News @ M-Media

Tag: france

  • ပဲရစ်ပစ်ခတ်မှု ပထမဆုံး အသက်ပေးခဲ့ရသည့် ရဲအရာရှိ တစ်ဦးမှာ အစ္စလာမ် ဘာသာဝင်ဖြစ်

    ပဲရစ်ပစ်ခတ်မှု ပထမဆုံး အသက်ပေးခဲ့ရသည့် ရဲအရာရှိ တစ်ဦးမှာ အစ္စလာမ် ဘာသာဝင်ဖြစ်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media
    10392375_824993524209786_3356147640951046757_n
    – မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ Charlie Hebdo မဂ္ဂဇင်းတိုက် သေနတ်ပစ်ခံရမှုမှာ ရိုင်ဖယ် ကိုင်ထားတဲ့ သေနတ် သမားက ရဲအရာရှိတစ်ဦးကို အနီးကပ်ပစ်သတ်နေတဲ့ ဓာတ်ပုံက ကမ္ဘာတစ်ဝှမ်းလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့ပါတယ်။

    အပြစ်မဲ့အသက်တွေကို ကာကွယ်ဖို့ ကြိုးစားရင်း အားမတန်လို့ မာန်လျော့ခဲ့ရပြီး အသက်ပါ ပေးခဲ့ရတဲ့ ဒီရဲအရာရှိဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တစ်ယောက် ဖြစ်နေပါတယ်။
    10898152_825000180875787_9212235027536781643_n
    အသက် ၄၂ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်မီရာဘက်ဟာ ဒီမဂ္ဂဇင်း တိုက်ဝန်းကျင်မှာ ပတ္တယောင် ကင်းကျသူ တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း သေနတ်သမား တွေ လာတဲ့အခါမှာတော့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သမားတွေက သူ့ကို ပထမအကြိမ် ပစ်ခဲ့ရာမှာ မီရာဘတ်ဟာ မဂ္ဂဇင်းတိုက်ရှေ့ လျှောက်လမ်းပေါ်မှာ လဲကျ ခဲ့ပြီး၊ ဒုတိယအကြိမ်မှာတော့ သေနတ်သမားတွေက အနီးကပ် ပစ်သတ်ခဲ့ပါတယ်။ မီရာဘတ်ဟာ ဒီတိုက်ခိုက်မှုအတွင်းမှာ ပထမဆုံး အသက်ပေးခဲ့ရသူ ဖြစ်ပါတယ်။

    အဲဒီပစ်ခတ်မှုအတွင်းမှာ နောက် ရဲအရာရှိတစ်ဦး အပါအ၀င် ကာတွန်းဆရာနဲ့ ဂျာနယ်လစ် ၁၀ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

    လက်ရှိအချိန်မှာ ပြင်သစ်ရဲတပ်ဖွဲ့က သံသယရှိသူနှစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ထားပြီး အပူတပြင်း ရှာဖွေမှုတွေလည်း ပြုလုပ်နေ ပါတယ်။

    Charlie Hebdo မဂ္ဂဇင်းတိုက်ဟာ အစ္စလာမ်သာသနာ၊ တမန်တော်မိုဟာမက် အပါအ၀င် အခြားဘာသာနဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ မကြာခဏ ဖော်ပြလေ့ရှိတဲ့ မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါတယ်။

    ပြင်သစ် Muslim Public Affairs Council ရဲ့ Facebook စာမျက်နှာမှာတော့ မီရာဘတ် သေဆုံးမှုကို ထောက်ပြခဲ့ပြီး အကြမ်းဖက်သမား ဆိုတာ သူတို့ရဲ့လိုဘ အတွက် မည်သူ့ကိုမှ ခွဲခြားတာမျိုး မရှိဘူးလို့ သတိပေးရေးသားခဲ့ပါတယ်။

    Ref : RT

    ပုံ ၁- မီရာဘတ်ကို သေနတ်သမားက ပစ်ခတ်နေပုံ
    ပုံ၂- ပဲရစ်တိုက်ခိုက်မှုအတွင်း ပထမဆုံး အသက်ပေးခဲ့ရသည့် မီရာဘတ်

  • ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် ပြင်သစ် အသိအမှတ်ပြုတော့မည်

    ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် ပြင်သစ် အသိအမှတ်ပြုတော့မည်

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    gaza-palestine
    – အစ္စရေးနှင့် ပါလက်စတိုင်းအကြား ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ကျော်ဖြတ်ရန် နိုင်ငံတကာ၏ အားထုတ်မှု မအောင်မြင်ပါက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်ဟု ပြင်သစ်နိုင်ငံက သတိပေး ပြောကြားလိုက်သည်။

    `ဆွေးနွေးညှိနှိုင်းတဲ့ အဖြေတစ်ခုရရှိဖို့ ဒီနောက်ဆုံးကြိုးစားမှု မအောင်မြင်ရင်တော့ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်က လုပ်ရတော့မှာပါ။ ကျွန်တော်တို့ အဆင်သင့်ပါပဲ´ ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖာဘီယက်စ်က ယမန်နေ့တွင် ပါလီမန်၌ ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းငြိမ်းချမ်ရေးလုပ်ငန်းစဉ် ချိနဲ့လာမှုနှင့်ပတ်သက်၍ ဥရောပနိုင်ငံများက စိတ်ပျက်နေပြီး ပြင်သစ်ပါလီမန်အမတ်များကလည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် အစိုးရအား တိုက်တွန်းရေး အဆိုပြုနေချိန်တွင် နိုင်ငံခြားရေးဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အာဏာရ ဆိုရှယ်လစ်ပါတီမှ တင်သွင်းသည့် အဆိုပါ အဆိုပြုချက်ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး လာမည့် ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါလီမန်၌ အတည်ပြုရန်ရှိနေသည်။

    ထိုအဆိုပြုချက်တွင် အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် ပြီးပြတ်သည့် အဖြေတစ်ခုရရှိရန် လက်နက်တစ်ခုအဖြစ် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းထားသည်။

    ဗြိတိန် လွှတ်တော်အမတ်များကလည်း ထိုကဲ့သို့ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့သည်။ စပိန်လွှတ်တော်အမတ်များမှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်းကောင်း ဆွီဒင်နိုင်ငံက အောက်တိုဘာ ၃၀ ရက်နေ့တွင်လည်းကောင်း ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် လက်ခံရန် အဆိုပြုချက်ကို အသီးသီး အတည်ပြုခဲ့ကြသည်။

    Agencies

  • မျက်နှာဖုံးအုပ်ခွင့် ပိတ်ပင်ခြင်းကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ထောက်ခံမှု ထင်ရှားသည့် ဂျူးဘုန်းတော်ကြီး ရှုတ်ချ

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    EuropeSenior-Rabbi-Slams-Burqa-Ban
    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ နီကဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်ထားသည့် ပြင်သစ်အစိုးရ၏ ဥပဒေကို ထောက်ခံခဲ့သော ဥရောပလူ့အခွင့်အရေးခုံရုံး၏ ဆုံးဖြတ်ချက်အား ဥရောပရှိ အကြီးတန်း ဂျူးဘုန်းတော်ကြီးက ဝေဖန်လိုက်ပြီး မွတ်စလင် အမျိုးသမီးများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “၂၀၀၉ ခုနှစ်က ဆွဇ်ဇာလန်မှာ မင်နာရာ ဆောက်လုပ်မှု၊ ဘုရ်ခါ ၀တ်ဆင်ခြင်းကို ပိတ်ပင်လိုက်တာနဲ့ ဒါတွေကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ECHR က ပြီးခဲ့တဲ့ ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုလိုက်တာက ” ဟု The Telegraph သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ ဥရောပဂျုးဘုန်းတော်ကြီးများ အဖွဲ့ အကြီးအကဲ ပင်ချက် ဂိုးလ်ရှမစ်က ပြောကြားလိုက်သည်။ ၎င်းမှာ မော်စကိုမြို့ ဂျူးဘုန်ကြီးများအသင်း၏ အကြီးအကဲလည်းဖြစ်သည်။

    မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် ဘုရ်ခါအား ပိတ်ပင်ခြင်းကို ၂၀၁၀ နှစ်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် စတင်ခဲ့ပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးအုပ်ခြင်းအား တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    မျက်နှာကို ဖုံးအုပ်ရသည့် နီဘဘ်အား ပိတ်ပင်ခြင်းမှာ နိုင်ငံသားများအား အတူတကွ နေထိုင်မှုကို အားပေးခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက စောဒက တက်ခဲ့ပြီးနောက် ဥရောပ လူ့အခွင့်အရေးခုံရုံး ECHR ကလည်း ထိုပိတ်ပင်မှုအား ပြီးခဲ့သည့် အင်္ဂါနေ့က လက်ခံခဲ့သည်။

    သို့သော်လည်း ဂိုလ်းရှမစ်ကမူ ထိုဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဘုရ်ခါနှင့် နီကဘ်ကို ပိတ်ပင်ခြင်းက အစွန်းရောက်ဝါဒအား တိုက်ထုတ်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ပြောဆိုကြသောနိုင်ငံရေးသမားများမှာ အသုံးမကျသူ များသာဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရ်ခါကို ပိတ်ပင်တာဟာ အစွန်းရောက်ဝါဒကို တစ်နည်းတစ်ဖုံ တိုက်ဖျက်တယ်လို့ ထင်နေတဲ့သူတွေဟာ တကယ့်ကို အသုံးမကျတဲ့သူတွေပါပဲ။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တွန်းလှန်ဖို့ ကြိုးပမ်းမှုကနေ သူတို့ဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးရင် ဒါဟာ ပြဿနာကို ပိုရှုပ်စေတာပါပဲ” ဟု ဂိုးလ်ရှမစ်က ဆိုသည်။

  • ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ချစားမှု၊ အာဏာအလွဲသုံးစားပြုမှုဖြင့် စုံစမ်း စစ်ဆေးခံနေရ

    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    369514_Nicolas-Sarkozy
    – ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရာတွင် မသာမှုနှင့် ချစားမှုများအတွက် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ပဲရစ်မြို့အနောက်ပိုင်း နန်တာရီ ဆင်ခြေဖုံးဒေသတွင် ယမန်နေ့က ၁၅ နာရီကြာ စစ်ကြောမှုပြုလုပ်ခဲ့ပြီးနောက် ဆာကိုဇီအား တရားဝင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားသူကြီးများက ယနေ့တွင် အမိန့်ပေးခဲ့ကြသည်။

    အသက် ၅၉ နှစ်အရွယ်ရှိ ဆာကိုဇီမှာ အာဏာအလွဲသုံးစားလုပ်မှု၊ ချစားမှုနှင့် ၂၀၀၇ ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီထံမှ ရန်ပုံငွေ တရားမ၀င်တောင်းခံသည်ဟု စွပ်စွဲခံရမှုနှင့် ဆက်စပ်သော လျှို့ဝှက်ချက် ချိုးဖောက်မှုများမှ အကျိုးအမြတ်ရယူခဲ့မှုတို့ဖြင့် သံသယရှိနေသူဖြစ်သည်။ ဆာကိုဇီ၏ ရှေ့နေ သီယာရီ ဟာဇဂ်နှင့် ထိပ်တန်းတရားသူကြီးတစ်ဦးဖြစ်သူ ဂီလ်ဘာ့တ် အဇီဘာ့တ်တို့ကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဖမ်းဆီးထားသည်။

    ယခုကဲ့သို့ စစ်ဆေးခံရခြင်းမှာ ဆာကိုဇီအတွက် ဒုတိယမြောက်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ပြင်သစ်သန်းကြွယ်သူဌေး လီလီယိန်း ဘတ်တန်ကော့ထံမှ အလှူငွေများ တရားမ၀င်လက်ခံမှုကြောင့် ယခင်က တရားစွဲဆိုခြင်းခံခဲ့ရဖူးသည်။

    ဆာကိုဇီကမူ မိမိအနေဖြင့် မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ၊ ယခုဖြစ်ရပ်များမှာ နိုင်ငံအရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာကိုဇီမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လာမည့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

    Ref: Press TV

  • ဟဂ်ျခရီးစဉ် အကြောင်းပြသသည့် ပြပွဲတစ်ခု ပြင်သစ်တွင်ပြုလုပ်

    မေ ၁၊ ၂၀၁၄
    M-Media

    – ရာစုနှစ် အဆက်ဆက် အစ္စလာမ်ဘာသာဝင်တို့၏ ဟဂ်ျဘုရာဖူးခရီးစဉ်နှင့် ပတ်သက်သည့် ပြောင်းလဲလာ မှုများအား ပြသထားသည့် ပြပွဲတစ်ခုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    -

    “ဟဂ်ျ၊ အစ္စလာမ်ဟဂ်ျနှလုံးသည်းပွတ်ဆီသို့ ခရီးစဉ်” ဟု အမည်ရသည့် အဆိုပါ ပြပွဲကို ပဲရစ်မြို့ရှိ အာရပ်ကမ္ဘာအသင်းတွင် ဧပြီလနှောင်းပိုင်းက ကျင်းပပြု လုပ်ခြင်းဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    အဆိုပါပြပွဲတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ အရင် အချိန်မှစ၍ မက္ကာဟ်မြို့နှင့် ဟဂ်ျဘုရားဖူးခရီးစဉ် ပြောင်းလဲလာ မှုများကို အနုပညာလက်ရာများ၊ ဓာတ်ပုံများနှင့် ရှားပါး လက်ရေးမူများနှင့် ခေတ်အလိုက် အသုံးပြုသည့် အ၀တ်အထည်များကို အသုံးပြုကာ ဖော်ပြထားသည်။

    “လက်ရှိခေတ်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ အရင်ကို ပြန်သွားခဲ့ရတာပါ။ ခံစားမှုကတော့ အတူတူပါပဲ။ ဟဂ်ျဟာ မွတ်စလင်အားလုံးရဲ့ နှလုံးသားထဲက လက်ဆောင်ပါပဲ” ဟု အဆိုပြပွဲ တာဝန်ခံ အိုမာရ် ဆဂ်ဟီက AFP သတင်းဌာသို့ ဧပြီ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ဟဂ်ျခရီးစဉ်၏ အစပိုင်းတွင်း ဘုရားဖူခရီးသွားများမှာ ခြေကျင်ဖြင့်လည်းကောင်း၊ ကုလားအုပ်များကို အသုံးပြု၍လည်းကောင်း သွားခဲ့ရသည်။ နောက်ပိုင်းတွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဟဂ်ျဘုရားဖူးခရီးစဉ်သို့ သွားရောက်သူများမှာလည်း မြင့် တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လာရောက်သူ ၃ သန်းရှိကာ ၁.၆ သန်းမှာ လေယာဉ်ဖြင့် လာရောက်ကြသူများဖြစ်သည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင်ကြီး ၅ ခုအနက်မှ တစ်ခုဖြစ်သည်။ အစ္စလာမ်အယူဝါဒ၏ အရေးပါသော သဘောထားကို အမှတ်သညာပြုခြင်းလည်းဖြစ်ကာ၊ တမန်တော်ကြီး အီဗရာဟင်မ်(အ) မိသားစုအား အလ္လာဟ်အရှင်မြတ်ဘက်မှ စမ်းသပ်မှုများကိုလည်း ပြန်လည် သတိရစေခြင်းလည်းဖြစ်သည်။

    အဆိုပါပြပွဲတွင် နှစ်ပေါင်းမျာစွာအကြာက ဘုရားဖူးခရီးစဉ်အကြောင်း ဖော်ပြထားသော ရုပ်ကြွ ငယ်များ၊ ခရီးစဉ်လာရောက်ခွင့်အတွက် ထုတ်ပေးထားသည့် ရှေ့ကျသော လက်မှတ်များကိုလည်း ပြသထားသည်။ ထို့ပြင် ၁၉ ရာစုနှစ်က ပြင်သစ် အနုပညာရှင် လီယွန် ဘဲလီရေးဆွဲထားသည့် “Pilgrims Going to Makkah” ဟဂ်ျခရီးစဉ် ပန်းချီကားကိုလည်း ပါဝင်ပြီး အော်တိုမန် အင်ပါယာလက်ထက် မက္ကာမြို့ရှိ ကအ်ဗာကျောင်းတော်အနီး ဘုရားဖူးများ စုဝေးနေသည့် ပုံစံကို မင်နှင့် ခံတဲဖြင့် ရေးဆွဲထားသည့် မြေပုံတစ်ခုလည်းပါဝင်သည်။

    ဟဂ်ျခရီးစဉ်အကြောင်း ပြသခြင်းမှာ ယခုအချိန်မှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက “Journey Through Art”  ခေါင်းစဉ်ဖြင့် ထိုကဲ့သို့ ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုကို ကာတာနိုင်ငံ၌ ပြုလုပ်ခဲ့သေးသည်။ ၂၀၁၂ ခုနှစ်ကလည်း ဗြိတိန်ရှိ ပြတိုက်တွင် ဟဂ်ျခရီးစဉ်အကြောင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ရာစုနှစ်အလိုက် မက္ကာမြို့သို့ သွားရောက်ရပုံများပါဝင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဟဂ်ျခရီးစဉ် ပြပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
    OnIslam & News Agencies

    Photo-AFP