News @ M-Media

Tag: EPL 2017-2018

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    မေ ၁၊ ၂၀၁၈
    M-Media

    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်

    FWA ၏ တစ်နှစ်တာအကောင်းဆုံးဆုကို မိုဟာမက် ဆာလာဟ် ဆွတ်ခူး
    ==============
    အင်္ဂလိပ် ဘောလုံးဂျာနယ်လစ်များအသင်း (FWA) က မဲပေးရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟ်က ဒီဘရူနီ၊ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက် ၄၈ ပွဲကစားပြီး ၄၃ ဂိုး သွင်းပေးထားတဲ့ ဆာလာဟ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) ကချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားသူပါ။

    ဗိုလ်လုပွဲနှင့်ထိုက်တန်ကြောင်းပြမည်ဟု ရီးယဲလ်နည်းပြပြော
    =================
    ဘိုင်ယန်နဲ့ ဒီနေ့ညပွဲမှာ မိမိတို့ဟာ ဗိုလ်လုပွဲနဲ့ ထိုက်တန်ကြောင်း ပြသသွားမယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ဘိုင်ယန်အိမ်ကွင်းက ဆီးမီးဖိုင်နယ် ပထမကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ ရီးယဲလ်ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် အလားအလာကောင်းနေတာပါ။ ဘိုင်ယန်နည်းပြကတော့ အမှားတွေကို ပြန်လည်ဖာထေးပြီး တိုက်စစ်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မဖြစ်နိုင်တာ လုပ်ပြမည်ဟု ရိုးမားနည်းပြ ကြုံးဝါး
    ===============
    မနက်ဖြန်မှာကစားမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ တိုက်စစ်မှူး ဂျက်ကိုဟာ မိမိတို့အသင်းရဲ့ ဆာလာဟ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ရိုးမားနည်းပြက ဖရန်ဆက်စကိုက ပြောကြားလိုက်ပါတယ်။ ရိုးမားဟာ ပထမအကျော့ လီဗာပူးလ်အိမ်ကွင်းမှာ ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်ပွဲမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရမှ ဗိုလ်လုပွဲတက်နိုင်မှာ ဖြစ်ပါတယ်။ ဖရန်ဆက်စကိုကတော့ သူတို့အသင်းအနေနဲ့ မဖြစ်နိုင်တာကို လုပ်ပြသွားမယ်လို့ ဆိုပါတယ်။

    ချယ်ဆီးလူငယ်အသင်း FA ဖလား ၅ ကြိမ်ဆက်ချန်ပီယံဖြစ်
    ===============
    မနေ့ကကစားခဲ့တဲ့ လူငယ် FA ဖလား ဗိုလ်လုပွဲ ဒုတိယအကျော့မှာ ချယ်ဆီးက အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၇ ဂိုး ၁ ဂိုးနဲ့ FA ဖလားကို ၅ ကြိမ်ဆက် ဆွတ်ခူးသွားပါတယ်။ ဒီပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ်ကစလို့ ချယ်ဆီးဟာ ရှုံးပွဲမရှိသေးပါဘူး။ ၁၉၅၀ ပြည့်နှစ်တွေမှာ မန်ယူလူငယ်အသင်း ၅ ကြိမ်ဆက် ဆွတ်ခူးပြီးတဲ့နောက်ပိုင်း ချယ်ဆီးက ပထမဆုံး ၅ ကြိမ်ဆက်ချန်ပီယံ ဖြစ်ခဲ့တာပါ။

    Ref: Goal, BBC

  • တနင်္လာနေ့ ဘောလုံးသတင်း

    တနင်္လာနေ့ ဘောလုံးသတင်း

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    မန်စီးတီးအသင်းဘတ်စ်ကားကို လီဗာပူးလ်ပရိတ်သတ်များ နှောက်ယှက်ခဲ့မှု

    လာမည့်နွေရာသီ လူအနည်းငယ်သာဝယ်မည်ဟု မော်ရင်ဟိုဖွင့်ဟ
    ================
    လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အသင်းအတွက် အခြေခံလောက်ပဲ ကစားသမားတွေ ၀ယ်ယူသွားမယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့နှစ်ခုမှာ ပေါ့ဘာကို ပေါင် ၈၉ သန်း၊ လူကာကူကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူမှုတွေအပါအ၀င် ငွေကြေးတော်တော်များများသုံးစွဲကာ အသင်းကို ဖြည့်တွင်း မှုတွေ လုပ်ခဲ့တာပါ။ လာမယ့် နွေရာသီမှာတော့ အသင်းက ထွက်ဖို့ရှိနေတဲ့ ကာရစ်နဲ့ ဖယ်လိုင်နီတို့နေရာမှာသာ အစားထိုးဖို့ လိုအပ်မယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

    ရိုးမားပရိတ်သတ်များကို လေးစားရန် လီဗာပူးလ်နည်းပြ ကလော့ပ် ပန်ကြား
    ===================
    မနက်ဖြန်မှာကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမား ပရိတ်သတ်တွေကို လေးစားကြဖို့ လီဗာပူးလ်ပရိတ်သတ်တွေကို နည်းပြ ယာဂန်ကလော့ပ်က ပန်ကြားလိုက်ပါတယ်။ အခုလအစောပိုင်း မန်စီးတီးနဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ကစားရာမှာ လီဗာပူးလ်ပရိတ်သတ်တွေဟာ သံဘူးတွေ၊ ပုလင်းတွေ၊ မီးရှူးမီးပန်းတွေနဲ့ မန်စီးတီးအသင်းကားကို ပစ်ပေါက်မှုတွေရှိခဲ့တာကြောင့် မာဆေးဆိုက်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ယူအီးအက်ဖ်အေကလည်း လီဗာပူးလ်ကို စည်းကမ်းပိုင်ဆိုင်ရာ အရေးယူဖို့ စီစဉ်နေပါတယ်။

    FA က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြန်တောင်းပန်
    ======================
    FA ဖလား ဆီးမီးဖိုင်နယ်အပြီး Twitter က ပို့စ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြန်လည်တောင်းပန်လိုက်ပါတယ်။ မန်ယူနောက်ခံလူ စမောလင်းက ‘ဟယ်ရီကိန်း’ လို့ ပြောကြားထားတဲ့ ဗီဒီယိုကို FA က သူတို့ရဲ့စာမျက်နှာမှာ What’s in your pocket? (မင်းခါးပိုက်ထဲမှာ ဘယ်သူ့ကိုပိုက်ထားလဲ) ဆိုတဲ့ စာသားနဲ့ တင်ခဲ့တာပါ။ ဒါဟာ ဟယ်ရီကိန်းကို စော်ကားသလိုဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့တာကြောင့် FA က နှစ်သင်းစလုံးကို တောင်းပန်ခဲ့ပါတယ်။

    အသင်းအောင်မြင်ဖို့ အဓိကဟု ဆာလာဟ်ဖွင့်ဟ
    =============
    PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က သူ့ရဲ့ ရည်မှန်းချက်ဟာ အသင်းနဲ့အတူ အောင်မြင်မှုရဖို့ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေတာကြောင့် ဗိုလ်စွဲဖို့ မျှော်လင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာလာဟ်ဟာ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုး သွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့ရဲ့ တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီကာ စံချိန်သစ်တင်ဖို့လည်း နီးစပ်နေပါတယ်။

    Ref: Goal, BBC

  • ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မိုဟာမက် ဆာလာဟ် ဆွတ်ခူး

    ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မိုဟာမက် ဆာလာဟ် ဆွတ်ခူး

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    ဆုယူပြီးနောက် တွေ့ရသည့် ဆာလာဟ်

    – ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ (PFA) က ရွေးချယ်တဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိသွားပါတယ်။

    ပရီးမီးယားလိဂ် ကစားသမားတွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဆာလာဟ်ဟာ ဒေးဗစ်ဆေးလ်ဗား၊ ကီဗင် ဒီဘရူနီ၊ ဒေးဗစ် ဒီဂီယာနဲ့ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိသွားတာပါ။

    “ကြီးကျယ်တဲ့ ဂုဏ်ပြုဆုပါ။ ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ာ အခုရာသီ ပရီးမီးယားလိဂ် ၃၄ ပွဲ ကစားပြီးချိန်မှာ ၃၁ ဂိုး သွင်းယူခဲ့ပြီး အလန်ရှီးယားရာ၊ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လူးဝစ်ဆွာရက်ဇ်တို့ တင်ထားတဲ့ တစ်ရာသီ သွင်းဂိုးအများဆုံးစံချိန်နဲ့ တူညီသွားပါတယ်။

    ရာသီကန်ဖို့ ၄ ပွဲလိုသေးတာကြောင့် သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ရိုးမားကနေ လီဗာပူးလ်ကို ကန်ဒေါ်လာ ၅၁ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး လီဗာပူးလ်က ၀ယ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ဖြစ်ခဲ့ပါတယ်။

    လက်ရှိ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ဟာ ချန်ပီယံ မန်စီးတီး၊ မန်ယူတို့ရဲ့နောက် တတိယနေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။

    ဆာလာဟ်ဟာ အခုနှစ်နှောင်းပိုင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲကို အီဂျစ်အသင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့လည်း ရှိနေပါတယ်။

    PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို မန်စီးတီးအသင်းက လီရွိုင်း ဆာနေးက ရရှိခဲ့ပြီး ချယ်ဆီးအမျိုးသမီးက ကီရ်ဘီကတော့ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ချယ်ဆီးက နောက်ထပ် အမျိုးသမီး အားကစားသမားတစ်ဦးဖြစ်တဲ့ လော်ရန် ဟမ့်ပ်ဟာ အကောင်းဆုံး အမျိုးသမီး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့ ဘောလုံးသတင်း

    တနင်္ဂနွေနေ့ ဘောလုံးသတင်း

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ၂၀၀၅ ခုနှစ်တွင် လီဗာပူးလ် ချန်ပီယံလိဂ်ဖလား ရရှိစဉ်က

    မန်ယူအသင်း တစ်ဖက်သက်ဝေဖန်ခံရဟု မော်ရင်ဟိုပြော
    ==============
    အသင်းနဲ့ကစားသမားတွေဟာ လိုတာထက်ပိုပြီး ဝေဖန်ခံရတယ်လို့ မန်ယူနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းဖို့ရှိနေပြီး မနေ့က FA ဖလား ဆီမီးဖိုင်နယ်မှာလည်း စပါးကိုအနိုင်ကစားကာ ဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီအောင်မြင်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မမြင်ခဲ့ရတဲ့ အောင်မြင်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဘာစီလိုနာဗိုလ်ချုပ် အင်နီယေစတာ တရုတ်စူပါလိဂ်ပြောင်းမည်
    ================
    ရာသီကုန်ရင် တရုတ်စူပါလိဂ်ကို သွားမယ်လို့ သတင်းထွက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ အန်ဒရေ အင်နီယေစတာကို သူ့အသင်းလာခဲ့ဖို့ ရီးယဲလ်ဘက်တစ်နည်းပြက ဖိတ်ခေါ်လိုက်ပါတယ်။ လက်ရှိ ဘက်တစ်ဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတာပါ။ အသက် ၃၃ အရွယ် အင်နီယေစတာဟာ လာမယ့်ရက်ပိုင်းအတွင်း ဘာစီလိုနာက သူ့ရဲ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောဆိုဖို့ ရှိနေပါတယ်။

    လီဗာပူးလ်အသင်း ၂၀၀၅ ကံကြံမ္မာမျိုး ထပ်ကြုံမည်ဟု ကွင်လယ်လူဟောင်း သုံးသပ်
    ==================
    လီဗာပူးလ်ရဲ့ လက်ရှိအနေအထားက ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ရခဲ့တုန်းက ပုံစံအတိုင်း ဖြစ်နေတယ်လို့ ကွင်းလယ်လူဟောင်း ဂါစီယာက ပြောကြားလိုက်ပါတယ်။ လီဗာပူလ်းဟာ အခုနှစ် ချန်ပီယံလိဂ် စတင်ကစားကတည်းက ဗိုလ်စွဲမယ့်စာရင်းမှာ တစ်ပေးခြင်းမခံရပေမယ့် လက်ရှိမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး အင်္ဂါနေ့မှာ ရိုးမားနဲ့ ပထမအကျော့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဂါဇီယာကတော့ လီဗာပူးလ်ဟာ ဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေပြီး လူတွေ အံ့အားသင့်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    မန်ယူတွင် အံဝင်ဖို့ခက်သည်ဟု ဆန်းချက်ဇ်ဖွင့်ဟ
    ===========
    မန်ယူလိုအသင်းကြီးမှာ အံဝင်ခွင်ကျဖြစ်အောင်ကစားရတာ ခက်ခဲတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အလက်ဇစ်ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ မော်ရင်ဟိုရဲ့ မန်ယူကို ရောက်ရှိလာတာဖြစ်ပြီး ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ မနေ့က စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိတဲ့ FA ဖလား ဆီးမီးဖိုင်နယ်မှာ ဆန်းချက်ဇ်ဟာ ၁ ဂိုးသွင်းယူပေးခဲ့ပြီး ဒီအတွက် ပျော်ရွှင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref : Goal

  • စနေနေ့ ဘောလုံးသတင်း

    စနေနေ့ ဘောလုံးသတင်း

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ရိုးမားနှင့် လီဗာပူးလ်တို့ ၁၉၈၄ ခုနှစ် ဖိုင်နယ်တွင် တွေ့ဆုံစဉ်က

    လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် စံချိန်သစ်တစ်ခုထပ်ရ
    ======================
    ဒီနေ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ၀က်စ်ဘရွန်းနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အခုနှစ် ပရီးမီးယားလိဂ် သွင်းဂိုး ၃၁ ဂိုး ရှိလာခဲ့ပြီး ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တစ်ရာသီ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ ဆွာရက်စ်၊ ရော်နယ်ဒို၊ ရှီးယားရားတို့နဲ့ စံချိန်တူသွားခဲ့ပါတယ်။ ၄၂ ပွဲကစားတဲ့အချိန်တုန်းက အန်ဒီကိုးလ်နဲ့ ရှီးယားရားတို့ဟာ တစ်ရာသီအတွင်း ၃၄ ဂိုးသွင်းကာ စံချိန်တင်ထားတာ ဖြစ်ပါတယ်။

    အာဆင်နယ်နည်းပြ ဖြစ်လာမည်မဟုတ်ဟု ဗီယာရာဆို
    =====================
    အာဆင်နယ်နည်းပြအသစ်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကို ကွင်းလယ်လူဟောင်း ဗီယာရာက ပယ်ချလိုက်ပါတယ်။ အာဆင်နယ်မှာ ၉ နှစ်တာကစားခဲ့တဲ့ ကာလဟာ သူ့အတွက် ထူးခြားတဲ့အချိန်ဖြစ်ပေမယ့် အသင်းကိုနည်းပြဖို့တော့ အရည်အချင်းမမီသေးဘူးလို့ သူက ဆိုပါတယ်။ လီဗာပူးနည်းပြဟောင်း ရော်ဂျာဟာလည်း အာဆင်နယ်နည်းပြဖြစ်မယ်လို့ ရေပန်းစားနေပြီး သူကတော့ လတ်တလော ဆဲလ်တစ်မှာပဲ စိတ်နှစ်ထားတယ်လို့ ပြောပါတယ်။

    FA ဖလား ရယူမည်ဟု ချယ်ဆီးဂိုးသမား မျှော်လင့်
    ====================
    ချယ်ဆီးဟာ FA ဖလားကို မဖြစ်မနေ ရယူသွားမယ်လို့ ဂိုးသမား ၀ီလီ ကာဘာလီရိုက ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီး၊ ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာကိုရှုံးကာ ထွက်ခဲ့ရတဲ့ ချယ်ဆီးအတွက် FA ဖလားဟာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ချယ်ဆီးဟာ မနက်ဖြန်မှာ FA ဖလား ဆီးမီးဖိုင်နယ်ပွဲအဖြစ် ဆောက်သက်တမ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ် နောက်တစ်ပွဲကတော့ မန်ယူနဲ့ စပါးတို့ဖြစ်ပါတယ်။

    လီဗာပူးလ်ကို ဖိုင်နယ်ရှုံးကြွေးဆပ်မည်ဟု ရိုးမားနည်းပြကြုံးဝါး
    =====================
    ၁၉၈၄ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးကြွေးကို ပြန်ဆပ်သွားမယ်လို့ ရိုးမားနည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။ ရိုမားဟာ အဲဒီတုန်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီဟာ ရိုးမားကစားသမားတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာကြောင့် ၀င်မကစားခဲ့ရပါဘူး။
    လီဗာပူးလ်နဲ့ ရိုးမားတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အင်္ဂါနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။

    Ref: Goal