News @ M-Media

Tag: EPL 2019-20

  • ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ​လီဗာပူးလ်နည်းပြ၏ ပူပူနွေးနွေး ရင်တွင်းစကား

    ဇွန် ၂၆၊ ၂၀၂၀
    M-Media

    -မနေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ချယ်ဆီးအသင်းက ဒုတိယနေရာက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဇယားထိပ်က လီဗာပူးလ်အသင်းဟာ ၇ ပွဲကျန် ၂၃ မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

    ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း လီဗာပူးလ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားဖြစ်ပါတယ်။ ချန်ပီယံဖြစ်ပြီးပြီးချင်းမှာပဲ Sky Sport သတင်းဌာနက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကို ဗီဒီယိုကနေတစ်ဆင့် အင်တာဗျူအတို လုပ်ခဲ့ပြီး ရင်တွင်းခံစားချက်ကို မေးခဲ့ပါတယ်။

    မေး – ခံစားချက်လေး ပြောပြနိုင်မလား

    ဖြေ – ပြောစရာစကားတောင်မရှိဘူးဗျ။ မယုံနိုင်လောက်စရာပါပဲ။ အသင်းနဲ့ ချန်ပီယံဖြစ်ပါ့မလားလို့ ကျွန်တော်ထင်ထားတာထက်တောင် ပိုပါတယ်။ဒီအောင်မြင်မှုဟာ ကျွန်တော့်ကစားသမားတွ ၂ နှစ် ၃ အရင်က ကြိုးပမ်းအားထုတ်မှုကနေ ပေါ်ထွက်လာတာပါ။ သူတို့ကို နည်းပြခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။

    မေး – နှစ် ၃၀ လောက်စောင့်ရတော့ ပျော်တာအပြင် စိတ်သက်သာရာ ရသွားတာမျိုးလား

    ဖြေ – နှစ် ၃၀ လောက်တော့ ကျွန်တော်မစောင့်ရပါဘူး။ ဒီရောက်တာ ၄ နှစ်ခွဲရှိပြီ၊ ပြီးခဲ့တဲ့နှစ်တုန်းကမှစပြီး ဒီလိုအခွင့်အရေးမျိုးရခဲ့တယ်။ အခုနှစ်ကတော့ ဒုတိယမြောက်နှစ်ပေါ့။ အောင်မြင်မှုကောင်းတစ်ခုရတယ်။ စိတ်သက်သာရရတယ်လို့လည်း ပြောလို့ရတယ်။ ကြားထဲမှာ ၃ လလောက် အဆက်ပြတ်သွားပြီး ဘာတွေဆက်ဖြစ်မလဲ၊ အသင်းကရော ရာနှုန်းပြည့်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိကြဘူးလေ။

    မနေ့ကချယ်ဆီးနဲ့ မန်စီးတီးပွဲကတော့ ကစားတွေအတွက်ရော၊ ပရိတ်သတ်တွေအတွက်ပါ အရေးပါတယ်။ ဒီနေ့ကစားမယ့်ပွဲအတွက် အဆင်ပြေသွားတာပေါ့လေ။ အောင်မြင်မှုက ပရိတ်သတ်တွေအတွက်ပါပဲ။ အိမ်မှာပဲနေပါ။ မနေနိုင်ရင်လည်း အိမ်ရှေ့လောက်ပဲထွက်ပါ။ တရားလွန်အောင်ပွဲခံတာမျိုး မလုပ်ပါနဲ့။

    Ref: Sky Sport

  • ပရီးမီးယားလိဂ်က အလှူရေစက်လက်နဲ့မကွာတဲ့ ထိပ်တန်း ပရဟိတသမား ၃ ဦး

    ပရီးမီးယားလိဂ်က အလှူရေစက်လက်နဲ့မကွာတဲ့ ထိပ်တန်း ပရဟိတသမား ၃ ဦး

    ဇွန် ၁၉၊ ၂၀၂၀
    M-Media

    -အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးလောကမှာ အခုတစ်ပတ်ဟာ ပရဟိတကာလလို့ ပြောလို့ရပါတယ်။

    မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေက ချို့တဲ့တဲ့ ကလေးတွေကို အစားအသောက် ကျွေးမွေးရေး လှုပ်ရှားမှု စတင်ခဲ့သလို၊ အခြား အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်၊ မန်ယူနောက်ခံလူ ဟယ်ရီ မက်ဂွီရီတို့ကလည်း ကိုဗစ်တိုက်ဖျက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ချို့တဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဘောလုံးသားတွေရဲ့ ဒီလုပ်ရပ်အတွက် ပရိတ်သတ်တွေရော၊ မီဒီယာတွေကပါ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

    အင်္ဂလန်ဘောလုံးလောကမှာ အလှူရေစက် လက်နဲ့မကွာ လှူကြ၊ တန်းကြတဲ့ ထိပ်တန်း ကစားသမား ၃ ဦးလည်း ရှိနေပါသေးတယ်။

    ၁။ ဝီလ်ဖရိုင်း ဇာဟာ

    “လူတွေကိုကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကို အခွင့်အရေး ပေးထားပါတယ်”

    ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး အသက် ၂၇ နှစ်အရွယ် ဇာဟာရဲ့ မှတ်ချက်ပါ။

    တစ်ပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်း ၃ သောင်းလောက်ရပြီး ပေါင်းသန်း ၈၀ လောက် ကြွယ်၀ချမ်းသာတဲ့ ဇာဟာဟာ အိုက်ဗရီကို့စ်မှာမွေးဖွားခဲ့သူပါ။ အသက် ၄ နှစ်အရွယ်မှာ လန်ဒန်တောင်ပိုင်းကို မိသားစုနဲ့အတူ ပြောင်းလာခဲ့ပြီး ခက်ခဲတဲ့ဘ၀ကို ကျော်ဖြတ်ခဲ့ရပါတယ်။

    လက်ရှိမှာ Zaha Foundation အမည်နဲ့ ပရဟိတအဖွဲ့တစ်ခုကို ဖွဲ့ထားပြီး လုပ်ခလစာရဲ့ ၁၀ ရာခိုင်နှုန်းကို အပတ်စဉ် လှူဒါန်းနေပါတယ်။

    သူ့ရဲ့ ပရဟိတအဖွဲ့ဟာ အိုက်ဗရီကို့စ်နိုင်ငံမှာ မိဘမဲ့ဂေဟာတစ်ခု တည်ထောင်ထားပြီး ကလေးငယ် ၁၀၀ လောက် ပြုစုစောင့်ရှောက်ကာ ပညာသင်ပေးနေပါတယ်။ ဒါ့အပြင် မုဆိုးမတွေအတွက် အကူအညီပေးရေး အစီအစဉ်ကိုလည်း လုပ်ဆောင်နေပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့တဲ့ ကာလမှာ အိမ်မှာနေထိုင်နေရသူတွေအတွက်
    ဇာဟာဖောင်ဒေးရှင်းက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

    သူနေထိုင်ရာ လန်ဒန်မြို့တောင်ပိုင်းက ပရဟိတလုပ်ငန်းတွေမှာလည်း
    ဇာဟာတစ်ယောက် ပါဝင်လုပ်ဆောင်နေပါတယ်။

    ခရစ္စတန်တယ်ပဲလေ့စ်အသင်းက ထူထောင်ထားပြီး လေလွင့်ကလေးငယ်တွေကို စောင့်ရှောက်ကာ ​ပညာသင်ပေးနေတဲ့ DIVERT Programme အစီအစဉ်မှာ ဇာဟာက တက်တက်ကြွကြွ ပါဝင်နေပါတယ်။

    “ဘောလုံးပါရမီပါတဲ့အတွက် ကျွန်တော်ဟာ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ​လမ်းပျောက်နေကြပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော် ပြန်လည် ဖေးမနေတာပါ”

    ၂။ မိုဟာမက် ဆာလာဟ်

    သူ့ရဲ့ဂိုးနဲ့ အီဂျစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တဲ့အချိန် ခမ်းနားတဲ့အိမ်ကြီးတစ်လုံး လက်ဆောင်ပေးမယ်လို့ အစိုးရက ကမ်းလှမ်းတဲ့အခါ ငြင်းပယ်ပြီး ငွေသားတောင်းကာ သူမွေးဖွားရာရွာက လူတွေအတွက် လှူဒါန်းခဲ့သူက မိုဟာမက် ဆာလာဟ်ပဲ ဖြစ်ပါတယ်။

    ပေါင် ၃၇၀၀၀၀ လောက်ရှိတဲ့ သူ့ရဲ့ထောက်ပံ့ငွေကြောင့် မွေးရပ်မြေကသူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို ရရှိခဲ့ကြပါတယ်။

    ဘာသာရေးကိုင်းရှိုင်းတဲ့ ဆာလာဟ်ဟာ ညာဖက်လက်ကလှူတာကို ဘယ်ဖက်လက်က မသိစေရတဲ့ လူမျိုးပါ။ ပြီးခဲ့တဲ့နှစ်အတွင်း အီဂျစ်က ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ကို စုစုပေါင်း ပေါင် ၂.၅ သန်း လှူဒါန်းခဲ့ပါတယ်။

    အီဂျစ်မှာ အကူအညီပေးရေး ဖောင်ဒေးရှင်းတစ်ခုလည်း တည်ထောင်ထားပြီး ချို့တဲ့တဲ့ မိသားစု ၄၀၀ လောက်ကို ပုံမှန် ငွေကြေးထောက်ပံ့ပေးနေပါတယ်။

    ကိုဗစ်ကပ်ရောဂါကာလအတွင်း အင်္ဂလန် ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေရှာဖွေပွဲမှာ ဆာလာတစ်ယောက် ပါဝင်ခဲ့သလို၊ ဒုက္ခသည်ကျောင်းသားတွေ ဒစ်ဂျစ်တယ်ပညာရေး ရရှိအောင် Vodafone နဲ့ UNHCR တို့ရဲ့ အစီအစဉ်မှာလည်း သံတမန်တစ်ဦး ဖြစ်ပါတယ်။

    လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းလောက်ရနေတဲ့ မိုဟာမက် ဆာလာဟ်ရဲ့ ငယ်ဘ၀ဟာ ပန်းခင်းသော လမ်းမဟုတ်ခဲ့ဘဲ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ ဒီအဆင့်အထိ တက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

    သူ့ရဲ့ ချစ်စရာအကောင်းဆုံး ဆောင်ရွက်မှုတွေထဲက တစ်ခုကတော့ ၂၀၁၃ ခုနှစ်က ငယ်ချစ်မာဂီနဲ့ အီဂျစ်မှာ ပြန်ပြီး လက်ထပ်တဲ့အချိန် မွေးရပ်ရွာက ရွာသား ၁ ထောင်​ကျော်ကို တခုတ်တရ မင်္ဂလာပွဲ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

    ၃။ ဂျူအန် မာတာ

    မာတာဟာ ပရီးမီးယားလိဂ်ဘောလုံးလောကကို ပရဟိတမျိုးစေ့ ချပေးသူ ဖြစ်ပါတယ်။

    ဘောလုံးသမားတွေအနေနဲ့ သူတို့ရဲ့လုပ်ခလစာ ၁ ရာခိုင်နှုန်းကို ပုံမှန်လှူဒါန်းရတဲ့ Common Goal ပရဟိတအဖွဲ့ကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က မာတာကိုယ်တိုင် စတင်တည်ထောင်ခဲ့တာပါ။

    လက်ရှိမှာတော့ အဖွဲ့ဝင် ၁၅၀ အထိ ရှိလာခဲ့ပြီး လှူဒါန်းငွေကလည်း ပေါင် ၁.၈ သန်း ရှိလာပြီဖြစ်ပါတယ်။ Covid-19 အတွက်လည်း ဒီအဖွဲ့ဟာ သီးသန့် ပေါင် ၂ သိန်း ၇ သောင်း လှူဒါန်းခဲ့ပါသေးတယ်။

    ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ရောက်သွားတဲ့အချိန် ပျံကျရပ်ကွက်တွေမှာ ကလေးငယ်တွေ ချို့ချို့တဲ့တဲ့နဲ့ ဘောလုံးကစားနေတာကိုကြည့်ပြီး ဖောင်ဒေးရှင်းထူထောင်ဖို့ အကြံရခဲ့တာလို့ မာတာက ပြောပါတယ်။

    Ref: The Sun

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မေ ၁၈၊ ၂၀၂၀
    M-Media

    ဂိုးအကျယ်တိုးမြှင့်ရန် သုတေသနပညာရှင်များ လေ့လာဆန်းစစ်နေ

    လက်ရှိ ဘောလုံးသမားတွေရဲ့ ပျမ်းမျှအရပ််ဟာ ဘောလုံးအားကစားနည်းစတင်စဉ်က ကစားသမားတွေရဲ့ ပျမ်းမျှအရပ်ထက် ပိုမြင့်တယ်ဆိုရင် ဂိုးအကျယ်ကို ပိုကြီးဖို့ အဆိုပြုမယ်လို့ အမေရိကန်နဲ့ အင်္ဂလန် သုတေသနပညာရှင်တွေက ပြောပါတယ်။ လက်ရှိမှာ ဒီအတွက် သုတေသနလုပ်နေပြီး အရင်ခေတ် ဘောလုံးပို့စ်ကဒ်တွေ၊ ဓာတ်ပုံတွေကို မျှဝေကာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ဂိုးတိုင်ဟာ အကျယ် ၂၄ ပေ၊ အမြင့် ၈ ပေ ရှိနေ​ပြီး ၁၈၈၂ ခုနှစ်ကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    ဆာလာဟ်ကို ဒဏ်ရာရစေသည့် ရာမို့စ်ကို အီတလီနောက်ခံလူ ထောက်ခံ

    ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အပေါ် ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ တုန့်ပြန်မှုဟာ ဆုံးဖြတ်ချက်ပြတ်သားတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး ရာမို့စ်ဟာ အကောင်းဆုံး နောက်ခံလူဖြစ်တယ်လို့ အီတလီနောက်ခံလူဟောင်း ဂျော်ဂျီယို ချီလီနီက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်က ၃ ဂိုး ၁ ဂိုးနဲ့ ဗိုလ်စွဲခဲ့တဲ့ အဲဒီပွဲမှာ ပထမပိုင်းစလို့ သိပ်မကြာခင်မှာပဲ ရာမို့စ်ရဲ့ ဆွဲလှဲမှုကြောင့် ဆာလာဟ်ဟာ ပုခုံးဒဏ်ရာရပြီး လူစားလဲခဲ့ရပါတယ်။ ချီလီနီက ရာမို့စ်ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်ပြီး အရေးပါတဲ့ ပြိုင်ပွဲတွေမှာ ဘယ်လို တုန့်ပြန်ရမယ်ဆိုတာကိုလဲ ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

    လာကာဇက် ပူဖေါင်းမှအငွေ့ရှူသည့်ဓာတ်ပုံအတွက် အာဆင်နယ် စုံစမ်းနေ

    တိုက်စစ်မှူး လာကာဇက်တစ်​ယောက် ပူဖောင်းကနေ အငွေ့ရှူနေတဲ့ ပုံအတွက် အသင်းအတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ အာဆင်နယ်အသင်းက ပြောကြားလိုက်ပါတယ်။ ပူဖောင်းကနေ အငွေ့ရှူကာ ဆိုဖာမှာ လဲလျောင်းနေ ဗီဒီယိုတစ်ခုကို လာကာဇက်က မိတ်ဆွေတွေထံ ပေးပို့ခဲ့ပြီး အဲဒီပုံကို Daily Star သတင်းစာက ရှေ့မျက်နှာဖုံးမှာ ဖော်ပြခဲ့တာပါ။ ဒီဗီဒီယိုကို ဘယ်တုန်းက ရိုက်ကူးတာလဲဆိုတာနဲ့ လာကာဇက် ဘာကိုရှူနေလဲဆိုတာကို အတိအကျ မသိရပါဘူး။ အသင်းက တားမြစ်တဲ့ အပြုအမူမျိုးဆိုရင်တော့ သူဟာ ၂ ပတ်စာ လုပ်ခလစာ ဒဏ်ငွေရိုက်ခံရတဲ့ ပြစ်ဒဏ်မျိုး ကြုံတွေ့ရနိုင်ပါတယ်။

    မန်ယူတွင် ပက်ဂျီဆန်က ရော်နယ်ဒိုကဲ့သို့ပင် အရေးပါခဲ့

    တောင်ကိုရီးယား ကွယ်လယ်လူ ပက်ဂျီဆန်ဟာ အသင်းမှာ ရော်နယ်ဒိုလိုပဲ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီက ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ် ရော်နယ်ဒို ရီးယဲလ်မက်ဒရစ်ကို ပြောင်းသွားတဲ့ အချိန်အထိ ပက်ဂျီဆန်နဲ့ ရော်နယ်ဒိုတိုဟာ မန်ယူမှာ ၄ နှစ်တာ ကစားကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ လိဂ်ဖလားတွေ ရရှိခဲ့ပါတယ်။ ရူနီက ဘောလုံးနိုင်နင်းမှု၊ ဂိုးသွင်းမှု၊ လျင်မြန်မှုတွေကြောင့် ရော်နယ်ဒိုကို လူတွေက သိကြပေမယ့် အုပ်စုဖွဲ့ကစားမှုမှာ ပက်ဂျီဆန်က ရော်နယ်ဒိုလောက်ကို အသင်းအတွက် အရေးပါကြောင်း၊ အသင်းလိုက် အားကစားမှာ မကျော်ကြားတဲ့သူတွေက အသင်းအတွက် ပိုပြီးအရေးပါတတ်ကြောင်း ရူနီက ဆိုပါတယ်။

    Ref: Goal

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    မေ ၁၄၊ ၂၀၂၀
    M-Media

    မက်ဆီငယ်စဉ်က ပြိုင်ဘက်များ၏ အညှိုးထားမှုကို ခံစားခဲ့ရ

    မက်ဆီငယ်စဉ်က ဘောလုံးကစားတဲ့အခါ ပြိုင်ဘက်တွေရဲ့ အညှိုးထား တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပြီး ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်လို့ ဝမ်းကွဲညီအစ်ကို မာဇီ ဘီယန်ကျူချီက ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ဆူဖြစ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ ကြိမ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ‘ငါတို့ ဒီကောင့်ကို သတ်မိလိမ့်မယ်’ ဆိုတဲ့ မကျေမနပ်ပြောဆိုမှုတွေ မက်ဆီငယ်ဘ၀မှာ ကြုံတွေ့ခဲ့ရပြီး၊ မနက်​စောစောထကာ ကစားပုံကို စောင့်ကြည့်ရတဲ့အထိ မက်ဆီက ကောင်းမွန်ခဲ့တယ်လို့လည်း မာဇီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တိုက်စစ်မှူး ဒမ်ဘီလီကို မန်ယူက ယူရို သန်း ၇၀ ဖြင့် ခေါ်ယူမည်

    လိုင်ယွန်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ယူရို သန်း ၇၀ နဲ့ ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က သဘောတူညီချက်ရသွားပြီလို့ သတင်းထွက်လာပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒမ်ဘီလီဟာ ၂၀၁၆ ခုနှစ်ခုနှစ်မှာ ဖူလ်ဟမ်အသင်းကနေ ဆဲလ်တစ်ကို ပြောင်းရွှေ့သွားပြီး အဲဒီကမှတစ်ဆင့် လိုင်ယွန်ကိုရောက်ကာ ခြေစွမ်း​ပြနေတာကြောင့် ဥရောပ ထိပ်သီးကလပ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရသူပါ။ လက်ရှိ ၂၀၁၉-၂၀ ဘောလုံးရသီမှာ ဒမ်ဘီလီဟာ လိုင်ယွန်အတွက် ၂၂ ဂိုး သွင်းယူပေးထားပါတယ်။

    စပါးကွင်းလယ်လူ၏ နေအိမ်တွင် ဓားပြတိုက်ခံရ

    တော့တင်ဟမ် ​ဟော့စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီ အလီရဲ့ နေအိမ်မှာ မေလ ၁၃ ရက်နေ့မနက် အစောပိုင်းက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားပြနှစ်ဦးဟာ အလီကို ဓားနဲ့ထောက်ကာ ထိုးကြိတ်ခဲ့ပြီး အဖိုးတန်ရတနာတွေကို ယူဆောင်သွားတာပါ။ ဒီဖြစ်စဉ်အတွင်း မျက်နှာဒဏ်ရာရခဲ့တဲ့ အလီက ဆိုရှယ်မီဒီယာကနေတစ်ဆင့် အာပေးစကားပြောကြားခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါယ်။ စပါးနောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျန်ဗာတွန်ဟန်ရဲ့ လန်ဒန်မြောက်ပိုင်းက နေအိမ်မှာလည်း လွန်ခဲ့တဲ့ နှစ်လလောက်က ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။

    ကွာရန်တင်းကာလတွင် ဘာလော့တယ်လီ ရူးမတတ်ဖြစ်ခဲ့

    သီးခြားနေထိုင်မှုကာလ (Quarantine) အတွင်း မိမိအနေနဲ့ အထီကျန်ကာ ရူးမတတ်ဖြစ်ခဲ့ရတယ်လို့ စီးရီအေကလပ် ဘရက်စီယာအသင်း တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီက ပြောကြားလိုက်ပါတယ်။ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့မှုကြောင့် စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်းခဲ့ပြီး တစ်ချို့အသင်းတွေမှာ ကစားသမားတွေ ကိုရိုနာသံသယနဲ့ သီးခြားနေထိုင်ခဲ့ရပါတယ်။ ဘာလိုတယ်လီက ပထမ ၃ ရက်မှာ ကတ္ထူစက္ကူတွေ၊ နံရံကသစ်သားတွေကို ကိုက်စားတဲ့အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှ နေသားကျသွားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    Ref: Goal

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    မေ ၈၊ ၂၀၂၀
    M-Media

    ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ မေလ ၁၆ ရက်နေ့ ပြန်စမည်

    ဘွန်ဒစ်လီဂါ ဘောလုံးပြိုင်ပွဲတွေကို မေလ ၁၆ ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်က ကြေငြာလိုက်ပါတယ်။ ဥရောပမှာ Covid-19 ရောဂါ ပြန့်နှံ့မှုကြောင့် ဘွန်ဒစ်လီဂါ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ အလယ်ပိုင်းလောက်ကတည်းက ရပ်ဆိုင်းထားတာပါ။ လက်ရှိမှာ ရာသီပြီးဆုံးဖို့ ၉ ပွဲ လိုသေးပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ၅၅ မှတ်နဲ့ ဇယားကို ဦးဆောင်နေပါတယ်။ မေလ ၁၆ ရက်နေ့မှာ ပြန်လည်စတင်ပြီးတဲ့နောက် ဇွန်လ ၂၇-၂၈ မှာ ရာသီကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

    စပါးတိုက်စစ်မှူး စစ်သင်တန်းကို ထူးချွန်စွာ အောင်မြင်

    စပါးအသင်း တိုက်စစ်မှူး ဆွန်ဟွေမင်ဟာ ၃ ပတ်ကြာ တက်ရောက်ရတဲ့ စစ်သင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ တောင်ကိုရီးယား မရိန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ အင်ဒိုနီးရှားမှာ ပြုလုပ်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ ဂျပန်အသင်းကိုနိုင်ရကာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဆွန်ဟွေမင်ဟာ ၂ နှစ် စစ်မှုမထမ်း မနေရ တာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး ၃ ပတ် စစ်သင်တန်းနဲ့ နာရီ ၅၀၀ ပြည်သူ့ဝန်ထမ်း လုပ်ဆောင်ဖို့သာ တာဝန်ပေးခံခဲ့ရပါတယ်။ ၁၅၇ ဦးပါဝင်တဲ့ စစ်သင်တန်းရဲ့ အထူးချွန်ဆုံ ၅ ဦးစာရင်းမှာ ဆွန်ဟွေမင်းတစ်ယောက် ပါဝင်ခဲ့ပါတယ်။

    ဆန်စီရိုကွင်းသစ် ဒီဇိုင်း ၂ ခုကို မီလန်အသင်းများ ထုတ်ပြ

    အသစ်ဆောက်လုပ်မယ့် ကွင်းသစ်ဒီဇိုင်း နမူနာ ၂ ခုကို စီးရီးအေထိပ်သီး အင်တာမီလန်နဲ့ အေစီမီလန်တို့က ထုတ်ပြလိုက်ပါတယ်။ သူတို့ ၂ သင်း အိမ်ကွင်းအဖြစ် လက်ရှိ အသုံးပြုနေတဲ့ ဆန်စီရိုကွင်းဟာ ပရိတ်သတ် ၇၅၀၀၀ ဆန့်ပြီး ၁၉၂၅ ခုနှစ်က တည်ဆောက်ထားတာပါ။ ကွင်းသစ်အတွက် ယူရို ၁ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပြီး ကွင်းဟောင်းဆန်စီရိုရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို ​ဖြိုချမှာ ဖြစ်ပါတယ်။ ကွင်းသစ်မှာ အားကစားစင်တာ၊ ယဉ်ကျေးမှုစင်တာ၊ အပန်းဖြေနေရာ၊ စားသောက်ဆိုင်၊ အားကစားပစ္စည်းအရောင်းဆိုင် စတာတွေ ပါဝင်မှာ ဖြစ်ပြီး၊ စိမ်းလန်းနေရာက လက်ရှိကွင်းထက် ၂ ဆ ကျယ်မှာဖြစ်ပါတယ်။

    ပြင်သစ်လိဂ်ဝမ်းတွင် အလကား ကစားပေးမည်ဟု ဆစ်စီ ကမ်းလှမ်း

    ပြင်သစ်လိဂ်ဝမ်းက မိမိကို ခေါ်ယူမယ့်အသင်းအတွက် အခမဲ့ ကစားပေးမယ်လို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဂျီဘရီလ် ဆစ်စီက ပြောကြားလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆစ်စီဟာ လိဂ်ဝမ်းက အသင်း ၃ သင်းမှာကစားကာ ၉၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုး ၁၀၀ ပြည့်စံချိန်ရဖို့အတွက် အခုလို ကမ်းလှမ်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် အနားယူခဲ့ပေမယ့် နောက်ပိုင်းမှာ ဆွီဒင်နဲ့ အီတလီတို့က အသင်းငယ်လေးတွေမှာ ပြန်ကစားခဲ့ပါတယ်။ ဆစ်စီဟာ ဆန်းဒါးလန်း၊ ပါနာသီနိုင်ကော့စ်၊ လာဇီယို၊ ကျူပီအာရ် စတဲ့ အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

    Ref: Goal

    mmFootballNews