News @ M-Media
Tag: famous_myanmar_muslim
  • မြိုင်ဆိပ်က မအန၀ီ ခလီဖွာစိုက်ယစ်မြီရ်အလီ
    မြိုင်ဆိပ်က မအန၀ီ ခလီဖွာစိုက်ယစ်မြီရ်အလီ
    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    ခလီဖွာ စိုက်ယစ်မြီရ်အလီ အတ်ကဘရ်သည် ကာဘွလ်မြို့သား စိုက်ယစ် အန်ဆွာရီ၏ အဆက်အနွယ်ဖြစ်သည်။ စိုက်ယစ်မြီရ် အလီအတ်ကဘရ်၏ ဖခင်သည် စိုက်ယစ်မြီရ်မဟာမွတ်။ စိုက်ယစ်မြီရ်မဟာမွတ်၏ ဖခင်သည် စိုက်ယစ်မြီရ်ဟိုင်ဒရ်။ စိုက်ယစ်မြီရ်ဟိုင်ဒရ်၏ဖခင်သည် စိုက်ယစ် အီဘရာဟင်။ စိုက်ယစ် အီဘရာဟင်၏ ဖခင်သည် စိုက်ယစ်အဗ္ဗဒွလ် ကာဒေရ်။ စိုက်ယစ်အဗ္ဗဒွလ်ကာဒေရ်၏ ဖခင်သည် စိုက်ယစ် အန်ဆွာရီ ဖြစ်သည်။  ထို့ကြောင့် စိုက်ယစ် အန်ဆွာရီသည် ဆွေမျိုးစပ်ဝေါဟာရ အရ ဘင်တော်ပြီး ခလီဖွာမြီရ်အလီသည် ကျွတ်တော်သူဖြစ်သည်။
    ခလီဖွာသည် –    ဇမ္ဗူဒိပ်၊ ဗျာဒိတ်ပုံနှိပ်၍
    မြိုင်ဆိပ်က မအန၀ီ၊ ကြွေးကြော်လိုက်သည်´
    ဟု ဆိုခဲ့သည်။ မော်လမြိုင်မြို့ ဈေးကြီးရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ ပြုစုသည့် ကျမ်းအမည်မှာ “မဟာ ဗျာဒိတ်တော်၊ မဟာ ပဋိညာဉ်တမန် တော်မူခန်း၊ သယမ္မူ ရွှေဥာဏ်ရှင်တစ်ပါးတည်း အသီးအခြား ရှိတော်မူကြောင်း၊ ဘရှာရတ် အတ်ကဘရ်၊ မောင်လွတ်အတ်ကဘရ်၊ တောင်ဟစ်အတ်ကဘရ်ဖြစ်သည်။
    ခုနှစ်အမှတ်အသားအဖြစ် ဗုဒ္ဓသာသနာ ၂၄၄၂၊ ခရစ်ယာန် သာသနာ ၁၈၉၇၊ ပသီလူမျိုး မုဟမ္မဒ် သာသနာ ၁၁၁၆၊ မူဆာ သာသနာ နှစ် ၃၀၀၀ ကျော်ဟု ကျမ်းတွင် ဖော်ပြထားသည်။ ကျမ်းနိဒါန်းတွင် ကျမ်းပြုသူက-
    “မှန်ညီတရား၊ မျိုးလေးပါးတို့၊ ထင်ရှားရည်သန်၊ ကျမ်းဂန်အယူ၊ အများလူတို့၊ ကြည်ဖြူစေရန်၊ ကျမ်းဂန်အထွတ်၊ လမ်းမှန်မညွတ်၊ ယူရွတ် ဘုရင်အပေါင်းတို့၏ သမ္မာကျမ်း၊ ခရစ်ဝင်စာတွင် ပါရှိသော ဗျာဒိတ်တော်များနှင့် ၎င်းပြင် အဆ်ရာအိလ်၊ ယေဟူဒီလူမျိုးတို့၏ သမ္မာကျမ်းစာ၊ ၎င်းပြင်  ဗုဒ္ဓဘာသာတို့ အနာဂတ် သမ္မာကျမ်းစာ၊ ၎င်းအပြင် အစ္စလာမ် ပသီလူမျိုးတို့၏ ကုရ်အာန်နှင့်၊ ပဋိညာဉ် တမန်တော်၏ ဟဒိဆ်ကျမ်းဂန်၊ လမ်းအမှန်ကို ရွှေဥာဏ် သတိစံတင်၍၊ ကြည့်ကြစေရန်”
    ဟု နှိုးဆော်ထားသည်။
    ကျမ်းတွင် စာမျက်နှာ ၆၄ မျက်နှာပါဝင်သည်။ မဟာ ဗျာဒိတ်ခန်းသည် ကျမ်း၏ ရှစ်ပုံငါးပုံ၊ ဖွားတော်မူခန်းသည် ကျမ်း၏ ရှစ်ပုံနှစ်ပုံ၊ သယမ္မူ ရွှေဥာဏ်ရှင် အခန်းသည် ကျမ်း၏ရှစ်ပုံ တစ်ပုံ ဖြစ်သည်။
    ပထမအခန်း ဘရှာရတ်အတ်ကဘရ် မဟာဗျာဒိတ်တော် ခန်းတွင် ကမ္ဘာ့ဘာသာကြီးများလာ တမန်တော်ပွင့်မည် မဟာ ဗျာဒိတ်တော်များကို စုဆောင်းတင်ပြ ထားသည်။ ခရစ်ယာန်၊ ယဟူဒီဘာသာ၊ ဗုဒ္ဓဘာသာကျမ်းဂန်များမှ ဆီလျော်ဆက်စပ်ရာ ဗျာဒိတ်တော်များကို ထုတ်နုတ်ကိုးကားပြသည်။ အစ္စလာမ်တမန်တော်သည် အစစ်အမှန်ဖြစ်ကြောင်း ဖော်ကျူးခြင်းဖြစ်သည်။
    ဒုတိယအခန်း မောင်လွတ်အတ်ကဘရ် မဟာပဋိညာဉ် တမန်တော်ဖွားတော်မူခန်းတွင် ကမ္ဘာအ၀ှန်း အံ့သြဖွယ်နိမိတ် လက္ခဏာတော် များဖြစ်ပေါ်ပုံများကို ကာက်နုတ်တင်ပြသည်။ မြန်မာရာဇ၀င်လာ ထွန်ပစ်မင်း(အေဒီ-၅၈၂)၊ ပုပ္ပားစောရဟန်းမင်း(အေဒီ-၆၁၃)၊ ရွှေအုန်းသီး မင်း (အေဒီ-၆၄၀) တို့ ခေတ်အခြေအနေကို ဖော်ပြသည်။ (ခုနှစ်မှားဟန်တူ သည်။) နေနှစ်စင်း ထွက်ပုံ၊ မိုးခေါင်ပုံ၊ ကြယ်ခွပ်ပုံ၊ နန်းတော် တလင်းတနားပုံ၊ ကျားဝင်ပုံများ ပါရှိသည်။
    ကမ္ဘာပေါ်တွင်လည်း မှောင်အတိကျရောက်ပုံ၊ “တိရစ္ဆာန်အပေါင်း သားရဲနှင့် သားယဉ်၊ ကောင်းကင်၍ ကျင်လည်သောငှက်၊ အတောင်ပေါက် အမြီးပေါက် အမောက်နှင့် ဆောင်းဆောင်း၊ သတ္တ၀ါအပေါင်းတို့ ပဋိညာဉ် တမန်တော် မုဟမ္မဒ် အလိုင်ဟစ်စလာမ် ဖွားတော်မူကြောင်း ထင်ရှားစွာ ဗျာဒိတ်စကား၊ ကြွေးကြော် ပြောကြလေသည်” ဟု ဖော်ပြထားသည်။
    မယ်တော်ဝမ်းတွင်း သက်ဆင်းပုံ၊ နတ်ဒေ၀ါအပေါင်းက ကောင်းချီးပေးပုံ၊ ဖွားတော်မူပုံ၊ ဗျာဒိတ်ရပုံ၊ တရားဓမ္မပြသပုံတို့ကို အသေးစိတ် သရုပ်ဖော်သည်။ ဤအခန်း၌လည်း ယဟူဒီတို့၏ ဇဗူရ်ကျမ်း၊ ဗုဒ္ဓဘာသာ ၀င်တို့၏ အနာဂတ်ဝင်ကျမ်းကိုးများကို ဖော်ပြသေးသည်။
    တတိယအခန်း တောင်ဟစ်အတ်ကဘရ် သယမ္မူ ရွှေဥာဏ်ရှင် တစ်ပါးတည်း အသီးအခြားရှိတော်မူကြောင်း  တင်ပြရာတွင် ရှုပအစိန္နေယျ၊ ၀ါစအစိန္နေယျ၊ န္ဒဓိအစိန္နေယျ၊ ဥာဏအစိန္နေယျတို့ကို သဘာဝယုတ္တိ၊ သာဓကယုတ္တိ၊ အာဂမယုတ္တိများဖြင့် လက်ခံယုံကြည် လိုက်နာဖွယ် တင်ပြထားသည်။
    ကျမ်းနိဂုံးတွင်-
    “နမူနာ ပုံစံမရှိသော၊ အရာရာကို ပုံစံပြုလုပ်ခြင်းသည်၊ ပသီလူမျိုးတို့ ဥာဏ်၌ အလွန်အံ့လောက်စဖွယ်၊ ကြောက်မက် ဖွယ်ဟု ထင်မှတ်ကြသည်။ သင်္ချေ ၂၀ ကို မဆိုထားနှင့် သင်္ချေ အနန္တပါရမီဖြည့်သော်လည်း အတုလံကို မမီဟု ပသီ လူမျိုးတို့ သဘော၌ ရှိကြ၏
    ဟု ယုံကြည်ချက်ကို ခိုင်မာစွာ တင်ပြသည်။
    ပထမအခန်းတွင် ကျမ်းပြုသူက ခိုင်လုံမှုကို အဓိကပြုသည်။ နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး အထောက်အထား အများအပြား ထုတ်နုတ်ပြသည်။ ပြွတ်သိပ်လွန်း လှသည်ဟု ဆိုနိုင်သည်။ ဤအကြောင်းရပ်မျိုးကို ယခင်က Proof  of  the  Muhammad  from  the  Holy  Bible  and  Ray  to  Paradise  for  Eternal  Life  တွင် တွေ့ရဖူးသည်။
    ဒုတိယအခန်းတွင် ဗျာဒိတ်ရ တမန်တော် ဖွားတော်မူခန်းကို မြင်ယောင်ကြားယောင် လာအောင် သရုပ်ဖော်သည်။ အံ့သြဖွယ်၊ ကြည်ညို ဖွယ်၊ ၀မ်းမြောက် ဂုဏ်ယူဖွယ်ဖော်ပြသည်။
    တတိယခန်းတွင်မူ သယမ္မူရွှေဥာဏ်ရှင် တစ်ပါးတည်းရှိတော် မူကြောင်း ကျစ်ကျစ်လျစ်လျစ် ဖော်ပြသည်။ လေးနက်ပေါ်လွင်သည်။ လက်ခံလိုက်နာဖွယ် တင်ပြသည်။
    ကျမ်းပြုသူ၏ ကာရန်ဖောက် ရေးဟန်ကို နိဒါန်းစကားမှ စတင်၍ လေ့လာနိုင်သည်။
    “သြဘာမင်္ဂလာ၊ ထောမနာတင်စရာ၊ ချီးမွမ်း၍ မဆုံးနိုင်ပါသော (အလ်ဟမ်ဒိုလေလဒာ)နှုတ်ဝါစာတွင် (အာမြင်)ဆို၍၊ ဗိုလ်လူသတ္တ၀ါ (ဒွန္နယာ)တွင်၊ (ဘဏ္ဍာ)အများ၊ စံတင်အခြေ၊ ဥာဏ်ဘုရင် ကဝေတို့၊ မှန်မသွေ ချိန်စက်၍ ငြိမ်သက်စေရန်၊ လေးဘာသာတို့ ဗျာဒိတ်ကျမ်းဂန်၊ လမ်းအမှန်ကို ဧ၀ကံသိကြပါ လိမ့်မည်။ သို့ဖြစ်သည်မို့၊ နံ့သာဆီသင်းကြိုင်၊ သတင်းလှိုင်သည့်၊ မြိုင်ရွှေမြို့တွင်၊ မချို့သာစည်၊ ဘေးဆီးမကပ်၊ ဧကဗျည်း မှတ်သည်၊ ဈေးကြီးရပ်ဌာန(မအနာဝီ) (ဆိုင်ရစ်မြိရ်အလီ)၊ အတ်ကဘရ်(ခလီဖွာ)၊ ကျွန်တော်က ၎င်းညွှန်းဖော်ကာ(မအနီ) အဓိပ္ပာယ် ရေးသားသဖြင့် ထင်ရှားသိလွယ် က၀ိစွယ်တို၊ ငြိတွယ် မရှိ (ယာရဗဗာနာ) မြတ်စွာဇာတိ၊ တုမရှိ ၊ ပကတိတေဇာ ထွန်းတောက်ပါသော်၊ (အလဒာဟို တအာလာ)၏ ဗျာဒိတ်တော် ပဒေသာ၊ ဒေသနာကို နာယူပါက ပြည်လုံး ချမ်းသာ (အံဘေယာ) တမန်တို့(ကလမ်)နှုတ် ၀ါစာ၊ စံယူစရာ၊ ဥာဏ်နမူနာ။ အသုံးပြု ရှုစရာဖို့၊ မိုးချုန်းကာ ရွာချသကဲ့သို့၊ မဟာ ကရုဏာပုလဲ အာနီ၊ စီကုံးကာ ရတနာဘယက်၊ န၀ရတ်ယှက်ကဲ့သို့၊ (မအနီ) အနက် ဖော်၍ပမာ စာနိမိတ်ပြကာ ထုတ်လိုက်ပါသည်။ ဤစာအမည် ဘရှာရတ် အတ်ကဘရ် မဟာဗျာဒိတ်တော်၊ ဒုတိယ မောင်လွတ် အတ်ကဘရ်၊ မဟာဋိညာဉ် တမန် ဖွားတော် မူခန်း၊ တတိယတောင်ဟစ် အတ်ကဘရ် သယမ္မူ ရွှေဥာဏ်ရှင်တစ်ပါးတည်း အသီးအခြား ရှိတော်မူကြောင်း””
    ဟူ၍ ဖြစ်ပါသည်။
    ရှင်းလင်းလွယ်ကူ၍ နားဝင်ချိုသော ရေးဟန်ဖြစ်ပါသည်။ ကျစ်ကျစ် လျစ်လျစ်ရှိပါသည်။ ဖွားတော်မူခန်းတွင် ကျမ်းပြုသူက-
    “၀ိညာဉ်တော် ကောင်းကင်တမန်သည် ဆွတ်ဆွတ်ဖြူ နုသော ငှက်သဏ္ဌာန်နှင့် ကောင်းကင်က မြေပြင်သို့ ဆင်း၍ မိခင်မာတာဘီဘီ (အမည်နာ) ထံသို့ ချဉ်းကပ်၍ နှုတ်တော်က အလွန်ချိုအေး မွတ်သိပ်သောအသံ၊ ဆလ၀တ် ဆလမ်နှင့် ပဋိညာဉ်တမန်တော် (အာခေရွတ် ဇမန်) ထင်ရှားတော်မူ လော။ တရားတော် နေမင်းစကြာ ထင်ရှားတော်မူလော။ မဟာကရုဏာတော် ထင်ရှားတော်မူလော။ ဟူ၍(ကေဒါ အရဗ်) လူမျိုးစကားနှင့် ဆုတောင်း မေတ္တာပို့သလျက် မိခင်ဝမ်းသို့ အတောင်နှင့် သပ်တော်မူ၏။ နှုတ်တော်က ဂုဏ်တော်ကို ရွတ်ဖတ်တော်မူ၏။ တစ်ဖန်ကောင်းကင် ဗိုလ်ခြေအရှင်၏ ပဋိညာဉ်တမန် ထင်ရှားတော်မူလော၊ သင်္ခါရအပေါင်းတို့ကို မွေးမြူဖန်တီးတော်မူသော သူ၏ပဋိညာဉ် တမန်ဖွားတော်မူ လော။ သခင်၏ ပဋိညာဉ်တမန်တော် ထင်ရှားတော်မူလော ဟု ဂုဏ်တော်ကို ချီးမွမ်း၍ အတောင်နှင့် သပ်တော်မူကြောင်း ကျမ်းစလာ၏””
    ဟု ရေးဖွဲ့ပါသည်။
    ခံ့ညားသောအကြောင်းအရာနှင့် ၊ လျက်များဆက်ကာ ဆက်ကာ သုံးပြီး ၀ါကျဖွဲ့ဟန်မှာ လိုက်ဖက်ပါသည်။ ထင်ရှားတော်မူလော၊ ထင်ရှားတော်မူလော ဟူသော အထပ်ထပ် ပန်ကြားဟန်၊ မွေးဖွားတော် မူလောဟူသော ပန်ကြားသံတို့ကို စာရှုသူတို့ ကြားယောင်လာစေပါသည်။
    ပဋိညာဉ် မဟာတမန်တော်၏ ဖွားတော်မူခန်းကို မြင်ယောင်လာစေပါသည်။ ဖွားတော်မူခန်းတွင် ခံ့ညားပေါ်လွင်သော သရုပ်ဖော် အရေးအသားများနှင့် အတိပြီးသည်ဟု ဆိုနိုင်ပါသည်။ ကျမ်းပြုသူသည် –
    ယာနဗီဆလံမွန်အလိုင်ကာ၊ ယာရဆွလ်ဆလန် မွန်အာလိုက်ကာ၊ အရဗီဖာရစီ မေတ္တာပို့ကို မူရင်းအတိုင်း ပြည့်ပြည့်စုံစုံ ရေးပြလိုက်ခြင်းသည် စာရှုသူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲ နေရသကဲ့သို့ ခံစားစေနိုင်ပါသည်။
    ကျမ်းပြုသူသည် အရဗီမြန်မာနှစ်ဘာသာလုံး အကျွမ်းတ၀င် ရှိပါသည်။ မူရင်း ကျမ်းဂန်များကို လက်ရင်းထား၍ ဘာသာပြန် တင်ပြပုံများကို
    “အင်နာ၊ အာအတွိုင်နာ၊ ကလ်ကောင်သရ်၊ ဖွဆွလေဒ၊ လေရဗေဗကာ ၀န်ဟရ်၊ အင်နာရှာနေ အကာ၊ ဟိုဝလ်အပဩတရ်။
    ဧကန်အမှန် ငါထာဝရ ဘုရားသည်၊ အသင်အား ကောင်းချီးမင်္ဂလာ တိုးပွားခြင်း လက္ခဏာနှင့် ပြည့်စုံတော်မူသော ထာဝစဉ် အသက်စမ်းရေကို အသင်အား ပေးတော်မူ၏။ အသင်ကို မွေးမြူဖန်တီးတော်မူသော သခင်၊ ရွှေဥာဏ်ရှင်အား ဂါရ၀နှင့်တကွ စင်ကြယ်စွာ နမာဇ်ဖတ်၍ဘုရားဝတ်ပြုရမည်။ ၎င်းနောက် ကုရ်ဗာနီ(ယဇ်)ပူဇော်ရမည်။ ဧကန်အမှန် အသင့်အား ရန်ငြိုးဖွဲ့သောသူ အသင့်ရန်သူသည် အမျိုးအနွယ်ပြတ်၍ ပျက်စီးခြင်းသို့ ရောက်လတ္တံ့(၅၃)”
    ဟု စူရာကောင်ဆရ် ဘာသာပြန်တွင်လည်းကောင်း။
    “နွန် ၀လ်ကလာမေ၊ ၀မာယဆ်တရွန်၊ မာအန္နာ ဘေနေ့ မတေ၊ ရဗ္ဗေကာ၊ မ္မေကျနွန် ။
    ဂုဏ်တော်အပေါင်းကို ရေးတော်မူသော မင်အိုးနှင့် မင်တံ သက်သေခံ၊ ၎င်း အထက်ဘ၀ဂ်္ဂရှိသော သင်ပုန်းကျောက်ဖျာ ကိုလည်းကောင်း၊ အသင်သည်ငါ၏ ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူသော ရတနာအပေါင်းတို့ကို အသင်အား ငါပေးတော်မူ၏။ အသင်နှင့်သာ ထိုက်တန်တော်မူ၏။ (၅၄) ”
    တွင်လည်းကောင်း ကျမ်းပြုသူ၏ ဘာသာပြန်ရေးဟန်များကို လေ့လာနိုင်သည်။
    ကျမ်းပြုသူ၏ ပရိသတ်သည် မြန်မာစာဖတ်ပရိသတ် ဖြစ်သည်။ ဖတ်သူနှင့် ဆီလျော်သော မြန်မာဆန်သော ရေးဟန်များကို –
    “ရောင်ခြည်တစ်ထောင် ဆောင်တော်မူသော တရားတော် နေမင်း ထွန်းလင်း၍ (၂)”
    ဟုလည်းကောင်း၊
    “မကာမဟာဗောဓိဗိမာန်တော်သည် အလွန်စည်ကားခြင်း နှင့် ပြည့်စုံလေသည်ဖြစ်၍ (၂၀)”
    ဟု လည်းကောင်း၊
    “သောတာပန်ဆွာလေဟန်၊ သကဒါဂမ် ဆွဘေရန်၊ အနာဂမ်အာဗေဒန်၊ အရဟတ္တ အဆဟတ်၊ ဆွာဒေကန် သစ္စာတရားနှင့် ပြည့်စုံသောသူ၊ ဟာဆေလံ ဖိုလ်ဝင်သောသူ၊ ၀ိတက် ၀ိစာရ၊ ပီတိသုခ၊ ဧကဂဤတည်းဟူသော ဈာန် အင်္ဂါ ၅ ပါးနှင့် ယှဉ်သော သောတာပတ္တိမဂ်တရား၊ ဖိုလ်တရားတို့၏ မကိုဋ် သင်းကျစ်ဖြစ်တော်မူသော သူပေတည်းဟု ထာဝရဘုရားသခင် ရွှေဥာဏ်ရှင်ရဟင်သည် ကွရ်အံကလံ နှုတ်ကပတ် တော် ဆင်၍ ဟောစေတော်မူ၏။ (၅၅)”
    ဟု လည်းကောင်း၊
    “သုမင်္ဂလာနှုတ်ကပတ်တော်တရားကို သင်ကြား သောသူ တစ်ယောက်ကို မာရ်နတ်သား ဖျက်ဆီးဖို့ အလွန်ခက်ခဲ၏။ သီလစောင့်သော သူ တစ်ထောင်ကို ဖျက်ဆီးဖို့ အလွန်လွယ် ကြောင်း ကျမ်းစာလာ၏ (တေရ်မဇိကျမ်း) (၅၅)”   
     ဟုလည်းကောင်း၊
    “ငါတို့ ကောင်းကင်တမန် မာလာယကာ နကခတ်တာရာ မီးလျှံပမာ ၀ရဇိန်ဘွဲ့ဖြူ လက်နက်ကိုင်ဎ စစ်မြေအရပ်မှာ စိုးကွပ် သော စစ်ဘုရင်များကဲ့သို့ ကင်းတို၊ ကင်းရှည်၊ အကပ်အခွာ ဗျူဟာစက္က၊ သေနင်္ဂါနှင် မဒုမဗျူဟာ၊ တပ်တာမြေ ကတုတ် တည်လုပ်သကဲ့သို့ ဗြဟ္မာအပေါင်းတို့ ခြံရံလျက် (၆၀)”
    ဟု လည်းကောင်း ကျမ်းအနှံ့ လေ့လာနိုင်သည်။ အထူးသဖြင့် တောင်ဟစ်အကဘရ် ရူပအစိန္နေယျ၊ န္ဒဓိအစိန္တေယျ၊ ဥာဏ အစိန္နေယျ ဖွင့်ဆိုရှင်းလင်းရာ နောက်ဆုံး ကဏ္ဍ တစ်ခုလုံးသည် မြန်မာမှု ကျွမ်းပုံကို ဖော်ထုတ်သော အခန်းဟု ဆိုနိုင်သည်။ ကျမ်းဂန် စာပေလာ အသုံးအနှုန်းများကို လေ့လာပိုင်နိုင်ကြောင်း ပေါ်လွင်သည်။
    ကျမ်းပြုသူသည် တင်ပြသော အကြောင်းအရာ၊ ရည်မှန်းသော ပရိသတ်နှင့်လျော်ညီသော ရေးဟန်ကို ရွေးချယ်ခဲ့သည်ဟု ဆိုနိုင်ပါ သတည်း။    ။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • နိုင်ငံကျော် ဓမ္မကထိက မော်လ၀ီ ဟာဖစ်ဟစံရှား
    နိုင်ငံကျော် ဓမ္မကထိက မော်လ၀ီ ဟာဖစ်ဟစံရှား
    ဇွန် ၃၊ ၂၀၁၄
    M-Media
    ဆရာကြီးဟစံရှားသည် မန္တလေးမြို့ စစ်တန်းမော်လ၀ီကြီးဟု ကျော်ကြားသော မောင်လာနာ ဂိုလမ်အလီရှာဟ် နှင့် အထက်ဗမာ နိုင်ငံ ဘုတ္တောရွာသူ ဒေါ်သီတို့၏ ဒုတိယမြောက်သား ဖြစ်သည်။ သားချင်းညီအစ်ကို ၇-ဦးစလုံးမှာ သာသနာ့ပညာတွင် ထူးချွန်သူများ ဖြစ်သည်။ မိခင်ဒေါ်သီသည် မြေတူးမြို့ သေနတ်စာရေးကြီး ဦးအဗ်ဒွလ်လာခေါ် ဦးပေါက်တူး၏ သမီးဖြစ်သည်။ ဆွေနီးမျိုးစပ်များသည် ထင်ရှားသူများဖြစ်သည်။
    ဆရာကြီး ဘိုးအေ၏ ညီအရင်းမှာ မြန်မာစာအထက်တန်းပြ ဆရာကြီး ဦးသာကြူးဖြစ်သည်။ ဆရာပုံ၏ ဖခင် သွေးသောက်ကြီး ဦးယိမ်းနှင့်ညီ ဦးထိမ်းတို့မှာလည်း အမိဘက်မှ ဘိုးအေများဖြစ်သည်။ ဦးယိမ်း သည် ရွှေဘိုနယ်တစ်ဝိုက်တွင် သြဇာလွှမ်းသူဖြစ်သည်။ မြန်မာစာ ဆရာ ဦးသာကြူးနှင့် ပညာ ခန်း ပြိုင်ဆိုင်ပြောဆိုလေ့ ရှိသူဖြစ်သည်။ ဆရာဟစံရှားသည် မြန်မာစာပေ ကျွမ်းကျင်သော ဦးယိမ်းနှင့် ဦးသာကြူးတို့ထံမှ မြန်မာစာ ဆည်းပူးခဲ့သည်။
    ဆရာကြီး ဦးလေးတစ်ဦး (အဒေါ်အရင်း၏ ခင်ပွန်း)သည် ယင်းတော်မှ သွေးသောက်ကြီး ဦးဘိုးနိုင် ဖြစ်သည်။ သီပေါမင်းတရား မင်းသားဘ၀မှစ၍ ရင်းနှီးကျွမ်းဝင်သည့် ငယ်သူငယ်ချင်းများ ဖြစ်သည်။ ဦးဘိုးနိုင်သည် ပျဉ်းမနားသစ်တောမှ အင်္ဂလိပ်များ ခိုးထုတ်သော သစ်များကို ဖမ်းဆီးဖော်ထုတ်သူများတွင် ပါဝင်သည်။ ထိုဖမ်းမိ နိုင်ငံတော်သစ်လုံး များကို မန္တလေးမြို့ ကုလားပျိုမြောက် ဗလီတွင်သုံးရန် ဘုရင်မင်းမြတ်က ပေးသနားတော်မူသည်။ ဒေါင်းဒင်္ဂါး တစ်ထောင့်ငါးရာလည်း ထပ်မံ ချီးမြှင့် တော်မူသည်။ ထိုထိုသော ကောင်းမှုတော်များနှင့် ဗလီဇရပ် ရေတွင်းများ ဆောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
    စာဆို ဦးရွှေတောင်ကို ဆရာကြီး ဟစံရှားက ဦးရွှေဒေါင်းဟု အမှတ်ထားသည်။ ဦးရွှေတောင်သည် ဆရာကြီး၏ နီးစပ်သောအမျိုးမှ ဖြစ်သည်ဟုဖော်ပြသည်။ ဦးရွှေတောင်သည် မြေတူးရွာသစ်ကြီး ကျောင်းထိုင်ဆရာတော် ဦးက၀ိန္ဒထံတွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ ပျို့ကဗျာလင်္ကာများ လေ့ကျွမ်းသည်။ ရှဂျရတွလ်အီမာန်ကျမ်းသည် စာဆိုကြီး၏ ထင်ရှားသော ကျမ်းများအနက်မှဖြစ်သည်။ ကျမ်းပြုပုဂ္ဂိုလ်၊ ဂန္တ၀င် စာဆိုဖြစ်သည်။
    ဆရာကြီးက မိမိသည် စိုက်ယစ်မဟာနွယ် ဖြစ်သည်။ တမန်တော် မုဟမ္မဒ်(စွ) သခင်မှ ၄၂ ဆက်မြောက်ဖြစ်သည်ဟု မျိုးနွယ်ဇယား ဖော်ပြသည်။ မိမိမှစ၍ ဆွေတော်စဉ်ဆက်နွယ်ပုံကို-
    ၁။ ဟစံရှား။  (၂) ဂိုလာမ်အလီရှား။ (၃) မိုဟမ္မဒ်ရှား။ (၄) ဂျီအာယာရှား။ (၅) ရှေ(ရ)ရှား။ (၆) စယဒ်ရှား။ (၇) ဂျဟ်ဖွရ်ရှား။ (၈) ကမလ်ရှား။ (၉) ဂျမာလ်ရှား။ (၁၀) ကမိရ် ရှား။ (၁၁) ရှားမိုဟမ္မဒ်။ (၁၂) ရှားရှမ်(စ်)။ (၁၃) ရှေရ်အလီ ရှား။ (၁၄) ဗဟာအွတ်ဒီန်။ (၁၅) ရွတ်(က)နွတ်ဒီန်။ (၁၆) မီရ် အဗ်ဂျစ်။ (၁၇) အေမမ်။ (၁၈) အလီ။ (၁၉) အလာအွတ်ဒင်။ (၂၀) ဂျလာလ်။ (၂၁) မန်စွရ်။ (၂၂) နဇွာမွတ်ဒီန်။ (၂၃) ဟဗီ ဗွလ်လာဟ်။ (၂၄) ခလီလွလ်လာဟ်။ (၂၅) ရှမ်စွတ်ဒီန်။ (၂၆) အဗ်ဒွတ်လာဟ်။ (၂၇) နူရွလ်လာဟ်။ (၂၈) အစွဟာဗွလဒာဟ်။ (၂၉) ကမာလွတ်ဒိန်။ (၃၀) ခေစ်[ို။ (၃၁) အာရစ်(ဖွ)။ (၃၂) အစ်(ဗ)ရာဟိမ် ရှိရာဇ်။ (၃၃) အဗူသွာဟေရ် သွာဟေရီ။ (၃၄) ဟိုစိုင်အာရစ်ဖ်။ (၃၅) အလီအာရစ်။ (၃၆) မိုဟမ္မဒ်မို့ (အ)မင်န်ဒီဗာ (ဂျ)။ (၃၇) အေမမ်ဂျ (အ) ဖွရ်စွာဒစ်(က)။ (၃၈) အေမာမ်မိုဟမ္မဒ်ဗာကေရ်။ (၃၉) အေမမ် ဇိုင်နွလ် အာဗေ့ဒိန်။ (၄၀) အေမာမ်ဟိုစိုင်န်။ (၄၁) ဗီဗီဖွာသွေမဟ်ဇွတ်ရာ။ (၄၂) မိုဟမ္မဒ် ရစူလ်စွလ်လောလ်လာဟို့ အလိုင်ဟေ့ ၀အလာအာလေ့ဟီ ၀စတ်လမ် ဟူ၍ အမည်တော်စဉ်ပြသည် ။
    နန်းတွင်းဗလီဆရာကြီး စရ်ဒါရ်အလီရှားသည် မိမိ၏ဘထွေး (ကျာကျာ) တော်သည် သားသမီးမရှိ၍ တူတော်မောင်ကို သားရင်းသမီးရင်း ပမာ သဘောထားသည်။ ဟစံရှားသည် ၄-နှစ်သားအရွယ်မှစ၍ ဘထွေး နှင့်အတူနေပြီး ဘထွေးထံမှ ပညာဆည်းပူးသည်။ ၁၅ နှစ်အရွယ်ကျမှ ဘခင်ထံပြန်သည်။ ဘထွေးထံမှာ ဟာဖစ် စဖတ်သည်။ ပန်ဂျာဗီဘာသာ စကားကိုလည်း ကောင်းစွာ သင်ယူသည်။ ပညာအရာ နှံ့စပ်ကျော်ကြား သူ  ဘထွေးထံမှ ပညာအမွေ ဆက်ခံခွင့်ရခဲ့သည်။
    နှစ်ဖက်မိဘဆွေမျိုး ပညာတတ်များကြားတွင် ကြီးပြင်းလာသူ  ဆရာဟစံရှားသည် ကိုးနှစ်သားအရွယ်တွင် ပန်ဂျဗ်ရှာဟ် ပူရ်မြို့တွင် ကုရ်အာန်ဟာဖစ်ဖြစ်သည်။ ဟာဖစ်ဖတ်ရင်း ခေတ်ပညာသင် အင်္ဂလိပ် ကျောင်းတွင် ပဉ္စမတန်းအောင်သည်။ တပည့်ကလေး၏ အလားအလာကို မြင်သော ကျောင်းဆရာကြီးက အင်္ဂလန်သို့ ပညာသင်စေလွှတ်ရန် ဖခင်ကြီးအား အကြံပြုသည်။ ဖခင်ကြီးက လက်မခံ။ လောကီပညာကို အားမပေး။ သာသနာပြုရန် သာသနာ့ပညာကို သင်ရမည်ဟု မိန့်သည်။ ဖခင်ကြီးစကားကို နားထောင်ပြီး သာသနာ့ပညာကို ပေါက်မြောက်အောင် သင်ယူသည်။
    မြန်မာပြည်သို့ ပြန်ရောက်သောအခါ အရပ်ရပ် နယ်တကာ လှည့် ဟောကြား သည်။ တောကစားလည်း ၀ါသနာ ပါသည်။ သေနတ် လွယ်ပြီး တောကစားရင်း ဗုဒ္ဓဘာသာရွာများဩလည်း ဟောကြားသည်။ ဘာသာစုံ ချစ်ကြည်မှု၊ အချင်းချင်း အပြန်အလှန် နားလည်မှုကို တည်ဆောက်သည်။ စူးစမ်းမေးမြန်းလာသမျှ ရှင်းလင်းစွာ ဖြေကြားသည်။ စောဒနာများကို ကျေလည်အောင် ချေပသည်။
    ဆရာကြီး၏ ထက်မြက်ပုံကို နိုင်ငံဂုဏ်ရည်ပထမဆုရ ဆရာချယ်က မိမိ၏ကျွန်ုပ်အကြောင်းမှ သိကောင်းစရာများ စာအုပ်တွင် ပြောပြထားသည်။
    တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များအတွက် အဆင့်မီသော ဘာသာရေးကျောင်းများ မရှိခဲ့သေးသဖြင့် ဘာသာရေး လုပ်ငန်းများတွင် အချို့သောပြင်ပမှ ဓလေ့ထုံးစံများ အယူအဆများ ၀င်ရောက်လာခဲ့ကြသည်။ ထိုသို့သော အယူအဆမျိုးသည် အိန္ဒိယပြည်တွင်သာ များခဲ့ဟန်ရှိသည်။ ထို့ကြောင့် ပညာရှင်များ ဘာသာရေးနှင့် မညီသော လုပ်ငန်းများ ဖော်ထုတ်၍ အသစ်ထွင် ပြုလုပ်ခြင်းများကို မလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်များကို မြန်မာပြန် မဂ်ျမုအာဖွတ၀ါခေါ် ဓမ္မသတ် ဆုံးဖြတ်ချက် စာအုပ်ငယ်တွင်ဖတ်ရသည်။ ထိုစာအုပ်ပါ မလုပ်သင့် မလုပ်ထိုက်ဟု ဆုံးဖြတ်ထားချက်များကို မိမိတို့နယ်တွင် လုပ်ကိုင်နေဆဲဖြစ်သည်။ မိမိသည် ထိုအခြေအနေကို အမှန်အတိုင်းဖြစ်အောင် ပြောင်းလဲလိုသော ဆန္ဒဖြစ်ပေါ်လျက်ရှိသည်။ ထိုဆုံးဖြတ်ချက်များ မှန်မမှန် ကံသာကုန်းရွာ တရားဟောဆရာများအား မေးခဲ့ရာ မဖြေနိုင်ကြ။ မြေထူးမြို့သို့ ရောက်သောအခါ ဆရာကြီးတစ်ဦးကို မေးရာ(၁၃) ရက်ခန့် အချိန်ပေးရမည်ဟု ပြောသည်။ ဆရာကြီးပုံအားပြရာ ဆရာကြီး ဟစံရှားအား ပြလိုက်သည်။ ဆရာကြီးဟစံရှားက ချက်ချင်းဖြေသည်။ မေးခွန်းတစ်ခုပြီးတစ်ခု အဖြေများကို ကျမ်းစာ အကိုးအကားများနှင့် ပြောရာ ကျမ်းစာများကို စာမျက်နှာ အ၎င်းညွှန်းလောက် သာရှာ၍ ရေးရတော့သည်။ မေးခွန်းပေါင်း(၂၃)ခုကို အချိန် (၂)နာရီခန့်ဖြင့် ဖြေခဲ့သည်။ အဖြေများမှာ ရန်ကုန်မှ ထုတ်ဝေသော မဂ်ျမူအာ ဖွတ၀ါ စာအုပ်ငယ်ပါ အဖြေများနှင့်မကွာ ခြားလှပါ။
    “မောင်လာနာဟာဖွစ်ဟစံရှားမှာ တောပစ်ပင် မပျက်ဘဲ ဤမေးခွန်းပေါင်း (၂၃)ခုကို (၂) နာရီနှင့် ဖြေသွားခဲ့ရာ သူ၏ ပညာ ထက်မြက်ပုံကို မိမိတို့၏ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပါသည်။”
    ဟု ဆရာချယ်က ကိုယ်တွေ့ဖြစ်ရပ်ကို ဖော်ပြထားသည်။
    ဆရာကြီး၏ ဖခင် စစ်တန်းသခင်ကြီးသည် အိန္ဒိယသို့ သွားရောက်၍ သာသနာ့ပညာ ဆက်လက်ဆည်းပူးလိုသဖြင့် ဇနီးသည် ဒေါ်သီနှင့် သားနှစ်ဦးဖြစ်သည့် ဟစံရှားနှင့် ဟူစိန်ရှားတို့ကို ကန့်ဘလူမြို့နယ် ဘုတ္တော ကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဘုတ္တောရွာတွင်ဆရာခန့်သည် ကျောင်းထိုင်ပြီး စာပြသည်။ ဆရာသည် ကွမ်းခြံကုန်း ဒေးသနောမှ မြေထူးသို့ ပြောင်းလာသူဖြစ်သည်။ ဆရာဟစံရှားသည် ဘုတ္တောရွာတွင် နေထိုင်စဉ် ဗလီထိုင်ဆရာကြီး ဦးခန့်၏သမီးနှင့် အမှတ်မထင်ဆုံမိသည်။ ပါရမီ ဖြည့်ဖက်အဖြစ် သဘောကျသွားသည်။ မိခင်က စေ့စပ်ကြောင်းလမ်းပေးသဖြင့် မင်္ဂလာပွဲဖြစ်မြောက်သွားသည်။ ဇနီးသည်မှာ တစ်ဦးတည်းသော သမီးဖြစ်၍ ဟစံရှားသည် ယောက္ခမကြီးနှင့်အတူ ဘုတ္တောရွာတွင် ၃-နှစ်နေပေးရလေသည်။ ထိုစဉ်မိမိ ယောက္ခမကျောင်းတွင် စာပြသည်။
    ဆရာပုံ၊ ဆရာခွာ၊ ဆရာသိန်း၊ ဆရာမန်၊ ဆရာအောင်ဒင်၊ ဆရာခ၊ ဆရာဇုံစသည်များသည် မိမိတပည့်များဖြစ်ကြောင်း ထိုနယ်တွင် ဆွေရိပ် မျိုးရိပ်ကင်းသူများရှာရန် ခဲယဉ်းကြောင်း အထက်ဗမာပြည်တွင် မိမိတပည့် တပန်းများကြောင်း ဆရာကြီးက ဆိုသည်။
    ဆရာကြီးကို ၁၉၄၅ ခုတွင် မြန်မာ မွတ်စလင်မ်အဖွဲ့ချုပ် GCBMA အသင်းကြီး၏ အတိုင်ပင်ခံအဖြစ် တင်မြှောက်သည်။ ဆရာကြီးသည် ၁၉၅၉ ခု သြဂုတ်လ၌အစ္စလာမ်သာသနာရေးရာ ကောင်စီနှင့် အာလင်မ် ပညာရှင်များရေးရာ ကော်မတီကို ထောက်ခံကြောင်း ကြေညာသည်။ အာလင်မ်ပညာရှင်များရေးရာ ကော်မတီ၏ နာယကအဖြစ်လည်း ခံယူသည်။ ၁၉၅၉ ခု နိုဝင်ဘာလ၌ ကာအေဒါကုရ်အာနီ စာအုပ် ထုတ်ဝေသောအခါ အတွင်းရေးမှူးချုပ်က အစ္စလာမ်စာစောင်မှကြိုဆိုသည်။ သို့သော် နိုင်ငံတော်ဘာသာကိစ္စတွင် သဘောထားကွဲသဖြင့် လမ်းခွဲကြသည်။
    ဆရာကြီးသည် အဟောအပြောတွင် ပွဲတိုင်းကျော်သကဲ့သို့ အကြံ အဆတွင်လည်း တစ်မူထူးခြားပါသည်။ ရဲရင့်ထက်မြက်ပါသည်။ ဆရာကြီးသည် မှန်ကန်သောဝါဒလမ်းစဉ် ဖြန့်ဖြူးရန် ရန်ကုန်မြို့၊ မန္တလေးလမ်း၊ အိမ်နံပါတ် ၁၀ တွင်ကိုယိုင် ပုံနှိပ်တိုက်တည်ထောင်ပါသည်။ အများ ပရိသတ်အတွက် ပညာပေးစာစဉ် အများအပြား ရေးသားထုတ်ဝေခဲ့သည်။
    – ကာအေဒါကွရ်အာန် (၅၉)
    – မိုစလင်မ်ဝါဒကျမ်း
    – ကုရ်ဗာန် အဓိပ္ပာယ်ကျမ်း
    – နေ့ရက်ရွေးနည်း (မြန်မာလို)
    – နေ့ရက်ရွေးနည်း (အူရဒူလို)
    – နာမတော်ကိုးဆယ့်ကိုး တန်ခိုးစာတမ်း
    – သံလျှင်ဒရ်ဂါဟ်အတ္ထုပတ္တိစာတမ်း
    – ကမ္ဘာတွေရဲ့ အရှင်ကျမ်း
    – တောင်ဟီဒေ့အစ္စလာမ်ကျမ်း
    – ဂျိုမိုအာကျမ်း
    စသည်တို့ ဖြစ်ပါသည်။
    ဆရာကြီးသည် တစ်မူခြားသော မိမိအတွေး မိမိအယူကို ပြည်သူထံ ပြန့်နှံ့နိုင်ရန် သတင်းစာ တစ်စောင်လည်း ထုတ်ဝေပါသည်။ အလ်ဗလဂ် အမည်နှင့် ဖြစ်ပါသည်။ ရဲရဲတွေးပြီး ရဲရဲရေးသဖြင့် သဘောထား မတိုက်ဆိုင် သူများ နာလိုခံခက်ဖြစ်ကြရသည်။
    ဆရာကြီးသည် အတိတ်သမိုင်းကို ၀ါသနာပါသကဲ့သို့ ခေတ်ပြိုင် လတ်တလောနိုင်ငံရေးကိုလည်း စိတ်ဝင်စားသည်။ ဆရာကြီး၏ အယူအဆ နှင့် စာဓလေ့ကို ရိပ်စားနိုင်ရန် သံလျှင် ဒရ်ဂါဟ် အတ္ထုပ္ပတ္တိစာတမ်းမှ ထုတ်နုတ်တင်ပြပါမည်။
    မြန်မာပြည်သို့ ၀င်ပေါက်သုံးခုမှ စတင်ဖော်ပြသည်။ ပုဂံခေတ် တာတာမွတ်စလင်မ်၊ ရခိုင်ဂေါရီပထန်၊ ရခိုင်မိုဂိုလ်မင်းဆက်များနှင့် ပင်လယ်ပျော်အာရဗ်များအကြောင်းမှစပြီး တောင်ငူရာဇ၀င်အထိ ကွင်းဆက် ရေးသည်။ ပြီးမှ သံလျင်ဒရ်ဂါအကြောင်း ပသီခုံ အစီအရင် တော်ငါးပါးစ၍ မှတ်တမ်းပြုသည်။ အမြို့မြို့ရှိ ကိုယ်တိုင်ရောက်ဖူးသော ဒရ်ဂါများကို ဖော်ပြသည်။ ယင်းတို့နှင့် တစ်ဆက်တည်းတွင် မန္တလေးမြိ့ အေလမ်းထောင့် ဗလီကြီးဂျင်ပီရ်ယပ်က်ရှား၊ ရန်ကုန်ဒေလီဘုရင်ဇွဖွရ်ရှား၊ မင်္ဂလာဒုံဗိုပါရီရှား၊ သံလျင်စမွန်ဒရ်ရှား၊ မနဩလေး တဘက်ဆွဲ ကာလူရှာဟ် ဒရ်ဂါများအကြောင်း ၎င်းညွှန်းဆိုသည်။ ကြားဖြတ်၍-
    ဒရ်ဂါပြုပိုင်ကြောင်း ကုရ်အာန် ၁၅ဂျွဇ် စူရဟ်ကတ်(ဖ်)လာ အာယတ်တော်ကို ကိုးကား၍လည်းကောင်း၊ သင်းချိုင်္င်းများပေါ် ပန်းတင်ခြင်း၊ အမွှေးအကြိုင်များ တင်ခြင်းပြုနိုင်ကြောင်း ဖတ်ဝါအဇီဇီကျမ်း၊ အာလမ် ဂိရီကျမ်းတို့ကို ကိုးကား၍လည်းကောင်း ဖော်ပြသည်။ ပန်းတင်ခြင်းထက် ပန်းဖိုးလှူဒါန်းခြင်းက ပိုမြတ်ကြောင်းလည်းမချန်ပါ။ အလားတူပင် လူအများစုရုံး၍ ဖွာတေဟာ အော်ဖတ်သည်ကို မတားရ။ ဖွာတေဟာ မဖတ်ကောင်း၊ ဒရ်ဂါမသွားကောင်းဆိုသူများမှာ မဇွာဟေရီ ၀ါဒသမား များသာဖြစ်သည် ဟု မိမိအမြင်ကို ဖော်ပြထားသည်။
    ပြီးမှ သမိုင်းကြောင်း ပြန်ကောက်သည်မှာ မြေးတော် အေမမ် ဟူစိုင်န်အလိုင်ဟစ္စလာမ်၏ညီ၊ ဘတူမိကွဲသည် မြန်မာပြည်သို့ ရောက် ကြောင်း၊ သီဟိုဠ်၊ မလေး၊ အိနဒိယ မွတ်စလင်မ်များ၊ ပုဂံခေတ် စာသင်ကျောင်းများ၊ ပဲခူးဒေသပေါ်ထွန်းပုံ၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်မှစ၍ ရွှေဘိုနှင့် အမရပူရ ရှဟီဒီများအထိ သမိုင်းအယူအဆကို တင်ပြသည်။
    ရခိုင်မှ စလိမ်ရှား၊ ဟိုစိုင်ရှား၊ စစ်တွေဗလီတကာ ဟာဂျီ အလီခန်၊ ဘစောဖြူ ကလေမာရှား နှင့် မဂိုဘုရင် ရှာဟ်ဂျဟာန်၏ သားတော်ဖြစ်ရပ် နှင့် အင်းဝမွတ်စလင်မ် အဆက်အစပ်ကို ရေးပြသည်။ ရှေးမီနောက်မီ ပညာရှိ လူကြီးသူမများမှ ကြားဖူးနားဝရှိသည်များကို အနည်းငယ် ဖြည့်စွက်သည်ဟု စကားခံပြီး စစ်သူကြီးမဟာဗန္ဓုလ၊ ဗဒုံမင်းလက်ထက် ဆရာကြီး ဦးနု၊ ဦးရွှေဒေါင်း(ဦးရွှေတောင်)၊ ဆရာကြီးခန့် (ဘုတ္တောကျောင်းတို့) အကြောင်းများနှင့် မိမိတို့သားအဖ၏ တပည့်တပန်းများ အကြောင်း ဖော်ပြသည်။
    မိမိခံယူချက်အရ ယတိ(မ်)ခါနာ မိဘမဲ့ကလေးကျောင်းကို ဝေဖန်သည်။ မဇွာဟေရီ ၀ါဒသမားများကို စိန်ခေါ်သည်။ မျိုးရိုးကို ထောက်သည်။
    “ပညာမွှားမှုန်၊ ထားစိတ်ဟုံ၊ ယူတုံသူကြိုက်ရာ၊
    ပညာမရှိ၊ နက၀ိ၊ အမောင်မှားဖို့သာ။
    ရသာကောင်းဆုံး၊ ပန်းဝတ်ဖြုံး၊ ပိတုန်းတို့ သိသာ၊
    ပညာရဲရင့်၊ ပွဲလည်တင့်၊ အမြင့်ရောက်ဖို့ပါ။
    ပညာမရှိ၊ နက၀ိ၊ သောင်တင်ခွေးပမာ၊
    ရိုင်းပြစကား၊ ပြောကြားလူမိုက်၊ ဗာလာနာ၊
    ယဉ်ယဉ်ကျေးကျေး ပြောချင်သေး၊ မနှေးပညာရှာ။
    ကျွန်မျိုးသခင်မျိုး၊ သိလို ဆက်၍ စပ်လို့ရှာ၊
    မျိုးတော်နွယ်ခံ၊ စိုက်ယေ့ဒံ၊ ဧကံဟစံရှာဟ်
    ဒိုအမာန်မင်း မဇဟဗ်ထွင်း မငြင်းလိုက်ခဲ့တာ”
    ဟု ငယ်စဉ်လက်ရာ သံပေါက်ကဗျာကို တင်ပြသည်။ ဆက်လက်ပြီး မိုးဆုပန် ကာဘွလ်မော်လ၀ီကြီးသည် တရားနှင့် ဆန့်ကျင်ဘက်တွေ့သော အခါ တုတ်နှင့်ရိုက်လေ့ရှိ၍ တုတ်ရိုက်မော်လ၀ီဟုလည်း တွင်သည်။
    နန်းတွင်းဗလီထိုင် စရ်ဒရ်အလီရှားသည် ဘထွေးတော်သည်။ ပညာတစ်ဖက်ကမ်းခတ် တတ်သည်။ ပန်ဂျဗ်သို့ ပြောင်းသွားပြီး ကရာမတ်ပြသည်။ ဂျင်များကပင်လာ၍ ပညာသင်ကြားရသည်။ ကုလားပျိုတပ်ကို ဘုရင်များ ယုံကြည်ကိုးစားသည်။ မနဩလေးစစ်တန်းမော်လ၀ီစိုက်ယစ် ဂိုလာမ်အလီရှားသည် မိမိဖခင်ဖြစ်သည်။ တမန်တော်မြတ် အနွယ်တော် ဖြစ်သည်။ သား ၇-ဦးသည် ကျော်ကြားသည်။ တပည့်တပန်း ပေါသည်။ မိခင်ဘက်မှ ဆွေမျိုးများလည်း ထင်ရှားသည်ဟု သံလျင်ဒရ်ဂဟ် အတ္ထုပ္ပတ္တိ စာတမ်းတွင် စပ်မိရာရာ မှတ်သားဖွယ်များပါရှိသည်။
    နိဂုံးတွင် မြန်မာအစ တကောင်းက အဆိုအရ အဘိရာဇာမင်းမှ ကုန်းဘောင်နောက်ဆုံးဆက် သီပေါအထိ ရာဇ၀င်ဆက်အကျဉ်းပြသည်။ ပါတော်မူပုံ မြင်ယောင်ကြားယောင်အောင် ရေးသားသည်။ နောက်ဆုံးတွင် သမီးတော်နှင့် မိမိ တွေ့ရပုံကို သတိရ တမ်းတဖွယ် တင်ပြသည်။
    ဆရာကြီးသည် ဟာဗေးရာဇ၀င်၊ ဦးအုန်းမောင်ရေး၊ မြန်မာ ရာဇ၀င်သစ်၊ မှန်နန်းရာဇ၀င်နှင့် သာရိခ်ဗရ်မာ စာအုပ်များကို ကိုးကားသည်။ စိတ်ကူးယဉ်ဆန်သော အကြောင်းများကို သာရိခ် ဗရ်မာ ရာဇ၀င်ကျမ်းတွင် အခြေခံထားကြောင်း သိရှိရသည်။
    သံလျှင်၊ ငဇင်ကာ၊ ကုလားကျောင်း၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းကလေး၊ ဗန္ဓုလ၊ ဦးရစ်၊ သီရိခေတ္တရာ၊ အနော်ရထာ၊ ကေတုမတီ၊ ကုန်းဘောင်၊ ငရမန်ကန်း စသည့် ဝေါဟာရရင်းမြစ် များကို ကြံဆဖော် ထုတ်ပြသည်။
    ဆရာကြီးသည် သတ္တိရှိသည်။ ပြောရဲဆိုရဲသည်။ ယုံကြည်ချက် ခိုင်မာသည်။ မိမိပြုစုသည့် စာအုပ်များတွင် မိမိအမည်ကို ပီရ်စိုင်ယစ်ဟစံရှား ဟု ဖော်ပြပါသည်။
    ဆရာကြီး၏ စိတ်သဘောထား ခံယူချက်ကို အောက်ပါ သံပေါက် ကဗျာအရ လေ့လာသုံးသပ် နိုင်သည်။
    ရှာမီသုံးတွဲ၊ ကျမ်းစာထဲ၊ မလွဲသိဖို့ရာ။
    သုံးရာသုံးဆယ်၊ ခုနစ်ဝယ်၊ ရှုဖွယ်စာမျက်နှာ။
    ဗာဂီဆိုထား၊ ၀ဟာဗီများ၊ တရားသူပုန်သာ။
    မောင်လူးဒ်ကေယာမ်၊ ရပ်သူမှန်၊ ဧကန်မုန်းတီးတာ။
    နမာဇ်ပြီးလျှင်၊ ဒိုအာပင်၊ တောင်းလျှင်မကြိုက်ပါ။
    အာဇန်ဆိုပြီး၊ လက်မြှောက်နည်း၊ အပြီးပယ်စေရာ။
    ဖွာတေဟာပွဲများ၊ ရှေ့မှာထား၊ အမှားပြောကြတာ။
    တမန်တော်အား၊ ရိုသေငြား၊ တရားမရှိပါ။
    ဒရူးဒ်ရှရစ်ဖွ်၊ ဖတ်ကာလှစ်၊ အပြစ်ပြောကြတာ။
    ဒရ်ဂါသွားလျှင်၊ သူတို့ထင်၊ အရှင်မကြိုက်ပါ။
    အရက်လေးဆယ်၊ သူတို့ပယ်၊ ရက်လည်သုံးရက်ပါ။
    အီးဒ်နေ့ရက်မှာ၊ တက္ကဗီရ်သာ၊ ဖတ်တာမကြိုက်ပါ။
    တရာဝီဟ်တွင်း၊ စာထောက်ခြင်း၊ အလျှင်းရှောင်ကြတာ။
    နဖိလ်နမာဇ်၊ ပယ်တုံလပ်၊ မဖတ်လွှတ်ပစ်တာ။
    ဖတ်သူကိုပင်၊ အပြစ်တင်၊ နှုတ်တွင်ကဲ့ရဲ့တာ။
    ရှဗ်ရာသ်ညဥ့်တွင်၊ များမွတ်စလင်မ်၊ ပွဲပြင်မုန့်စုံသာ။
    ဘိုးဘွားတွေပါ၊ အာရ်ဝါ၊ ဗလာနတ္တိပါ။
    ယောင်မွန်နဗီ၊ ကျင်းပသည်၊ ၀ဟာဗီမလုပ်ပါ။
    စွန္နတ်ကိုပင်၊ ပယ်ဖို့ပြင်၊ ခေါင်းတွင်ဦးထုပ်သာ။
    ကျမ်းစာဖုံဖုံ၊ မပြည့်စုံ၊ ယုံမတတ်ပါ။
    ရှေးလူကြီးများ၊ ကဲ့ရဲ့ငြား၊ ခြေဖျားမမီပါ။
    ရပ်ခါတသ၊ စ၀ါဗ်ရ၊ သိကြ မ စူရာ။
    ဒရူဒ်စလာမ်၊ ဇကေရ် ရံ၊ အမှန်ထွတ်မြတ်တာ။
    တရာဝီဟ်မှာ၊ စာထောက်တာ၊ မဟာကောင်းကျိုးပါ။
    နမာဇ်ပြီးလျှင်၊ ဒိုအာတွင်၊ အရှင်နှစ်သက်တာ။
    ယောင်မွန်နဗီ၊ မြန်မာပြည်တွင်၊ သောင်းချီပြုလုပ်ပါ။
    ရွှတ်ကရာနာ၊ ဖွာတေဟာ၊ ရှည်စွာဖတ်ရွတ်ပါ။
    ရေးရန်လွန်များ၊ ဤတွင်ကား၊ အမှန်နည်းလှပါ။
    ကျမ်းမြတ်ကုရ်အာန်၊ ဓိပ္ပာယ်ပြန်၊ အမှန်နည်းလှပါ။
    ပညာမှုန်မွှား၊ မာနထား၊ စိတ်ထားဝတိသာ။
    ပညာရဲရင့်၊ ပွဲလယ်တင့်၊ အမြင့်ရောက်ဖို့သာ။
    ပတ္တမြားစစ်၊ နွံမှာနစ်၊ မညစ်ထွန်းတောက်ပါ။
    ဟာဖွစ်ဇ်စံရှား၊ စီရေးထား၊ မှတ်သားကြစေရာ။
    တရားအမှန်၊ သိကြရန်၊ ထုတ်ပြန်ကြေညာစာ။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ကနဦး ဘာသာပြန်ဆရာ မောင်လာနာ ရဟ်မတွလ္လာ
    ကနဦး ဘာသာပြန်ဆရာ မောင်လာနာ ရဟ်မတွလ္လာ
    .မေ ၂၆၊ ၂၀၁၄
    M-Media
    ဆရာရဟ်မတွလ္လာဟ်၏ ဇာတိသည် ရန်ကုန်ဖြစ်သည်။ အမိဘက်မှ ရခိုင်ကမန်နွယ်၊ အဘဘက်မှ စူရတီနွယ်ဖြစ်၍ ကမန်စူရတီစပ် ဖြစ်သည်။ ငယ်စဉ်က ရန်ကုန်မြို့၊ အစိုးရဟိုက်စကူးကျောင်းနှင့် ရန်ဒေးရီးယား ကျောင်းများ၌ ၈-နှစ်ခန့် ပညာဆည်းပူးသည်။ ထိုစဉ် တမန်တော်မြတ်၏ သြ၀ါဒတော်များတွင် သာသနာ့ပညာ၏ အရေးပါမှုကို ဖတ်ရှုဆင်ခြင်မိသည်။ တရုတ်ပြည်သို့တိုင် သွားရောက်ပညာရှာရန် သြ၀ါဒကို အသည်းစွဲဖြစ်သည်။ နှစ်ဘ၀နှစ်ဌာန လူဖြစ်ရှုံး ယူကျူံးမရ ရှိရမည့်အရေး ထိတ်လန့်မိသည်။ သာသနာ့ပညာ၏ အရင်းအမြစ်ဖြစ်သော အရဗီဘာသာ ကျမ်းရင်းများ ဆည်းပူးနိုင်မည့် ဒေသသို့ ရှေ့ရှုထွက်ခွာရန် သန္နိဋ္ဌာန်ချလိုက်သည်။ သို့နှင့် ၁၉၁၂-ခုနှစ် စက်တင်ဘာလ ၂၈-ရက်နေ့တွင် မိဘနှစ်ပါးအား အသိမပေးဘဲ အိန္ဒိယနိုင်ငံသို့ တိတ်တဆိတ် ထွက်သွားသည်။ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီမြို့ရှိ မဒရ်ဆာအာမီနီယာခေါ် သာနာပညာ ကျောင်းတော်တွင် အရဗီဘာသာဖြင့် ဟဒိဆ်၊ တဖ်စီရ်၊ ဖေကာ၊ မန်တစ်၊ ဖလ်စဖြာ၊ ဟိုင်အတ်၊ မအာနီအစရှိသည့် ပညာရပ်များကို ဇွဲနပဲကြီးစွာ တပ်မက်စွာ ဆည်းပူးသည်။ ၉-နှစ်ခန့် ကြာသည်အထိ အိန္ဒိယတွင်သာ ကြိုးစားနေသည် မြန်မာနိုင်ငံသို့ လုံးဝမပြန်ခဲ့ပါ။
    ဇာတိဌာနေမှခွဲခွာခဲ့သည်မှာ ကြာတောင်းကြာပြီးဖြစ်၍ ဆရာက သတိရတမ်းတနေစဉ် မြန်မာပြည်မှ သံကြိုးရောက်လာသည်။ ဖခင်ကြီး မကျန်းမမာဖြစ်နေ၍ ကျောင်းအုပ်ကြီးမှ တစ်ဆင့် သံကြိုးပို့လိုက်ခြင်း ဖြစ်သည်။ မောင်လာနာသည် မနေသာတော့ပါ။ ၁၉၂၁-ခု သြဂုတ်လ ၂၂-ရက်နေ့တွင် မိဘများရှိရာ ရန်ကုန်မြို့သို့ပြန်လာသည်။ ရန်ကုန်တွင် မိခင်ကြီးနှင့် အစ်မတစ်ယောက် အရှင့်အမိန့်တော် ခံယူပြီး ဖြစ်ကြောင်း သိလိုက်ရသောအခါ ပုထုဇဉ်ပီပီ ယူကျူံးမရဖြစ်ရသည်။ တရားနှင့် ဖြေရရှာသည်။ သို့သော် ဆယ်ရက်ပြည့်အောင်ပင် ဆွေးမနေအားပါ။ သာသနာ့အရေး ဦးစားပေးရပါသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံး အင်းစိန်မြို့အပိုင် သမိုင်းအရပ်၌ တည်ထောင်ဖွင့်လှစ်ထားသည့် မဒရ်ဆာတဗ်လီဂိယာ ကျောင်းတွင် ၁၉၂၁-ခု စက်တင်ဘာလဆန်း ၁-ရက်နေ့မှစ၍ သင်ကြားရေး တာဝန်စတင်ထမ်းဆောင်ရ သည်။ ထိုကျောင်းကို ရန်ကုန်မြို့၊ မဂ်ျမအိုလ်အဟ်ဗဗ် အသင်းမှ စီမံအုပ်ချုပ်သည်၊ ကျောင်းအိပ် ကျောင်းစား အဖြစ် လက်ခံသင်ကြားပေးသည့် ကျောင်းဖြစ်သည်။ ကျောင်းတွင် အရဗီ၊ အူရဒူနှင့် မြန်မာဘာသာများဖြင့် သင်ကြားပေးသည်။
    သာသနာပြုရာ၌ စာပေ၏ ထိရောက်မှုကို သဘောပေါက်သော ဆရာသည် အစ္စလာမ်သာသနာပြု စာအုပ်တိုက် The  Muslim  Mission  Book  Deport အမည်ဖြင့် စာအုပ်တိုက် တည်ထောင်ပြီး စာပေ ထုတ်ဝေရေးလုပ်ငန်းကို ဆောင်ရွက်သည်။ ဦးစွာ ဗဟစ်ရှ်တီ ဇေ၀ါရ်ခေါ် “နိဗ္ဗာန်ဘုံဘယက်တန်ဆာကျမ်း”ကို ဘာသာပြန်ထုတ်ဝေသည်။ ထုတ်ဝေရ ခြင်းအကြောင်းကို ကျမ်းတွင်ဖော်ပြသည်မှာ မြန်မာပြည်အနယ်နယ် အရပ် ရပ်မှ မွတ်စလင်မ် အမျိုးသမီးများသည် သာသနာရေးအသိပညာ ကင်းမဲ့နေသည်။ အိမ်ထောင်ရေး စိတ်မအေးဖွယ်၊ ရင်လေးဖွယ် ရင်ဆိုင်နေရသည်။ ဤသို့ သာသနာ့ အဆုံးအမ ကင်းပနေကြသည့် အခြေအနေကို ဟာဂျီ ယူစွတ်ကဲ့သို့ သာသနာပြု စူရတီလူကြီးအသိုင်းအ၀ိုင်းက မကြားလို မမြင်လို မကြည့်ရက်မရှုရက် ဖြစ်နေကြသည်။ သို့နှင့် အမျိုးသမီးများကို စိတ်ကြိုက် ပြုပြင်ပေးနိုင်သည့် ထိုအခါ အိန္ဒိယနိုင်ငံထုတ် မောင်လာနာ အရှ်ရဖ်အလီထာန၀ီ၏ ဗဟက်ရှ်တီဇေ၀ါရ်ကျမ်းကို သဘောကျကြသည်။ ဆရာကလည်း သဘောတူသည်။
    သာသနာ့ပညာရှင်များ၊ သာသနာပြုများသည် ပရ်ဒါစနစ်ကိုသာ လက်ခံသည်။ အမျိုးသမီးများ ပရ်ဒါအတွင်း နေစေချင်သည်။ ပရ်ဒါစနစ် အောင်မြင်ရေး စိုက်လိုက်မတ်တတ် ကြိုးပမ်းခဲ့ကြသည်။ ဆရာတို့အလျင် ၁၈၉၅ ခု၊ မေလ ၂၈-ရက်နေ့ကလည်း မန္တလေးမြို့ ဈေးချိုတော်ကြီး တောင်ဘက် သီရိရတနာ ပုံနှိပ်တိုက်က အတ္တစ်ဘယာန်၊ ဖွည်ဟေဂျာဗျင် ရစ္စ၀ါန်အမည်ဖြင့် “မိန်းမတို့ ပါရ်ဒ်အကြောင်း” စာအုပ် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်။ ပိပြားသေ၀ပ်မှုအတွက် ဖိရမည်ဟူသည့် ယုံကြည်ချက် ရှင်သန်နေဆဲဟု သိရသည်။
    အဆိုပါကျမ်း၏ နိဒါန်းတွင် ကုရ်အာန်ကျမ်းတော်မြတ် ဋီကာ ပထမစာစောင် ပြီးစီးလုနီးပြီဖြစ်၍ ၀ယ်ယူလိုသူများ ကြိုတင်မှာကြားရန် ကြော်ငြာထားသည်။
    “သမာဇီဝများကို လှီးစားခြင်း သုစရီတဖြစ်ကြောင်း” ကျမ်းကို မြန်မာနိုင်ငံ အိုလမာအဖွဲ့ချုပ်၏ စာစဉ် ၁၅အဖြစ် ဖြန့်ချိခဲ့သည်။ ဦးစွာ သူ့အသက် သတ်ခြင်း၏ အဓိပ္ပာယ်အယူအဆကို ရှင်းပြသည်။ သားငါး တိရစ္စာန်တို့၏ အသက်ကို တရားသဖြင့် လှီးစားထိုက်ကြောင်း၊ ပြုပြင်စီမံသူ အနန္တအရှင် မုချဘုရား တုနှိုင်းယှဉ်ရာ မရှိကြောင်း၊ ကိုယ်ပိုင်ပစ္စည်းများကို စည်းကမ်းနှင့် သုံးတတ်သည့် ပမာဖြစ်ကြောင်း တိရစ္စာန်များကို အဘယ်ကြောင့် လည်လှီးရကြောင်း၊ အချို့သတ္တ၀ါအချို့ အသားအဘယ်ကြောင့် မစားသင့်ကြောင်း၊ လူမျိုး ၁၀၁ပါး သားငါးစားသောက်ကြပုံ အကြောင်းများကို နားလည်လွယ်အောင် ရှင်းလင်းဖော်ပြသည်။
    ထူးခြားချက်မှာ ဗုဒ္ဓဘာသာ အမေးအဖြေကျမ်း၊ မဟာဝင်ဝတ္ထု ပရမတ္တစိန္ဒာမယကျမ်း စသည့်ကျမ်းများမှ ကောက်နုတ် ကိုးကားရေးသား ခြင်းဖြစ်သည်။ ခေတ်ပေါ် ဟိန္ဒူအဆိုအမိန့် ကောက်နုတ်ချက် အချို့လည်းပါသည်။ ဘာသာခြား စာဖတ်ပရိသတ်အတွက် ရှင်းပြလိုမှု အဓိကပြုဟန် ရှိသည်။ အာကာ ယေဒေ့အစ္စလာမ်နှင့် တွဟ်ဖသဟမီယာ ကောက်နုတ်ချက်မှအပ ကုရ်အာန်နှင့် ဟဒီးဆ်မူရင်း အကိုးအကား ညွှန်းဆိုမှုမတွေ့ရ။
    ပထမတွဲ အပြီး၊ ဒုတိယတွဲ မစမီ An  Historical Romance of phillippa the caesar’s niece ကို စူရတီ စွန္နီ ဂျာမေဗလီရှိ မြန်မာနိုင်ငံ ဂျမီအတုလ်အဖွဲ့တွင် မှာယူနိုင်ကြောင်း ကြော်ငြာထား သည်မှာ ထူးသည်။
    ဤကျမ်းအရ ကျမ်းပြုစုသူသည် ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာဆည်းပူးထားကြောင်း၊ ပါဠိဘာသာနှင့် ရင်းနှီးကြောင်းသိရသည်။ ကျမ်းခေါင်းစဉ်သည်ပင် မြန်မာသက်သက်မဟုတ်။
    သမိုင်းအထောက်အထားအဖြစ် ရှဟီဒီအာဇာနည်လေးပါး ပေါ်ထွန်းခဲ့ရာ မြေထူးမြို့သို့ ကျမ်းပြုသူကိုယ်တိုင် ကွင်းဆင်းလေ့လာခြင်းနှင့်၊ သရက်မြို့၊ သမာဓိမြို့ဝန် ဦးဘကျော် စီမံရေးသားလိုက်သော ပသီလူမျိုး များ မြန်မာပြည်သို့ ၀င်ရောက်လာခြင်း အတ္ထုပ္ပတ္တိ ကိုးကားချက်ကို တွေ့ရသည်။
    ထိုစဉ်က ဂျမီအတွလ် အိုလမာအဖွဲ့၏ အစ္စလာမ်စာပေ ဖြန့်ဖြူး ရေးအတွက် ကြိုးပမ်းမှုတွင် ဆရာကြီးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုနိုင်သည်။ ၁၉၃၅-ခုနှစ်ထုတ် မိုလ၀ီမိုဟမ္မဒ် ရဟမတွလ္လာ ဆရာတော်ပြန်ဆိုသည်ဟု ဖော်ပြထားသည့် တအ်လီမွလ်အစ္စလာမ်ကျမ်း ပထမတွဲ နောက်ဆုံးမျက်နှာတွင် အိုလမာအဖွဲ့ချုပ်က ထုတ်ဝေဖြန့်ချိပြီးသော စာအုပ်စာရင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။
    list  of  books  publishedby  the  jamiat-ul-ulema of burma
    No.    Name  of  Books    Number
    1.    The  Decision  of  ‘Farman-i-Mustafwi’
    according  to  the  Mohamedan  Law (in Urdu)
    2.    do.       do  (in  Gujrati)
    3.    do.       do  (in  Burmese)
    4.    Thuhfa-Ramzan  Shareef  (A  present  for  the
    months  of  Ramzan)  (in  Urdu)    2
    5.    do.       do  (in  Burmese)
    6.    ßGisalah  Akhbarul  Zalzalah  (A  Pamphlet  on
    Earthquake)  (in  Burmese)    3
    7.    A  Pamphlet  on  the  Virtues  or  Merits  of
    Darood  Shareef  (in  Burmese)    4
    8.    Risalah  Tha-heyyat-ul  Islam  (A  Pamphlet
    let  on  Salutation  of  Greetings  in  Islam
    (in  Burmese)    5
    9.    Gulzar-i-Sunnat  Part  I  (in  Burmese)    6
    10.    A  Present  for  the  month  of  Ramzan  in  the
    form  of  Pamphlet (in  Burmese)    7
    11.    Gulzar-i-Sunnat  Part  II (in  Burmese)    8
    12.    Hamare  Aquiday  (Our  tenets  in religion)
    (in  Burmese)    9
    13.    Phillippa  The  Caesar’s  Niece-English    10
    14.    Gulzar-i-Hadees  (in  Burmese)    11
    15.    The  Killing  of  Animals  (according  to  the
    Islamic  Principles)  and  using  their  flesh  as
    food  (in  Burmese)    12
    16.    A  Pamphlet  on  ‘How  Spread  Islam
    Throughout  the  World  (in  brief)    13
    17.    The  Teachings  of  Islam  Series  (in  English)    14
    18.    do.   do  II  (in  Burmese)    15
    19.    do.   do  III  (in  Burmese)    16
    20.    Majmooa-Fatawa   (in  Burmese)    17
    21.    Nesabuddin   (in  Burmese)    18
    22.    Bahishty  Samar  I  (in  Burmese)    19
    23.    do.       do II  (in  Burmese)    20
    24.    Rahe-Najat  (in  Burmese)    21
    25.    Fazilat-i-ilm  (in  Burmese)    22
    26.    Some  of  the  Sayings  of  our  Lord  and  Holy
    Prophet  Muhammad  I  and  II  (in  English)    23
    27.    Talimul-Islam  II  (in  Burmese)    24
    28.    do.             do  III  (in  Burmese)    25
    29.    do.             do  IV  (in  Burmese)    26
    30.    Savitri  (in  English)    27
    31.    Mobabbe-haat-Ibne-Hajar (in  Burmese)    28
    32.    Ma-labud-minho  I  (in  Burmese)    29
    33.    Proof  of  Prophet  Muhammad.  From  the
    Holy  Bible  and  Way  to  Paradise  for
    Eternal  Life  (in  English)    30
    34.    A  short  sketch  of  the  Life  of  the  Prophet
    (in  Burmese)    31
    35.    Friday  Sermons  (in  English)    32
    36.    The  Life  sketch  of  Muhammad  (in  Burmese)    33
    37.    Life  of  the  Prophet  Muhammad  Part  I
    (in  Burmese)    34
    (တအ်လီမွတ်အစ္စလာမ် ပထမတွဲ နှင့် မာလာဗွဒ်မင်ဟို ဒုတိယတွဲတို့ကို ဖော်ပြမထားပါ။)
    လက်လှမ်းမီသမျှ အဆိုပါ အထောက်အထားအရ ၁၉၃၅-ခုနှစ် အထိ စာအုပ် ၃၉မျိုး ထုတ်ဝေခဲ့ပြီးဖြစ်သည်။ အူရဒူ၊ ဂူဂျရတီ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ထုတ်ဝေသည့်စာအုပ်များ အပါအ၀င်ဖြစ်သည်။ မြန်မာ ဘာသာဖြင့်ထုတ်ဝေသည့် အများစုသည် ဆရာကြီး၏လက်ရာများဖြစ်ဟန် တူပါသည်။ ဆရာကြီးသည် မိမိတို့အသင်းထုတ် မဟုတ်သော်လည်း အခြားသော ဓမ္မဒါနစာအုပ်များကိုလည်း ပြန်ဆိုခဲ့ပါသည်။
    ကေအိုင်အိပ်ခ်ျဘွဲ့ခံ သူဌေးကြီး ဟာဂျီအဟမဒွလ္လာခေါ် ဦးဘအိုက ၁၉၃၈-ခုနှစ်တွင်ဓမ္မဒါန လှူဒါန်းဝေငှသော ဂန်ဂျွလ်အရတ်ရှ် အမည်ရှိသော မြတ်စွာဘုရား ဂုဏ်တော်များ စာအုပ်တွင် ဘာသာပြန်ဆိုသူ မော်လ၀ီ မိုဟမ္မဒ်ရဟ်မတွလ္လာဟု ဖော်ပြထားပါသည်။ တည်းဖြတ် သုတ်သင်ပြင်ဆင် ရေးသားသူ ဆရာကလေး မောင်ထွန်းကြွယ်ဟုလည်း မှတ်တမ်းပြုထားပါသည်။
    ၁၉၄၀ပြည့်နှစ်တွင် အစ္စလာမ်ပေါင်းချုပ်ကျမ်း ပထမတွဲ ပေါ်ထွက်လာသည်။ နှောင်းလူတို့က အစ္စလာမ် ပေါင်းချုပ်ကျမ်းကို ဆရာဦးထွန်းကြွယ် အမည်နှင့်သာ ယှဉ်တွဲဖော်ပြတတ်ကြပါသည်။ အမှန်မှာ အစ္စလာမ် ပေါင်းချုပ် (၀ါ) အစ္စလာမ့်မဟာဝင် ကျမ်းအတွက် ဆရာရဟ်မတွလ္လာ၏ ပယောဂလုံ့လ၊ အားထုတ်မှု အခြေခံကြောင်း အမည်ပေါက်သူ ကျမ်းပြု ဆရာ ဦးထွန်းကြွယ်က နိဒါန်းတွင် –
    ရှေးယခင်က အရဗီဘာသာမှ မြန်မာပြန်ဆိုရေးသား လှူဒါန်းထားခဲ့သော မြန်မာဘာသာပြန် ကုရ်အာန် ကျမ်းတော် မြတ်ကြီး၌ ပါရှိပြီးသောနဗီရစူလ် ပိုင်ဂမ္ပာရ်အမေယာတို့၏ အကြောင်းအရာတို့ကို မှီငြမ်းတစ်ခုပြု၍လည်းကောင်း၊ မြန်မာ ဘာသာပြန်ဆိုရာဝယ် မပါမရှိခဲ့သေးသော အကြောင်းအရာများ ကိုလည်း ကစွစွလ်အမေတယာကျမ်း၊ အဟ၀ါလွတ်လ်အမေတယာ ကျမ်း၊ စွဟီဘိုခါရီကျမ်း၊ မွစ္စလင်သြ၀ါဒကျမ်း၊ အစ္စလာမ်ရာဇ၀င် ကျမ်းအစရှိသော ကျမ်းစာများမှ မော်လ၀ီရဟ်မတွလ္လာဆပ်က မြန်မာဘာသာ ပြန်ဆိုရေးသား၍လည်းကောင်း ရှေးယခင်က မြန်မာပြန်ဆိုရေးသားခဲ့ပြီးသော ကုရ်အာန်ကျမ်းစာ၌ ပါရှိ ပြီးသော စကားတရားများနှင့် မော်လ၀ီ ရဟ်မတွလ္လာဆပ် ပြန်ဆို ရေးသားသော စကားတရားများကိုပါ အလုံးစုံအကုန်လုံး အစ အလယ် အဆုံး သုံးပါးလုံးကို မြန်မာဘာသာအဓိပ္ပာယ် သိလွယ် မြင်လွယ်ထင်လွယ်သော စကားအသုံး အနှုန်းတို့ဖြင့် လည်းကောင်း၊ ယဉ်ကျေးသိမ်မွေ့စွာ၊ သာယာနာပျော်ဖွယ် ရှိသော မူရင်း အဓိပ္ပာယ်ကိုလည်း မပျောက်ပျက်စေဘဲ စကားတရား ချောမောပြေပြစ်စွာ ရေးသားစေရန် အလှူဒါယကာ သူဌေးကြီး၏ တပည့်ရင်းဖြစ်ပါသော ကျွန်တော်မောင်ထွန်းကြွယ်ကို အလှူ ဒါယကာ သူဌေးကြီးက ညွှန်းကြားပြသအမိန့် ရှိပါသဖြင့်”
    ဟု အရင်းခံ ဆရာကြီး ရဟ်မတွလ္လာ၏ကျေးဇူးကို မထိမ်မြူးဘဲဖွင့်ဟ ဖော်ကျူးထားပါသည်။
    ဆရာကြီး၏ ဘာသာပြန် လက်ရာများအနက် အစ္စလာမ်သင်ခန်းစာ ၄-တွဲနှင့် မာလဗွဒ်မင်န်ဟို ၂-တွဲမှာ ကျော်ကြားပြီး ယနေ့တိုင် ပျံ့နှံ့ဆဲ ဖြစ်ပါသည်။ မူရင်း တအ်လီမွလ်အစ္စလာမ် ၄-တွဲကို ဘာသာပြန်သူ၏ ဆရာ မောင်လာနာ မော်လ၀ီ မိုဟမ္မဒ် ကေဖာယာတိုလ္လာသခင်က အူရဒူ ဘာသာဖြင့် ပြုစုစီရင်ခဲ့သည်။ မောင်လာနာကေဖာ ယာတိုလ္လာသည် ဘက်စုံထူးချွန်သော သာသနာ့ပညာရှင်ကြီး ဖြစ်သည်။ အိန္ဒိယလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ မွတ်စလင်မ်များက အဆိုပါ သုခမိန်ကြီး၏ အစ္စလာမ်သင်ခန်းစာများကို အသင်းအဖွဲ့အမျိုးမျိုး၊ ပုဂ္ဂိုလ်အသီးသီးက အထပ်ထပ်ပြန်ဆိုကြ အကြိမ်ကြိမ် ထုတ်ဝေကြပါသည်။ ယနေ့တိုင် နှစ်သက်စွဲလမ်းဆဲ ဖြစ်ပါသည်။ ပုံနှိပ်ဖြန့်ဝေဆဲ ဖြစ်ပါသည်။ အောင်မြင်ကျော်ကြားသော စာမူကောင်း ဖြစ်ပါသည်။
    ဦးထွန်းကြွယ် ပြင်ဆင် ရေးသားသည်မှအပဖြစ်သော ဆရာကြီး၏ ဘာသာပြန်စကားပြေ ကျမ်းများတွင် မော်လ၀ီကို ဆရာတော်သခင်၊ မိစ္စာ ဒိဋ္ဌိ၊ ဝေယျာဝစ္စ၊ ဗျာဒိတ်ပေး၊ သမ္မာအာဇီဝတို့ကဲ့သို့ အများသုံး ပါဠိစကားလုံးများလည်း သုံးပါသည်။ သာသနာသုံး အရဗီဝေါဟာရ အများဆုံး ပါဝင်ပါသည်။ ဂန္တ၀င်စကားပြေမျိုးဟု ဆိုနိုင်ပါသည်။
    ဆရာသည် ၁၉၃၁-ခုတွင် မြေထူးသခင်ကြီးလေးပါး ရှဟိဒ်ဖြစ်ရာ အရပ်သို့ အရောက်သွားသည်။ လေ့လာကြည်ညိုပြီး သောက ပွားသည်။ နောင်အစဉ်တည်တံ့စေရန် တံတိုင်းခတ်ပြီး ကမ္ဗည်း ထိုးရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။ အဆိုပါအကြောင်းကို သမာဇီဝများကို လှီးစားခြင်း သုစာရိတဖြစ်ကြောင်း စာအုပ်တွင် တင်ပြထားသည်။
    ဆရာသည် ခေတ်ပျက်ချိန်ကာလ ၁၉၄၁-ခုနှစ် ရွှေဘိုမှ မန္တလေးသို့ အပြန်စစ်ကိုင်းမြို့တွင် ပလိပ်ရောဂါဖြင့် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ သင်ကြားရေး၊ စာပေပြုစုရေး၊ ထုတ်ဝေဖြန့်ဖြူးရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့တာဝန်များကို ကြိုးပမ်းနေစဉ်အတွင်း အမိန့်တော် ခံရရှာသဖြင့် အားထားသူများက အိုလမာအသင်းအတွက် သာမက တိုင်းရင်းမွတ်စလင်များအတွက်ပါ နစ်နာဆုံးရှုံးမှုကြီး ဖြစ်သည်ဟု နှမြောတသကြပါသည်။    ။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    ဘာသာပြန် ၀တ္ထုဆရာ အမူကြင်
    .မေ ၁၉၊ ၂၀၁၄
    .ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    အမည်ရင်း ဦးကြင်ဖြစ်သည်။ မန္တလေးမြို့ ကုန်းရိုးရပ်တွင် နေထိုင်ခဲ့သည်။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက် ပုဂံမြို့ဝန် ဦးပေတလူ၏ မြေးတော်စပ်သည်။ မိဘများမှာ မြတ်ဆုရလင်္ကာကျမ်းပြု ဂန္တ၀င်စာဆို ကျော်ဟာဂျီမှန်နှင့် ဒေါ်ဆင့်တို့ဖြစ်သည်။ ဖခင်ဟာဂျီမှန်သည် စစ်ကိုင်းမင်း လက်ထက် အင်းဝမြို့တွင် ဖွားမြင် သူဖြစ်သည်။ ဟာဂျီမှန်သည် မြန်မာ၊ အူရဒူ၊ အရဗီ၊ ဖာရစီ ဘာသာရပ်တို့ဩ နှံ့စပ်သည်။ လေးနက်သော သဘောတရား များကို မြန်မာကဗျာဖြင့် ဖြန့်ချိခဲ့သည့် ဂန္တ၀င်စာဆိုကြီးဖြစ်သည်။
    ဘမျိုးဘိုးတူ ဆိုသကဲ့သို့ အမူကြင်သည် ကစ်စွာစွလ် အံဗျေယာ နဗီ ၁၂၄၀၀၀ ကျော်တို့၏၀တ္ထုအမည်ဖြင့် မဟာဝင်ကောက်နုတ်ချက် ကျမ်းကို ပြုစုခဲ့သည်။ တမန်တော်မြတ် နူရီတော်အကြောင်းမှ တမန်တော် နူဟိုသခင်အထိ ဖြစ်စဉ်တော်များကို ဖော်ပြထားသည်။ ရစူလွလ်လာ ကိုယ်တော်မြတ်၏ နူရီတော် အကြောင်းနှင့် အေဇာဇေလ်၏ ကစ်စွာ၊ အာဒမ် ပိုင်ဂံဗရ်၏ကစ်စွာ၊ ရှစ်သ်ပိုင်ဂံဗရ်၏ကစ်စွာ၊ အစ်ဒရစဩပိုင် ဂံဗရ်အကြောင်း နူဟွန်ပိုင်ဂံဗရ် အကြောင်းဟူ၍ ကစ်စွာငါးခုကို မူရင်း အူရဒူ ဘာသာမှ တစ်ဆင့်ပြန်ဆိုပြုစုထားခြင်းဖြစ်သည်။
        “တောင်စဉ်ခုနစ်ထပ်၏ ကြီးကျယ်ထူးဆန်း၊ မခန်းအံ့ဖွယ်၊ အသွယ်သွယ် အကြောင်းများကို ကွဲပြားခြားနားစွာ သိကြစေရန်၊ မိုဟမမဒ် သခင် ဘကြီးတော် အမြီရ်ဟမမဇဟ် သခင့်ရာဇ၀င် ၀တ္ထုတော်နှစ်တွဲကို မန္တလေးမြို့ ၈၃ လမ်း၊ တိုက်တန်းရပ်၊ တိုက်နံပါတ် ၄၀ နေစာအုပ်သည် မောင်ကာစင် ထံဩ ၀ယ်ယူ ကြည့်ရှုကြပါ”
    ဟု ၎င်းမွှန်းထားသည်။
    အမြီရ်ဟမ္မ်ဇာဟ် ရာဇ၀င်ဝတ္ထုတော်ကို ၁၉၀၂ ခုနှစ် မတိုင်မီက ရေးသားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆရာကြင်၏ ဘာသာပြန်ဝတ္ထုသည် အမြီရ်ဟမ်မဇာဟ် ၀တ္ထုတော်ကြီး ထွက်ပေါ်ပြီးမှ ထုတ်ဝေသော ၀တ္ထု ဖြစ်သည်ဟု သိနိုင်ပါသည်။ ကျမ်းပြုသူ အမူကြင်ကိုယ်တိုင်ကလည်း မိမိဝတ္ထုကို ၁၂၆၅ ခု နတ်တော်လတွင် ပုံနှိပ်ထုတ်ဝေသည်။ ၀ယ်ယူ အားပေးကြသူများသဖြင့် ဒုတိယအကြိမ်အဖြစ် ၁၂၇၀ ပြည့်နှစ် တပေါင်းလတွင် ထပ်မံပုံနှိပ် ကြောင်း-
    “မြန်မာသက္ကရာဇ် ၁၂၆၅ ခု၊ နတ်တော်လအတွင်း၊ ဟာဂျီ မှန်၏သား မောင်ကြင်က၊ ဤကစ်စွာစုကို မြန်မာလို ထုတ်နုတ်ပြန်ဆို ရေးသားစီစဉ် သည့်အတိုင်း စက်တင်ပုံနှိပ် ရောင်းချရာ ၁၂၇၀ ပြည့်နှစ်အတွင်းတွင် ရိုက်နှိပ်ထားရှိသမျှ စာအုပ် အရေအတွက်များစွာ ကုန်ရောင်းချရသဖြင့် နောက်ထပ် မှာထားသူ မိတ်အများတို့ ကောင်းမွန်ရှင်းလင်းစွာ ၀ယ်ယူကြည့်ရှုကြရန် နီယပ်ဆွာလေဟာ စေတနာကောင်းရှေ့ထား၍ အထက်မှားယွင်းသော စာနေ စာသားတို့ကို ဆိုင်းတန်းမောင်လှတင် ကိုယ်တိုင်ကိုယ်ကြပ် တည်းဖြတ် သုတ်သင်စေပြီးလျှင် ၁၂၇၀ ပြည့် တပေါင်းလအတွင်းတွင် စက်တင်ပုံနှိပ်အောင်မြင် ပြီးစီးပါကြောင်း”
    ဟု ဖော်ပြထားသည်။ ကိုလိုနီခေတ်ဦးပိုင်း ဘာသာပြန် လက်ရာအဖြစ် မှတ်တမ်းပြုနိုင်ပါသည်။ မူရင်းအကြောင်းအရာက ပြည်သူတို့အထူး နှစ်လိုသော၊ လိုအပ်သော အကြောင်းအရာဖြစ်သဖြင့်-
    ခလီဖွာဘဒရွတ်ဒင် ဦးမြစ်က ၁၂၉၃ခု (၁၉၃၁)တွင် လည်းကောင်း၊ ဆရာဦးထွန်းကြွယ်က အစ္စလာမ်ပေါင်းချုပ်ကျမ်း အမည်ဖြင့် ၁၉၄၀ ပြည့် နှစ်တွင် လည်းကောင်း၊ မောင်မောင်ခင်(မန်း)က မဟာဝင်ကျမ်းအမည်ဖြင့် ၁၉၉၀ခုနှစ်တွင် လည်းကောင်း ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ထပ်မံဖန်တီး ရေးသား တင်ပြကြသည်ကို တွေ့ရသည်။ အောင်မြင်ကြပါသည်။
    အမူကြင်သည် မိမိ၏ ၀တ္ထုတွင် “အာယတ်တော် နှင့် သိရသည်”၊ “တဖွစေရ် အလိုကား”၊ “ရေ၀ါယပ် ပြုသည်”၊ “ရေ၀ါယပ် ရှိသည်မှာ”၊ “အိုလ်မာ တို့အဆိုမှာ”၊ “ဟဒစ်ဆ်တော် တွင် ဟောတော်မူ၍” စသည့် စကားများဖြင့် ကုရ်အာန်ဟဒီးဆ် ဖေကာဟူသည့် ခိုင်မာသည့် အထောက်အထားများဖြင့်သာ ရေးသည်။ မိမိစိတ်ကူးဖြင့် ချဲ့ချဲ့ထွင်ထွင် ရေးသားခြင်းမပြုကြောင်း သိရှိစေသည်။
    အမူကြင်၏လက်ရာတွင်- ကွဒ်ဒရပ်တော်၊ မိုရှာဟေဒါပြု၊ တစဗျီ ပြု၊ တွဝဖ်လှည့်၊ စိဂျဒါပြု၊ အေဗာဒတ်ပြု၊ ဒွန္နယာ၊ လောင်ကလာမ်၊ အာယတ်တော်၊ တဖွစေရ်၊ ဗဟစ်ရှ်၊ မိုနာဂျတ်၊ အေလင်မ်၊ ဗကာ၊ ဗန္နာကျေတတ်ဘ်၊ ကယမ်ပြု၊ ရကူပြု၊ ကအေဒါ၊ အဒဘ်များ၊ ကစ်စွာပြု၊ ဂိုနာဂါရ်၊ ဗရကတ်ရှိ၊ ဗဟစ်ရှ်၊ အိုလမာ၊ စွရ်မာ၊ စလာမ်၊ အမလ်နာမာ၊ ယောင်မလ်မြိဇဘ်၊ အာခေရ် ဇမာနာ၊ တောင်ဘာကဗူလ်စသည့် အရဗီ ဝေါဟာရများကို ဖောဖောသီသီ သုံးသည်။ မက်မက်မောမောသုံးသည်။
    အပြစ်ဂွန္နာ၊ ဆုတောင်းမေတ္တာဒိုအာ၊ စွဗရ်သည်းခံတရား၊ နဲအမတ် စည်းစိမ်၊ ကျေးဇူးတော်တင်ခြင်း ရှီကွရ်ပိုင်ဒါဖန်ဆင်း၊ ဘီလူးသဘက် ဒေယောင်၊ နတ်သမီးဟု ဆိုအပ်သော ပရီ၊ ဒိုဇခ်မီးငရဲ၊ ချီးမြှင့်ထောမနာ  တစမျိယာ၊ တဂျံလီယပ်ပူပြင်းသည့် ရောင်ခြည်တော်၊ ကိုရအံကျမ်းတော်၊ ကိုယ်စားလှယ်ခလီဖွာ၊ ယာရဗ်မွေးမြူ ဖန်ဆင်းတော်မူသောအရှင်၊ မရ်တဗာ ကြီးမြတ်ခြင်း၊ ဟိုရ်နတ်သမီး၊ အစွာဒုတ်၊ ၀ိဥာဉ်ရူဟ်စသည့် စကားသုံးများ လည်းပါရှိပါသည်။ မြန်မာစာပေ ဖွံ့ဖြိုးဝေဆာလာအောင် ထည့်ဝင်မှုများဟု ယူနိုင်ပါသည်။
    ရစူလွလ်လာ၊ အာဒမ်ပိုင်ဂံဗရ်၊ ရှစ်သ်ပိုင်ဂံဗရ်၊ အစ်ဒရစဩပိုင်ဂံဗရ်၊ နူဟွန်ပိုင်ဂံဗရ်၊ အစ်ဟတ်နဗျီ၊ အစ္စမာအေလ်နဗျီ စသည်ဖြင့် ရစူ၊ နဗျီ၊ ပိုင်ဂံဗရ် ဟု မူရင်းအတိုင်း တစိုက်မတ်မတ် သုံးခြင်းမှာ ထူးခြားပါသည်။ နှောင်းသူတို့က တမန်တော်ဟု အစဉ်တစိုက် ဖော်ပြသည့် ဝေါဟာရ ဖြစ်ပါ သည်။
    အာဒမ်၊ အစ်ဗလစ်၊ ချစ်သား၊ အဗ်ဒွလာ၊ နာမရွတ်၊ သူတော်ကောင်းအပေါင်းတို့ စသည့် အာလပနပုဒ်များကား ကျမ်းပြု၏ မြန်မာမှုအလေ့အလာ ကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။
    ဖွရစ်ရှ်တာများ အရှင်မြတ်အား ခဏမလပ် အေဘာဒတ်နှင့် မိုးကောင်းကင်မှ ခ၀ပ်နေကြောင်းကို ဖော်ကျူးပြီး
    “ယခုဆိုခဲ့သော ဖွရစ်ရှ်တာများအား စာနာအကြောင်း၊ စဉ်းစားကောင်းလှ၊ ဦးခါင်းမကြွ၊ တသမလပ်၊ အေဘာဒတ် နှင့်၊ မပြတ်နေရန်၊ ထိုက်တန်ချေ၏။ သို့ဖြစ်ပါ၍ သူတော် ကောင်းအပေါင်းတို့၊ တစ်ဦးတစ်ဦး၊ တိုက်တွန်းနှိုးဆော်ပြီးလျှင်၊ မကောင်းဟာဖြတ်၊ ကောင်းရာကပ်ဖို့၊ တရားပညတ်၊ ထင်လျား လပ်သော၊ ငါးရပ်နမာဇ်၊ မပျက်ဖတ်ခြင်း၊ တစ်နှစ်တစ်ခါ၊ မြတ်ရိုဇာကို၊ ကောင်းစွာတစ်လ၊ စောင့်ထိန်းကြခြင်း၊ စရိတ်စက၊ ဓနကြေးငွေ၊ ကုန်နိုင်ပေက၊ မသွေမကွက်၊ တစ်သက်တစ်ခါ၊ ပြုစရာဟဂ်ျ၊ မြို့မြတ်မကာ၊ ကအဗာတော်သို့ သွားခြင်း၊ ကြေးငွေသွယ်သွယ်၊ ပြည်ကြွယ်သည့်ခါ၊ မြတ်ရှရာနှင့်၊ ညီစွာမလွဲ၊ ဆင်းရဲပင်ပန်း၊ နွမ်းနယ် ဒုက္ခ၊ မရှိသူတို့အား၊ ဇကတ် ခိုင်ရတ်ပြုခြင်း၊ ညဥ့်နေ့မခြား၊ အားလပ်သမျှအချိန်တွင်၊ ဇကျေရ်ပြုခြင်း၊ တစဗျီပြုခြင်းများနှင့် အနည်းငယ်မျှ၊ အေဘာ ဒတ်ဟူ၍၊ ထင်မှတ်ပြီးသော်၊ ဖွရစ်ရှ်တာများကို အားကျလျက် အမလ် အေဗာဒတ်ပြုကြမှသာ၊ အင်စံလူဖြစ် ကျိုး နပ်ချေမည်။     သတိတရား မယွင်းမှားဘဲ၊ ရှေ့ထားဝီရိ လုံ့လဖိလျက်၊ တည့်တည့်မတ်မတ်၊ အေဘာဒတ်တွင်၊ သက်ဝင်ကိုးစား၊ ကြိုးစားကြိုးကုတ်၊ အားထုတ် စေရန်၊ ရည်သန်စိတ်ထားနှင့် သတိပေးစကား ရေးသားဖော်ပြလိုက်ပါသည်။ (၁၈)”
    ဟု ဆိုထားသည်။
    ကဗျာဆန်သော ကာရန်ဖောက်စကားပြေဖြစ်၍ ရွတ်ရလွယ်သည်။ နာရ ချိုမြိန်ပါသည်။ မှတ်ရလွယ်သည်။ ကျမ်းပြုသူ၏ ဖခင်ကြီး ဂန္တ၀င် စာဆို၏ ကဗျာများကို အမှတ်ရစေသည်။
    ကျမ်းပြုအမူကြင်၏ လက်ရာများတွင် ဂန်ဂျွလ်အာရတ်ရှ် ဒိုအာလည်း ပါဝင်ကြောင်း၊
    “ကျွန်ုပ်တို့၊ အရင်ထုတ်နုတ်ပုံရိုက်ထားသော ဂန်ဂျွလ် အာရရှ်ဒိုအာဘုတ်အုပ်”
    ဟု ဤကျမ်းတွင် ဖော်ပြချက်အရ သိရပါသည်။
    အမူကြင်သည် မိမိနည်း မိမိဟန်ဖြင့် ကိုလိုနီခေတ်ဦး ဘာသာပြန် ကဏ္ဍကိုကြွယ်ဝစေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်ပါသည်။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • ၀ိပဿနာ သမထ ကျမ်းပြု ရှိုက်အစ္စမာအီလ်
    .မေ ၁၂၊ ၂၀၁၄
    .ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
    ရှိုက်အစ္စမာအီလ်သည် ကျောင်းဆရာတစ်ဦး ဖြစ်သည်။ မြန်မာအမည်မှာ ဆရာဘေဖြစ်သည်။ ရန်ကုန်မြို့ ၃၁ လမ်း၊ အိမ်အမှတ် ၄တွင် နေထိုင် သူ ဖြစ်သည်။ ၁၂၅၄ခု၊ ကဆုန်လ၊ ၁၈၉၂ ခု မေလတွင် ဖကီများကျင့်စဉ် ကျမ်းကို ရေးသားပြုစုသည် ။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း ဒီဘတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည်။
    ၁၈၉၃ ခု ဇူလိုင်လ ၂၇-ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေသော ဦးဖိုးခင်၏ ၃၅ ခန်း သြ၀ါဒကျီတပ်ကျမ်းထက် တစ်နှစ်စောသည်။ တွေ့ရသမျှ မြန်မာ မွတ်စလင်မ်ပုံနှိပ်ကျမ်းများအနက် အစောဆုံးပုံနှိပ်သော ဘာသာရေး ကျမ်းဖြစ်သည်ဟု ဆိုနိုင်သည်။
        “၎င်းစာအုပ်ကို စာရေးသောအခါ ဆရာ့ဆရာများထံ ခွင့်ပန်တောင်း၍ ဟာဖွစ် မိုဟန်မက်၊ အီဗျာဟင် ပေရှိမန် မော်လ၀ီ၊ ဟာဖွစ် အီလာဟီ ဘောက်ရှိ ရှာဆပ်တို့ကို မေးမြန်း၍ လည်းကောင်း စကားအရာများကို ညှိနှိုင်းတိုင်ပင်ပြီးလျှင် ရေးသားသော စာဖြစ်ပါသည်” ဟု စာမျက်နှာ(၃တွင်ဖော်ပြပါ ရှိ သည်။
        ကျမ်းပြုသူ၏ရည်ရွယ်ချက်ကို –
        “ဖကီဇော်ဂျီ၊ ရှာဝလီတို့၊ စာဂီကျင့်မှန်၊ ၀ီလာ ရက်ဇန်ဟု ထက်သန်ပညာ ၀ါသနာဖြင့်၊ ကောင်းစွာစီကုံး၍ထားခဲ့သော နည်းနာနယတို့အနက် ယခုကြုံသရွေ့ကို ဒွန်္နရာသားဖကီ များတို့ မှတ်သားစေရန်၊ အာရဇူစိတ်ကြံလျက် စီမံထားခဲ့သော ဖကီများကျင့်စည်”
        ဟု ဖော်ပြထားသည်။ စာအုပ်အမည်ပါ စာမျက်နှာတွင် စာအုပ် ပုံနှိပ်တိုက်၊ ပုံနှိပ်သည့်အချိန်နှင့်စာရေးသူအမည်ကို-
    “ဆူးလေဘုရားလမ်း၊ ဒီဘတ်ပုံနှိပ်တိုက် ၁၈၉၂ ခု မေလ၊ ၁၂၅၄ ခုနှစ် ကဆုန်လ ဆရာ ရှိတ်ဤဆာမာအင်မာစတာ”
       ဟု ရေးထားသည်။ ကြယ်နှင့်လတံဆိပ်ပါရှိပြီး အရဗီဘာသာ ဖြင့် မဒရဆာအေရှိတ်(ခ)အစ်္စမာအီလ်ဟုလည်းကောင်း၊ မြန်မာဘာသာ ဖြင့် ဆရာဘေကျောင်းဟုလည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့ှ့်နငှျုာငျေူဒှခ့သသူ ဟုလည်းကောင်း ရိုက်နှိပ်ထားသည်။ မေမန်စာများ လည်း ပါရှိသည်။
    “ကောင်းကင်ထိရှိသောနေသည် အညစ်အကြေး မကောင်း ဟူသရွေ့အပေါ်၌ အရှိန်ထိုးသော်ငြားလည်း ၎င်းင်းနေသည် အညစ်အကြေးမဖြစ်နိုင်ရာ။ ထို့ကြောင့် ခိုဒါ အရှင်မြတ်သည် လည်း အယုတ်အလတ်အမြတ် ဟူသရွေ့ကိုပင် ဖန်ဆင်းတော် မူသော်လည်း အကျိုးယုတ်စေခြင်းငှာ မဖန်ဆင်းရာ ရစူ လွတ်လာသခင်ကို တမန်တော်အရာ၌ စေလွှတ်လိုက်သော်လည်း အမျိုးအမြတ်ကိုပင် တရားရေအေးတိုက်ကျွေးဖို့ရာ မစေလွှတ်၊ အားလုံးပေါ်၌ပင် အညီအမျှရဟ်မတ် ပေးသနားတော်မူ၍ နောင် အာခေရတ်၌လည်း မျက်နှာကြီးငယ်မရွေးဘဲ မိမိအပြစ် ဂွန်္နာအလျောက် ထိုက်သည့်အားလျော်စွာ ခံရလိမ့်မည် ဖြစ်သော ကြောင့် စဉ်းစား၍ ၎င်းင်း စာကိုဖတ်ကြပါ။ အမျိုးကောင်းသား တို့ခင်ဗျာ-”
    ဟု အစပျိုးထားသည်။
    ဖကီများကျင့်စဉ်ကျမ်းတွင် နွတ်ဖွာပဋိသနေ်္ဓနေခြင်းအကြောင်း၊ မူရိဒ်တပည့်နည်းအကြောင်း၊ ဘိုင်အတ်တပည့်ခံခြင်း၏အကြောင်း၊ မူအာနီကာ နှလုံးအပ်ခြင်း၏အကြောင်း၊ တာလစ်ပေါင်း (၄၀) ခံခြင်း၏ အကြောင်း၊ မန်ဇည်စခန်းများအကြောင်း မူရာဘာကာဘိုင်တို့၏ နည်း အကြောင်း၊ မရှာဟီဒါကြည့်မြင်ခြင်းအကြောင်း၊ မူကာရှိဖာ၏ အကြောင်း၊ တ၀က်ဂျာပေးနည်း၏အကြောင်း စသည့်ခေါင်းစဉ်များ ပါဝင် သည်။ ခေါင်းစဉ် စုစုပေါင်း ၇၀ ပါဝင်သည်။ ခေါင်းစဉ်တစ်ခုကို အခန်း တစ်ခန်းအဖြစ် သတ်မှတ်ပြီး အခန်းပေါင်း ၇၀ အထိ ရေးထားသည်။ ကရောင်း ၁၀ ချိုး စာမျက်နှာ ၆၃ မျက်နှာပါဝင်သည်။ ဖွကီကျင့်စဉ်ဟူသည့် ကျမ်းအမည်ပေးထားသည့်အတိုင်း အစ်္စလာမ်ဝိပဿနာ သမထဆိုင်ရာ များကို တင်ပြထားသည်။
    ကြော်ငြာစာ
    “လူအများ ကြားသိစေရန် ကြော်ငြာလိုက်သည်မှာ မည်သူ မဆို ၎င်းင်းစာအုပ်ကို တစ်ယောက်က တစ်ယောက်သို့ ရောက် သွားလျှင် ပြောတန်သည့်စကားမှ မသိသူများကို ပြော၍ပြပါ။ သို့မဟုတ် မပြောပါနှင့် စီးပွားချမ်းသာရေး ဖြစ်ထွန်းစေခြင်းငှာ ပုံနှိပ်လုပ်ဆောင်သည်မဟုတ်၊ သားမယား မွေးဖို့လည်း မဟုတ်။ မိမိတို့ သိစေခြင်း၊ ထွန်းကားစေခြင်းငှာ ရေးသား၍ ဖော်ပြပါ သည်။ ရင့်သောဖွကီမှတစ်ပါး အများလူမဖတ်သင့်  မမေးသင့် သည်။ လမ်းစခန်း၌ ထိုက်သောသူများသာ ၀ယ်သင့် ရောင်း သင့်ပါကြောင်း ကြော်ငြာလိုက်သည်”
    ဟု ကြော်ငြာစာ ထည့်သွင်းပါရှိသည်။
    ကျမ်းပြုသူသည် မိမိတင်ပြသောအကြောင်းရပ်ကို မည်မျှလေးစား တန်ဖိုးထားကြောင်း၊ ပိုင်နိုင်ကျွမ်းကျင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ထီမထင်သည့် လေသံမျိုးပေါ်လွင်သည်။
    ဟာဇရတ်အီမာန် မိုဟာမက်ဂါဇာလီ၏ အဟာရာအွတ်အူလွတ် ကျမ်းကြီးထဲမှ တာရစ်ကိုလ်အောင်လေရာ နှင့် ကီမျာ ဆာဒက် မှ ထုတ်နုတ်ရေးသားထားသည်ဟုလည်း ဖော်ပြထားပါသည်။
    ဤတွင် ကျမ်းပြုစုသူ၏ မြန်မာစာအရေးအသားခန့်မှန်းနိုင်ရန် ရဆူ လွတ်လာနူနှင့် နာမတော်အကြောင်းမှ ကောက်နုတ်တင်ပြပါသည်-
    “ခိုဒါအရှင်မြတ်သည် ပထမသူ၏ နူရောင်ခြည်တော်မြတ် နှင့် ရဆူလွလ်လာ၊ နူကိုဖန်ဆင်းတော်မူပြီးလျှင် အရက်ရှ်တော်၌ ထားလေသည်။ ထိုနူရောင်ခြည်တော်မြတ်ကား ပုလဲ တစ်လုံး၊ ရွဲတစ်လုံးကဲ့သို့ ဖြစ်လာ၍ သူ၏ပါရဒါတွင်း၌ ထားပြီး လျှင် ရွှေဥဒေါင်းကဲ့သို့ ထိုနူကို တစ်ဖန်ဖန်ဆင်းပြီးလျှင် ရှဂျာရာ တိုလ်ရကင်ဆိုသောသစ်ပင်၌ နားနေစေလေသည်။ တာရှည် သဖြင့် အရှင်မြတ်အီဘာဓာတ်၌ တသပြီးလျှင် ခိုဒါ အရှင် မြတ် ဗျာဒိတ်တော်ရှိသည့်အတိုင်း ထိုနူရွှေဥဒေါင်းသည် ဓာတ် လေးပါးစီသို့သွား၍ ကြည့်ရှုစုံစမ်းရမည်။
    ထိုဓာတ်လေးပါးတို့ကား မီး၊ ရေ၊ လေ၊ မြေ ၎င်းင်း ဟာဗျစ် လိုက်သော ဓာတ်နှင့်ဆင်းတော်မူမည်ဟု ဗျာဒိတ်ရှိ၏။ ထို့နောက် သူသွား၍ စုံစမ်းသောအခါ မီး၊ ရေ ဤနှစ်မျိုးတို့သည် အလွန် စိတ်အားကြီး၍ မာနရောက်တတ်သောဓာတ်များပင်ဖြစ်ပေသော ကြောင့် ပထ၀ီမြေသည် သည်းညည်းခံသဖြင့် သူနှစ်သက်၍ ၎င်းင်းရဆူလွလ်လာ ခန္ဓာကို မြေနှင့် ဖန်ဆင်းတော်မူလေ၏”
    ကောက်နုတ်ချက် စာပိုဒ်ပါ ရောင်ခြည်တော်၊ တာရှည်သဖြင့်၊ ဗျာဒိတ်တော်၊ ဓာတ်လေးပါးဖန်ဆင်း၊ သည်းညည်းခံ စသည့် ဝေါဟာရများသည် မြန်မာဆန်ပါသည်။ အဓိပ်္ပာယ်ပေါ်လွင်ပါသည်။ ခိုဒါ၊ နူရ်၊ ရဆူလွလ်လာ၊ အရရှ်၊ ပါရဒါ၊ ရှာဂျရာတိုလ် ရကင်၊ ဟာဗျစ်၊ အီဘာဓာတ်စသည့် ဝေါဟာရများသည် အစ်္စလာမ်သာသနာသုံး အရဗီ ဝေါဟာရများအတိုင်း အသုံးပြုထားသဖြင့် စာကိုလေးနက်စေပါသည်။ ခံ့ညားစေပါသည်။
    ပုလုံးတစ်လုံး၊ ရွဲတစ်လုံးကဲ့သို့၊ ရွှေဥဒေါင်းကဲ့သို့ ဟူသည့် အနှိုင်း များကြောင့် အကြောင်းအရာကို ပေါ်လွင်စေပါသည်။ တန်ဖိုးထားမြတ်နိုးမှု၊ လှပကြော့ရှင်းမှုများ အာရုံသက်စေနိုင်ပါသည်။
    လျှင်-လျှင် ဆက်ကာသုံးပြီး ၀ါကျကို တည်ဆောက်ခြင်း၊ ၍-၍ အနီးအကပ်သုံး၍ ၀ါကျကို ဆန့်ယူခြင်းတို့သည် ရှေးရေးဟန်ဖြစ် ပါသည်။
    ကျမ်းပြုသူသည် ကျင့်စဉ်ကျမ်းအပြီး The brighter the moon shines the more the dog howl’ ကဲ့သို့ စကားပုံနှင့် ဆိုရိုးကောက်နုတ် ချက်များကို စာရှုသူတို့ ဗဟုသုတ ရရာရကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထပ်ဆောင်းတင်ပြထားသည်ကိုလည်း တွေ့ရပါသေးသည်။ ကျမ်းပြု၏ စေတနာပေါ်လွင်ပါသည်။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။