News @ M-Media
Tag: EPL
  • နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော
    နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော
    ဧပြီ ၁၄၊ ၂၀၁၅
    M-Media
    drogba
    – ယခုနှစ်ရာသီကုန်လျှင် ချယ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော်လည်း အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး ဒရော့ဘာက ဘောလုံးလောကမှ အနားယူသွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။
    ကစားသမားဘ၀ အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေသည့် ဒရော့ဘာမှာ အင်္ဂလန်နှင့် တူရကီတို့မှ အမှတ်ပေးဖလားများ၊ ချန်ပီယံလိဂ်တစ်ကြိမ်၊ FA ဖလား လေးကြိမ်နှင့် လိဂ်ဖလား ၃ ကြိမ် ရယူထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ချယ်ဆီးသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပြီး လူစားထိုးကစားသမားအဖြစ်သာ ၀င်ရောက်ကစားခဲ့ရသည့် ဒရော့ဘာမှ ယခုနှစ်တွင်လည်း ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ရန် နီးစပ်နေသည်။
    Daily Telegraph သတင်းစာက ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာ ဒရော့ဘာက “ကျွန်တော် ဆုံးဖြတ်ချက် ချထားပြီးပြီဆိုတာ ဟုတ်ပါတယ်။ ဒီရာသီက ကျွန်တော့်ရဲ့ နောက်ဆုံးရာသီဖြစ်မယ်ဆိုတာတော့ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းအနေဖြင့် နောက်ထပ်တစ်ရာသီ ကစားချင်သေးသည်ဟု ဆိုသည်။
    ဒရော့ဘာမှာ ပွဲထွက်ကစားသမားအဖြစ် ၃ ပွဲအပါအ၀င် ချယ်ဆီးအသင်းအတွက် ယခုနှစ်တွင် ၂၃ ပွဲ ပါဝင်ကစားပေးထားပြီး ၃ ဂိုး သွင်းယူပေးထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီကလည်း ဒရော့ဘာက မိမိအနေဖြင့် ကစားသမားအသစ်များနှင့် အနာဂတ်ချယ်ဆီးအသင်း၏ အစိတ်အပိုင်းဖြစ်ရသည်ကို မြတ်နိုးမိသည်ဟု ဆိုသည်။
    Ref: Goal.com
  • မန်စီးတီး၏ခြေချော်မှုက မိမိတို့အား လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ရော်ဂျာဆို
    မန်စီးတီး၏ခြေချော်မှုက မိမိတို့အား လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ရော်ဂျာဆို
    ဧပြီ ၁၄၊ ၂၀၁၅
    M-Media
    rodger
    – မန်စီးတီး၏ လက်ရှိခြေချော်မှုများက မိမိတို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာ သေချာစေရန်အတွက် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ယနေ့နံနက်က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် လီဗာပူးလ်မှာ စတာလင်နှင့် ဂျိုးအလန်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ကာ အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ ထိုပွဲအနိုင်ကြောင့် မန်ယူအား ရှုံးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာတွင် ရှိနေသည့် မန်စီးတီးနှင့် ၄ မှတ်ကွာ အဆင့် ၅ နေရာသို့ လီဗာပူးလ်က ရောက်ရှိလာခဲ့သည်။
    ရော်ဂျာကမူ မိမိတို့အသင်းမှာ မန်စီးတီး၏ အဆင့် ၄ နေရာကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိနေသည်ဟု ယုံကြည်နေသည်။
    “နောက်ဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ ဒီညမှာ နိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအနိုင်ကို နောက်တစ်ပတ်အထိ ယူသွားမှာပါ။ မန်စီးတီးဟာ သူအောက်က အသင်းတွေအတွက် လမ်းဖွင့်ပေးလိုက်တာပါပဲ။ ဒ့ါကြောင့် ကျွန်တော်တို့အတွက်တော့ ကျန်တဲ့ပွဲတွေကို နိုင်ရပါမယ်။ ကျွန်တော်တို့အထက်က အသင်းတွေကတော့ အားသာတဲ့ အနေအထားမျိုးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတွေကိုအနိုင်ကစားပြီး ကစားပုံကောင်းမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟု နယူးကာဆယ်နှင့်ပွဲအပြီးတွင် ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    နယူးကာဆယ်အားနိုင်ပွဲမှာ မန်ယူနှင့် အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၃ ပွဲတွင် လီဗာပူးလ်၏ ပထမဆုံးအနိုင်လည်း ဖြစ်သည်။ ရော်ဂျာကမူ အသင်း၏ အပြုအမူနှင့် စွမ်းရည်တို့ကို ချီးကျူးခဲ့သည်။
    “ပြီးခဲ့တဲ့ ၁၃ ပွဲမှာ ကျွန်တော်တို့ ၁၀ ပွဲ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ရလဒ် ၂ ခု ရခဲ့ပါတယ်။ ပွဲတွေရှုံးပြီဆိုရင် အမြဲတမ်း ပြဿနာဖြစ်တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်အောင်လုပ်ရမယ်၊ (FA ဖလား) ဆီးမီးဖိုင်နယ်ရောင်အောင် လုပ်ရမယ်ဆိုတာနဲ့ ဒီညအနိုင်ကစားရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်”
    Ref: Goal.com
  • ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု မာတာပြော
    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု မာတာပြော
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    mata
    – ဒါဘီပွဲအနိုင်ရရှိပြီး အဆင့် ၅ နေရာနှင့် ၉ မှတ် ကွာဟနေသော်လည်း ချန်ပီယံလိဂ် ၀င်ခွင့်အတွက် မသေချာသေးဟု မန်ယူကွင်းလယ်လူ ဂျူအန်မာတာက ပြောကြားလိုက်သည်။
    အိုထရက်ဖို့ဒ်တွင် ကစားခဲ့သည့် ယမန်နေ့ပွဲတွင် မန်ယူမှာ မန်စီးတီးအား ၄ ဂိုး ၂ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ၆ ပွဲဆက်အနိုင်လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် မန်ယူမှာ အဆင့် ၅ မှ ဆောက်သက်တမ်အား ၉ မှတ်ဖြတ်ထားပြီး တတိယနေရာတွင် ရှိနေသည်။
    လက်ကျန် ၆ ပွဲတွင် မန်ယူမှာ ချယ်ဆီး၊ အာဆင်နယ်တို့နှင့် ကစားရန် ကျန်ရှိနေပြီး မာတာကမူ မိမိတို့၏ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိရေး ကြိုးပမ်းမှုမှာ မပြီးဆုံသေးဟု ပြောကြားခဲ့သည်။
    “ချန်ပီယံလိဂ်နေရာအတွက် ခြေတစ်လှမ်း လိုနေပါသေးတယ်။ အဲဒါဟာ(မန်းစီးတီးအနိုင်ဟာ) ကြီးမားတဲ့နိုင်ပွဲပါ။ ပြီးတော့ ယုံကြည်မှုကိုလည်း မြင့်မားစေပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့ကလည်း နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ့် အသင်းတွေပါ” ဟု မာတာက Sky Sports သို့ ပြောကြားခဲ့သည်။
    မန်ယူနည်းပြ ဗန်ဂါးလ်ကမူ ယမန်နေ့နိုင်ပွဲမှာ မိမိတို့အသင်းက လက်ရှိချန်ပီယံ မန်စီးတီးထက် ပိုကောင်းသည်ကို သက်သေပြနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသင်းပရိတ်သတ်များကိုလည်း ချီးကျူးခဲ့သည်။
    Ref: Goal.com
  • အသင်းသားများ အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ဟာဇာ့ဒ်ပြော
    အသင်းသားများ အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ဟာဇာ့ဒ်ပြော
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    hazard
    – ကျူပီအာရ်အား နိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားကို ၇ မှတ်အသာဖြင့် ဦးဆောင်ထားနိုင်သည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်က ပြောကြားလိုက်သည်။
    ယမန်နေ့ပွဲတွင် ဂိုးသွင်းစက်များဖြစ်ကြသည့် ဒီယေဂိုကော်စတာနှင့် လိုအစ် ရီမီတို့ မပါဝင်နိုင်ခဲ့သော်လည်း ဖာဘရီဂတ်စ်၏ နောက်ကျဂိုးဖြင့် အနိုင် ၃ မှတ်ရခဲ့ပြီး ရာသီပြီးဆုံးရန် ၆ ပွဲသာလိုတော့ချိန်တွင် ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်ထက် တစ်ပွဲလျော့ကာ ၇ မှတ် ဖြတ်ထားနိုင်သည်။
    ဟာဇာ့ဒ်ကမူ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ရေးအတွက် ရှေ့တွင် ခက်ခဲသောပွဲများ ရှိနေသေးသည်ဟု ဆိုသည်။
    “အောင်ပွဲခံဖို့ အဆင်သင့်နီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် ပြီးတော့ မပြီးဆုံးသေးပါဘူး။ အမှတ်တွေဖြတ်ထားပေမယ့် ပရီးမီးယားလိဂ်ဟာ အမြဲတမ်းခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အရေးပါတဲ့ပွဲတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့နဲ့ ကန်ရအုံးမယ်။ အဲဒီ ၂ ပွဲထဲက ၁ ပွဲ နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ အိုကေပါပြီ။ ချယ်ပီယံလို့ ကြွေးကျော်ဖို့ ကျွန်တော်တို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ပြီးတော့ မပြီးဆုံးသေးပါဘူး။ လုပ်စရာတွေအများကြီး ရှိပါသေးတယ်” ဟု ဟာဇာ့ဒ်က Canal Plus သို့ ပြောကြားခဲ့သည်။
    Ref: Goal.com
  • ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့ နီးလာ၊ ဒါဘီမှာအောင်ပွဲခံခဲ့တဲ့ မန်ယူနဲ့ ရာသီးသိမ်းကာနီး ပိုကောင်းလာတဲ့ အာဆင်နယ်တို့ရဲ့  ပရီးမီးယားလိဂ်ပွဲစဉ် ၃၂
    ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့ နီးလာ၊ ဒါဘီမှာအောင်ပွဲခံခဲ့တဲ့ မန်ယူနဲ့ ရာသီးသိမ်းကာနီး ပိုကောင်းလာတဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    epl 32 a
    – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ကစားခဲ့ရာမှာတော့ ချယ်ဆီးက နောက်ကျအနိုင်ဂိုးနဲ့ ၃ မှတ်ရပြီး ချန်ပီယံဖြစ်ဖို့ အတော်လေး နီးစပ်လာပါတယ်။ မန်ချက်စတာ ဒါဘီမှာတော့ မန်ယူက ပုံစံကောင်းကို ဆက်ထိန်းပြီး အနိုင်ပြတ်သားခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ လက်ရှိချန်ပီယံ မန်စီးတီးတို့ ပွဲအစပိုင်းကစားပုံ အတော်လေးကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ယူရဲ့ထိန်းချုပ်မှုကို ခံလိုက်ရပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ အဂူရိုက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း မန်စီးတီးတို့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တာက မန်စီးတီးတို့ အရှုံးဆီကို ဦးတည်သွားစေခဲ့ပါတယ်။ မန်ယူနောက်ခံလူ အက်ရှက်လေးယန်းက ၁၄ မိနစ်မှာ ချေပဂိုး သွင်းပေးခဲ့ကာ ၂၇ မိနစ်မှာ ဖယ်လိုင်နီက ဦးဆောင်ဂိုး ထပ်သွင်းနိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ မန်ယူတို့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ၆၇ မိနစ်မှာ မာတာ၊ ၇၃ မိနစ်မှာ စမောလင်းတို့က ဂိုးတွေထပ်သွင်းပေးခဲ့ကာ မန်ယူရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ မန်စီးတီးအတွက် ဒုတိယချေပဂိုးကိုတော့ အဂူရိုကပဲ ၈၉ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒီပွဲအရှုံးဟာ မန်စီးတီးတို့ရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲမြောက်အရှုံးလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းရဲ့ ရလဒ်ကို ကျေနပ်ပေမယ့် ကစားပုံကိုတော့ မကျေနပ်ဘူးလို့ ပြောခဲ့ပါတယ်။ ပယ်လီဂရီနီကတော့ မန်ယူဟာ မိမိတို့အသင်းထက် ပိုကောင်းခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။
    မော်ရင်ဟိုရဲ့ ချယ်ဆီးက ကစားပုံမကောင်းခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ၈၈ မိနစ်မှာ ရရှိခဲ့တဲ့ ချယ်ဆီးရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုကို ဖာဘရီဂတ်စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် တစ်ပွဲလျော့ ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ဒီပွဲနိုင်လိုက်တာကြောင့် ချန်ပီယံဖြစ်ဖို့ အနိုင်ကစားရမယ့်ပွဲ တစ်ပွဲလျော့သွားပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ကျူပီအာရ်က တန်းမဆင်းရအောင် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
    အဝေးကွင်းမှာ ကစားခဲ့ရတဲ့ အာဆင်နယ်က အလယ်တန်းလူ ရမ်ဆေးရဲ့ ၁၂ မိနစ် သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ဆဲပါ။ ပွဲအစ စောစောပိုင်းကတည်းက ဂိုးရနိုင်တဲ့အခွင့်အရေးကို ရခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ ကန်သွင်းချက် ဘေးထွက်သွားခဲ့ပါတယ်။ တန်းမဆင်းရဖို့ အားကုန်ထုတ်ခဲ့တဲ့ ကျူပီအာရ်က အာဆင်နယ်ထက် ပိုကောင်းခဲ့ပြီး ဂိုးသမား အော့စ်ပီနာရဲ့ ကာကွယ်မှုကောင်းတာကြောင့်လည်း အာဆင်နယ်တို့ ကံကောင်းသွားခဲ့တာပါ။ ဒီပွဲအနိုင်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ နောက်ဆုံး ၈ ပွဲဆက် အနိုင်ဖြစ်ပြီး ၀င်းဂါးကတော့ ပွဲအပြီးမှာ ဘန်လေကို ချီးကျူးခဲ့ပါတယ်။
    ပါဂျူးကိုင်တွယ်ပြီးနောက်မှာ ရလဒ်ကောင်းလာတဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း ဆန်းဒါးလန်းအိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဥရောပ၀င်ခွင့်မှန်းနေတဲ့ စပါးကတော့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲကထွက်ဖို့ ကြိုးစားနေတဲ့ လက်စတာက အဝေးကွင်းမှာ ၀က်စ်ဘရွန်းရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို နောက်ကလိုက်ချေပပြီး ဒုတိယပိုင်း နာကျင်အချိန်ပို ဂိုးကြောင့် အဖိုးတန်အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဆွမ်ဆီး ၁-၁ အဲဗာတန်
    ဆောက်သက်တမ် ၂-၀ ဟာလ်းစီးတီး
    ဆန်းဒါးလန်း ၁-၄ ခရစ္စတယ်ပဲလေ့စ်
    စပါး ၀-၁ အက်စတွန်ဗီလာ
    ဘန်လေ ၀-၁ အာဆင်နယ်
    ကျူပီအာရ် ၀-၁ ချယ်ဆီး
    မန်ယူ ၄-၂ မန်စီးတီး