News @ M-Media
Tag: EPL
  • နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်
    နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်
    မေ ၉၊ ၂၀၁၅
    M-Media
    mu
    – စည်းကမ်းကြီးသည့် နည်းပြဗန်ဂါးလ်းမှာ မိမိနှင့် ကစားသမား ၁၀ ဦးကို နေ့လည်စာအချိန် ၁ မိနစ်ခန့် နောက်ကျသည့်အတွက် ဒဏ်ငွေရိုက်ခဲ့သည်ဟု မန်ယူကွင်းလယ်လူ ဖယ်လိုင်နီက ဖွင့်ဟ ပြောကြားလိုက်သည်။
    ဗန်းဂါးလ်မှာ ၎င်း၏ နည်းပြသက်တမ်းတစ်လျှောက် စည်းကမ်းတင်းကျပ်သည့်နေရာတွင် နာမည်ကျော်ပြီး အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာသည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် ကျင့်သုံးခဲ့သည်။
    ဖယ်လိုင်နီကမူ မိမိအနေဖြင့် ဗန်ဂါလ်းလက်အောက်တွင် နေရာပြန်ရလာသည့်အတွက် ပျော်ရွှင်မိသော်လည်း နေ့လည်စာစားချိန် နောက်ကျသည့်အတွက် ဗန်ဂါလ်း၏ အမြတ်ထွက်ခြင်းကို ခံခဲ့ရကြောင်း ၀န်ခံခဲ့သည်။
    “တစ်နေ့မှာ လေ့ကျင့်ခန်းအပြီး နံနက်စာစားဖို့ ကျွန်တော်နဲ့ ကစားသမား ၁၀ ယောက် ၁ မိနစ်လောက် နောက်ကျသွားပြီး သူက ဆူတော့တာပါပဲ။ ခင်ဗျားတို့ကတော့ တစ်မိနစ်ဆိုတာ ဘာမှမဟုတ်ဘူးလို့ ထင်မှာပေါ့။ လေ့ကျင့်ခန်းအတွက်မှမဟုတ်တာ။ စားဖို့အတွက်ပဲလေ။ ဒါပေမယ့် သူ့အတွက်တော့ အရေးကြီးပါတယ်။ ပြီးတော့ ဒဏ်ငွေလည်း ရိုက်ပါတယ်။ နောက်ကျတဲ့သူတွေကို ဒီလိုဒဏ်ရိုက်သလို၊ အနီကဒ်အတွက်လည်း ဒဏ်ငွေရိုက်ပါတယ်။ ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက်လည်း
    ဒဏ်ငွေပေးရပါတယ်” ဟု ဖယ်လိုင်နီက Daily Mirror သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဖယ်လိုင်နီက နည်းပြဟောင်းမိုယက်စ်အား ၂၀၁၄ ခုနှစ် ဧပြီလ၌ မန်ယူက ထုတ်ပယ်ခဲ့သည့် အချိန်တွင် မိမိမှာ မျက်ရည်ကျခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “သူထွက်သွားတော့ ကျွန်တော် ၀မ်းနည်းခဲ့ပါတယ်။ ကျွန်တော် ကန်တင်းထဲဝင်လာတဲ့အခါ သူ့ကို အားကစားဝတ်စုံအစား ရိုးရိုးဝတ်စုံနဲ့တွေ့ပါတယ်။ ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး စကားပြောပါတယ်။ ကျွန်တော် မျက်ရည်ကျခဲ့ပြီး လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် ဒါဟာ သာမန်ပါပဲ။ ကျွန်တော် သူနဲ့ ၄ နှစ် အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျွန်တော့်ရဲ့ ဒုတိယဖခင် မဟုတ်ပေမယ့် အဲလောက်နီးနီးပါပဲ။ သူ ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ပါတယ်”
    Ref: Goal
  • သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    မေ ၈၊ ၂၀၁၅
    M-Media
    walcott
    – အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မအောင်မြင်လျှင်လည်း တိုက်စစ်မှူး သီယိုဝေါလ်ကော့အား ရောင်းချမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိတစ်ပတ်လုပ်က ပေါင် ၁ သိန်း ရရှိနေသည့် ဝေါလ်ကော့၏ စာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး အာဆင်နယ်မှာ ဝေါလ်ကော့၏ ကိုယ်စားလှယ်များနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
    အသက် ၂၆ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် ဆက်သွယ်နေသည်။
    “ဒီနေ့မှာ (ဝေါလ်ကော့ကိုရောင်းမယ်ဆိုတဲ့) ဆန္ဒမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က သူ့ကို နေစေချင်လို့ပါ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ စိတ်အားထက်သန်ပါတယ်။ သူလည်း ဒီလိုပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား
    ပြောကြားခဲ့သည်။
    ဝေါလ်ကော့နှင့် ၀င်းဂါးတို့၏ အကြားတွင် မကျေလည်မှုများ ရှိနေသည်ဟု ပြီးခဲ့သည့်မတ်လက သတင်းများ ထွက်ပေါ်ခဲ့ပြီး ဝေါလ်ကော့ကမူ ထိုသတင်းမှာ မဟုတ်ကြောင်း Twitter မှ တစ်ဆင့် ဖြေရှင်းခဲ့သည်။
    Ref: Goal
  • ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ
    ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ
    မေ ၇၊ ၂၀၁၅
    M-Media
    toure
    – မန်စီးတီးအသင်း၏ အားထားရသည့် ကွင်းလယ်ဖန်တီးရှင် ယာယာတိုးယေးမှာ ရာသီကုန်လျှင် အသင်းမှထွက်ခွာရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
    တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းရနေသည့် တိုးယေးမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး မကြာမီ ၎င်း၏ အနာဂတ်အတွက် မန်စီးတီး အကြီးအကဲများနှင့် ဆွေးနွေးမည်ဖြစ်သည်။
    မန်စီးတီးမှာ သက်ကြီးကစားသမားများ များပြားနေသည့် အသင်းမှ ကစားသမားများကို လာမည့် နွေရာသီတွင် လျှော့ချချင်နေပြီး တိုးယေးမှာလည်း ထိုအထဲတွင် ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။
    မေလ ၁၃ ရက်နေ့တွင် အသက် ၃၂ နှစ်ပြည့်မည့် တိုးယေးကို အင်တာကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကာ နည်းပြမန်စီိနီက တိုးယေးမှာ မိမိနှင့် သားကဲ့သို့ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။
    အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်က်ကလည်း တိုးယေး၏ အနာဂတ်မှာ ပရီးမီးယားလိဂ်အပြင်ဘက်တွင် ဖြစ်မည်ဟုဆိုသည်။
    “ဒီနှစ်နွေရာသီမှာ သူဟာ မန်စီးတီးကို စွန့်ခွာမယ်ဆိုတာ ၉၀ ရာခိုင်နှုန်း သေချာပါတယ်။ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ရာသီကုန်တာကို ကျွန်တော်တို့ စောင့်နေတာပါ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • မန်ယူအား ဗန်ဂါးလ်က ပြန်မတင်ပေးလျှင် အခြားလူမရှိဟု ဗန်ဒါဆားပြော
    မန်ယူအား ဗန်ဂါးလ်က ပြန်မတင်ပေးလျှင် အခြားလူမရှိဟု ဗန်ဒါဆားပြော
    မေ ၇၊ ၂၀၁၅
    M-Media
    vangal
    – လူးဝစ်ဗန်ဂါးလ်မှာ မန်ယူတွင် အောင်မြင်မည်ဖြစ်ပြီး အသင်း၏ကံကြမ္မာ ကောင်းမွန်လာအောင် ဗန်ဂါးလ်မှ ဆောင်ရွက်မပေးနိုင်လျှင် အခြားသူ မရှိတော့ဟု ဂိုးသမားဟောင်း ဗန်ဒါဆားက ပြောကြားလိုက်သည်။
    ဗန်ဂါးလ်မှာ ယခုနှစ်ရာသီအစမှနေ၍ မန်ယူအား ကိုင်တွယ်ခဲ့ပြီး အများမျှော်လင့်ထားသကဲ့သို့ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘဲ အသင်းမှာလည်း မက်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာအတွက် စိုးရိမ်စရာအနေအထား ဖြစ်လာပြီးနောက် ဗန်ဂါးလ်၏ စွမ်းဆောင်မှုအတွက် ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။
    သို့သော်လည်း အေဂျက်တွင် ဗန်းဂါလ်းလက်အောက်၌ ကစားဖူးသည့် မန်ယူကစားသမားဟောင်း ဗန်ဒါဆားက မန်ယူအသင်းကို ပရီးမီးယားလိဂ် ထိပ်တန်းနေရာသို့ ပြန်လည် ယူဆောင်လာပေးရန် ဗန်ဂါးလ်သာလျှင် လုပ်နိုင်သည်ဟု ပြောကြားခဲ့သည်။
    “လူးဝစ် (ဗန်းဂါးလ်) ဟာ သူရဲ့ဘ၀မှာ သံသယတွေအများကြီး မကြုံခဲ့ရပါဘူး။ ဒါဟာ သိပ်ကောင်းပါတယ်။ ကစားသမားတွေကို တကယ်သိတဲ့ နည်းပြကောင်းကောင်းတစ်ယောက်ရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အေဂျက်၊
    ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဟော်လန်လက်ရွေးစင်အသင်းတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ တကယ်လို့ သူဟာ (မန်ယူရဲ့ကံကြမ္မာ ပြန်ကောင်းလာအောင်) မလုပ်နိုင်ဘူးဆိုရင် အဲဒီလိုလုပ်နိုင်မယ့်လူ ရှာဖို့ သိပ်ခက်ပါတယ်” ဟု ဗန်ဒါဆားက Daily Express သို့ ပြောကြားခဲ့သည်။
    မန်ယူတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့သည့် ဗန်ဒါဆားမှာ အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
    ဗန်ဂါးလ်မှာ အတွေ့အကြုံများပြီး မည်ကဲ့သို့ အလုပ်လုပ်ရမည်ဆိုသည့် ကိုယ်ပိုင် ဒဿနရှိကြောင်း၊ ၎င်းမြင်ချင်သည့် ဘောလုံးရသမျိုးကို မည်ကဲ့သို့ ထုတ်လုပ်ရမည်ကိုလည်း သိကြောင်း ဗန်ဒါဆားက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဆန်းချက်ဇ်အား ယခုလောက်အထိ မျှော်လင့်မထားဟု ၀င်းဂါးပြော
    ဆန်းချက်ဇ်အား ယခုလောက်အထိ မျှော်လင့်မထားဟု ၀င်းဂါးပြော
    မေ ၅၊ ၂၀၁၅
    M-Media
    sanchez
    – အသင်း၏ ဂိုးသွင်းစက်ဖြစ်လာသည့် တိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါက ချီးကျူးလိုက်ပြီး မိမိအနေဖြင့် ထိုကဲ့သို့ ဂိုးများ သွင်းနိုင်မည်ဟု မျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့သည်။
    ယမန်နေ့က ဟားလ်စီးတီးအသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည့် ဆန်းချက်ဇ်မှာ လက်ရှိ၌ ပြိုင်ပွဲအားလုံးတွင် ၂၄ ဂိုး သွင်းယူပေးထားနိုင်ပြီး သီယာရီ ဟင်နရီပြီးနောက် အသင်းနှင့် ပထမဆုံးရာသီတွင် ဂိုး ၂၀ ကျော်သွင်းနိုင်သည့် ပထမဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့သည်။
    ဆန်းချက်ဇ်မှာ ၎င်း၏ မျှော်လင့်ထားမှုများထက် ပို၍ ဆောင်ရွက်နိုင်ခဲ့ပြီလားဟု Sky Sports က မေးမြန်းရာတွင် ၀င်းဂါးက “ဟုတ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ကို ဂိုးသွင်းစက်တစ်ယောက်ထက် ဖန်တီးပေးသူတစ်ယောက်အဖြစ်ပဲ ကျွန်တော် မျှော်လင့်ခဲ့တာပါ။
    ကျွန်တော်က သူ့ကို ဂိုးသွင်းခွင့် သိပ်မရနိုင်တဲ့ တောင်ပံမှာ ထားကစားမှာကိုး။ ဒါပေမယ့် သူဟာ အချိန်အဆရှိတယ်။ ပြေးအားလည်း တော်တော်ကောင်းတယ်။ ပြီးတာ့ အဆုံးသတ်ဖို့ နေရာကောင်းလည်း ရှာတတ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထို့ပြင် ဟားလ်စီးတီးနှင့်ပွဲ အသင်း၏ စွမ်းဆောင်ရည်ကိုလည်း ၀င်းဂါးက ချီးကျူးခဲ့သည်။ ထိုနိုင်ပွဲမှာ အာဆင်နယ်၏ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၉ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ဒုတိယနေရာတွင် ရှိနေသည်။
    “စွမ်းဆောင်ရည်အတွက် တော်တော်လေး ကျေနပ်ပါတယ်။ ကျွန်တော်တို့ လွယ်လွယ်ပဲ ကစားနိုင်ခဲ့ပါတယ်”
    Ref: Goal