News @ M-Media

ဥက္ကံမြို့မှ အကြမ်းဖက်ခံရမှုကြောင့် မွတ်စလင်မ်တချို့ ဒဏ်ရာများနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ၊ ၂ ဦးကွယ်လွန်

မေလ ၁၊ ၂၀၁၃
M-Media
KK

IMAG0071

ရန်ကုန် ။ ။ ယနေ့နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဥက္ကံမြို့ အကြမ်းဖက်ခံရမှုတွင် မွတ်စလင်မ်အချို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဥက္ကံတွင် အကြမ်းဖက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မွတ်စလင်မ် (၄)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဥက္ကံမှ (၄)ဦး ခေါ်ဆောင်လာရာ တစ်ဦးသည် လမ်းတွင်ပင် ကွယ်လွန်သွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ၄-ဦးအား ရဲနှင့်စစ်တပ်မှလည်း ပါဝင် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော ၃-ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများရရှိထားပြီး ၂-ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။ ခေါင်းတွင် ထိခိုက်ထားပြီး နောက်ကျောတွင်လည်း ဓါးဖြင့် ခုတ်ခံရသည် ဒဏ်ရာများရှိကြောင်းသိရသည်။ ယင်း လူနာများအား ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းနေစဉ်မှာပင် တစ်ဦးထပ်မံ ဆုံးပါးသွားသည်ဟု သိရသည်။

“ဆေးရုံကို ရောက်လာတဲ့ ၃-ယောက်က ကိုဇော်ဇော်နိုင်၊ ကိုတင်ဝင်းနဲ့ ကိုအီစာလို့သိရပါတယ်။ ကိုဇော်ဇော်နိုင်က အသက် ၂၆-နှစ်ဝန်းကျင်၊ ကိုအီစာက ၃၀-ကျော်၊ ကိုတင်ဝင်းက ၂၄-နှစ်လို့ပြောတယ်။ ၃-ယောက်လုံးကတော့ အခြေအနေမကောင်းဘူး။ ၂-ယောက်ကတော့ ပိုဆိုးတယ်ဗျ။ ခေါင်းတွေကို ထိထားတယ်။ နားထဲကလည်း သွေးတွေစိမ့်ထွက်နေတယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာကြီးရှိတယ်။ သူတို့မိသားစုဝင်တချို့ပါလာတယ်။သူတို့ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့။ NLD ကတော့ စကားပြောတယ် သူတို့နဲ့။ မိသားစုဝင်တစ်ယောက်ပဲပါတယ်။ကျန်တာတော့ သူတို့ဝန်းကျင်က လိုက်ပို့ပေးတာပါတယ်။ ကျွန်တော် သူတို့ကိုတော့ ဘာမှ မမေးဖြစ်ပါဘူး။ ကျွန်တော် ဘယ်အဖွဲ့ကမှလည်းမဟုတ်ပါဘူး။ ဒီအတိုင်း သွားကြည့်ခဲ့တာပါ။ မြင်ရတာ တော်တော်ကို စိတ်မကောင်းဘူးဗျာ။ သူတို့တွေနဲ့တော့ ကျွန်တော် စိတ်မကောင်းလို့ စကားမပြောလိုက်တော့ဘူး။ အခု ကျွန်တော်ပြောနေတုန်းပဲ ကိုဇော်ဇော်ဆိုတဲ့တစ်ယောက် ဆုံးသွားပြီဗျာ။ တကယ်ကို စိတ်မကောင်းဘူး”ဟု ဆေးရုံသို့ ရောက်ရှိခဲ့သူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

IMAG0076

IMG_20130430_225004014

IMAG0074

Comments

Leave a Reply