News @ M-Media
Tag: Europe
  • တူရကီဝန်ကြီးချူပ် ဆီလီကွန်တောင်ကြားသို့ သွားရောက်လေ့လာ၊ တူရကီကျောင်းသားများ အတွက် tablet PC ၁၀ သန်းခွဲ ဝယ်ရန်ရှိ
    မေ-၂၀၊၂၀၁၃
    M-Media
    n_47138_4
    တူရကီဝန်ကြီးချုပ် Recep Tayyip Erdoğan သည် ဆန်ဖရန်စ္စကို ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီကြီးများသို့ မေလ ၁၈ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့သည်။
    သူသည် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ ပထမဦးဆုံး သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ စီအီးအို Steve Ballmer က ကြိုဆိုခဲ့သည်။ Ballmer မှာ တူရကီ ပညာရေးဝန်ကြီး ဌာနက ဆောင်ရွက်မည့် Fatih ပရောဂျက်ကို တာဝန်ယူထားရသူဖြစ်သည်။
    မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ရောက်စဉ်တွင် လာမည့်သီတင်းပတ်၌ ကျင်းပမည့် Fatih ပရောဂျက်နှင့်ဆက်စပ်သည့် တင်ဒါရွေးချယ်ပွဲအကြာင်းကိုလည်း ပြောကြားသွားသည်။
    “ပရောဂျက် မစတင်ခင် ဒီ ဆီလီကွန်တောင်ကြားကို လာရောက်လည်ပတ်ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်မှာရှိတဲ့ နောက်ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျနော်တို့ ကြည့်ချင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စတန်ဘူမှာ ဒီလို ပုံစံမျိုးကိုဖော်ဆောင်ဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ရဲ့ ပထမဦးဆုံးရည်ရွယ်ချက်က ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တက်ဘလက် ကွန်ပျူတာ ၁၀ သန်းကျော် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။” ဟု သူကဆိုသည်။
    ထို့နောက်တွင် Erdoğan သည် Apple နှင့် Google ကုမ္ပဏီများသို့သွားရောက်ခဲ့ပြီး Google မှ ထုတ်လုပ်သည့် အလိုလျောက်မောင်းနှင်နိုင်သည့်ကားအား စမ်းသပ်မောင်းနှင်ခဲ့သည်။
    အမေရိကန်တွင် လူသိများသည့် တူရကီနိုင်ငံသား ဆရာဝန် Mehmet Öz ၏ ညီမဖြစ်သူ ဂူးဂဲလ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒါရိုက်တာ Seval Öz က အလိုလျောက်မောင်းနှင်နိုင်သည့်ကား၊ နည်းပညာသုံး မျက်မှန်များနှင့် ပတ်သက်၍ ၀န်ကြီးချုပ် Erdoğan အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
    အဆိုပါ Faith ပရောဂျက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် စာသင်ကျောင်းများသို့ ဖြန့်ဝေရန်အတွက် တက်ဘလက် ကွန်ပျူတာ ၁၀ ဒဿမ ၆ သန်းကိုဝယ်ယူရန် တူရကီ ပညာရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမှုများကို စတင်နေပြီဖြစ်သည်။ တူရကီ စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသော သာမန်ကျောက်သင်ပုံးများ၊ ပြဌာန်းစာအုပ်များကို အီလက်ထရစ် ဘုတ်များ တက်ဘလက် ကွန်ပျူတာများဖြင့် အစားထိုးရန် တူရကီအစိုးရက စီစဉ်နေပြီး တူရကီပညာရေးစနစ်ကို ဆန်းသစ်သော သတင်းအချက်အလက် နည်းပညာများဖြင့် အခြေခံကျကျ ပြင်ဆင်ပြောင်းလဲရန်ဖြစ်သည်။
    တင်ဒါရွေးချယ်မှုကို လာမည့် မေလ ၂၇ ရက်နေ့သို့ပြောင်းလဲထားပြီး ယခုအချိန်အထိ Apple၊ GM၊ Samsung နှင့် တူရကီကုမ္ပဏီနှစ်ခုဖြစ်သည့် Arçelik နှင့် Vestel တို့က စာရင်းပေးထားကြသည်။
    Ref:Anatolia News Agency
  • အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ နာဇီ အကျဉ်းစခန်းသို့ သွားရောက်လေ့လာမည်
    မေ-၂၀၊၂၀၁၃
    M-Media
    auschwitz
    ပိုလန်နိုင်ငံ တောင်ပိုင်းတွင်ရှိသော နာဇီ အကျဉ်းစခန်း(Nazi Auschwitz) သို့ ဆော်ဒီမှ ဘာသာရေးဆရာ အပါအ၀င် အစ္စလာမ်ဘာသာရေး ဦးဆောင်သူ ၁၄ ယောက်သည် လာမည့်အပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ထိုဒေသတွင် ဖြစ်ပျက်ခဲ့သော ဂျူးများအား အစုလိုက်အပြုံလိုက် သုတ်သင်ခံခဲ့ရခြင်းကို အသိတရားရရန် နှင့် လူမျိုးတုံးစစ်ဆင်ရေးမှဆန့်ကျင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစီစဉ်သူများမှ မနေ့က ပြောကြားခဲ့ကြောင်း သိရသည်။
    “ သက်ဆိုင်ရာဒေသတွင်းမှ သြဇာရှိ ဘာသာရေးခေါင်းဆောင်များအတွက် ဤအခွင့်အရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အသိတရားရရန် ၊   မည်သည့် အမုန်းတရားမျိုးက ဤကဲ့သို့ရက်စက်မှုမျိုးကို ဖြစ်ပေါ်လာစေကြောင်း သိမြင်ရန် ( နှင့် ) လူမှုအဖွဲ့အစည်းအတွင်း ထိုကဲ့သို့ ဖြစ်ရပ်ကို တားဆီးရန် နာဇီအကျဉ်းထောင်သို့သွားရောက်လေ့လာခြင်း ဖြစ်သည်” AFP သတင်းဌာနသို့ ပိုလန်နိုင်ငံ၏ ယဟူဒီတရားဟောဆရာ ခေါင်းဆောင် ဖြစ်သူ မိုက်ကယ် ရှောဒရိရှ်( Michael Schudrich) မှဟု ပြောကြားခဲ့သည်။
    နိုင်ငံတကာ ဘာသာရေး လွတ်လပ်စွာကိုးကွယ်မှု (International Religious Freedom) အမေရိကန် နိုင်ငံဌာနခွဲမှ ဂျွန် ဆီ တေလာ (John C.Taylor) မှ AFP သို့ပြောကြားခဲ့သည်မှာ အဖွဲ့စည်းတွင် ပါဝင်သော အခြား ဘာသာရေး ခေါင်းဆောင်များသည် ဘော့စနီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ပါလက်စ္စတိုင်း၊ တူရကီ နှင့် အမေရိကန် နိုင်ငံများမှဖြစ်ပြီး၊ အကျဉ်းထောင်အား မလေ့လာမှီတွင် ပိုလန်နိုင်ငံ၏ မြို့တော်၊ ၀ါဆောမြို့ရှိ အသစ်ဖွင့်လှစ်ထားသော ဂျူးများ၏ တစ်ချိန်ကဘ၀အားပြသထားသည့် ပြတိုက်သို့ အရင်ဆုံးသွားရောက်မည် ဖြစ်ကြောင်းသိရသည်။
    ခရစ်ယာန် ကက်သလစ်ဘာသာရေးခေါင်းဆောင်၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် နှင့် ဂျူးဘာသာရေးခေါင်းဆောင် များအားတွေ့ရန်လည်း စီစဉ်ထားကြောင်း၊ ရှော်ဒရိရှ် မှပြောကြားသည်မှာ “ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာကသိရင်  ဂျူးတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး လိုမျိုး တခြားလူမျိုးတွေအပေါ်မှာလည်း ဖြစ်ပေါ်ဖို့ မရှိနိုင်တော့ပါဘူး။ ဒီအကြောင်းအရာကို လူမှုအဖွဲ့အစည်းခေါင်းဆောင်များ သိအောင်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
    မူစလင်ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ်က နာဇီအကျဉ်းထောင်သို့ နောက်ဆုံးရောက်ရှိခဲ့ပြီး၊ ၄င်း ဘာသာရေးညီညွတ်မှုအဖွဲ့အစည်းတွင် အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် ဥရောပမှ ဂျူးနှင့် ခရစ်ယာန် ခေါင်းဆောင်များလည်းပါဝင်ကြောင်း သိရသည်။
    Ref:Arab News
  • အင်္ဂလန် လီဆက်စတာမြို့က ကျောင်းများ၏ ဟလာလ် ဘာဂါများ၌ ၀က်သားပါနေကြောင်း တွေ့ရှိ
    မေလ-၁၀၊၂၀၁၃
    M-Media
    Pork Found In Leicester Halal Burger
    အင်္ဂလန်နိုင်ငံ၊ လီဆက်စတာရှိ ကျောင်းများ၌ ပြုလုပ်ကျွေးမွေးသည့် ဟလာလ်ဘာဂါများတွင် ၀က်သားများကို တွေ့ရ၍ ကျောင်းတွင်း အစားအသောက် စီမံမှုများအပေါ် မွတ်စ်လင်မ်များမှ အယုံအကြည် မရှိတော့သဖြင့် တရားဝင် အရေးယူရန် အင်္ဂလန်ရှိမွတ်စ်လင်မ်အဖွဲ့များမှ ချက်ခြင်းစီစဉ်နေသည်။
    “ ဒါဟာ လက်မခံနိုင်စရာ စိတ်ပျက်ဖွယ် လုပ်ဆောင်ချက်ပါဘဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ကျင့်သုံးလာခဲ့တဲ့ အစားအသောက်ဆိုင်ရာကန့်သတ်ချက်များကို ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးကြပါတယ်။ မွတ်စ်လင်မ်တွေအားလုံးအဖို့ ၀က်သားနဲ့အရက်စားသောက်ခြင်းကို တားမြစ်ချက်ရှိပါတယ် ” ဟု Federation of Muslim Organizations (FMO)မှ  Suleman Nagdi က Leicester Mercury သို့ပြောကြားလိုက်သည်။
    လီဆက်စတာမြို့တော်ကောင်စ၏ DNA စစ်ဆေးမှုအောက်တွင် Doncaster အခြေစိုက်ထုတ်ကုန်လုပ်ငန်း Paragon Quality Foods Limited မှတင်သွင်းလာသည့် အအေးခံစားသောက်ကုန်အတွင်း ၀က်သား အပိုင်းအစများတွေ့ရခြင်း ဖြစ်သည်။ (ကျန်းမာရေး၊ သန့်ရှင်းမှု စသည့်ရှုထောင့်များအရ မွတ်စ်လင်မ်တို့အတွက် တရားဝင်စားသောက်ပြုလုပ်ခွင့် ရှိသည့်) ဟလာလ် ဘာဂါများကို လီဆက်စတာ ကျောင်း အစားအသောက်စာရင်းများတွင် ၂၀၁၃ ခုနှစ်ကတည်းကစ၍ မြို့တော်ကောင်စီ၏ စည်းမျဉ်းနှင့်အညီ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။  ဖေဖော်ဝါရီလက နိုင်ငံတ၀ှန်း၌ အမဲသားစားသောက်ကုန်များအတွင်း မြင်းသားများပါဝင်နေသည်ဟု အမည်ဆိုး ထွက်လာပြီးသည့်နောက် မြို့တော်ကောင်စီ၏ ပုံမှန်စစ်ဆေးချက်များမှ ဤအခြင်းအရာကို တွေ့ခဲ့ကြရသည်။ စစ်ဆေးချက်အဖြေကို မြို့တော်ကောင်စီထံ အကြောင်းကြားခဲ့ရာ ဆက်လက် စမ်းသပ်မှုများပြုလုပ်ပြီးသည့်နောက် ကုန်ပစ္စည်းများကို ရုပ်သိမ်းစေခဲ့ကြောင်း ၄င်းမှ ဆိုလိုက်သည်။ ပညာရေးဆိုင်ရာအကြီးအမှူးများကလည်း သက်ဆိုင်ရာ ကျောင်းများနှင့်မိဘများထံ ဤအခြေအနေနှင့် စပ်လျဉ်း၍ အကြောင်းကြားစာ ၆၀၀၀ ကို ဤအပတ်အတွင်း ပို့လိုက်ပြီဖြစ်သည်။
    စာသင်ကျောင်းများအတွက်အကြံပေးအဖွဲ့ဝင် ဒုတိယမြို့တော်ဝန် Vi Dempster က “ မြို့တော်ကောင်စီအနေနဲ့ တွေ့လျှင်တွေ့ချင်း ချက်ခြင်းအရေးယူပါတယ်။ အဲ့ဒီစားသောက်ကုန်ကို ကျောင်း အစားအသောက်စာရင်းထဲက မတုန့်မဆိုင်း ထုတ်ပယ်ခိုင်းလိုက်ပါတယ်။ ဆက်လက်စစ်ဆေးမှုလည်းလုပ်နေပါတယ်။ ဒီကုမ္ပဏီနဲ့ နောက်ထပ် အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ မိမိစားသုံးနေတဲ့အစားအစာထဲမှာ အယုံအကြည်မရှိတော့တဲ့ကိစ္စဟာဖြင့် ကျွန်တော်တို့အဖို့ သိက္ခာကျစရာဖြစ်ပါတယ်။  မိသားစုတွေ၊ ၀န်ထမ်းတွေအပေါ် ဒီဂယက်ကြောင့်ဖြစ်လာတဲ့သောကမှန်သမျှကို ကျွန်တော်တို့ ၀မ်းနည်းမိပါတယ်။ ဒီလိုဆိုးရွားတဲ့ကိစ္စကို ထိထိရောက်ရောက်အရေးယူပါ့မယ်လို့ ကျွန်တော်တို့က ထပ်မံအတည်ပြုချက်ပေးပါတယ် ” ဟု ပြောဆိုသည်။
    ဗြိတိန်နိုင်ငံတွင် အခြေစိုက်နေထိုင်သော မွတ်စ်လင်မ်လူဦးရေမှာ ၂.၇ သန်းခန့်ရှိသည်။ “ ဟလာလ် ” ဟူသည် အရဗီ ဘာသာစကားအရ ခွင့်ပြုချက်ရှိခြင်း/တရားဝင်ခြင်း ကိုဆိုလိုသည်။ သာမန်အားဖြင့် အစားအသောက်ကိစ္စ၌ လူသိများကြသည်။ အလ္လာဟ်( အရဗီဘာသာစကားဖြင့်ခေါ်ဆိုသော ကိုးကွယ်ရာအရှင်သခင်)၏အမည်ကို တသ၍ ချွန်မြသောဓားဖြင့် (သွေးဆိုးသွေးပုပ်ပါမကျန်) လည်ပင်းသွေးကြောမအား လှီးဖြတ်ဖောက်ထုတ်ထားသည့် (သတ်မှတ်) တိရစ္ဆာန်အသားများကိုသာ မွတ်စ်လင်မ်တို့က စားပိုင်ခွင့်ရှိကြသည်။ ၀က်သားမှာ ကျန်းမာရေးနှင့်မညီညွတ်၊ မသန့်ရှင်းသည့်အစာအဖြစ် သတ်မှတ်ချက်ကြောင့် မွတ်စ်လင်မ်တို့ မစားသောက်ကြခြင်းဖြစ်သည်။
    မွတ်စ်လင်မ်ကျောင်းသားများအတွက် တင်သွင်းသော ဟလာလ်ဘာဂါများအတွင်း ၀က်သားတွေ့ရခြင်းမှာ ကျောင်း၏စားသောက်ဆောင်များကို မွတ်စ်လင်မ်တို့မှ အယုံအကြည်ကင်းမဲ့သွားစေသည်။
    “ ဒီလက်ရှိဖြစ်ရပ်ဟာ ဟလာလ် လို့အာမခံပြီး ပေးသွင်းထုတ်လုပ်နေတဲ့နေရာက လုပ်ငန်းစဉ်၊စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မွတ်စ်လင်မ်အသိုင်းအ၀ိုင်းထဲမှာ ယုံကြည်စိတ်ချမှုပြဿနာ ကြီးထွားလာတော့မှာဖြစ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းစဉ်တွေအားလုံးကို လိုအပ်သလို ကျကျနန ပြန်လည်  စစ်ဆေးပြီးမှ ထောက်ခံချက်ပေးသင့်ပါတယ်။ ပြီးတော့ ရှောင်တခင် DNA စစ်ဆေးမှုအဆင့်ဖြတ်သန်းပြီးမှသာ ထွက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ မျှော်လင့်ရတာပါဘဲ။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့တင်မြှောက်ထားကြတဲ့ အကြံပေးအဖွဲ့ဝင်တွေက ဒီအာမခံချက်အတိုင်း လုပ်မလုပ်ကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ် ” ဟု FMO မှ နဂ်ျဒီက ပြောကြားခဲ့သည်။ ၄င်းပြင် “ ဒီလို သည်းခံနိုင်စရာမရှိတဲ့လုပ်ရပ်မျိုးကို တရားစွဲဆိုဖို့၊ ဒီကဏ္ဍလုပ်ငန်းရှင်များ အားလုံးကိုလည်း ပြတ်ပြတ်သားသား အကြောင်းကြားအသိပေးဖို့ လူထုက စိတ်ဝင်စားနေပါတယ် ” ဟူ၍ ထိုကုမ္ပဏီအား သက်ဆိုင်သည့် အရေးယူမှုပြုလုပ်ရန် မြို့တော်ကောင်စီသို့ တိုက်တွန်းပြောဆိုလိုက်သည်။
    ဟလာလ်အသားများအတွင်း ၀က်သားများရောနှောပါဝင်သောအစားအစာများကို မတင်သွင်းရန် မေတ္တာရပ်ခံမှုသည် ဗြိတိန်နိုင်ငံတွင် လိုင်စက်စတာရှိုင်းယားကျောင်းများမှ ပထမဆုံး မဟုတ်ခဲ့ချေ။ ဘာမင်ဟန်ရှိ ကျောင်းတစ်ကျောင်းတွင်လည်း စားဖိုဆောင်စစ်ဆေးမှုပြုလုပ်အပြီး၌ မွတ်စ်လင်မ်ကျောင်းသူကျောင်းသားများအား ဟလာလ်မဟုတ်သောအစားအစာများစီစဉ်ခြင်းမပြုရန် လွန်ခဲ့သည့်ဖေဖော်ဝါရီလက မေတ္တာရပ်ခံထားပြီးဖြစ်သည်။
    စားသောက်ကုန်စည်းကမ်းစိစစ်ရေးအေဂျင်စီမှ ပြောဆိုခွင့်ရအမျိုးသမီးတစ်ဦးသည် အကျဉ်းထောင်များသို့ပို့သော ဟလာလ်အသားများအတွင်း ၀က်သားများရောနှော ပါဝင်နေကြောင်း ပြောဆိုလိုက်ပြီးနောက်ပိုင်း ဤဖြစ်အင်မှာ လူသိရှင်ကြားဖြစ်လာခဲ့သည်။ အလားတူစွာပင်  နိုင်ငံတွင်းရှိ အမဲသားများထဲ မြင်းသားပုပ်များ ညှပ်ပါနေသည်ကို တွေ့ခဲ့ကြရပြီး လွန်ခဲ့သော ရက်သတ္တပတ်က စတင်းဖို့ဒ်ရှိုင်းယားမြို့တော်ကောင်စီသည်လည်း မိမိတို့ကျောင်းများရှိအစားအသောက်စာရင်းမှ အမဲသားကို ရှောင်လိုက်ရန် သတိပေးထားသည်။
    Onislam
  • Auschwitz နာဇီ စခန်းမှူးဟောင်း Hans Lipschis အား ဂျာမဏီတောင်ပိုင်းတွင် ဖမ်းဆီးရမိ
    မေ-၆၊၂၀၁၃
    M-Media
    _67209394_008442524-1
    အသက် ၉၃ နှစ်အသက်ရွယ် Hans Lipschis အား ဂျာမဏီတောင်ပိုင်း မျိုးဖြုတ်သုတ်သင်ရေးစခန်းမှူးဟောင်းအဖြစ် စွဲချက်တင်၍ ဖမ်းဆီးလိုက်ပြီဖြစ်သည်။
    “ ဒါဟာ သေမင်းစခန်းတာဝန်ခံတွေထဲက ပထမဆုံးဖမ်းဆီးအရေးယူမှုဖြစ်တယ်။ ဒီလိုထိန်းသိမ်းမှုက သိပ်အရေးပါတဲ့ ခြေလှမ်းဖြစ်လို့ ကျွန်တော်တို့ကြိုဆိုပါတယ် ” ဟု ယင်းအဖွဲ့အစည်းမှ AFP သတင်းဌာနသို့ ပြောကြားသည်။
    ယင်းမျိုးဖြုတ်သုတ်သင်ရေးစခန်းတာဝန်ခံ အယောက် ၅၀ ခန့်မှာ  သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး၊  ဂျာမန်အာဏာပိုင်များမှ စုံစမ်းစစ်ဆေးမှုအစီအစဉ်သစ်ကြီးကို တသီတတန်းဆောင်ရွက်ကာ Mr Lipschis အား ပထမဆုံး ဖမ်းဆီးနိုင်ခဲ့သည်။ Auschwitz သည် နာဇီတို့၏ အကြီးမားဆုံးမျိုးဖြုတ်သုတ်သင်ရေးစခန်းဖြစ်သည်။ ထိုနေရာ၌ လူပေါင်း ၁.၁ သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူတို့အနက် အများစုမှာ ဂျူးလူမျိုးများ ဖြစ်ကြသည်။
    Mr Lipschis သည် SS တပ်ဖွဲ့ဝင်ဖြစ်ပြီး Auschwitz အကျဉ်းစခန်း၏တာဝန်ခံအဖြစ် ခန့်အပ်ခံရသည့်အပြင်၊ ဂျာမန်အမျိုးသားရေးဝါဒီ ဟု နာဇီတို့မှ အတည်ပြုထောက်ခံခဲ့ကြောင်း ၄င်း၏ စစ်အတွင်းကိုယ်ရေးအချက်အလက်များက ပြဆိုနေသည်။
    Ref:BBC
  • အားကစားသမားများ တားမြစ်ဆေး ကိစ္စ လုပ်ဆောင်ပေးမှုဖြင့် စပိန်ဆရာဝန် တစ်ဦးအား ထောင်ဒဏ် တစ်နှစ်ချမှတ်
    ဧပြီ-၃၀-၂၀၁၃
    M-Media
    fuentes_blood_doping_conviction
    စပိန်နိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ Eufemiano Fuentes ကို တရားမ၀င် နည်းလမ်းများ၊ တားမြစ်ဆေးဝါးများဖြင့် အားကစားသမားများအား စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ပေးနေသည့်အဖွဲ့တွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲလိုက်ပြီး ပြည်သူ့ကျန်းမာရေး ထိခိုက်စေမှုဖြင့် အင်္ဂါနေ့က ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။
    အသက် ၅၇ နှစ်အရွယ်ရှိ Fuentes ကို ဆိုင်းငံ့ ထောင်ဒဏ် တစ်နှစ်၊ ဆေးကုသခွင့်လိုင်စင် လေးနှစ် ပိတ်ပင်ခြင်းနှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၀၀၀ ဒဏ်တပ်ခဲ့သည်။
    “(အားကစားသမားတွေ စွမ်းဆောင်ရည်မြင့်မားစေဖို့) ဒီလို သွေးလဲတာတွေ၊ သွေးသွင်းတာတွေဟာ ကျန်းမာရေးဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ ဒါတွေဟာ တရားမ၀င်တဲ့ ဆောင်ရွက်မှုတွေဖြစ်ပါတယ်။” ဟု တရားသူကြီး Julia Patricia Santamaria က ဆိုသည်။
    Fuentes မှာ ပရော်ဖက်ရှင်နယ် စက်ဘီးစီးအားကစားသမားများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် သွေးလဲပေးခြင်းကို တာဝန်ယူဆောင်ရွက်သူတစ်ဦးဖြစ်ပြီး တင်းနစ်၊ ဘောလုံး၊ လက်ဝှေ့ နှင့် ပြေးခုန်ပစ် အားကစားသမားများအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း ၀န်ခံခဲ့သည်။
    ၂၀၀၆ ခုနှစ်က Fuentes ၏ ရုံးခန်းသို့ တာဝန်ရှိသူများက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အအေးပေးထားသော သွေးအိတ် ၂၀၀ ကိုတွေ့ရှိခဲ့ရပြီး၊ ၎င်းအား ပြစ်ဒဏ်ချမှတ်ပြီးသောအခါ ထိုသွေးအိတ်များကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။
    ကမ္ဘာ့ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်ရေးအေဂျင်စီ(World Anti-Doping Agency) ကဲ့သို့ အားကစားအဖွဲ့များ၊ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်သည့် အေဂျင်စီများ၊ စပိန်တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့တို့က ဒေါက်တာ Fuentes နှင့်ပက်သက်ခဲ့သည့် အားကစားသမားများအား တရားစွဲဆိုနိုင်ရန်အတွက် ထိုအားကစားသမားများ၏ အမည်နာမများကို ထုတ်ဖော်ပြောဆိုရန် တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
    ထိုကိစ္စနှင့်ပက်သက်၍ အားကစားသမား ၅၈ ဦးကို မေးမြန်းရာတွင် ဂျာမန် စက်ဘီးစီးအားကစားသမား Jan Ullrich အပါအ၀င် ခြောက်ဦးက Fuentes နှင့် ပတ်သက်ခဲ့သည်ဟု ၀န်ခံပြောဆိုခဲ့သည်။
    ယခင်ကလည်း စက်ဘီးစီးအားကစားအဖွဲ့၏ တာဝန်ရှိသူဟောင်းတစ်ဦးဖြစ်သူ Ignacio Labarta မှာ တားမြစ်ဆေးကိစ္စတွင် ပါဝင်ပတ်သက်မှုကြောင့် ထောင်ဒဏ်လေးလ ကျခံခဲ့ရပြီး အခြား တာဝန်ရှိသူနှစ်ဦးမှာမူ ပြစ်ဒဏ်မှ လွတ်ကင်းခဲ့ကြသည်။
    Fuentes ၏ ညီမဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါက်တာ Yolanda မှာမူ တရားစွဲဆိုမှုခံရခြင်းမှ ကင်းလွတ်ခွင့်ရခဲ့သည်။
    Ref: Global Post