ နောက်ဆုံးပွဲအထိ အများကြီး၊ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ဖာနန်ဒင်ဟိုက ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ယခုတစ်ပတ်တွင် စတုတ်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်ဆီးတို့နှင့် ဆက်တိုက် ကစားရမည် ဖြစ်သည်။ ဖာနန်ဒင်ဟိုကမူ ယခုလက မိမိတို့အနေဖြင့် ဇယားထိပ်ဆုံး ရောက်၊ မရောက်ကို အဆုံးအဖြတ်ပေးမည့်လဖြစ်သည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Goal

  • အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    အီဗရာဟီမိုဗစ်မှာ Ballon d’Or ရသင့်သည်ဟု မော်ရင်ဟို မှတ်ချက်ပြု

    မတ် ၄၊ ၂၀၁၇
    M-Media

    – မိမိအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိသင့်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယခုရာသီတွင် မန်ယူသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် အီဗရာဟီမိုဗစ်မှာ အသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၆ ဂိုး သွင်းယူပေးထားပြီး EFL Cup ဖိုင်နယ်တွင်လည်း ၂ ဂိုးသွင်းယူက မန်ယူအသင်း ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

    မော်ရင်ဟိုကမူ အသက် ၃၅ နှစ်အရွယ် အီဗရာဟီမိုဗစ်၏ မယုံကြည်နိုင်လောက်စရာ ဂိုးသွင်းစွမ်းရည်ကြောင့် ဘောလုံးလောကတွင် တစ်ဦးချင်း အမြင့်ဆုံး ဆုတံဆိပ် Ballon d’Or ကို ရရှိသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    “သူလုပ်ခဲ့တာတွေက အံ့သြစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူသွင်းခဲ့တဲ့ဂိုးတွေ၊ ၀င်ဘလေမှာ ကစားတဲ့ နှစ်ပွဲ၊ ဆုဖလားတွေ၊ အသင်းမှာသူ့ရဲ့အရေးပါမှုတွေ – သူဟာ လုံးဝ ထူးခြားတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ်ပြောစရာ မရှိပါဘူး။ ဖီဖာရွှေဘောလုံးဆု စတဲ့ ဆုကြီးတွေမှာ တာဝန်ယူမှု ကြီးကြီးမားမား ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွီဒင်က မဂ္ဂဇင်းကြီးတစ်ခုကို ကျွန်တော် ဖြေကြားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့၊ လီယွန်နယ်မက်ဆီတို့အကြောင်းလည်း ကျွန်တော် သိပါတယ်။ သူတို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကြီးကြီးမာစတာတစ်ယောက် (အီဗရာဟီမိုဗစ်) ရဲ့ လုပ်ခဲ့တာတွေအတွက် ကျွန်တော် မယုံကြည်နိုင်ပါဘူး။ ပြီးတော့ ဒီဆုတွေကို လုံးဝ မရခဲ့တာကိုလည်း မယုံကြည်နိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ ဖေဖော်ဝါရီလအတွက် မန်ယူအသင်း၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး အသင်းသို့ ရောက်လာပြီးကတည်းက ၂ ကြိမ်မြောက် ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

    Ref : Goal

  • ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာက နည်းပြ ရာနီယေးရီကို ထုတ်ပယ်

    ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာက နည်းပြ ရာနီယေးရီကို ထုတ်ပယ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
    M-Media

    – လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းက နည်းပြ ကလော်ဒီယို ရာနီယေးရီကို အသင်းမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    လက်စတာမှာ ယခုရာသီတွင် မနှစ်ကကဲ့သို့ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ၅ ပွဲသာ အနိုင်ရထားပြီး ရာသီပြီးဆုံးရန် ၁၃ ပွဲ လိုတော့သည့်အချိန်တွင် လတန်းဆင်းဇုန်နှင့် ၁ မှတ်သာကွာဟနေသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်း အင်္ဂလိပ် ထိပ်တန်း အမှတ်ပေးပြိုင်ပွဲ ၄ ခုတွင် ဂိုးမသွင်းနိုင်သည့် တစ်ခုတည်းသောအသင်း ဖြစ်နေသည်။

    “ခက်ခဲတယ်ဆိုတာ ၀န်ခံလိုပြီး ဦးဆောင်မှု အပြောင်းအလဲ မလုပ်လိုပေမယ့်လည်း အသင်းရဲ့ အကျိုးစီးပွားအတွက် လိုအပ်လို့ လုပ်လိုက်ရတာ ဖြစ်ပါတယ်” ဟု လက်စတာစီးတီးအသင်းက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ ပထမအကျော့တွင် စပိန်ကလပ် ဆီးဗီးလားအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၄ နာရီ မတိုင်ခင်မှာပင် ရာနီယေးရီမှာ ယခုကဲ့သို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

    “လက်စတာစီးတီးသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနည်းပြတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ အဆင့်ကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါပေမယ့် လက်ရှိရာသီ ပြည်တွင်းရလဒ်တွေဟာ အသင်းရဲ့ အခြေအနေကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်” ဟု လက်စတာ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ရာနီယေးရီမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် လက်စတာစီးတီး နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

    Ref : BBC

  • မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    မန်ယူတိုက်စစ်မှူး ရူနီကို ခေါ်ယူရန် တရုတ်ကလပ်အသင်းများ စီစဉ်နေ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအနေဖြင့် အသင်းမှထွက်ခွာရန် စဉ်းစားပါက တရုတ်စူပါလိဂ် ကလပ်အသင်းနှစ်ခုက ခေါ်ယူရန် အဆင်သင့်ရှိနေသည်ဟု သိရသည်။

    ရူနီမှာ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မန်ယူအသင်း၏ ပထမလူစာရင်းတွင် ပါဝင်ခွင့်မရတော့ဘဲ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲ ၂၀ တွင် ၃ ပွဲသာ ပါဝင်ကစားခဲ့ရသည်။ နည်းပြ မော်ရင်ဟိုကမူ တရုတ်ဘောလုံးရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်ခင် ရူနီထွက်ခွာနိုင်ချေကို ငြင်းဆိုခဲ့ခြင်းမရှိပေ။

    “ခင်ဗျားတို့ သူ့ကိုမေးရမှာပါ။ ကျွန်တော် ဒီမှာရှိနေမလားဆိုတာ ကျွန်တော်ကိုယ်တိုင် အာမမခံနိုင်ပါဘူး။ နောက်ရာသီမှာ ကစားသမားတစ်ယောက် ဒီမှာရှိနေမလားဆိုတာကိုလည်း ကျွန်တော် အာမမခံနိုင်ပါဘူး။ ခင်ဗျားတို့ သူ့ကို မေးကြည့်ပါ” ဟု မော်ရင်ဟိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    အီတလီနောက်ခံလူဟောင်း ဖေဘီယို ကန်နာဗာရိုက ၎င်း၏ တရုတ်ကလပ်အသင်း Tianjin Quanjian မှာ ရူနီအား ခေါ်ယူနိုင်ရေး အသင်းတွင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်း၏အသင်းနှင့် Beijing Guoan အသင်းမှ တစ်သင်းက ခေါ်ယူနိုင်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကလပ်အသင်းများမှာ ယခုနောက်ပိုင်းတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို လုပ်ခလာစာ အမြောက်အများပေး၍ ခေါ်ယူရန် ကြိုးစားလာပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက Shanghai Shenhua အသင်းမှာ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၆၁၅၀၀၀ ပေး၍ ခေါ်ယူခဲ့သည်။

    Ref : Goal