News @ M-Media

Tag: EPL2020-21

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၊ ၂၀၂၁
    M-Media

    ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟို

    စပါးနည်းပြဟောင်း ပိုချက်တီနို ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာ

    ၁၃ လကြာ အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ စပါးနည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုဟာ မနေ့က ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    ပိုချက်တီနိုဟာ စပါးအသင်းကနေ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အထုတ်ခံခဲ့ရပြီး မန်ယူနဲ့ ရီးယဲလ်တို့မှာ နည်းပြမယ်လို့ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

    မိမိနှလုံးသားထဲမှာ ရှိနေတဲ့ အသင်းမှာ အခုလို ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပြီး ကမ္ဘာ့ ပါရမီအရှိဆုံး ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ အသင်းမှာ အလားအလာကောင်းတွေ အများကြီးရှိပြီး နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အကောင်းဆုံး ပေးဆပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    ပိုချက်တီနိုဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ပီအက်စ်ဂျီမှာ ကစားသမားအဖြစ် ကျင်လည်ဖူးပါတယ်။

    အားထားရသည့် ဘာကာကွင်းလယ်လူ ဒဏ်ရာကြောင့် ၃ လနားရမည်

    ဘာစီလိုနာကွင်းလယ်က အားထားရတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖိလစ်ကော်တင်ဟိုဟာ ဒူးခေါင်းခွဲပြီးတဲ့နောက် ၃ လ နားရမှာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က အီဘာအသင်းကို ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ဒီ ဒဏ်ရာရခဲ့တာပါ။ ခွဲစိပ်မှုအောင်မြင်တယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

    ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့ သွားကစားခဲ့ပြီး အခုရာသီ ဘာစီလိုနာကို ပြန်ရောက်ပြီးတဲ့နောက် ၁၄ ပွဲ ပါဝင်ကစားထားပါတယ်။ ဘာစီလိုနာမှာ ကော်တင်ဟိုအပြင် နောက်ခံလူ ဂျရတ်ပီကေးနဲ့ တိုက်စစ်မှူး အန်ဆူ ဖာတီတို့လည်း ဒူးဒဏ်ရာကြောင့် နားနေရပါတယ်။

    နည်းပြဘ၀တွင် အချိန်ကြာကြာနေမည်ဟု ဂွါဒီယိုလာ ဖွင့်ဟ

    နည်ပြဘ၀မှာ အရင်က စဉ်းစားထားတဲ့ အချိန်ထက် ပိုကြာကြာ နေသွားမယ်လို့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အသက် ၄၉ နှစ်အရွယ် ဂွါဒီယိုလာဟာ သိပ်မကြာခင် နည်းပြဘ၀က အနားယူပြီး ဝါသနာပါတဲ့အလုပ်တွေကို လုပ်တော့မယ်လို့ အရင်က ပြောထားတာပါ။ အခုတော့ အတွေ့အကြုံတွေကြောင့် နည်းပြဘ၀မှာ ပိုကြာကြာရှိနေဖို့ စဉ်းစားလာပြီလို့ ဆိုပါတယ်။

    ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကို ကိုင်တွယ်ကာ အောင်မြင်ခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာတစ်ယောက် မန်စတီးကိုရောက်တာ ၅ နှစ်ရှိပါပြီ။ ပရီးမီးယားလိဂ် ၂ လုံး၊ FA ဖလား တစ်လုံးနဲ့ လိဂ်ဖလား ၃ လုံး ရယူပေးထားပြီး နိုဝင်ဘာလကပဲ ၂ နှစ် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။

  • စနနေ့ ဘောလုံးသတင်းများ

    စနနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၊ ၂၀၂၁
    M-Media

    ဂါလာတာာစာရေးနောက်ခံလူ အိုမာရ် အီလက်ဘ်ဒဲလ်

    ဂါလာတာစာရေးနောက်ခံလူ နှစ်သစ်ကူးမီးပန်းကြောင့် မျက်လုံးဆုံးရှုံးနိုင်

    တူရကီကလပ် ဂါလာတာစာရေးအသင်းက နော်ဝေနောက်ခံလူ အိုမာရ် အီလက်ဘ်ဒဲလ် လူဝီဟာ နှစ်သစ်ကူးညက နေအိမ်အတွင်း မီးပန်းဖောက်ရာမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ဂါလာတာစာရေးရဲ့ ထုတ်ပြန်ချက်မှာတော့ အသက် ၂၉ နှစ်အရွယ် အိုမာရ်ဟာ မျက်နှာနဲ့ မျက်လုံးကို ထိခိုက်ခဲ့ပေမယ့် မစိုးရိမ်ရဘဲ ခွဲစိပ်ကုသမှုလည်း မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

    တူရကီသတင်းစာ Hurriyet က မီးပန်းဟာ အိုမာရ်ရဲ့လက်ထဲမှာ ပေါက်သွားတာဖြစ်ပြီး မျက်လုံးကို ထိခိုက်ကာ အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဥရောပတစ်ဝှမ်း နှစ်သစ်ကူးမီးပန်းကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    အသင်းမှာ ၁ နှစ်အတွင်း သိသိသာသာ တိုးတက်လာသည်ဟု ဆိုးလ်ရှားပြော

    လက်ရှိ​ စွမ်းဆောင်ထားနိုင်မှုအတွက် ပျော်ရွှင်ကျေနပ်မိပြီး အသင်းကလည်း တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။

    မနေ့က အက်စတွန်ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် မန်ယူဟာ ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ အမှတ်တူသွားပါပြီ။ မနှစ်က နှစ်သစ်ကူးထက်စာရင် ဒီနှစ် နှစ်သစ်ကူးမှာ အခြေအနေပိုကောင်းကြောင်း၊ ကစားသမားတွေဟာ သင်ယူဖို့ အမြဲတမ်း ဆာလောင်မွတ်သိနေကာ ဒါက အသင်းအတွက် အရေးကြီးကြောင်း မနေ့ကပွဲအပြီးမှာ
    ဆိုးလ်ရှားက ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်ဟာ အားလုံးအတွက် ပိုကောင်းတဲ့နှစ် ဖြစ်ပါစေကြောင်း ဆုတောင်းခဲ့ပါတယ်။

    ဖူလ်ဟမ်နှင့်ပွဲ ရပ်ဆိုင်းမှုကို မော်ရင်ဟို မကျေနပ်

    ကိုဗစ်ကူးစက်မှုကြောင့် ဗုဒ္ဓဟူးနေ့ကပွဲကို ရပ်ဆိုင်းခဲ့မှုဟာ အလွန်နောက်ကျတဲ့အတွက် ပရော်ဖက်ရှင်နယ်မကျတဲ့ လုပ်ရပ်လို့ စပါးနည်းပြ မော်ရင်ဟိုက ယူဆနေပါတယ်။

    ဖူလ်ဟမ်ကစားသမားတွေမှာ ကိုဗစ်ကူးတာ၊ ကိုဗစ်လက္ခဏာတွေ တွေ့ရတာကြောင့် ပွဲမတိုင်ခင် စပါး-ဖူလ်ဟမ်ပွဲကို ကစားဖို့ ၃ နာရီအလိုမှာ ရပ်ဆိုင်းခဲ့တာပါ။ ပွဲကို ရပ်ဆိုင်းမယ်လို့ ပွဲချိန်မတိုင်ခင် ၂၄ နာရီ အလိုလောက်ကတည်းက သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

    ဆေးစစ်မှုရလဒ်နဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက် အပြည့်အစုံ ရရှိမှု နောက်ကျတဲ့အတွက် ပွဲရပ်ဆိုင်းဖို့ ထုတ်ပြန်ချက်လည်း နောက်ကျတာလို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ပြောပါတယ်။

    မော်ရင်ဟိုက ပရီးမီးယားလိဂ်လို ဘောလုံးပြိုင်ပွဲတစ်ခုအနေနဲ့ ဒီလိုအခြေအနေမျိုး မဖြစ်သင့်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁ ၊၂၀၂၁
    M-Media

    မန်ယူနှင့် စကော့တလန်နည်းပြဟောင်း တော်မီဒိုချာတီ (ဝဲ)

    မန်ုယူတိုက်စစ်မှူးကာဗာနီ ၃ ပွဲပယ်ခံရ

    နိုဝင်ဘာလက Instagram စာမျက်နှာမှာ မျှဝေခဲ့တဲ့ ပို့စ်တစ်ခုအတွက် မန်ယူတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီဟာ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

    ဆောက်သက်တမ်ကို သူ့သွင်းတဲ့ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် သူ့ကို့ ချီးကျူးထားတဲ့ ပို့စ်ကို ရှယ်မိခဲ့တာပါ။ ဒီပို့စ်မှာ လူမည်းတွေအပေါ် ခွဲခြားတဲ့စကာလုံးတွေ ပါဝင်ခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်လာပြီးတဲ့နောက် ကာဗာနီက ပို့စ်ဖျက်ခဲ့တာ ပြန်​တောင်းပန်ခဲ့ပါတယ်။

    အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က စုံစမ်းစစ်ဆေးကာ အပြစ်ရှိကြောင်း တွေ့ခဲ့တဲ့အတွက် မနေ့က ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ ကာဗာနီဟာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အသိပညာပေးသင်တန်းကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

    ဒီကနေ့ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲ ၆ ရက်နေ့ မန်စတီးတီးနဲ့ EFL ဖလား ဆီးမီးဖိုင်နယ်၊ ၉ ရက်နေ့ ဝက်ဖို့ဒ်နဲ့ကစားမယ့် FA ဖလား တတိယအဆင့် ပွဲစဉ်တွေကို ကာဗာနီတစ်ယောက် လွဲချော်မှာ ဖြစ်ပါတယ်။

    မန်ယူက ပြစ်ဒဏ်အတွက် သူတို့ကစားသမား အယူခံဝင်မှာမဟုတ်တော့ပဲ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးမှာ FA နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လီဗာပူးလ်အသင်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည်ဟု ဘောလုံးသုံးသပ်သူ ပြော

    ဒီနှစ်ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း အပြင်းအထန် ယှဉ်ပြိုင်ရဖို့ရှိပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ချေ ရရှိသေးတယ်လို့ ကစားသမားဟောင်း ဂျာမီရက်နပ်က ပြောပါတယ်။ သူဟာ လက်ရှိမှာ ဘောလုံးပွဲ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတာပါ။

    မနှစ်က နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ကိုင်မြှောက်နိုင်တဲ့ လီဗာပူးလ်ဟာ ဒီရာသီမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ပါဘူး။ ရက်နပ်က ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးလ် ဗိုလ်စွဲမယ်လို့ စိတ်ချလက်ချ ပြောနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒဏ်ရာပြဿနာတွေ၊ ကပ်ရောဂါနဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ကောင်းမွန်လာမှုကြောင့် တစ်ထစ်ချ မပြောနိုင်တော့ကြောင်း၊ ဒီလိုအခက်အခဲတွေကြားထဲက ဗိုလ်စွဲတဲ့အသင်းဟာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲတာမျိုး ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒဏ်ရာပြဿနာတွေနဲ့ ရာသီ၀က် ထိပ်ဆုံးရောက်ခဲ့တဲ့ လီဗာပူးလ်ကိုလည်း သူက ချီးကျူးခဲ့ပါတယ်။

    မန်ယူနှင့် စကော့တလန်နည်းပြဟောင်း တော်မီဒိုချာတီ ကွယ်လွန်

    မန်ယူနဲ့ စကော့တလန်အသင်းတို့ရဲ့ နည်းပြဟောင်း တော်မီ ​ဒိုချာတီဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ် ရှိပါပြီ။

    ကစားသမားဘ၀မှာ ပရက်စတန်အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်၊ စကော့တလန်လက်ရွေးစင်အသင်းအတွက် ၂၅ ပွဲ ကစားပေးခဲ့ပါတယ်။ နည်းပြဘ၀မှာတော့ မန်ယူ၊ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ ကျူပီအာရ်၊ ပေါ်တို့နဲ့ စကော့တလန်တို့အပါအဝင် စုစုပေါင်း ၁၂ သင်းလောက် ကိုင်တွယ်ခဲ့ပါတယ်။

    သူ့ရဲ့ အနည်းပြဘ၀ အထင်ရှားဆုံးအချိန်ဟာ ၁၉၇၂ နှစ်က စတင်တဲ့ မန်ယူနဲ့ ၅ နှစ်ကာလ ဖြစ်ပါတယ်။ ၁၉၇၄ သူ့လက်ထက်မှာ မန်ယူဟာ ဒုတိယတန်းကို ဆင်းခဲ့ရပေမယ့် နောက်နှစ်မှာ တန်းပြန်တက်လာနိုင်ခဲ့ပြီး အဲဒီနောက် ဆုဖလားတစ်ချို့ ရရှိခဲ့ပါတယ်။

    စကော့တလန်အသင်းကို နည်းပြရာမှာလည်း အောင်မြင်ခဲ့ပြီး ၁၉၇၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ဖို့ လမ်းကြောင်းပေါ် ရောက်နေတဲ့အချိန် မန်ယူကို ပြောင်းခဲ့တာပါ။

    ဒီဆုံးဖြတ်ချက်အတွက် နောင်တရတယ်လို့လည်း ဒိုချာတီက ၂၀၁၄ ခုနှစ်မှာ ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စကော့တလန်ဘောလုံးလောကရဲ့ Hall of Fame စာရင်းထဲ ထည့်သွင်းဂုဏ်ပြုခံခဲ့ရပါတယ်။

    Ref: BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၃၀၊ ၂၀၂၀
    M-Media

    ကိုဗစ်မြင့်တက်မှုကြောင့် ပရီးမီးယားလိဂ် ခဏနားရန် အလာဒိုက်စ် တောင်းဆို

    ကိုဗစ်ကူးစက်မှုတွေ ပိုမိုတွေ့လာရပြီးနောက် ဘောလုံးရာသီ ခဏနားဖို့ လိုအပ်နေပြီလို့ ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်က ပြောကြားလိုက်ပါတယ်။

    ပရီးမီးယားလိဂ်မှာ အင်္ဂါနေ့က စစ်ဆေးမှုအတွင်း ကစားသမားတွေအပါအဝင် လူ ၁၈ ဦး ကိုဗစ်တွေ့ခဲ့ရပြီး မန်စီးတီ၊ ရှက်ဖီးနဲ့ ဖူလ်ဟမ်အသင်းတို့မှာလည်း ကိုဗစ်ကူးစက်နေသူတွေ များလာပါတယ်။

    အလာဒိုက်စ်က ကိုဗစ်စည်းကမ်းတွေကို လိုက်နာနေပေမယ့် ကူးစက်မှုတွေကို ပိုမိုတွေ့မြင်လာရတဲ့အတွက် ခေတ္တအနားပေးလိုက်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကျန်းမာရေးဟာ အခြားအရာတွေအားလုံးထက် အရေးကြီးကြောင်း လိဒ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ယူကေမှာ ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်လွယ်တဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ် ဗိုလ်စွဲမည်ဆိုခြင်းမှာ ရူးနှမ်းမှုဟု ရက်ရှ်ဖို့ဒ်ပြော

    ပရီးမီးယားလိဂ်ဇယားမှာ အဆင့် ၂ ရောက်လာပေမယ့် ဗိုလ်စွဲမယ်လို့ ပြောနေတာတွေက ရူးနှမ်းမှုဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖို့ဒ်က ပြောကြားလိုက်ပါတယ်။

    မန်ယူဟာ မနေ့က ဝုလ်ဗ်ကို ​ဒုတိယပိုင်း နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီအနိုင်ဂိုးကို
    ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့တာပါ။ ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်သာကွာတော့ပြီး နည်းပြဖာဂူဆန်ရဲ့နောက်ပိုင်း ဒီလိုအနေအထားမျိုး ကြုံတောင့်ကြုံခဲ ရရှိတာ ဖြစ်ပါတယ်။

    ရက်ရှ်ဖို့ဒ်ကတော့ မိမိတို့အသင်းဟာ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးပြီး တစ်ပွဲချင်း အနိုင်ရရှိအောင် စွမ်းဆောင်ဖို့ ပိုအရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အခြားကမ္ဘာတစ်ခုကို အာဆင်နယ်ရောက်နေပြီဟု အာတီတာပြော

    အာဆင်နယ်အသင်းဟာ မတူညီတဲ့ကမ္ဘာကို ရောက်လာပြီလို့ နည်းပြ အာတီတာက မနေ့ကပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ချယ်ဆီးကိုနိုင်ပြီး၊ မနေ့က ဘရိုက်တန်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တာဟာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ၂ ပွဲဆက် အနိုင်ရရှိမှုပါ။ ဒီနိုင်ပွဲကြောင့် အဆင့် ၁၅ ကနေ ၁၃ အထိ တက်လာနိုင်ပြီး တန်းဆင်းဇုန်နဲ့လည်း ၉ မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။

    အာတီတာက ကပ်ရောဂါ ခေါင်းပြန်ထောင်လာမှုနဲ့ အသင်းမှာရှိတဲ့ ပြဿနာတွေက မိမိတို့အတွက် စိန်ခေါ်မှုဖြစ်နေပြီး အသင်းကစားပုံထက် အနိုင်ရဖို့က ပိုအရေးကြီးကြောင်း လက်ရှိ အနေအထားကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာ

    မန်စီးတီးပွဲ ရပ်ဆိုင်းမှုအတွက် အဲဗာတန်က ဖြေရှင်းချက်တောင်း

    မနေ့က ပရီးမီးယားလိဂ်ပွဲအတွက် မန်စီးတီးအသင်းက ပေးပို့တဲ့ သတင်းအချက်အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ဖို့ အဲဗာတန်က ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

    အသင်းမှာ ကိုဗစ်အကြီးအကျယ် ဖြစ်နေမှုကြောင့် အဲဗာတန်နဲ့ပွဲကို ရပ်ဆိုင်းဖို့ မန်စီးတီးက ပွဲမကစားမီ နာရီပိုင်းအလိုမှာ ပရီးမီးယားလိဂ်ကို အကြောင်းကြားခဲ့တာပါ။ ဂါဘရီယဲလ် ဂျီးဆက်စ်၊ ကိုင်လီဝေါလ်ကာနဲ့ အသင်းဝန်ထမ်း ၂ ဦး ကိုဗစ်ဖြစ်နေပေမယ့် နယူးကာဆယ်နဲ့ ၂၆ ရက်နေ့ပွဲပွဲကို မန်စီးတီးက စားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်စည်းမျဉ်းအရ အဓိကကစားသမား ၁၄ ဦး ကိုဗစ်ဖြစ်မှ ပွဲကို ရပ်ဆိုင်းခွင့်ပေးရမှာ ဖြစ်ပါတယ်။

    ဒီကိစ္စအတွက် အဲဗာတန်က ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး မိမိတို့အနေနဲ့ အများပြည်သူရဲ့ကျန်းမာရေးကို အလေးထားပေမယ့် ဘာ့ကြောင့် ပွဲကိုရပ်ဆိုင်းခဲ့လဲဆိုတာ တိတိကျကျ သိချင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကိုဗစ်ဒဏ်ခံနေရသည့် ဘရာဇီးလ်တွင် နေးမာက နှစ်သစ်ကူးပါတီ လုပ်မည်

    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာတစ်ယောက် ဘရာဇီးလ်က သူ့ရဲ့စံအိမ်မှာ လူ ၁၅၀ ပါဝင်မယ့် နှစ်သစ်ကူးပါတီလုပ်ဖို့ စီစဉ်နေပါတယ်။

    ဘရာဇီးလ်ဟာ အမေရိကတိုက်မှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့နိုင်ငံဖြစ်ပြီး သေဆုံးမှုကတော့ အမေရိကန်ပြီးရင် အများစုပါ။ နေးမာရဲ့ အခုပါတီကို လူ ၅၀၀ ရောက် လာမယ်လို့ သတင်းတွေထွက်ပေမယ့် ပါတီကို ပူးတွဲလုပ်မယ့် Mangaratiba ကုမ္ပဏီက ငြင်းဆိုပြီး ပါတီအတွက် သက်ဆိုင်ရာဌာနတွေက ခွင့်ပြုချက် ရယူထားသလို၊ လာရောက်သူတွေအားလုံး ကိုဗစ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာစေဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    တောင်အမေရိက နိုင်ငံတစ်ချို့မှာ ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့တဲ့တစ်ပတ်က စထိုးနေပေမယ့် ဘရာဇီးလ်မှာတော့ ဖေဖော်ဝါရီလမှ ကာကွယ်ဆေးရမှာပါ။

    အာဆင်နယ်နည်းပြအဖြစ် မြန်မြန်အသားကျခဲ့ဟု အာတီတာဖွင့်ဟ

    အာဆင်နယ်နည်ပြဘ၀ဟာ ထင်ထားတာထက် မြန်မြန် အသားကျသွားတယ်လို့ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အသင်းကိုစရောက်ပြီး FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ အာဆင်နယ်ဟာ ၁၅ ပွဲကစားပြီး ၅ ပွဲသာအနိုင်ရကာ ပရီးမီးယားလိဂ်မှာ အဆင့်၁၅ ရောက်နေပါတယ်။

    ကစားသမားတွေရဲ့ အရည်အချင်းဟာ မိမိမျှော်လင့်ထားတာထက် ပိုကောင်းခဲ့ပြီး၊ ပြင်ဆင်ထားတာတွေလည်း အောင်မြင်ခဲ့ကြောင်း၊ လူငယ်ကစားသမားတွေ အသင်းမှာ အရေးပါလာတာကို ပိုတွေ့လာရမှာဖြစ်ကြောင်း အာတီတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal