News @ M-Media

အားကစားသမားများ တားမြစ်ဆေး ကိစ္စ လုပ်ဆောင်ပေးမှုဖြင့် စပိန်ဆရာဝန် တစ်ဦးအား ထောင်ဒဏ် တစ်နှစ်ချမှတ်

ဧပြီ-၃၀-၂၀၁၃
M-Media

fuentes_blood_doping_conviction

စပိန်နိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ Eufemiano Fuentes ကို တရားမ၀င် နည်းလမ်းများ၊ တားမြစ်ဆေးဝါးများဖြင့် အားကစားသမားများအား စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ပေးနေသည့်အဖွဲ့တွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲလိုက်ပြီး ပြည်သူ့ကျန်းမာရေး ထိခိုက်စေမှုဖြင့် အင်္ဂါနေ့က ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။

အသက် ၅၇ နှစ်အရွယ်ရှိ Fuentes ကို ဆိုင်းငံ့ ထောင်ဒဏ် တစ်နှစ်၊ ဆေးကုသခွင့်လိုင်စင် လေးနှစ် ပိတ်ပင်ခြင်းနှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၀၀၀ ဒဏ်တပ်ခဲ့သည်။

“(အားကစားသမားတွေ စွမ်းဆောင်ရည်မြင့်မားစေဖို့) ဒီလို သွေးလဲတာတွေ၊ သွေးသွင်းတာတွေဟာ ကျန်းမာရေးဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ ဒါတွေဟာ တရားမ၀င်တဲ့ ဆောင်ရွက်မှုတွေဖြစ်ပါတယ်။” ဟု တရားသူကြီး Julia Patricia Santamaria က ဆိုသည်။

Fuentes မှာ ပရော်ဖက်ရှင်နယ် စက်ဘီးစီးအားကစားသမားများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် သွေးလဲပေးခြင်းကို တာဝန်ယူဆောင်ရွက်သူတစ်ဦးဖြစ်ပြီး တင်းနစ်၊ ဘောလုံး၊ လက်ဝှေ့ နှင့် ပြေးခုန်ပစ် အားကစားသမားများအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း ၀န်ခံခဲ့သည်။

၂၀၀၆ ခုနှစ်က Fuentes ၏ ရုံးခန်းသို့ တာဝန်ရှိသူများက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အအေးပေးထားသော သွေးအိတ် ၂၀၀ ကိုတွေ့ရှိခဲ့ရပြီး၊ ၎င်းအား ပြစ်ဒဏ်ချမှတ်ပြီးသောအခါ ထိုသွေးအိတ်များကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။

ကမ္ဘာ့ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်ရေးအေဂျင်စီ(World Anti-Doping Agency) ကဲ့သို့ အားကစားအဖွဲ့များ၊ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်သည့် အေဂျင်စီများ၊ စပိန်တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့တို့က ဒေါက်တာ Fuentes နှင့်ပက်သက်ခဲ့သည့် အားကစားသမားများအား တရားစွဲဆိုနိုင်ရန်အတွက် ထိုအားကစားသမားများ၏ အမည်နာမများကို ထုတ်ဖော်ပြောဆိုရန် တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

ထိုကိစ္စနှင့်ပက်သက်၍ အားကစားသမား ၅၈ ဦးကို မေးမြန်းရာတွင် ဂျာမန် စက်ဘီးစီးအားကစားသမား Jan Ullrich အပါအ၀င် ခြောက်ဦးက Fuentes နှင့် ပတ်သက်ခဲ့သည်ဟု ၀န်ခံပြောဆိုခဲ့သည်။

ယခင်ကလည်း စက်ဘီးစီးအားကစားအဖွဲ့၏ တာဝန်ရှိသူဟောင်းတစ်ဦးဖြစ်သူ Ignacio Labarta မှာ တားမြစ်ဆေးကိစ္စတွင် ပါဝင်ပတ်သက်မှုကြောင့် ထောင်ဒဏ်လေးလ ကျခံခဲ့ရပြီး အခြား တာဝန်ရှိသူနှစ်ဦးမှာမူ ပြစ်ဒဏ်မှ လွတ်ကင်းခဲ့ကြသည်။

Fuentes ၏ ညီမဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါက်တာ Yolanda မှာမူ တရားစွဲဆိုမှုခံရခြင်းမှ ကင်းလွတ်ခွင့်ရခဲ့သည်။

Ref: Global Post

Comments

Leave a Reply