News @ M-Media
Tag: EPL
  • ထိပ်ဆုံးလေးသင်းဝင်ရန် လက်ကျန်ပွဲများအားလုံး အနိုင်ကစားရတော့မည်ဟု ရော်ဂျာပြော
    ထိပ်ဆုံးလေးသင်းဝင်ရန် လက်ကျန်ပွဲများအားလုံး အနိုင်ကစားရတော့မည်ဟု ရော်ဂျာပြော
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    liverpool
    – ယမန်နေ့က ၀က်စ်ဘရွန်းအား သရေကျခဲ့ခြင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မိမိတို့၏မျှော်လင့်ချက်ကို ပျက်ဆီးစေပြီး ထိပ်ဆုံးလေးသင်း စာရင်းဝင်ရန်အတွက် ကျန်ရှိသည့်ပွဲများအားလုံးကို အနိုင်ရကစားရမည်ဟု လီဗာပူးလ်နည်းပြ ဘန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ထိုပွဲတွင် လီဗာပူးလ်မှာ ဂိုးသွင့်အချို့ ရခဲ့သော်လည်း ဂိုးကံခေခြင်းနှင့် ၀က်စ်ဘရွန်းအသင်း၏ ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခြင်းတို့ကြောင့် ဂိုးမရှိသရေဖြင့် ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် လီဗာပူလ်းမှာ အဆင့် ၅ နေရာတွင်ရှိနေပြီး အဆင့် ၄ မှ မန်ယူနှင့် ၇ မှတ် ကွာဟနေသည်။
    ရော်ဂျာကမူ မိမိတို့မှာ အဆင့်လေးနေရာအတွက် အခွင့်အရေးရရန် ကျန်ရှိသည့်ပွဲများတွင် အမှတ်အပြည့် ရယူရမည်ဟုဆိုသည်။
    “သိပ်ခက်သွားပါပြီ။ ၆ ပွဲမှာ အနည်းဆုံး ၅ ပွဲတော့ ကျွန်တော်တို့ နိုင်ဖို့လိုတယ်လို့ ခံစားရပါတယ်။ နောက်ထပ် ၅ ပွဲရှိသေးတယ်။ ပြီးတော့ ကျွန်တော်တို့ အခွင့်အရေးရဖို့အတွက် အဲဒီပွဲတွေအားလုံး နိုင်ဖို့ လိုအပ်ပါတယ်။ အပေါ်ကအသင်းတွေ ဘာဖြစ်မလဲဆိုတာလည်း မသိနိုင်ပါဘူး။ ဒါပေမယ့် လုပ်ဖို့လိုတာက ဆက်လက်တွန်းအားပေးသွားဖို့ပါပဲ” ဟု ရော်ဂျာက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    “ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ တစ်မှတ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အားထုတ်မှု၊ စိတ်နှစ်မြှုပ်မှုတို့အတွက် ထိုက်တန်တဲ့အမှတ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့လိုတယ်။ ၄ ပွဲကစားဖို့လိုသေးပြီး အမှတ်တွေယူဖို့လည်း လိုပါတယ်” ဟု ပူးလစ်က ပြောကြားခဲ့သည်။
    Ref: Goal.com
  • အာဆင်ဝင်းဂါးမှာ မိမိ၏ ပြိုင်ဘက်မဟုတ်ဟု မော်ရင်ဟိုပြော
    အာဆင်ဝင်းဂါးမှာ မိမိ၏ ပြိုင်ဘက်မဟုတ်ဟု မော်ရင်ဟိုပြော
    ဧပြီ ၂၅၊ ၂၀၁၅
    M-Media
    moriho
    – အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးအား ပြိုင်ဘက်အနေဖြင့် မမြင်ကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်အား ၁၀ မှတ်ဖြတ်ကာ ဦးဆောင်ထားပြီး ၎င်းတို့နှစ်သင်းမှာ မနက်ဖြန်တွင် ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။ အာဆင်ဝင်းဂါးနှင့် မော်ရင်ဟိုတို့မှာ ယခင်က စကားစစ်ထိုးမှုများကို ပြုလုပ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် မော်ရင်ဟိုက ၎င်းမှာ အာဆင်ဝင်းဂါးနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
    “ကျွန်တော့်အတွက်တော့ သူဟာ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီလိုလည်း မခံစားရပါဘူး။ သူဟာ တူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်နေထိုင်အလုပ်လုပ်တဲ့ မြို့တွင်းက အသင်းကြီးတစ်သင်းရဲ့ နည်းပြပါပဲ။ ဒ့ါကြောင့် အမြဲတမ်း ပြိုင်ဘက်ပုံစံမျိုး နည်းနည်းတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ရီးယဲလ်မှာရှိတုန်းက အက်သလက်တီကိုနည်းပြကို မြင်သလိုမျိုးပဲ ၀င်းဂါးကို မြင်ပါတယ်” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ အာဆင်ဝင်းဂါးနှင့် တွေ့ဆုံသည့်ပွဲများတွင် ၁၂ ပွဲတိုင်တိုင် ရှုံးပွဲမရှိသေးဘဲ မော်ရင်ဟိုကမူ အဆိုပါမှတ်တမ်းအတွက် ဂုဏ်မယူဟုဆိုသည်။
    “ကျွန်တော့်အတွက်တော့ အောင်မြင်မှုဆိုတာ မနက်ဖြန်ပွဲ နိုင်ဖို့ပါပဲ။ ဒါဟာ အရင်က အာဆင်နယ်နဲ့ကစားခဲ့တဲ့ ၁၂ ပွဲမဟုတ်ပါဘူး။ ကျွန်တော် ဒါကိုမကြည့်ပါဘူး။ အရေအတွက်တွေကို မကြည့်ပါဘူး။ ဒီနည်းပြ ဒါမှမဟုတ် ဒီအသင်းနဲ့တွေ့တဲ့အခါ ဘာလုပ်ခဲ့သလဲဆိုတာ ကျွန်တော်မကြည့်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    မော်ရင်ဟို၏ ချယ်ဆီးမှာ အာဆင်နယ်အား အနိုင်ရခဲ့ပါက ၁၃ မှတ်အသာဖြင့် ဇယားအား ဦးဆောင်နိုင်မည်ဖြစ်ပြီး ချန်ပီယံဖြစ်ရေး နောက်ထပ်တစ်ပွဲသာ အနိုင်ကစားရန် လိုအပ်တော့မည်ဖြစ်သည်။
    Ref: Goal.com
  • ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့နီးလာ၊ တန်းမဆင်းရရေးအတွက် အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃
    ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့နီးလာ၊ တန်းမဆင်းရရေးအတွက် အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃
    ဧပြီ ၂၀၊ ၂၀၁၅
    M-Media
    EPL 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးက ချယ်ဆီးက မန်ယူကို အနိုင်ရအောင် ကစားသွားပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်က တော်တော်လေး နီးလို့လာခဲ့ပါပြီ။ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိရှုံးခဲ့တဲ့ မန်စီးတီးလည်း မနေ့က အနိုင်ရခဲ့ပါတယ်။
    ချန်ပီယံဖြစ်ဖို့အတွက် အမှားမခံတဲ့ ချယ်ဆီးတို့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ မန်ယူကတော့ ကစားကွက်အသာနဲ့ ဖိနိုင်ခဲ့ပြီး ပွဲအစ ၃ မိနစ် ရူနီရဲ့ အပိုင်ကန်သွင်းခွင့်တစ်ကြိမ်သာ ဂိုးဝင်သွားခဲ့ရင် ရလဒ်က ပြောင်းလဲသွားမှာပါ။ ချယ်ဆီးရဲ့ ခံစစ်ကစားပုံက တော်တော်လေး သေသပ်တာကြောင့် မန်ယူတို့ ဘောလုံးကိုင်ထားနိုင်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ချယ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု
    ရမယ်လို့ ရေပန်းစားနေတဲ့ ဟာဇာ့ဒ်က ပထမပိုင်း ၃၈ မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်ဂါးလ်က သူ့အသင်းဟာ ကောင်းရှုံးဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ မန်စီးတီးတို့ ၀က်စ်ဟမ်းကို သက်တောင့်သက်သာနဲ့ပဲ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကို ပထမပိုင်းမှာပဲ ရခဲ့တာဖြစ်ပြီး ၀က်စ်ဟမ်းနောက်ခံလူ ဂျိမ်းကိုလင်ရဲ့ လက်ဆောက်ဂိုးနဲ့ အဂူရိုတို့ရဲ့ သွင်းဂိုးတွေပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ မန်စီးတီးတို့ ပုံမှန်လောက်သာ ကစားသွားခဲ့ပြီး ဂိုသွင်းခွင့်အချို့ ရခဲ့ပေမယ့် ဂိုးတော့ မဖြစ်ခဲ့ပါဘူး။ ပယ်လီဂရီက
    အရေးပါတဲ့နိုင်ပွဲဖြစ်ကြောင်း ယခုတစ်လော စိတ်ပျက်မိပေမယ့် ၁၅ မှတ်ရရေး ကစားရဖို့ ရှိနေတဲ့အတွက် အတူတကွ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    ပါဂျူးလက်အောက်မှာ လုပ်တိုင်းဖြစ်နေပြီး နောက်ဆုံး ၄ ပွဲဆက် အနိုင်ရကာ တိုက်စစ်ပိုင်း အကောင်းဆုံးဖြစ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဒီတစ်ပတ်မှာတော့ အိမ်ကွင်းမှာ ခြေစွမ်းပျက်နေတဲ့ ၀က်စ်ဘရွန်းကို အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာ မော်ရစ်ဆန် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက ပဲလေ့စ်အတွက် ခြောက်ခြားစရာဖြစ်ခဲ့ပြီး ကစားပုံလည်း လုံးဝ ဆိုးရွားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ
    လူစားထိုးမှုတွေနဲ့ အပြောင်းအလဲတစ်ချို့လုပ်ပြီး ပိုကောင်းလာခဲ့ပေမယ့် ၅၃ မိနစ်မှာ ဂါဒ်နာက နောက်တစ်ဂိုး ထပ်သွင်းသွားခဲ့ပြီး ပဲလေ့စ်တို့ တစ်လုံးတောင် ပြန်မချေပနိုင်ခဲ့ပါဘူး။ ပါဂျူးကတော့ ရလဒ်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
    နယူးကာဆယ်ကလည်း အရှုံးသံသရာထဲက မထွက်နိုင်သေးပါဘူး။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် စပါးကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ နောက်ဆုံး ၅ ပွဲဆက်အရှုံးလည်း ဖြစ်ပါတယ်။ တန်းဆင်းဇုန်က ရုန်းနေတဲ့ လက်စတာက ဆွမ်ဆီးကို အနိုင်ရခဲ့ပြီး ၃ ပွဲဆက်နိုင်တာဖြစ်လို့ ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ကျန်ဖို့ မျှော်လင့်ချက် ပိုကောင်းလာပါပြီ။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ၀က်စ်ဘရွန်း
    အဲဗာတန် ၁-၀ ဘန်လေ
    လက်စတာ ၂-၀ ဆွမ်ဆီး
    စတုတ် ၂-၁ ဆောက်သက်တမ်
    ချယ်ဆီး ၁-၀ မန်ယူ
    မန်စီးတီး ၂-၀ ၀က်စ်ဟမ်း
    နယူးကာဆယ် ၁-၃ စပါး
  • ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို
    ချန်ပီယံဖြစ်လုနီးပြီဟု မော်ရင်ဟိုဆို
    ဧပြီ ၁၉၊ ၂၀၁၅
    M-Media
    Morinho
    – မိမိ၏ နည်းစနစ်များမှာ အပြည့်အ၀ အလုပ်ဖြစ်ခဲ့ပြီး မန်ယူအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သေချာလုနီးပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ကစားကွက် အသာမရခဲ့သော်လည်း ဟဇာ့ဒ်၏ တစ်လုံးတည်းသောဂိုးဖြင့် နောက်ပိုင်းပွဲစဉ်များတွင် ခြေတက်နေသည့်မန်ယူကို အနိုင်ရခဲ့ပြီး ဒုတိယနေရာမှ အာဆင်နယ်အား ၁၀ မှတ် ဖြတ်ထားနိုင်ပြီဖြစ်သည်။
    ထို့ကြောင့် လာမည့်တစ်ပတ် အာဆင်နယ်နှင့်ပွဲတွင် အနိုင်ရရှိပါက ချယ်ဆီးမှာ ချန်ပီယံဖြစ်ရေး နောက်ထပ်တစ်ပွဲသာ အနိုင်ရရန် လိုအပ်တော့မည်ဖြစ်သည်။
    “၆ ပွဲကစားဖို့ လိုသေးတယ်။ ၃ ပွဲက အဝေးကွင်း၊ ၃ ပွဲက အိမ်ကွင်းပါ။ ပွဲတိုင်းက ခက်ခဲမှာပါ။ အသင်းတိုင်းက အမှတ်လိုအပ်နေပြီး ကျွန်တော်တို့ရဲ့ အခြေအနေက တော်တော်လေး ကောင်းပါတယ်။ (မန်ယူနဲ့ပွဲဟာ) ခက်တော့ခက်ခဲပေမယ့် ခင်ဗျားတို့ထင်သလောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုပွဲမျိုးအတွက် ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့လိုချင်တဲ့၊ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ပွဲမျိုးပါပဲ” ဟု မော်ရင်ဟိုက ဘီဘီစီသို့ ပြောကြားခဲ့သည်။
    မန်ယူနှင့်ပွဲ ရလဒ်အတွက်မူ မိမိက ပျော်ရွှင်မိပြီး လိုချင်သောရလဒ်လည်းဖြစ်ကာ တစ်ပတ်လုံး မိမိတို့၏ အားထုတ်ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ရလဒ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။
    “(ချန်ပီယံ) ဖြစ်လုနီးပြီလို့ ကျွန်တော် ခံစားရပါတယ်။ ဒါပေမယ့်မှာ ဘောလုံးမှာ ဖြစ်လုနီးပြီ ဆိုတာမျိုး မရှိပါဘူး။ ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့ ၈ မှတ်လိုပါတယ်။ ဒါဟာ ရှင်းလင်းတဲ့ ကိန်းဂဏန်းပါပဲ” ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    Sky Sport က မန်ယူ၏ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည့် ဘောလုံးပိုင်ဆိုင်မှုအတွက် စိတ်ပျက်မိလားဟု မေးမြန်းရာ မော်ရင်ဟိုက ၉၉ ရာခိုင်နှုန်းဖြစ်လည်း မိမိက စိတ်မပျက်ကြောင်း မိမိတို့မှာ မန်ယူနှင့်ပွဲတွင် နည်းဗျူဟာပိုင်းဖြင့် ကစားခဲ့ပြီး အခြေအနေထက် ရမှတ်ကို ပိုဂရုစိုက်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal.com
  • ပရီးမီးယားလိဂ်ဗိုလ်စွဲမှုမှာ ဖြစ်နိုင်သော်လည်း ယုတ္တိမတန်ဟု ဗန်ဂါလ်းပြော
    ပရီးမီးယားလိဂ်ဗိုလ်စွဲမှုမှာ ဖြစ်နိုင်သော်လည်း ယုတ္တိမတန်ဟု ဗန်ဂါလ်းပြော
    ဧပြီ ၁၈၊ ၂၀၁၅
    M-Media
    vangal
    – ချယ်ဆီးအား ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးမှုမှာ ဖြစ်နိုင်သော်လည်း ထိုအကြောင်းအရင်းက ကြောင်းကျိုးဆီလျော်မှုမရှိဟု မန်ချက်တာယူနိုက်တက် နည်းပြဖြစ်သူ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ဇယားထိပ်ဆုံးမှ ချယ်ဆီးမှာ တတိယနေရာမှ မန်ယူကို တစ်ပွဲလျော့ဖြင့် ၈ မှတ်ဖြတ်ထားပြီး ယနေ့တွင် စတမ်းဖို့ဘရစ်ခ်ျ၌ မန်ယူအား ဧည့်ခံကစားရမည်ဖြစ်သည်။ နောက်ပိုင်းပွဲများတွင် ချယ်ဆီးမှာ ခြေစွမ်းကျနေပြီး၊ လတ်တလော ခြေစွမ်းကောင်းနေသည့် မန်ယူအတွက် အမှတ်ကွာဟမှု လျော့ချနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
    ဗန်ဂါလ်းက ၎င်း၏ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ရရှိရန် မျှော်လင့်မထားပေ။ သို့သော်လည်း ၎င်းအနေဖြင့် လက်ကျန် ၇ ပွဲတွင် ချယ်ဆီးအား အပြည့်အ၀ ဖိအားပေးသွားမည်ဟု သန္ဓိဌာန် ချမှတ်ထားသည်။
    “(အမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ဆိုတာ) ကြောင်းကျိုးဆီလျော်မှု မရှိပါဘူး။ ဒါပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါဟာ မရေရာ မသေချာမှုတွေထက် ပိုပါတယ်။ မရေရာ မသေချာမှုတွေကို ကျွန်တော် မယုံကြည်ပါဘူး။ ကျွန်တော်က တကယ့်အချက်အလက်တွေကိုပဲ ယုံပါတယ်။ ကျွန်တော်တို့ ချယ်ဆီးရဲ့နောက်မှာဖြစ်ပေမယ့် သူတို့နဲ ကစားရမယ်။ အာဆင်နယ်လည်း သူတို့နဲ့ ကစားရအုံးမယ်။ ဒါ့ကြောင့် ချယ်ဆီး ကစားသမားတွေအပေါ် ဖိအားတွေ တင်ထားနိုင်ပါတယ်။ ဒါဆိုရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့ မသိနိုင်တော့ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲစလုံး ဆက်တိုက်အနိုင်ရထားသည့် မန်ယူမှာ နောက်ခံလူ ဒဏ်ရာပြဿနာများဖြင့် ချယ်ဆီးအသင်းအား ရင်ဆိုင်ရမည်ဖြစ်ပြီး ဗန်ဂါလ်းကမူ ချယ်ဆီးမှာ သရေဖြင့် ကျေနပ်မည်ဟု ထင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။