News @ M-Media

Tag: EPL 2019-20

  • ဗုဒ္ဓဟူး​နေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူး​နေ့ ဘောလုံးသတင်းများ

    မတ် ၁၈၊ ၂၀၂၀
    M-Media

    ယူရို ၂၀၂၀ ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်း

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက်နေ့အထိကျင်းပဖို့ ​ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပြောကြားလိုက်ပါတယ်။ ဒါဟာ လက်ရှိ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ရပ်ဆိုင်းထားရတဲ့ ဥရောပ အမှတ်ပေးပြိုင်ပွဲတွေ ပြီးဆုံးနိုင်အောင် အချိန်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၂၁ ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကျင်းပမယ့် ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲနဲ့ သွားတိုက်နေမှာ ဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်တွင် ကိုရိုနာကူးစက်သည့်ကစားသမား ၂ ဦး ဖြစ်လာ

    ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ ဘာလိုင်စီ မာတွီဒီဟာ COVID-19 ကူးစက်ခံနေရတယ်လို့ အသင်းက အတည်ပြုလိုက်ပြီး နောက်ခံအလယ်လူ ဒန်နီယဲလ် ရူဂါနီပြီးတဲ့နောက် ကူးစက်ခံရတဲ့ ဒုတိယမြောက် ဂျူဗီကစားသမား ဖြစ်လာပါတယ်။ မာတွီဒီဟာ မတ်လ ၁၁ ရက်နေ့ကတည်းစလို့ သီးသန့်နေထိုင်နေပြီး အခြေအနေ ကောင်းမွန်နေတယ်လို့လည်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ထားပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်ဆိုင်းထားပါတယ်။

    မန်စီးတီး ပရိတ်သတ်တစ်ဦး လူမျိုးရေးခွဲခြားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဒီဇင်ဘာ ၇ ရက်နေ့က အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ယူကွင်းလယ်လူ ဖရဒ်ကို မျောက်ပုံစံလုပ်ပြကာ လူမျိုးရေး ခွဲခြားစော်ကားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူတစ်ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။ အဲဒီပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လူမျိုးရေး ခွဲခြားစော်ကားခဲ့သူကတော့ အသက် ၄၁ နှစ်အရွယ် အန်သိုနီ ဘာကီဖြစ်ပါတယ်။ သူဟာ ဧပြီလ ၁၅ ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

    ကိုရိုနာကြောင့် ဂျွန်အိုဘီလ် မီခေးလ် အသင်းနှင့် လမ်းခွဲ

    ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ တူရကီကစူပါလိဂ်ကလပ် Trabzonspor မှာ ကစားနေတဲ့ ဂျွန်အိုဘီလ် မီခေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့် အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေတာကြောင့် ဘောလုံးကစားဖို့ အဆင်မပြေဘူးလို့ ဆိုရှယ်မီဒီယာမှာ မီခေးလ်က ရေးသားခဲ့ပြီးတဲ့နောက် နှစ်ဖက်သဘောတူညီမှုနဲ့ ဒီလို လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။ မီခေးလ်ဟာ အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ထားတာပါ။

    Ref: BBC

    #mmFootballNews

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    မတ် ၁၁၊ ၂၀၂၀
    M-Media

    အက်သလက်တီကိုနှင့်ပွဲတွင် အမှားခံလို့မရဟု လီဗာပူးလ်နည်းပြ ပြော

    ဒီကနေ့ည အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲဒုတိယအကျော့မှာ အမှားခံလို့မရဘဲ အကောင်းဆုံးပုံစံတွေကို ပြသဖို့ ယာဂန်ကလော့ပ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပထမအကျော့ အဝေးကွင်းမှာ ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဝက်ဖို့ဒ်နဲ့ ချယ်ဆီးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ကလော့ပ်က ဒီကနေ့ညပွဲမှာ တိုက်စစ်ကို ကောင်းမွန်စွာ ကစားကာ အခွင့်အရေးတွေကို ဖန်တီးဖို့ လိုအပ်ပြီး ခံစစ်ကလည်း ဘယ်တုန်းကမှနဲ့မတူတဲ့ပုံစံမျိုးဖြစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    အမှားမပြင်နိုင်၍ ချန်ပီယံလိဂ်က ထွက်ရသည်ဟု မော်ရင်ဟိုဝန်ခံ

    ပြီးခဲ့တဲ့ပွဲတွေက အမှားတွေကို ထပ်လုပ်မိခဲ့တာကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရခြင်းဖြစ်တယ်လို့ စပါးအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ပထမကျော့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးထားတဲ့ ဂျာမန်ကလပ် Leipzig ကို ဒီကနေ့မနက် ဒုတိယအကျော့မှာ ၃ ဂိုးပြတ်နဲ့ ထပ်ရှုံးခဲ့တာပါ။ Leipzig အသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကမှ တည်ထောင်ထားတဲ့အသင်း ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီပွဲမှာ ပြိုင်ဘက်ဟာ အရမ်းကောင်းလွန်းနေပြီး နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ​မော်ရင်ဟိုဟာ ပြိုင်ပွဲအားလုံးမှာ ပြီးခဲ့တဲ့ ၆ ပွဲဆက်တိုက် အနိုင်မရခဲ့ဘဲ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အနိုင်မရမှု အရှည်ကြာဆုံးကာလလည်း ဖြစ်ပါတယ်။

    စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်း၊ ချန်ပီယံဘွဲ့အတွက် ရှုံးထွက်ကစားရမည့်ပုံစံရှိနေ

    နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့နေတာကြောင့် စီးရီးအေတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ စီးရီးအေပြိုင်ပွဲတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ် FIGC က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ချုပ်ဥက္ကဌ ဂါဘရီယဲလ်လီ ဂရာဗီနာက လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုကို အဆုံးအဖြတ်လို့မယူဘဲ ချန်ပီယံဘွဲ့၊ ဥရောပဝင်ခွင့်နဲ့ တန်းဆင်းဇုန်အတွက် ရှုံးထွက်ပွဲစဉ်တွေကစားဖို့ အဆိုပြုခဲ့ပါတယ်။ ရာသီပြီးဆုံးဖို့ ၁၂ ပွဲကျန်ရှိနေချိန်မှာ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် ၆၃ မှတ်ရရှိထားပြီး ဒုတိယနေရာက လာဇီယိုကို ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

    ကိုရိုနာစိုးရိမ်မှုကြောင့် မန်စီးနှင့် အာဆင်နယ်ပွဲကို ရွှေ့ဆိုင်း

    ဒီကနေ့ညမှာ ကစားဖို့ရှိနေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် အန္တရာယ်​ကြောင့် ရွှေ့ဆိုင်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ယူရိုပါလိဂ်ပြိုင်ပွဲ ဂရိကလပ် အိုလံပီယာကော့စ်ပိုင်ရှင် အသက် ၅၂ နှစ်အရွယ် မာရီနာကစ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့သတင်း​ ပေါ်ထွက်လာပြီးနောက် အာဆင်နယ်ပွဲကို အခုလို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ် အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ်ကစားစဉ်မှာ မာရီနာကစ်ဟာ အာဆင်နယ်ကစားသမား တော်တော်များများနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ အဲဒီကစားသမားတွေကို လက်ရှိမှာ သီးသန့်ခွဲထား စောင့်ကြည့်နေတယ်လို့ အာဆင်နယ်အသင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မာရီနာကစ်ဟာ အင်္ဂလန် ချန်ပီယံရှစ် ဘောလုံးအသင်း နောတင်ဟမ်ဖောရက်စ်ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

    Ref: BBC, Goal

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မတ် ၉၊ ၂၀၂၀
    M-Media

    မန်ယူနည်းပြရာထူးက အခွင့်ထူးဖြစ်သည်ဟု ဆိုးလ်ရှားခံစားနေရ

    မန်ယူကစားသမားတွေကို နည်းပြခွင့်ရတာဟာ အခွင့်ထူးတစ်ခုဖြစ်တယ်လို့ မန်ယူနည်းပြ အိုလီ ဂူနာ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ မနေ့က မန်ယူဟာ အိမ်ကွင်းမှာ မန်စီးတီးကို ၂ ဂိုးပြတ်နိုင်ခဲ့ပြီး အဲဒီပွဲဟာ ၁၀ စုနှစ်တစ်ခုအတွင်း မြို့ခံပြိုင်ဘက်ကို ပထမဆုံးအကြိမ် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။ ဆိုးလ်ရှားက အသင်းသားတွေကို ချီးကျူးခဲ့ပြီး အသင်းလိုက်ကစားပုံ တိုးတက်လာကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရရှိဖို့အတွက် အမှတ်လိုအပ်တာကြောင့် အခုကစားပုံအတိုင်း ဆက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စီးရီးအေတာဝန်ရှိသူများ တာဝန်မဲ့သည်ဟု အီတလီအားကစားဝန်ကြီး ဝေဖန်

    ရာသီကုန်အထိ ဘောလုံးပြိုင်ပွဲတွေ ဆက်ကစားဖို့ စီးရီးအေတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့တဲ့လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ အီတလီ အားကစားရေးရာဝန်ကြီး ဗင်ဆန်ဇို ဆပါဒါဖိုရာက ဝေဖန်ပြောကြားလိုက်ပါတယ်။ အီတလီနိုင်ငံ အထူးသဖြင့် မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကြီးအကျယ်ပြန့်နှံ့နေပြီး ပြည်နယ်ပေါင်း ၁၅ ခုလောက်ကိုလည်း အစိုးရ တံခါးပိတ်ထားပါတယ်။ အားကစားပြိုင်ပွဲတော်တော်များများကို ရပ်ဆိုင်းထားပေမယ့် စီးရီးအေ တာဝန်ရှိသူတွေက ပရိတ်သတ်မပါဘဲ ပွဲတွေကိုဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆပါဒါဖိုရာက ပြည်သူတွေကို အိမ်ထဲမှာသာနေဖို့ အကြံပြုထားချိန် ကမ္ဘာ့ဘောလုံးလောကဟာ သူတို့ကိုယ်သူတို့ သိပ်ကို ကိုယ်ခံအားကောင်းတယ်လို့ ထင်နေကြ​ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အဲဗာတန်ကိုနိုင်သည့်ပွဲက အပြည့်စုံဆုံးပွဲဟု လမ်းပတ်ပြော

    မနေ့က အဲဗာတန်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ ရာသီတစ်လျှောက်လုံမှာ အပြည့်စုံဆုံး အိမ်ကွင်းနိုင်ပွဲဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ချယ်ဆီးဟာ ပြီးခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာအတွက် မန်ယူအသင်းရဲ့ ဖိအားပေးမှုကို ခံလာရပြီး ပရိတ်သတ်​တွေရဲ့ လမ်းပတ်အပေါ် ယုံကြည်မှုလည်း လျော့နည်းလာခဲ့တာပါ။ ဒါပေမယ့် မနေ့ကပွဲမှာတော့ လမ်းပတ်ဟာ ပရိတ်သတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ဒီကစားပုံကို လာမယ့်ပွဲတွေမှာ ဆက်လက်သယ်ဆောင်သွားပြီး ရာသီကုန်ရင် ခိုင်မာတဲ့အဆင့်တစ်ခုမှာ ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့ လမ်းပတ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: BBC

    mmFootballNews

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မတ် ၂၊ ၂၀၂၀
    M-Media

    လတ်တလောသမိုင်းတွင် မန်စီးတီး၏ အောင်မြင်မှုကို မည်သူမျှ မယှဉ်နိုင်

    အင်္ဂလိပ်ဘောလုံးလောကရဲ့ လတ်တလောကာလမှာ မန်စီးတီးအသင်းရဲ့ အောင်မြင်မှုဟာ ပြိုင်ဘက်မရှိဘူးလို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟား မနေ့က အက်စတွန်ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ လိဂ်ဖလား Carabao Cup ကို ၃ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာပါ။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ၂ ကြိမ်၊ FA ဖလား တစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ ဂွါဒီယိုလာက ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ၈ နှစ်မှာ မိမိတို့ ဖလားရခဲ့ကြောင်း၊ ဥရောပဖလားကို ထည့်မတွက်ရင် ဒီကာလအတွင်း မိမိတို့လို ပြည်တွင်းအောင်မှုမျိုး ဘယ်အသင်းမှ မရဖူးကြောင်း၊ လီဗာပူးရဲ့ အအောင်မြင်ဆုံးအချိန် ၁၉၈၀ ပြည့်နှစ်တွေမှာ ဒီလိုမရှိခဲ့သလို၊ ဆာအဲလက်စ်ဖာဂူဆန်၊ မော်ရင်ဟို၊ အာဆင်ဝင်းဂါးတို့လည်း ဒီလို မရခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

    နောက်ခံလူလိုဗရန်ကို ကလော့ပ်က ကာကွယ်ပြောဆို

    ဝဒ်ဖို့အသင်းကို ရှုံးနိမ့်မှုမှာ နောက်ခံလူ လိုဗရန်ကို အပြစ်တင်တာဟာ မတရားဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ စနေနေ့က ၃ ဂိုးပြတ်နဲ့ ဒီအရှုံးဟာ လီဗာပူးလ်အသင်းရဲ့ ၄၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ရတဲ့ပွဲပါ။ ဒီအတွက် နောက်ခံအလယ်လူ လိုဗရန်ဟာ ဝေဖန်ခံခဲ့ရပြီး ကလော့ပ်ကတော့ အသင်းရှုံးနိမ့်မှုအတွက် တစ်ဦးတစ်ယောက်တည်းကို ပြစ်တင်လို့မရကြောင်း၊ မိမိတို့တစ်သင်းလုံး ကစားပုံမကောင်းခဲ့ကြောင်း၊ ဝက်ဖို့ဒ်အသင်းရဲ့ နောက်ခံလူ ၆ ယောက်ထားကစားပုံကလည်း မိမိတို့ကို အခက်တွေ့စေခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာကာနိုင်သော်လည်း ဇီဒိန်း မပျော်နိုင်

    မနေ့က ဘာစီလိုနာအသင်းကို အနိုင်ရတာဟာ နှစ်မြို့ဖွယ်ရာအချိန်တစ်ခုဖြစ်တယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ လာလီဂါ ၂ ပွဲမှာ ၁ မှတ်သာ ရရှိထားပြီး၊ ပြီးခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို ရှုံးနိမ့်ထားတာပါ။ မနေ့ကပွဲမှာတော့ ဗီနီစီယက်စ် ဂျူနီယာ၊ မာရီယာနိုတို့ရဲ့ ဂိုးတွေနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး ဘာစီလိုနာကို တစ်မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဇီဒိန်းက ဒီ ၃ မှတ်ဟာ ဘာအပြောင်းအလဲမှမလုပ်ပေးနိုင်ကြောင်း ရှေ့ဆက်ရမယ့်ခရီးဟာ ရှည်လျားပြီး ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    လေ့ကျင့်ရေးကွင်းတွင် လက်ဆွဲနှုတ်ဆက်မှုကို နယူးကာဆယ်ပိတ်ပင်

    ကမ္ဘာတစ်ဝှမ်း လူပေါင်း ၈ သောင်းကျော်လောက်မှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နယူးကာဆယ်အသင်းက လေ့ကျင့်ရေးကွင်းမှာ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာကို ပိတ်ပင်လိုက်ပါတယ်။ ယူကေမှာ ကူးစက်သူဦးရေဟာ သောကြာနေ့အထိ ၁၉ ဦး ရှိနေပါတယ်။ ဗိုင်းရပ်စ်မကူးစက်ဖို့ ကြိုတင်ကာကွယ်ရေးမှာ လက်ဆေးတာဟာ အရေးကြီးတယ်လို့ နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားတာပါ။ နယူးကာဆယ်နည်းပြ စတီဗ်ဘရုစ်က အသင်းဆရာဝန်ရဲ့ အကြံပေးမှုကြောင့် လေ့ကျင့်ကွင်းလာရင် အချင်းချင်း လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အကျင့်ကို ရပ်ဆိုင်းလိုက်ကြောင်း၊ သတင်းတွေကို စောင့်ကြည့်နေပြီး ယူကေမှာ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် ဆုတံဆိပ်ရသည်ဆိုသည်ကို မာနေးမသိ

    ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရင် တစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ အရင်က မသိခဲ့ဘူးလို့ လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ၁၁ ပွဲကစားဖို့ ကျန်ရှိနေချိန် ၂၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နောက်ထပ် ၄ ပွဲ အနိုင်ရရုံနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာမှာ ဖြစ်ပါတယ်။ မာနေးက‌ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် ကစားသမားတစ်ဦးချင်း ဆုတံဆိပ်ရတယ်ဆိုတာ မနေ့ကမှ သိတာဖြစ်ပြီး တစ်ဦးချင်းဆုတံဆိပ်တွေကို သိပ်ပြီး ဦးစားမပေးကြောင်း၊ မိမိတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေနိုင်တာဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိပ်မက် အမှန်တကယ်ဖြစ်လာတဲ့ မန်ယူတိုက်စစ်မှူး

    ဖိအားတွေရှိနေပေမယ့် မန်ယူမှာ ပထမဆုံး ဂိုးသွင်းနိုင်တဲ့အတွက် ကျေနပ်မိတယ်လို့ နိုက်ဂျီးရီးယားတိုက်စစ်မှူး အီဂ်ဟာလိုက ပြောကြားလိုက်ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ရောက်ရှိလာတဲ့ အီဂ်ဟာလိုဟာ ဒီကနေ့မနက်က ဘရုဂျက်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တာပါ။ သူ့ကိုခေါ်ယူတဲ့အချိန် ဆိုရှယ်မီဒီယာမှာ Trend ဖြစ်ခဲ့သလို ဒီကနေ့မနက် ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာလည်း Trend ထပ်ဖြစ်ခဲ့ပါတယ်။ အီဂ်ဟာလိုက မိမိဟာ မန်ယူအသင်းကို ငယ်ငယ်ကတည်းက အားပေးခဲ့ပြီး ဒီလိုဂိုးသွင်းနိုင်ဖို့လည်း အိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ်။

    Ref: BBC