News @ M-Media

Tag: Genocide

  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)

    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။

    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။

    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။

    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။

    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။

    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။

    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။

    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။

    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။

    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။

    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။

    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။

  • အန္တရာယ်ပိုများလာပြီး လူမျိုးတုန်း သတ်ဖြတ်ရာနေရာ အဖြစ် အလားအလာ ရှိနေသော ရိုဟင်ဂျာ  ဒုက္ခသည်စခန်းများ

    အန္တရာယ်ပိုများလာပြီး လူမျိုးတုန်း သတ်ဖြတ်ရာနေရာ အဖြစ် အလားအလာ ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    .လေးမောင် ဘာသာပြန်သည်။

    rohingyarakhine37_1

    – သံတော်လီ ဒုက္ခသည်စခန်းက မိမိအား စိတ်ထင့်စေသည်။ ပြည်တွင်းစစ်ပွဲကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များနေထိုင်ရာ စခန်းများသို့ မိမိရောက်ဖူးသော်လည် လူမျိုးစု ရှင်းလင်းသုတ်သင်မှုကို ရင်ဆိုင်နေရသည့် လူများ၏အကြားသို့ ရောက်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်လေ၏။ ထိုဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာသုံးထောင်ကျော် နေထိုင်ရာအရပ်ဖြစ်သည်။

    ရိုဟင်ဂျာများမှာ လူများစု ဗုဒ္ဓဘာသာဝင်များ၏ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို ခါးစည်းခံခဲ့ကြရသည်။ နိုင်ငံသားအဖြစ် ငြင်းပယ် ခံရသည်။ ပေါ်တာဆွဲခြင်းခံရသည်။ ရိုဟင်ဂျာ အမျိုးသမီးများမှာ မုဒိမ်းကျင့်ခြင်းခံရသည်။ ထိုမျှမက သတ်ဖြတ်ခြင်းလည်း ခံကြရသည်။

    ကုလသမဂ္ဂအဖွဲ့ကြီးက ၎င်းတို့အား “ကမ္ဘာပေါ်တွင် ညှဉ်းပန်းနှိပ်စက်မှု အခံရဆုံးလူနည်းစု” အဖြစ် သတ်မှတ်ခဲ့သည်။ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများကမူ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အထိ ဖြစ်လာနိုင်သည်ဟု သတိပေးထားလေသည်။

    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခဲ့သော စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်သွားပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစွန်းရောက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ပေါ်လာ၏။ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အစိုးရသစ်ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည်။ ထိုအချင်းအရာများက မြန်မာနိုင်ငံမှာ နောက်ဆုံးတွင် ဒီမိုကရက်တစ်ဆန်သည့် အနာဂတ်ဆီသို့ သွားရောက်တော့မည့် ပုံစံ ဖြစ်လာ၏။ အပြောင်းအလဲမျာ စတင်ပြီး နောက်တစ်နှစ်မှာပင် ရခိုင်ပြည်နယ်၌ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား

    တိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂၈၀ သေဆုံးပြီး လူပေါင်း ၁၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ အခြေအနေက ရှေ့ မတိုးသာ၊ နောက်မဆုတ် သာဖြစ်သွားသည်။ ရိုဟင်ဂျာများကတော့ ဒေသတွင်း ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသည်။ ၎င်းတို့အား ညှဉ်းပန်းနှိပ်စက် သူများ၏ သနားမှုကြောင့် ရွာများ၏ ဆင်ခြေဖုံးတွင် ကျူးကျော်နေထိုင်ရသည့် ပုံစံမျိုး ဖြစ်လေ၏။

    “ကျွန်တော်တို့ဟာ အကျဉ်းကျတဲ့သူတွေထက်ကို ဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အကျဉ်းသမားတွေဟာ အစာစား ရတယ်လေ။ ကျွန်တော်တို့က မစားရဘူး။ နောက်ထပ် ထမင်းတစ်နပ် ဘယ်တော့ စားရမလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။”

    နယူးဝိခ် မဂ္ဂဇင်းမှသွားရောက်ခြင်း….

    ဒုက္ခသည်စခန်များသို့ရောက်ရန် ပြည်နယ်မြို့တော် စစ်တွေမြို့ပြင်ဘက်ရှိ တစ်ခုတည်းသာ စစ်ဆေးရေး ဂိတ်အား ကျွန်တော်တို့ ဖြတ်ရသည်။ မီးရထားလမ်း လမ်းဆုံတွင် ရှေးဟောင်း ရိုက်ဖယ်သေနတ် ကိုင်ထားသော ရဲတစ်ယောက်က ထိုင်ခုံတစ်ခုတွင် ထိုင်နေ၏။ ပိုက်ဆံပေးပြီးသွားသောအခါ ဂိတ်အားဖြတ်ရန် ထိုရဲက လက်ပြခဲ့ပြီး ကျွန်တော်တို့လည်း မွတ်စလင်များရှိရော ဒေသသို့ ၀င်ရောက်သွားခဲ့လေသည်။

    ဒုက္ခသည်စခန်းများရှိရာသို့ ဦးတည်နေသော လမ်းမှာ ပျက်ဆီး၍ ချိုင့်များဖြစ်နေသည်။ ထိုလမ်းတစ်လျှောက် ကျွန်တော်တို့မှာ မွတ်စလင်ရွာများကို ဖြတ်သန်းခဲ့ရသည်။ လမ်းများပေါ်အထိ ရောက်နေသာ ပျံကျဈေးများ၊ ဟိုဟိုဒီဒီလျှောက်နေကြသော လူများကို ကျွန်တော်တို့ တွေ့ရသည်။

    မိုးပေါက်လေးများက တဖွဲဖွဲကျနေ၏။ အကွေ့တစ်ခုသို့ ချိုးလိုက်ပြီးနောက် အပြာရောင်၊ အစိမ်းရောင် တာပေါ်လင်စများဖြင့် ဆောက်လုပ်ထားသော ဒုက္ခသည်များနေထိုင်ရာ တဲများကို စတင် တွေ့မြင်ရလေသည်။ ထိုနေရာမှာ ရေလွှမ်းထားသော လယ်ကွင်းခေါင်ခေါင်သာ ဖြစ်လေ၏။

    ဒုက္ခသည်များအတွက် မုန်တိုင်း အဆီးအတားကတော့ ဘင်္ဂလား ပင်လယ်အော်ဘေး တန်းစီပေါက်နေသော အုန်းပင်များပင် ဖြစ်တော့သည်။

    rohingyarakhine21သံတော်လီ ဒုက္ခသည်စခန်းသို့ လျှပ်တစ်ပျက်ကြည့် လိုက်လျှင် ပြန့်ကျဲပြီး စုတ်ချာကာ မသတီ စရာကောင်းသည့်  ရွာအဖြစ် မြင်ရသည်။ စခန်းအတွင်းသို့ အ၀င်လမ်းမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး ဘေးတစ်ဘက် တစ်ချက်စီတွင် သွပ်မိုးတဲများရှိနေ၏။ အမျိုးသမီးများက ဟီဂျဘ်ဆောင်းထားကြပြီး  အချို့၏ ပါးပြင်ပေါ်တွင် သနပ်ခါးဖွေးဖွေးများကို မြင်ရသည်။

    ၂ ယောက်သာနေထိုင်နိုင်သော တဲများ၌ မိသားစုအများအပြားနေကြရသည်။မိုးရာသီကလည်း ထိုစခန်းမှ ဘ၀များကို အတိဒုက္ခရောက်စေ သည်။ ခြောက်ခြောက်သွေ့သွေ့ နေထိုင်ရန် မဖြစ်နိုင်ကြ။ မိနစ်အနည်းငယ်အကြာမှာပင် အင်္ကျီမပါသည့် ကလေးများ ကျွန်တော့်အားဝိုင်းလာသည်။

    ဗိုက်ပူပူများ၊ ဖျော့တော့တော့ ဆံပင်များက အဟာရ ချို့တဲ့မှုကို ဖော်ပြနေသယောင်။

    ဒုက္ခသည်များက မိုးရာသီအား “ငှက်ဖျားရာသီ” ဟု ခေါ်ကြသည်။ ကျွန်တော်သွားသည့် နေရာတိုင်းတွင် ချောင်းဆိုးသံကို ကြားရလေသည်။ ကျွန်တော်တွေ့ဆုံခဲ့ပြီး အမည်မဖော်လိုသူ ရိုဟင်ဂျာ ဆရာဝန်တစ်ဦးကတော့ အာဟာရချို့တဲ့ခြင်းက ဒုက္ခသည်များ အတွက် အကြီးမားဆုံး  ခြိမ်းခြောက်မှုကြီးဖြစ်သည်ဟု ပြောခဲ့သည်။

    “ကျွန်တော်တို့ဟာ အကျဉ်းကျတဲ့သူတွေထက်ကို ဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အကျဉ်းသမားတွေဟာ အစာစား ရတယ်လေ။ ကျွန်တော်တို့က မစားရဘူး။ နောက်ထပ် ထမင်းတစ်နပ် ဘယ်တော့ စားရမလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။ ၀မ်းလျှောတာတွေလည်း  အများကြီးဖြစ်နေတယ်။ အရေပြားရောဂါတွေနဲ့ အဆုတ်နာရောဂါတွေ လည်း ဖြစ်နေကြတယ်။ ဒီစခန်းတစ်ခုတည်းမှာပဲ အနည်းဆုံး လူ ၂၀ လောက်ဟာ ကုသလို့ရတဲ့ အခြေအနေတွေမှာ သေဆုံးခဲ့ရတယ်။ ဆေးခန်းကတော့ ဖွင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာမှ မရှိပါဘူး” ဟု အဆိုပါ ဆရာဝန်က ၎င်းတို့၏ ဒုက္ခအား ဖွင့်ဟခဲ့လေသည်။

    သမီးဖြစ်သူ၏ မျက်လုံးကို လက်ဖြင့်ပိတ်ရန် အာမန်အား ရဲများက ပြောခဲ့သည်။ ထို့နောက် ရဲတပ်တပ်ဖွဲ့ဝင် တစ်ယောက်က အာမန်၏ ခေါင်းပေါ်သို့ သေနတ်ပြောင်း တင်ကာ ပစ်သတ် လိုက်လေတော့သည်။

    ပထမတော့ အဆိုပါလူများမှာ အကြမ်းဖက်တိုက်ခိုက်မှုမှ လွတ်မြောက်လာပြီး ထိုခိုက်နာကျင်စရာ နည်းလမ်းမှ လွတ်မြောက်သွားသည်ဟု အလွယ်တကူ ယုံကြည်နိုင်သည်။ ဒုက္ခသည်များနှင့် စကားပြောသည့်အခါတွင်မှ ၎င်းတို့၏ အကြမ်းဖက်ခံရမှုအလုံးစုံကို  ရှင်းရှင်းလင်းလင်း သိလာရလေသည်။

    မကြာသေးမီကပင် မုဆိုးမဖြစ်သွားသော အမျိုးသမီး တစ်ဦးနေထိုင်ရာ တဲအတွင်းသို့ ကျွန်တော် ရောက်သွားသည်။ အသက် ၂၂ အရွယ် ခီရန်နီစာဆိုသူ ထိုအမျိုးသမီးက အမှောင်ထဲတွင် ကြိမ်ဖြင့်ရက်လုပ်ထားသော ဖျာကြမ်းပေါ်၌ ထိုင်နေ၏။ အဖြူရောင်ပိတ်စ လွှမ်းခြုံထားပြီး ပူဆွေးသောကရောက်နေသော သူမအား ဆွေမျိုးများက ဖေးမနေသည်။

    လွန်ခဲ့သည့် ၂ ရက်က ဒုက္ခသည်စခန်းအပြင်ဘက်ရှိ အင်တာနက်ဆိုင်တွင် သူမမှာ ခင်ပွန်းဖြစ်သူ ရှမ်ဆူလ်အာမန်နှင့်အတူ ရှိနေ၏။ မလေးရှားတွင် ရှိနေသည့် ယောက္ခမဖြစ်သူကို ဖုန်းခေါ်နေခြင်းဖြစ်သည်။ ၎င်းတို့ စကားပြောနေသည့်အချိန်တွင် လက်နက်ကိုင် ရဲများက အင်တာနက်ဆိုင်အား ၀ိုင်းလိုက်ပြီး ဆိုင်အတွင်းမှ လူများအားလုံးကို အပြင်ထွက်ခိုင်းခဲ့သည်။ ထို့နောက် လမ်းပေါ်တွင် ပုံစံထိုင် ထိုင်ရန် အမိန့်ပေးခဲ့သည်။ မည်သူ့ကိုမှ နာကျင်အောင် မလုပ်ဟုလည်း ရဲများက ပြောခဲ့သေးသည်။ ရှမ်ဆူလ်အာမန်မှာလည်း လေးနှစ်အရွယ် သမီးငယ်ကိုဖက်ကာ ရဲများခိုင်းသည့်အတိုင်း ပြုလုပ်ခဲ့သည်။ မိမိတို့ ဆောင်ရွက်မည့် ကိစ္စအား မမြင်နိုင်စေရန်အတွက် သမီးဖြစ်သူ၏ မျက်လုံးကို လက်ဖြင့်ပိတ်ရန် အာမန်အား ရဲများက ပြောခဲ့သည်။ ထို့နောက် ရဲတပ်တပ်ဖွဲ့ဝင် တစ်ယောက်က အာမန်၏ ခေါင်းပေါ်သို့ သေနတ်ပြောင်းတင်ကာ ပစ်သတ် လိုက်လေတော့သည်။

    ရက်များစွာကြာသည်အထိ ထိုအဖြစ်အပျက်က ခီရန်နီဆာအား

    တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ “ဘာ့ကြောင့် ကျွန်မယောင်္ကျားကို ပစ်သတ်ခဲ့တာလဲ။ သူ့မှာ ရန်သူမရှိပါဘူး” ဟု ပြောသည့်အချိန်တိုင်းတွင် မိခင်ဖြစ်သူက သူမအား နှစ်သိမ့်ပေးနေရ၏။

    မိုဟာမက်ဆိုသည့် အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးက ရဲများမှာ နေ့စဉ်နေ့တိုင်းပင် ၎င်းတို့အား အကြမ်းဖက်ကြသည်ဟု ဆိုသည်။

    “သူတို့က အကြောင်းအရာသေးသေးလေးတွေ၊ အမှားသေးသေးလေးတွေကို ရမယ်ရှာပြီး အရှက်ရအောင်လုပ်တယ်၊ ရန်စတယ်၊ ပြီးတော့ ကျွန်တော်တို့ ခေါင်းပေါ် ခြောက်ပြီးပစ်တာ ဒါမှမဟုတ် တစ်ခါတည်း ပစ်သတ်တာမျိုးတွေ လုပ်ပါတယ်” ဟု ၎င်းတို့၏ ခံစားရမှုများကို ပြောကြားခဲ့လေသည်။

    ၎င်းတို့က ညဘက်တွင် ပိုမိုကြောက်ရွံ့ကြသည်။ ရှမ်ဆူလ်အာမန်အား ပစ်သတ်ပြီး တစ်ချိန်တည်းမှာပင် သံတော်လီဒုက္ခသည်စခန်းသို့ ရဲများက ၀င်ရောက်စီးနင်းကြသည်။ မိုဂျူမာ ဘေဂွမ်တစ်ယောက် ၀င်ပေါက်နားရှိ ၎င်း၏ ဆိုင်ကိုပစ်ကာ ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့အား သွားရောက်

    သတိပေးလေသည်။ နောက်ထပ်အသတ်ခံရသူများ ဖြစ်လာမည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့နှစ်ဦးမှာ လယ်ကွင်းထဲတွင် သွားရောက်ပုန်းအောင်းနေကြရသည်။ ဘေဂွမ်က သူမ၏ ဆိုင်ရှိရာ ပြန်လာသည့်အခါမှာတော့ ရဲများက သူမ၏ဆိုင်အား မွှေနှောက် ရှာဖွေနေသည်ကို တွေ့ရသည်။

    ထိုမျှမက သူမကိုလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဆိုင်တွင် ရှိသမျှအရာအားလုံးကိုလည်း ယူဆောင်သွားလေသည်။

    ကျွန်တော်နှင့် စကားပြောခဲ့ပြီး အမည်မဖေါ်လိုသူ ရိုဟင်ဂျာတစ်ဦးက သံတတော်လီဒုက္ခသည်စခန်းအား နာဇီတို့၏ အကျဉ်းစခန်းကဲ့သို့ ဖြစ်နေ သည်ဟု ပြောဆိုလေသည်။ ဥရောပကို သိမ်းပိုက်စဉ်က နာဇီတို့၏ အကျဉ်းစခန်းများကဲ့သို့ သံဆူးကြိုးများခတ်ထားခြင်း၊ ကင်းမျှော်စင်များ တည်ဆောက်ထားခြင်း မရှိ။ ဤဒုက္ခသည်စခန်းများ အတွင်းမှာတော့ လွတ်လပ်စွာ သွားလာနိုင်လေသည်။ လက်နက်ကိုင် ရဲများကို မကြာခဏတွေ့ရသည်။ သို့ရာတွင် ၎င်းတို့၏ တည်ရှိမှုမှာ တစ်ခဏတာ ဖြစ်လေသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လျှို့ဝှက်စောင့်ကြည့်နေကြပြီး သံဆူးကြိုးများ မလိုအပ်တော့။

    ရိုဟင်ဂျာများမှာ စစ်အစိုးရလက်ထက် မြန်မာပြည်အခြေအနေကဲ့သို့  အနီးကပ်စောင့်ကြည့်ခြင်း ခံထားရသည်။ ဒုက္ခသည်စခန်းခေါင်းဆောင်များမှာ ရဲများက ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန် ရွေးချယ်ထားသော ရိုဟင်ဂျာများဖြစ်သည်။ ထိုသူများအား မိုဘိုင်းဖုန်းများပေးထားပြီး စခန်းအတွင်း လူဦးရေနှင့်ပတ်သက်၍ လျှို့ဝှက် စောင့်ကြည့်ရန် အမိန့်ပေးထားသည်။

    “သူတို့ဟာ အစိုးရ သတင်းပေးတွေလိုပါပဲ” ဟု ဒုက္ခသည်တစ်ဦးက ပြောခဲ့လေသည်။

    မြန်မာ့လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ယန်ဟီးလီက အဆိုပါ ဒုက္ခသည်စခန်းများသို့ ၁၀ ရက်ကြာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် သူမ၏ တွေ့ရှိချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ မကြာသေးမီကပင် တင်သွင်းခဲ့သည်။ အဆိုပါ စခန်းများမှ မနှစ်မြို့ဖွယ်ရာကောင်းသော နေရာများဖြစ်သည်ဟု ဖော်ပြခဲ့လေသည်။ ယန်ဟီး၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုကို အသိအမှတ်ပြုထားသည်။ တစ်ချိန်တည်းမှာပင် နောက်ကြောင်းပြန်လှည့်ခြင်းအတွက် သတိပေးထားပြီး လက်တန်း သတ်ဖြတ်ခြင်း၊  ဖျောက်ဖျက်ပစ်ခြင်း၊ နှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းနှင့် မုဒိမ်းကျင့်ခြင်း အပါအ၀င် ရိုဟင်ဂျာများ ဆက်လက်ခံစားနေရသည့် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း စာရင်းပြုစုကာ တင်ပြခဲ့သည်။

    “အစိုးရအနေနဲ့ သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်ရပါမယ်” ဟု ယန်ဟီးက ဖော်ပြထားပြီး ရိုဟင်ဂျာများအတွက် အသက်ရှင်ရပ်တည်ရေးအကူအညီ၊ အလုပ်လုပ်ကိုင်ခွင့်၊ အစားအသောက်၊ သောက်သုံးရေ၊ မိလ္လာစနစ်နှင့် ပညာရေးစနစ်များအပါအ၀င် အခြေခံရပိုင်ခွင့်များကို လုံလောက်စွာပေးအပ် ရန်လည်း ဖော်ပြထားသည်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ ဖီလ်းရော်ဘတ်ဆန်က ရိုဟင်ဂျာအရေး ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် မြန်မာအစိုးအရအား ဖိအားပေးရမည်ဟု ဆိုသည်။ မေးခွန်းတစ်ခုက “ရိုဟင်ဂျာများမှာ နိုင်ငံအတွင်းရှိ အခြားသော ပြည်သူများနှင့်အတူ စားပွဲဝိုင်းတွင်း တန်းတူထိုင်ရန် ထိုက်တန်သည်ကို လက်ခံမည်လား” ဆိုပင်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လူမျိုးသတ်မှတ်ခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိ ရိုဟင်ဂျာပြဿနာအတွက် အဓိကအချက်ဖြစ်နေသည်။ ယခုနှစ်မတ်လက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို အငြင်းပွားမှုများကြားမှ ဆောင်ရွက်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ရိုဟင်ဂျာများမှာ ဘင်္ဂါလီဟု သတ်မှတ်ခြင်းကို လက်မခံပါက သန်းခေါင်စာရင်းကောက်ယူရာတွင် ချန်လှပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့က ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများသာဖြစ်ကြသည်ဟု ယခင်ကတည်းက သတ်မှတ်ထားကြသည်။ ရိုဟင်ဂျာများကတော့ မိမိတို့၏ လူမျိုးအမည်ကို ပြောင်းလဲလိုက်ပါက တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရမည်ကို စိုးရိမ် ကြောက်ရွံ့နေကြလေသည်။ ကုလသမဂ္ဂက အထူးကိုယ်စားလှယ် ယန်ဟီးမှာ မြန်မာအစိုးရအရာရှိများနှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာဟူသော စကားလုံးကို မသုံးနှုန်းရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခြင်း ခံခဲ့ရသည်။

    “ကိုယ့်ရဲ့လူမျိုးအမည်ကို ကိုယ်တိုင်သတ်မှတ်ဖို့ဟာ လူနည်းစုတွေရဲ့အခွင့်အရေးဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေရဲ့ အဓိကစည်းမျဉ်းတစ်ခု ဖြစ်ပါတယ်” ဟု ယန်ဟီးက ပြန်လည်ချေပ ပြောဆိုခဲ့သည်။

    ၂၀၁၂ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုကတော့ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်းမြင်ရသော ကာလဖြစ်ခဲ့သည်။ “ပိုပေါ့ မတိုင်ခင်ကာလ” “ပိုပေါ့ပြီးနောက်ကာလ” ဟု ၎င်းတို့၏ အတွေ့အကြုံများအား သီးခြားစီ ပြောပြကြသော ကမ္ဘောဒီးယား လူမျိုးတုန်းသတ်ဖြတ်မှုမှ လွတ်မြောက်လာသူများကဲ့သို့ ကျွန်တော်တွေ့ခဲ့သမျှ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများမှာ “အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ခင် အခြေအနေ” နှင့် “အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး အခြေအနေ” တို့ကို ပြောဆိုကြသည်။

    တင်းမာမှုများမှာ နှစ်ပေါင်းများစွာ တငွေ့ငွေ့လောင်ကျွမ်းခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို မွတ်စလင်သုံးဦးမှ မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုသည့် သတင်းက ကနဦး မငြိမ်မသက်မှုကို ဖြစ်လာစေခဲ့သည်။ နောက်ပိုင်းတွင် ထိုမငြိမ်မသက်မှုက ပြည်နယ် တစ်ဝှမ်း ပြန့်နှံ့သွားလေသည်။ စစ်တွေတွင်တော့ တုတ်များ၊ ကျောက်ခဲများ ကိုင်ဆောင်ကြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရသည်။ ရဲအချို့မှာ ရိုဟင်ဂျာများအား ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံကြရသည်။

    “ကျွန်မတို့အပေါ်မှာ ဒီလိုတိုက်ခိုက်တာဟာ ရခိုင်လူ့အဖွဲ့အစည်းပါ” ဟု ရိုဟင်ဂျာအမျိုးသားနှင့် လက်ထပ်ထားပြီး အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ထားသည့် ကြည်ကြည်အောင်က ပြောကြားခဲ့သည်။ သူမမှာ ယခုအချိန်တွင် သက်ကယ်ပြင်ဒုက္ခသည်စခန်း၌ ခင်ပွန်း၊ သားသမီးများနှင့်အတူ နေထိုင်နေရသည်။ အကြမ်းဖက် တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ကြိုးစားစဉ်က ကျိုးသွားခဲ့သည့် သူမ၏လက်ကို ကျွန်တော့်အားပြသည်။ လက်ကောက်ဝတ်၌ ဆိုးဆိုးရွားရွားပင် ရွဲ့စောင်းနေလေသည်။ အကြမ်းဖက်သမားများက သူမအိမ်ကို မီးရှို့ခဲ့ပြီးနောက် မီးလောင်နေသောအိမ်မှ ထွက်ပြေးစဉ် ရခဲ့သည့် ခြေထောက်မှ မီးလောင် ဒဏ်ရာကိုလည်း ပြသည်။ သူမနှင့် မိသားစုသာလျှင် ထိုအိမ်ထဲမှ ထွက်လာနိုင်ခဲ့လေသည်။“ကျွန်မတို့ အားလုံး ဆုံးရှုံးခဲ့ပါတယ်” ဟု သူမကဆိုသည်။

    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများတွင် အစိုးရက ခွဲခြားအုပ်ချုပ်ရေး (divide and rule) ဗျူဟာကိုအသုံးချသည်။ ရခိုင်ပြည်နယ်တွင် မိမိတို့အား ဆန့်ကျင်ရန်  ရခိုင်တိုင်းရင်းသားများက လူအများအပြားစုရုံးနိုင်သည်ကို အစိုးရကသိသည်။ မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို ခွင့်ပြုထားခြင်းဖြင့် ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်စေပြီး ရိုဟင်ဂျာပြဿနာဖြင့်ပင် ရခိုင်တိုင်းရင်းသားများမှာ အာရုံပြောင်းခံထားရလေသည်။

    ပြုပြောင်းလဲရေး မပြုလုပ်ခင်က မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်မှာ အားလုံးနီးပါးကို ထိန်းချုပ်ခဲ့ပြီး သဘောထားကွဲလွဲဆန့်ကျင်မှုကိုလည်း ချေမှုန်းနိုင်ခဲ့သည်။ ယခုနှစ်မတ်လက ဗုဒ္ဓဘာသာ လူအုပ်စုကြီးမှာ စစ်တွေမြို့တွင် သောင်းကျန်းခဲ့ကြသည်။ ရိုဟင်ဂျာများကိုသာ ဦးစားပေးသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

    Malteser Internatioal အကူအညီပေးရေးအဖွဲ့မှ ၀န်ထမ်းတစ်ဦးက ၎င်းတို့၏ ရုံးခန်းပေါ်မှ သာသနာ့အလံကို ဖြုတ်သိမ်းခဲ့ရာမှ ဆူပူအုံကြွမှု စခဲ့လေသည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းအား ဆန့်ကျင်သော အမှတ်အသားအဖြစ် သာသနာ့အလံများကို ပြည်နယ်တစ်ခုလုံး လွှင့်ထူကြသည်။

    လူအုပ်စုကြီးက အကူအညီပေးရေး ရုံးခန်းများကို တိုက်ခိုက်သည့်အခါ အာဏာပိုင်များက ၀န်ထမ်းများအား ကာကွယ်ပေးခဲ့သည်။ ၎င်းတို့အား ထွက်သွားစေချင်သည်မှာ ထင်ရှားလေသည်။

    အခြားတစ်ဖက်တွင်တော့ ရခိုင်အမျိုးသားရေးဝါဒီများက ၎င်းတို့သာလျှင် စတေးခံရသူများ ဖြစ်သည်ဟု ယူဆနေကြသည်။ တစ်ဖက်တွင် မြန်မာအစိုးရနှင့် အခြားတစ်ဖက်တွင် တိုးပွားလာသည့် မွတ်စလင်လူဦးရေအကြား ၎င်းတို့မှာ အကြပ်ရိုက်နေသည်ဟု ယုံကြည်နေ၏။ ရိုဟင်ဂျာများက အကြီးမားဆုံး ခြိမ်းခြောက်မှုဟု ၎င်းတို့က ရှုမြင်လေသည်။ ထိုသို့ ကြောက်ရွံ့စိုးရိမ်နေကြသော်လည်း မွတ်စလင်များက မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းမျှသာ ရှိလေသည်။ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများရှိသော်ငြား ထိုပမာဏမှာ ရခိုင်အမျိုးသားရေးဝါဒီများ ထင်ထားသကဲ့သို့မဟုတ်။

    “သူတို့က ကျွန်တော်တို့ရဲ့ ရန်သူပါ” ဟု လက်ယာစွန်းရောက် ရခိုင်အမျိုးသားရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမောင်က ဆိုလေသည်။ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည့် သူက အရှေ့အလယ်ပိုင်းတွင် အစ္စလာမ့်မစ်အုပ်စုများ ပေါ်ထွက်လာမှုကို ထောက်ပြသည်။ ရိုဟင်ဂျာများမှာ အစ္စလာမ်နိုင်ငံ တစ်ခု ထူထောင်ရန် စီစဉ်နေသည်ဟု ၎င်းက ယုံကြည်နေလေသည်။

    “မွတ်စလင်တွေဟာ သိမ်းပိုက်ဖို့ ကြံစည်နေတယ်။ ကျွန်တော်တို့နိုင်ငံပျောက်သွားမှာကို ကြောက်ပါတယ်” ဟု ဦးရွှေမောင်က ပြောကြားခဲ့လေသည်။

    အခြေအနေတင်းမာအောင် ဆောင်ရွက်ထားမှုမှာ အစိုးရ၏ အကျိုးအတွက်ဖြစ်သည်ဟု သူက ထပ်ပြောသည်။ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံမြောက်ပိုင်းသို့ သွယ်တန်းထားသည်မှာ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည်။ အဆိုပါ ပရောဂျက်တွင် ရေနက်ဆိပ်ကမ်း၊ ကုန်းတွင်း ရေနံတူးဖော်ရေး လုပ်ငန်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဂက်စ်ပိုက်လိုင်းများပါဝင်ပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၂.၅ ဘီလီယံရှိသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်မှာ ဒေါ်လာ ၃.၃ ဘီလီယံရှိသည်ဟု ဇွန်လတွင် အစိုးရက ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ ချမ်းသာတဲ့ နိုင်ငံတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ပုံဖေါ်ခွင့်မရပါဘူး” ဟု ဦးရွှေမောင်က ဆိုလေ၏။

    စက်တင်ဘာလက အလ်-ကိုင်းဒါအဖွဲ့မှာ မြန်မာအပါအ၀င် တောင်အာရှမှ မွတ်စလင်များအနေဖြင့် နိုးကြားပြီး ဂျီဟတ်များနှင့် ဆက်သွယ်ရန် ဆော်သြခဲ့သည်။ ထိုကဲ့သို့ ပြောဆိုခြင်းမှာ နိုင်ငံအတွင်း အမုန်းမီးတောက်အား ပိုမို လောင်မြိုက်စေခြင်းပင် ဖြစ်လေ၏။ ထိုအချိန်မှစ၍ ရိုဟင်ဂျာများ ဖမ်းဆီးခံရမှုများ၊ ပျောက်ဆုံးမှုများနှင့် အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သည်ဟူသော သတင်းများ ထွက်ပေါ်လာလေသည်။ ထိုကိစ္စအတွင်း ရိုဟင်ဂျာအမျိုးသားတစ်ယောက် အသတ်ခံခဲ့ရပြီး ၎င်း၏ ဇနီးမှာလည်း ဖိအားပေးခံခဲ့ရပြီး ခင်ပွန်းသည်မှာ ဓမ္မတာအတိုင်းသေခြင်းသာဖြစ်သည်ဟု လက်မှတ်ထိုးပေးခဲ့ရသည်။

    ဗုဒ္ဓဘာသာဘုန်းကြီးများက မွတ်စလင်ဆန့်ကျင်ရေးသဘောထားကို ပိုမိုလှုံ့ဆော်ပေးသည်။ ၎င်းတို့အများစုမှာ မြန်မာနိုင်ငံ၏ အခြားသောအစိတ်အပိုင်းများတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်အောင် လှုံ့ဆော်ပေးသည့် ၉၆၉ လှုပ်ရှားမှု၏ နောက်လိုက်များ ဖြစ်လေသည်။

    ထိုနံပါတ်မှာ ပိုမိုအစွန်းရောက်သော နိုင်ငံခြားကြောက်ဗုဒ္ဓ၀ါဒ၏ အမှတ်တံဆိပ်လည်း ဖြစ်လေသည်။

    လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Fortify Rights က ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်မှုမှာ အစိုးရ၏ ပေါ်လစီဖြစ်သည်ဟု ဆိုသည်။ စာမျက်နှာ ၇၂ မျက်နှာပါဝင်သည့် ၎င်းတို့ထုတ်ပြန်သော အစီရင်ခံစာတွင် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဟု သတ်မှတ်၍ရသည့် ပေါ်လစီများအား အကြီးတန်းဝန်ကြီးများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဖော်ပြထားသည်။ ထိုပေါ်လစီများတွင် ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက်ပြုလုပ်ရန် လုံခြုံရေးတပ်များအတွက် လမ်းညွှန်ချက်များလည်း ပါဝင်လေသည်။ ထိုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ မက်သယူး စမစ်က ပေးပို့သော အီးမေးလ်တွင် “လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြိုတင် သတ်မှတ်ချက်များ တွေ့နေရသည်” ဟု ရေးသားဖော်ပြခဲ့သည်။

    ပြုပြင်ပြောင်းလဲရေးခေတ်တွင် ရခိုင်ပြည်နယ်သို့ လာရောက်ရသည်မှာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်သို့ ပြန်လာရ သကဲ့သို့ဖြစ်၏။ ပြည်သူများမှာ ကြောက်ရွံ့မှု တွင် နေထိုင်ရသည်။ သို့ရာတွင် ကျွန်တော်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ခြိမ်းခြောက်မှုကြီးနှင့် ရင်ဆိုင်ရမည်ဟု မမျှော်လင့်။

    မိမိတို့၏ သဘောထားကို ဖွင့်ပြောရန် ကြောက်ရွံ့နေကြသည့် အလယ်အလတ် ရခိုင်တိုင်းရင်းသားများက ထိုလုပ်ရပ်အား လက်မခံ။ သို့သော်လည်း ၎င်းတို့က အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ပစ်မှတ်ထားခံရမှုကို ကြောက်ရွံ့နေလေ၏။

    ရခိုင်ပြည်နယ်သို့ ကျွန်တော်စရောက်သည့်နေ့မှာ ကမ္ဘောဒီယားတွင် အသက်ရှင်ကျန်ရစ်သော ခမာခေါင်းဆောင်နှစ်ဦးအား လွန်ခဲ့သည့် ၃၅ နှစ်က ကျူးလွန်ခဲ့သော ပြစ်မှု အတွက် ပြစ်ဒဏ်ချမှတ်သည့်နေ့ ဖြစ်သည်။ ကမ္ဘာကြီးက ကြည့်ရုံသာကြည့်နေချိန်တွင် လူပေါင်း ၈ သိန်းကျော် အသတ်ခံရသော ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွား ခဲ့သည်မှာလည်း နှစ် ၂၀ ပင် ရှိခဲ့သည်။ ဂျာနယ်လစ်တစ်ဦးဖြစ်သူ သီယာရီ ကရူဗဲလ်လီယာက ဒီလိုရေးခဲ့သည်။

    “လက္ခဏာတွေအားလုံး ရှိနေတာတောင်မှ လူတွေက အဆိုးဆုံးဟာ ဘယ်တော့မှ မဖြစ်ပါဘူးလေလို့ မှတ် ထင်ကြပါတယ်” ဟူ၏။

    ယခုအချိန်တွင် အခြေအနေက အစွန်းတစ်ဘက်တွင် ရှိနေသည်။ စစ်တွေတွင် အခြေအနေက ပုံမှန်ဖြစ်နေသည်။ သို့ရာတွင် မြို့တွင်း၌ မွတ်စလင်တစ်ယောက်ကိုမှ မမြင်ရတော့။ ၎င်းတို့မှာ ရဲများထိန်းချုပ်ထားသော ဂတ်တိုများ၊ မြို့ပြင်ရှိ ဒုက္ခသည်စခန်းများတွင်သာ နေထိုင်ရသည်။ တစ်ချိန်က ၎င်းတို့နေထိုင်ခဲ့သော မြို့တွင်းရှိ ရပ်ကွက်မှာ လွင်တီးခေါင်ပြင် ဖြစ်နေပြီး အပင်များက နေရာယူထားလေသည်။ သို့ရာတွင် ကျွန်တော်စကားပြောခဲ့သည့် ရိုဟင်ဂျာ အနည်းငယ်ကမူ ယခုကဲ့သို့ ခွဲခြားထားမှုအတွက် သံသယရှိနေလေ၏။

    “အစွန်းရောက်တွေက လူမျိုးစု သုတ်သင်ရေး လုပ်ချင်ကြတာပါ။ သူတို့ဟာ လူမျိုးတုံး သတ်ဖြတ်ချင်ကြတာပါ” ဟု မိုဂျူမာ ဘေဂွန်က ပြောကြားခဲ့သည်။

    သူ၏ကြောက်ရွံ့မှုမှာ မှန်ကန်ကြောင်း ရခိုင်လူငယ်တစ်ဦး၏ စကားက ထောက်ခံအတည်ပြုနေလေ၏။

    “မွတ်စလင်တွေကို ကျွန်တော်သတ်ချင်တယ်။ လူတော်တော်များများလည်း ကျွန်တော့်လိုပါပဲ။ ကျွန်တော်သူတို့အားလုံးကို ရှင်းပစ်လိုက်ချင်တယ်” ဟု ရခိုင်လူမျိုး အောင်ကိုနိုင်က ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့လေတော့သည်။

    XXXXXXXXXXXXXXXXXXXXXX
    ကမ္ဘာကျော် News Week သတင်းဌာနတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Nic Dunlop  ၏ “Camps Bring Further Danger to Rohingya Muslims Fleeing Potential Genocide in Burma” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် မြန်မာပြန်ဆိုသည်။

  • ဂျူးမျိုးသုန်း သတ်ဖြတ်ခဲ့သည့် Holocaust မှာ စက်ဆုပ်ဖွယ် အကောင်းဆုံး ရာဇ၀တ်မှုဟု ပါလက်စတိုင်း သမ္မတပြော

    ဧပြီ ၂၇ ၊ ၂၀၁၄
    M-Media

    ဂျူးများကို သုတ်သင်သည့် Holocaust အစီအစဉ်မှာ ခေတ်သစ်သမိုင်းတွင် လူသားများအပေါ်ကျူးလွန်သည့် စက်ဆုပ်ဖွယ်အကောင်းဆုံး ရာဇ၀တ်မှုဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတဆို

    1494307030

    – နာဇီများက ဂျူးများကို သုတ်သင်သည့် Holocaust အစီအစဉ်မှာ ခေတ်သစ်ကမ္ဘာတွင်လူသားများအပေါ် ကျူးလွန်သည့် စက်ဆုပ်ဖွယ်ရာ အကောင်းဆုံး ရာဇ၀တ်မှုဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က ယနေ့တွင် ပြောကြားလိုက်သည်။

    အစ္စရေးက Holocaust အောက်မေ့ဖွယ် အခမ်းအနားမကျင်းပမီ နာရီအနည်းငယ်အလိုတွင် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် အဘတ်စ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နာဇီတို့၏ သုတ်သင်ခြင်းခံခဲ့ရသည့် ဂျူးလူမျိုး ၆ သန်းနှင့် ကျန်ရှိနေသည့် မိသားစုများအား စာနာမိသည်ဟုလည်းဆိုသည်။

    “Holocaust မှာ ဂျူးတွေ ကြုံတွေ့ခဲ့ရတာတွေဟာ ခေတ်သစ်ကမ္ဘာမှာ လူသားထုအပေါ် ကျူးလွန်တဲ့ စက်ဆုပ်ဖွယ်အကောင်းဆုံး ရာဇ၀တ်မှုကြီးပါပဲ” ဟု အဘတ်စ်က ဆိုသည်။

    Holocaust အောက်မေ့ဖွယ်နေ့တွင် နာဇီတို့၏ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း သေဆုံးသွားသည့် ဂျူးများအတွက် အထူးအစီစဉ်တစ်ခုကို ယနေ့ညနေတွင် ပြုလုပ်ရန် အစ္စရေးက စီစဉ်နေပြီး သေဆုံးသူများအတွက် ၂ မိနစ် ငြိမ်သက် ဂါရ၀ပြုသွားမည်ဖြစ်သည်။

    အဘတ်စ်က ၎င်း၏ကြေညာချက်တွင် Holocaust ဖြစ်ရပ်မှာ တိုင်းရင်းသားများကို ခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားမှုဝါဒအား ရောင်ပြန်ဟပ်စေပြီး ထိုဝါဒများကို ပါလက်စတိုင်းပြည်သူများက ဆန့်ကျင့် ကန့်ကွက်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

    “နေရာတိုင်းက ဖိနှိပ်ခံပြည်သူတွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဆောင်ကျဉ်းပေးနိုင်ရန်အလို့ငှာ လူမျိုးရေးခွဲခြားမှုဝါဒနဲ့ မတရားမှုကို တိုက်ဖျက်ဖို့ ကမ္ဘာကြီးက အဆုံးစွန်ဆုံး လုပ်ဆောင်ရပါမယ်။ မတရားမှု၊ ဖိနှိပ်မှု၊ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးတို့ ငြင်းပယ်ခံရမှုကို တွေ့ကြုံခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေက ဒီလို ရာဇ၀တ်မှုတွေကို ကျူးလွန်သူတွေအပေါ် ကျရောက်နေတဲ့ မတရားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေကို ဖယ်ရှားဖို့ ပထမဆုံးတောင်းဆိုလိုက်ပါတယ်” ဟု ထည့်သွင်းဖော်ပြထားည်။

    ယခုနှစ် ဇန်န၀ါရီလက အစ္စရေးထောက်လှမ်းရေးဝန်ကြီး ယူဗဲလ် စတိုင်နစ်ဇ်က အဘတ်စ်မှာ ဂျူးဆန့်ကျင်ရေးဝါဒီဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    AFP/nd/ec

  • အာဏာရှင်စနစ်၏ အသက်ကယ်ဆေး (သို့) အစွန်းရောက် အမျိုးသားရေးဝါဒ

    အာဏာရှင်စနစ်၏ အသက်ကယ်ဆေး (သို့) အစွန်းရောက် အမျိုးသားရေးဝါဒ

    ဧပြီ ၁၂၊၂၀၁၄
    M-Media
    ဆောင်ပါးရှင်-ဦးဦး မှော်ဆရာ

    cover2

    နိုင်ငံရေးစနစ်တစ်ခုမှ တစ်ခုသို့ကူးပြောင်းခြင်း (သို့မဟုတ်) အာဏာရှင်အစိုးရစနစ်တစ်ရပ် ဆုံးခန်း တိုင်ခြင်းဟာ တိုင်းပြည်ရဲ့ လက်ရှိအားကောင်းဆဲ အုပ်စုတွေကို ခြိမ်းခြောက်လေ့ရှိပါတယ်။ အဲဒီအုပ်စုတွေထဲမှာ စစ်တပ် ဗျူရိုကရေစီယန္တရားနဲ့ လက်တဆုပ်စာလူတစ်စုနဲ့ပဲဆိုင်တဲ့ အကျိုးစီးပွားတွေ ပါဝင်တယ်။ ဒီမိုကရေစီဟာ သူတို့ကို ခြိမ်းခြောက်နေတယ်လို့ အင်အားကြီးအုပ်စုတွေက ခံစားရတဲ့အခါ သူတို့ဟာ သူတို့နိုင်ငံရဲ့ စနစ်ကျင့်ထုံးတွေကို အားနည်း ချည့်နဲ့သွားအောင်၊ ကြိုးကိုင်ခြယ်လှယ်လို့ရအောင် ကြိုးပမ်းလေ့ ရှိပါတယ်။ ယခင် အာဏာရှင်ဟောင်းတွေကပဲ လက်ရှိအင်အားကောင်းတဲ့ အစိုးရပိုင်း၊ စီးပွားရေးပိုင်းနဲ့ မီဒီယာရင်းမြစ်တွေအပေါ်မှာ တစ်စိတ်တစ်ပိုင်း ထိန်းချုပ် ထားနိုင်သေးတာကလည်း ဒီလိုခြယ်လှယ်နိုင်တဲ့ အခွင့်အရေးမျိုး ဖန်တီးပေးနေပါတယ်။ သူတို့ရဲ့ တည်ဆဲအနေအထားကို ကယ်တင်နိုင်ဖို့အတွက် အဲဒီ ခြိမ်းခြောက်ခံအုပ်စုတွေဟာ လူအများစုရဲ့ ထောက်ခံမှုကို ရရှိအောင် ရှာဖွေကြတယ်။ ဒီအခါမှာ အများဆုံးလုပ်လေ့ရှိတာကတော့ ဒီမိုကရေစီနည်းကျစရာမလိုဘဲနဲ့ သူတို့ကိုယ်သူတို့ လူကြိုက်များ ရေပန်းစား လာအောင်လုပ်နိုင်မယ့် အမျိုးသားရေးမျက်နှာစာနဲ့လှည့်ပြီး သိမ်းသွင်းစည်းရုံးတော့တာပဲ..။ ဒီနည်းလမ်းကသာ အာဏာရှင်စနစ် ဆက်လက် ရှင်သန်နိုင်မယ့် နောက်ဆုံး အသက်ကယ်ဆေးတစ်ဖုံပါ။ သူတို့ရဲ့ လက်ကျန်သြဇာလွှမ်းမိုးမှုကို ကောင်းကောင်းအသုံးချပြီးတော့ သူတို့ဟာ အခြားအတိုက်အခံ အုပ်စုတွေရဲ့ နိုင်ငံရေးလမ်းစဉ်ထဲမှာလည်း အမျိုးသားရေး ဆိုတာကို မပါမဖြစ်ပါရတဲ့ ဟင်းလျာတစ်မျိုးဖြစ်လာရလေအောင် ဆွဲဆောင်ရာမှာ အောင်မြင်ကောင်း အောင်မြင် သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရစနစ်ဟောင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ အတိုက်အခံတွေ (လူနည်းစု တိုင်းရင်းသားတွေနဲ့ လူများစုလူမျိုးကြီးအုပ်စုထဲက ထိပ်ပိုင်းအလွှာတွေ အပါအဝင်)ဟာလည်း `အမျိုးသားရေး´ဆိုတာကို ဆွဲဆောင်မှုရှိတဲ့ စင်မြင့်တစ်ခုအဖြစ် ရှုမြင်မယ့်အလားအလာရှိပါတယ်။ အောင်မြင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတစ်ခု ကိုသာ သူတို့ ဦးဆောင်နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမှာကိုးဗျ။

    ¥¥¥¥¥¥¥¥¥   ¥¥¥¥¥¥¥¥¥   ¥¥¥¥¥¥¥¥¥

    ကျနော် နိုင်ငံရေးသိပ္ပံပညာဆည်းပူးခဲ့တဲ့ ဆရာသမားတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ “အီဂေါ ဘလာဇီဗစ်” ဟာ ဘော့စနီးယားနိုင်ငံမှာ မွေးဖွားတဲ့ ခရိုအက်လူမျိုးတစ်ယောက်ဖြစ်တယ်။ ကျနော်ကြုံခဲ့ဖူးတဲ့ နိုင်ငံရေးပညာရှင်တွေထဲမှာ ဆရာအီဂေါ နဲ့ ကျနော် ရင်းနှီးမှုပိုရှိသလို၊ ကျနော်နဲ့ အမြဲတမ်းအမြင်တူတယ်လို့ မဆိုသာပေမဲ့ ဆရာ့ရဲ့ ဓမ္မဓိဌါန်ကျကျ တွေးဆကောက်ချက်ချပုံတွေကို ကျနော် သဘောကျပါတယ်။ တစ်ရက်မှာ ဆရာအီဂေါဆီက သူတို့ နိုင်ငံမှာကြုံခဲ့ရတဲ့ ခေတ်ပြောင်းစနစ်ပြောင်းချိန်မှာ အာဏာရှင်တွေရဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ လှိမ့်သွင်းခဲ့မှုကစလို့ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအကြောင်း ကျနော် နားထောင်မှတ်သားခဲ့ရပါတယ်။ အဲဒီတုန်းက ဆရာ`အီဂေါ´ ပြောပြတဲ့ ဖြစ်ရပ်တွေဟာ အခု ကျနော့်ဒီဆောင်းပါးရဲ့ အခြေခံကျောရိုး ဖြစ်ပါတယ်။

    `အီဂေါ´တို့နေထိုင်ခဲ့တဲ့ဒေသမှာ ခရိုအက်တွေ၊ အဲလ်ဘေးနီးယားမွတ်ဆလင်တွေ၊ ဆာ့ဘ်တွေအပြင် တခြားလူမျိုးတွေ အစုံရှိကြတယ်။ တချိန်မှာတော့ ဒီလို ဘာသာ၊လူမျိုးမတူပေမဲ့ နှစ်ပေါင်းများစွာ အတူတကွရင်းရင်းနှီးနှီး အေးအေးချမ်းချမ်း နေထိုင်လာခဲ့တဲ့ အိမ်နီးချင်းကောင်းတွေဟာ ရုတ်တရက် အချင်းချင်းသတ်ဖြတ်ကြတဲ့အထိ တဘက်နဲ့တဘက် နာနာကျည်းကျည်း မုန်းတီးသွားခဲ့ကြပါတယ်။ `အီဂေါ´ ရဲ့ ဦးလေးတွေ အဒေါ်တွေဆိုရင် လူသတ်ပွဲတွေမှာ အသက်ဆုံးရှုံး ခဲ့ရတယ်။ `အီဂေါ´ကိုယ်တိုင်လဲ မသေယုံတမယ် ထွက်ပြေးလာခဲ့ရတယ်။ ဒီလို နှစ်ပေါင်းများစွာ ချစ်ချစ်ခင်ခင်နေထိုင် လာကြတဲ့  အိမ်နီးချင်းကောင်းတွေဟာ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင်တော့လောက်အောင် ဖြစ်သွား စေတာ ဘယ်အကြောင်းခံကြောင့်လဲလို့ `အီဂေါ´က နှစ်ပေါင်း၂၀လောက် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေခဲ့တယ်။ အဲဒီအဖြစ်အပျက်တွေကို ဒီထက်ပိုပြီး လေ့လာချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘူး၊ တခြားနိုင်ငံ တွေမှာလည်း ဒါမျိုးတွေဖြစ်ခဲ့တယ်ဆိုတာကို စပြီးလေ့လာတယ်။ နောက်ပိုင်း ဒီဖြစ်ရပ်ဆိုးနဲ့ပက်သက်ပြီး ငါတို့ ခံစားခဲ့ရတယ်၊ သူတို့က အသာရခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်ကို ဘေးဖယ်ထားပြီး ဒီလို ဘာကြောင့်ဖြစ်လာသလဲ ဆိုတာကို ပညာရှင်ဆန်ဆန် စနစ်တကျသုံးသပ်ကြည့်တော့ အဖြေတစ်ခု ကောက်ချက်ဆွဲလို့ရလာတယ်။ အဖြေဆိုတာ ထက် ဖြစ်တတ်တဲ့ပုံစံတစ်ခုကို သွားတွေ့တယ်။ အဲဒီဖြစ်စဉ်ကို “The Vicious Circle of Extreme Nationalism” (အစွန်းရောက် အမျိုးသားရေးဝါဒကြောင့် ဆင့်ကဲဖြစ်လာတဲ့ အဆိုးကျော့သံသရာ)လို့ အမည်ပေးခဲ့တယ်။ တဘက်ဘက် က သတ်ဖြတ်၊ မီးရှို့၊ လုယက်ဖျက်ဆီးတာတွေ တရားလွန်လုပ်လာတဲ့အခါ ကျန်တဲ့တဘက်ကလည်း လက်တုန့်ပြန် အကြမ်းဖက်လာတဲ့အတွက် ဒီအဆိုးသံသရာက မပြီးဆုံးနိုင်တော့ဘဲ ဆင့်ကဲဆင့်ကဲနဲ့ သံသရာလည်သွားတဲ့အကြောင်း ကို ဖေါ်ညွှန်းထားတာပါ။

    ယူဂိုဆလားဗီးယားပြည်ထောင်စုရဲ့ နောက်ခံသမိုင်းအကျဉ်း

    စစ်အေးခေတ်တုန်းက အရှေ့ဥရောပနိုင်ငံတွေနဲ့အတူ ယူဂိုဆလားဗီးယားပြည်ထောင်စုဟာလည်း ကွန်မြူနစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုဆိုတာ ၀ါဒတူကွန်မြူနစ်နိုင်ငံ ခြောက်နိုင်ငံအပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုနှစ်စု ပေါင်းထားတာဖြစ်ပြီး မတူကွဲပြားတဲ့ လူမျိုးတွေ၊ ကိုးကွယ်မှုတွေ စုစည်းထားတဲ့ တိုင်းပြည်ကြီးတစ်ခုပါ။

    10250689_1412794745653237_89161186_n

    ပြည်နယ်အလိုက် အနှစ်ချုပ်ဖေါ်ပြရရင် –

    (၁) ဆလိုဗေးနီးယားပြည်နယ်မှာ လူဦးရေ ၁ သန်းခန့်ရှိပြီး၊ အများစုက ဆလိုဗေးနီးယန်း(၉၅%)တွေ ဖြစ်ပါတယ်။ တခြားပြည်နယ်တွေထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်တစ်ခုပါ။ (၁၉၉၁)ခုနှစ် ဇွန်လမှာ ခွဲထွက်သွားပါတယ်။

    (၂)  ခရိုအေးရှား – လူဦးရေ ၄ သန်းလောက်ရှိပြီး အများစုက ခရိုအက်လူမျိုးတွေ ဖြစ်ပါတယ်။ လူနည်းစု ဆာ့ဘ်တွေက ၁၂% ရှိပြီး ဟိုတစ်စု ဒီတစု စုစည်းပြီးနေထိုင်ခဲ့ကြပါတယ်။ (၁၉၉၁)ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှာ လွတ်လပ်ရေးကြေငြာ ခဲ့တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

    (၃)  မက်ဆီဒိုနီးယား – လူဦးရေရဲ့ ၃ ပုံ ၁ ပုံခန့်ရှိတဲ့ အဲလ်ဘေးနီးယား မွတ်ဆလင်တွေဟာ မြောက်ပိုင်းမှာ စုစည်းနေထိုင် ကြပါတယ်။ (၁၉၉၂) ခုနှစ် ဇန်န၀ါရီလမှာ လွတ်လပ်တဲ့ မက်ဆီဒိုးနီးယားနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

    (၄)  ဘော့စနီးယား ဟာဇီဂိုးဗီးနား – ဘော့စနီးယား (Bosniak) မွတ်ဆလင် (၄၃%) လောက်ရှိပြီး၊ ဘော့စနီးယား ဆာ့ဘ် အော်သိုဒေါ့ (၃၁%)၊ ဘော့စနီးယား ခရိုအက် ကတ်သိုလစ် (၁၇%) ခန့်ရှိတယ်။ ဆာ့ဘ်လူမျိုး မွတ်ဆလင်တွေလည်း ရှိပါတယ်။ (၁၉၉၂) ခုနှစ် ဧပြီလမှာ လွတ်လပ်ရေးကြေငြာတော့ ဆာဗီးယားရဲ့ ကြားဝင်ခလောက်ဆန်မှုကြောင့် လူမျိုးရေးအကြမ်းဖက်မှုတွေ နဲ့ စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

    (၅) မွန်တီနီဂရိုး – ယူဂိုဆလားဗီးယားပြည်ထောင်စုကနေ ခွဲထွက်လိုသူတွေ ရှိသလို၊ ဆာ့ဘ်တွေနဲ့ ပေါင်းလိုသူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် တခြားနိုင်ငံတွေ ခွဲထွက်သွားစဉ်မှာတောင် သူတို့မခွဲထွက်ခဲ့ဘဲ ၂၀၀၁ ခုနှစ်မှာ `ဆာဗီးယား နှင့် မွန်တီနီဂရိုး´ ဆိုပြီး နိုင်ငံထောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း တာရှည်မခံဘဲ ၂၀၀၆ ခုနှစ်မှာ နှစ်နိုင်ငံထပ်ကွဲသွားပါတယ်။

    (၆) ဆာဘီးယား – ယူဂိုဆလားဗီးယားတစ်နိုင်ငံလုံးမှာ ဆာ့ဘ်လူမျိုးတွေ စုစုပေါင်း သန်း ၂၀ ကျော်လောက်ရှိပြီး အများစုက ဆာဘီးယားပြည်နယ်မှာ နေထိုင်ပါတယ်။ ကျန်ပြည်နယ်တွေမှာလည်း ပျံ့နှံ့နေကြတယ်။

    (၇) ကိုဆိုဗိုဆို – အဓိကနေထိုင်သူများက အဲလ်ဘေးနီးယားလူမျိုး မွတ်ဆလင်တွေဖြစ်ပြီး လူဦးရေ တစ်သန်း လောက်ရှိတယ်။ သူတို့ဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ယူဂိုဆလားဗီးယား ဖက်ဒရယ် ပြည်ထောင်စုရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် အေးအေးချမ်းချမ်း နေထိုင်လာရာကနေ ဆာဗီးယားသမ္မတဖြစ်လာတဲ့ မီလိုဆီဗစ်ရဲ့ သိမ်းပိုက် မှုကြောင့်ကတဆင့် သမိုင်းတွင်မဲ့ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားခဲ့ပါတယ်။

    ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးကို ခြုံကြည့်ရင် ဆာ့ဘ်လူမျိုးတွေကသာ လွမ်းမိုးထားခဲ့တယ်။ မြို့တော် ဘဲလ်ဂရိတ် က ဆာ့ဘ်တွေရဲ့ ဆာဗီးယားပြည်နယ်မှာရှိပြီး၊  အစိုးရထိပ်တန်းရာထူးတွေ၊ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၊ စစ်တပ် ခေါင်းဆောင်တွေအားလုံး ဆာ့ဘ်တွေပဲ ချုပ်ကိုင်ထားခဲ့တာပါ။ အုပ်ချုပ်ရေးမှာလည်း တခြားလူမျိုးတွေကို ပါဝင်ခွင့်မပေးဘဲ ဆာ့ဘ်တွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒါပေမဲ့ စီးပွားရေးမှာတော့ ဆာ့ဘ်တွေ ထိပ်ဆုံးရောက်မလာဘူး။ ဆလိုဗေးနီးယားတို့ ခရိုအေးရှားတို့ဘက်မှာ စီးပွားရေးပိုကောင်းတာ တွေ့ရတယ်။ ဒါကြောင့် အဲဒီလို စီးပွားရေးဖွံ့ဖြိုးပြီး ချမ်းသာတဲ့ဒေသ တွေက ပြည်ထောင်စုကြီးထဲမှာ မနေထိုင်လိုကြဘူး။ သူတို့ပြည်နယ်က သယံဇာတတွေ ထည့်ဝင်နေရပေမဲ့ တိုင်းပြည် တိုးတက်ရေးအတွက် သုံးစွဲရာမှာ ဆာ့ဘ်တွေနေတဲ့ဒေသတွေမှာပဲ အသုံးပြုနေပြီး၊ သူတို့ပြည်နယ်ကို ဖွံ့ဖြိုးအောင် မလုပ်ပေးဘူးလို့ မြင်ကြတယ်။ ခရိုအက်တွေကလည်း တန်းတူအခွင့်အရေးမရလို့ မကျေနပ်ကြဘူး။ အခွင့်အရေး တန်းတူပေးပါလို့ တောင်းဆိုနေရတာကိုလည်း ဘ၀င်မကျဖြစ်နေတယ်။ သူတို့တွေလိုပဲ ဆာ့ဘ်လူမျိုးတွေဘက် ကြည့်ရင်လည်း သူတို့က အင်အားအကြီးဆုံးလို့ပြောနေပေမဲ့ စီးပွားရေးမှာ တခြားသူတွေထက် နောက်ကျကျန်နေ ခဲ့တာကို မကျေနပ်ကြဘူးဆိုတာ  တွေ့ရတယ်။

    ဒီလို အမျိုးသားရေးခံစားချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပါခဲ့စေ – ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်နေတဲ့အချိန်မှာတော့ တည်ငြိမ်ရေးတို့၊ စည်းလုံးညီညွှတ်မှုတို့ကို ဦးစားပေးတဲ့အတွက် အဲဒီမကျေနပ်ချက်တွေဟာ အပြင်ကိုထွက်ပေါ်မလာဘူး။

    မီလိုဆီဗစ် (သို့) ဖေါက်ပြန်ရေးသမား

    (၁၉၈၉ – ၉၀)၀န်းကျင်လောက်မှာ ကမ္ဘာ့နိုင်ငံရေးဇါတ်ခုံပေါ်မှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေဖြစ်လာပြီး ပိုလန်၊ ချက်ကိုဆလိုဗက်ကီးယား စတဲ့ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေ တစ တစ ပြိုလဲသွားတာ နောက်ဆုံး ဆိုဗီယက် ပြည်ထောင်စုမှာ အဆုံးသတ်သွားတယ်။ ဒီလို ဗဟိုဥရောပနဲ့ အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒပြိုလဲခြင်းတွေဟာ ယူဂိုဆလားဗီးယားကို  ရိုက်ခတ်လာတဲ့အတွက် သူတို့ဆီမှာလည်း ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ကိုင်ဆွဲ ထားဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ရောက်သွားတယ်။  ဒီတော့ သူတို့လည်း နိုင်ငံရေးစနစ် အပြောင်းအလဲတွေ လုပ်လာရတယ်။ အုပ်ချုပ်သူ အာဏာရှင်ဟောင်းတွေ ဖယ်ရှားခံရတယ် (သို့) နေရာဖယ်ပေးရတယ်။ သူတို့နေရာမှာ ခေါင်းဆောင်အသစ်တွေ တက်လာတယ်။

    ဒီလို နိုင်ငံရေးစနစ် အပြောင်းအလဲကာလမှာ ခေါင်းဆောင် တစ်ယောက် ပေါ်လာတယ်။ သူ့နာမည်က `ဆလိုဗိုဒမ် မီလိုဆီဗစ်´ လို့10264819_1412794738986571_1218043544_n ခေါ်တယ်။ သူဟာ ခေတ်ဟောင်းမှာ တလျောက်လုံး ကွန်ုမြူနစ်ပါတီပေါ် သစ္စာခံနေရာကနေ နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတဲ့ အချိန်မှာ ကွန်မြူနစ် ၀ါဒကိုစွန့်လွှတ်ပြီး အမျိုးသားရေး အရေခွံကို ပြောင်းခြုံလိုက်သူ ဖြစ်တယ်။ နိုင်ငံရေး သဘောတရားအရကြည့်ရင် ကွန်မြူနစ် ၀ါဒ နဲ့ အမျိုးသားရေး ၀ါဒက လုံးဝဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ ဒီလူကတော့ ချက်ချင်းပဲ အပြောင်းအလဲမြန်ခဲ့တယ်။ ယခင်က `မီလိုဆီဗစ်´ ဟာ ထိပ်တန်းခေါင်းဆောင် မဟုတ်တဲ့အတွက် သူ့ကို ဘယ်သူကမှ သတိမထားမိခဲ့ပါဘူး။ သူက နိုင်ငံရေး ရည်မှန်းချက်ကြီးတဲ့ အတွက် သူရဲ့ပြိုင်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို အပြတ်ရှင်းပြီး တဖြည်းဖြည်းနဲ့ ထိပ်ပိုင်း ခေါင်းဆောင်ရာထူးကို ရယူနိုင်ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ ဆာဗီးယားသမ္မတ အဖြစ် ရွေးချယ်ခံရပြီး၊ ကွန်မြူနစ်ပါတီကို `ဆိုရှယ်လစ် အမျိုးသားရေးပါတီ´ဆိုတဲ့ အူကြောင်ကြောင် နာမည် ပြောင်းလဲလိုက်တယ်။

    တဘက်မှာလည်း ကွန်မြူနစ်စနစ်ပြိုလဲသွားပြီဆိုတော့ ကွန်မြူနစ်ဝါဒကိုဗဟိုပြုပြီး တည်ထောင်ထားခဲ့တဲ့ ယူဂိုဆလား ဗီးယားပြည်ထောင်စု လည်း ပြိုကွဲတော့ မလိုဖြစ်လာတယ်။ ပြည်နယ်တွေက ခွဲထွက်မယ်လို့ အသံတွေထွက်လာတယ်။ ဆလိုဗေးနီးယားက ပြည်ထောင်စုကြီးမှာ မနေချင်တော့ဘူးလို့ စပြောလာတယ်။ ဒီအခါ မီလိုဆီဗစ်က စေ့စပ် ညှိနှိုင်းမယ်ပြောပြီး အချိန်ဆွဲလှည့်စားရင်း နှစ်နှစ်လောက်ကြာသွားတယ်။ ဒါပေမဲ့ ညှိနှိုင်းရာမှာ မအောင်မြင်တဲ့အတွက် (၁၉၉၁)ခုနှစ် ဇွန်လမှာ ခွဲထွက်သွားပါတယ်။ (၁၉၉၁)ခုနှစ် ဇွန်လမှာပဲ ခရိုအေးရှားကလည်း လွတ်လပ်ရေးကြေငြာတဲ့အခါ အဲဒီပြည်နယ်ထဲက ဆာ့ဘ်လူမျိုးအများစုနေတဲ့နေရာတွေကို ခွဲထွက်မခံဘဲ ဆာဗီးယားပိုင်တယ်၊ စောင့်ရှောက်ရမယ်ဆိုပြီး သိမ်းပိုက်ရာကနေ စစ်ပွဲတွေ စဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆာဗီးယားစစ်တပ်ဆိုတာ ယခင်က ပြည်ထောင်စုတပ်မတော် အဖြစ် တပြည်လုံးမှာတပ်ဆွဲထားတဲ့ ယူဂိုဆလားဗီးယားစစ်တပ်ကြီးပဲ ဖြစ်တာကြောင့် ခုလို ခရိုအေးရှား၊ ဘော့စနီးယား နှစ်ပြည်နယ်နဲ့ စစ်ပွဲတွေဖြစ်လာတော့ ကိုယ့်တပ်တွေကို ခါးလယ်ကဖြတ်ခံထားသလို ဖြစ်နေတယ်။ ဒီတော့ မီလိုဆီဗစ်က တပ်တွေကို ပြန်စုစည်းနိုင်ဖို့အတွက် အကြံအစည်ကြီးကြီးနဲ့ ဆလိုဗေးနီးယားနယ်စပ်မှာ စစ်ပွဲတုတစ်ခု ဖန်တီး လိုက်တယ်။ ပြီးမှ အတုအယောင် ငြိမ်းချမ်းရေးလုပ်ပြပြီး တပ်တွေပြန်ရုတ်သိမ်းတဲ့ပုံမျိုးနဲ့ ကိုယ့်တပ်ဖွဲ့တွေကို ပြန်ခေါ် လိုက်တယ်။ တချိန်တည်းမှာပဲ အဲလ်ဘေးနီးယားလူမျိုးစုတွေနေတဲ့ ကိုဆိုဗိုဒေသမှာလည်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာအောင် ဖန်တီးခဲ့တယ်။ မီလိုဆီဗစ်က စစ်ပွဲတွေတိုက်တဲ့အခါမှာလည်း သူလိုသလောက်ပဲတိုက်ပြီး ငြိမ်းချမ်းရေး လုပ်လေ့ရှိတယ်။ ဒီလို ငြိမ်းချမ်းရေးလုပ်ပြီးတဲ့အခါမှာ ကုလသမဂ္ဂတပ်ဖွဲ့တွေ ရောက်လာပြီး နယ်စပ်နားမှာတပ်စွဲတယ်။ အဲဒီနေရာမှာ ငြိမ်းချမ်းမှုရှိသွားတော့ သူ့တပ်ဖွဲ့တွေကို သူကြံစည်ထားတဲ့ နောက်တစ်နေရာကို ပြောင်းပြီး တိုက်ခိုက် ပြန်တယ်။ ဒီလို တနေရာပြီး တနေရာတိုက်လိုက်တာ (၄)နေရာမှာ စစ်ပွဲကြီးတွေဖြစ်ပွားခဲ့တယ်။ နောက်ဆုံးတော့ မီလိုဆီဗစ်ဖျက်ဆီးပစ်ခဲ့တဲ့ ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတာ ခုဆိုရင် နိုင်ငံငယ်လေး တွေ (၇)နိုင်ငံ ဖြစ်လာခဲ့ပါပြီ။

    မီလိုဆီဗစ် နိုင်ငံရေးအာဏာတည်ဆောက်ခဲ့ပုံ

    ဒီတော့ အကြောင်းအရာကို ပြန်ကောက်ရင် ကွန်မြူနစ်စနစ်ပြိုလဲမှုနဲ့အတူ စင်ပေါ်ရောက်လာတဲ့ မီလိုဆီဗစ် ဆိုသူဟာ သူ့ရဲ့ အာဏာကို ဘယ်ပုံဘယ်နည်း တည်ဆောက်ခဲ့သလဲဆိုတာ ကျနော်တို့ ဆက်ပြီးလေ့လာကြည့်ပါမယ်။

    ယခင်ကွန်မြူနစ်ခေတ်ဟောင်းမှာ အာဏာ၊ လုပ်ပိုင်ခွင့် နဲ့ ချမ်းသာကြွယ်ဝမှုတွေရှိတဲ့ အာဏာရှင်တွေနဲ့ အလိ(Elite) လို့ခေါ်တဲ့ လူ့မလိုင်လူတန်းစားတွေ ရှိခဲ့ကြတယ်။ ဒီလူတွေက တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံး ချုပ်ကိုင်ထားတဲ့အပြင်၊ တခြားကဏ္ဍတိုင်းမှာလည်း အပေါ်စီးကနေချုပ်ကိုင်ထားတဲ့ အစိုးရဘက်တော်သား ပညာရှင်တွေ၊ အစိုးရအကြိုက် ပြောနေ လုပ်နေတဲ့ လူတွေချည်းပဲဖြစ်တယ်။ ဒါပေမဲ့ ခေတ်ပြောင်း စနစ်ပြောင်းချိန်မှာတော့ အတွေးအခေါ်ဟောင်းတွေလည်း အသုံးမ၀င်တော့ဘဲ အုပ်ချုပ်သူ အစိုးရသစ်ကို ရွေးကောက်ပွဲတွေနဲ့ ရွေးချယ်ဖို့လိုအပ် လာတယ်။ ဒီတော့ ခေတ်ဟောင်းက အာဏာရှင်ဟောင်းတွေနဲ့ ပက်သက်ခဲ့သူတွေဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့် သွားမှာကိုလည်း ကြောက်ရွံ့လာကြတယ်။ သူတို့အတွက် တခြားလုပ်စရာလည်း မရှိတော့ဘူး။

    ကွန်မြူနစ်ခေါင်းဆောင်ချင်းတူပေမဲ့ ဆလိုဗေးနီးယားတို့၊ ခရိုအေးရှားတို့ရဲ့ ခေါင်းဆောင်တွေက သဘောထား အလယ်အလတ်ရှိတယ်လို့ ဆိုနိုင်တယ်။ သူတို့က အခြေအနေမှန်ကို သဘောပေါက်ပြီး လူထုက ပြုပြင်ပြောင်းလဲမှု တွေကို လိုလာပြီ၊ အာဏာရှင်တွေကို အလိုမရှိတော့ဘူးဆိုတာ သိလို့ ပြောင်းလဲမှုတွေ စလုပ်ခဲ့တယ်။ ဒီလို လုပ်ပြီးမှ  ရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့အခါမှာ လူထုက ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တွေအဖြစ် သူတို့ကိုပဲ ဆက်လက် ထောက်ခံခဲ့တဲ့အတွက် နောက် ရွေးကောက်ပွဲတွေမှာလည်း ဆက်လက်အနိုင်ရရှိခဲ့တယ်။

    မီလိုဆီဗစ်ကတော့ ဆလိုဗေးနီးယားတို့၊ ခရိုအေးရှားတို့မှာ လုပ်သလိုမျိုး မလုပ်ဘူး။ သူ့ရဲ့ လုပ်ဆောင်ပုံကတော့ သူ့ရဲ့ ပြိုင်ဘက်နိုင်ငံရေး သမားတွေကို ပြန်ပေးဆွဲပြီး လက်စဖျောက်ပစ်တာပဲ ဖြစ်တယ်။ (အဲဒီတုန်းက အကြောင်းရင်း မှန်တွေကို ဘယ်သူကမှမသိခဲ့ကြဘူး။ နောက်ပိုင်း လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရုံးတင်စစ်ဆေးတဲ့အခါကျမှ အမှုမှန်တွေ ပေါ်လာပြီး မီလိုဆီဗစ်ရဲ့ လက်ချက်တွေပဲဆိုတာ လူတွေသိလာခဲ့ကြတာ။) အဲဒီလို ကွန်မြူနစ်ပါတီတွင်းမှာပဲ ဖြုတ်ထုတ် သတ်ပုံစံမျိုး လုပ်ခဲ့တဲ့အတွက် တိုင်းပြည်မှာ ခေါင်းဆောင်ဆိုလို့ မီလိုဆီဗစ်တစ်ယောက်ပဲ လောက်လောက် လားလား ရှိတော့တဲ့ အခြေအနေဖြစ်သွားတယ်။ ကျန်တဲ့ အတိုက်အခံတွေဆိုတာလည်း အားမကောင်းကြဘူး။ မီလိုဆီဗစ်က အာဏာရဲ့အရသာကို သိသွားတဲ့အတွက် ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်မှာ ကြောက်လာတယ်။ ဒါကြောင့် အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ကြံစည်တော့တယ်။

    ကွန်မြူနစ်ဝါဒဆိုတာကတော့ အငွေ့ပျံပျောက်ကွယ်သွားပေမယ့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့ ယန္တရားကတော့ တည်ရှိနေဆဲပါ။ စီးပွားရေး၊ မီဒီယာ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ ကဏ္ဍများအပေါ်မှာလည်း ချုပ်ကိုင်ထားဆဲဖြစ်တယ်။ အတိုက်အခံတွေအပေါ် ဆယ်စုနှစ်များစွာ ဖိနှိပ်ခဲ့ကြတဲ့ လယ်ယာနဲ့ စိုက်ပျိုးရေးစီမံသူတွေ၊ ဘဏ်အုပ်ချုပ်သူတွေ၊ စက်ရုံမှူးတွေ၊ ကုန်သွယ်ရေးအကြီးအကဲတွေ၊ ပြည်တွင်းရေဒီယိုနဲ့ ရုပ်မြင်သံကြားကို ထိန်းချုပ် ညွန်ကြားသူတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ ရဲချုပ်တွေ၊ ထောက်လှမ်းရေးအေးဂျင့်တွေ၊ ကွန်မြုနစ်ပါတီကေဒါတွေက မိမိတို့ အပေါ်ကျရောက်လာမယ့် အပြောင်းအလဲတွေကို သေလုမတတ် ကြောက်ရွံ့နေကြတယ်။ မီလိုဆီဗစ်ကလည်း သူတို့တတွေ ဆက်လက်ရှင်သန်ဖို့၊ သြဇာအာဏာ တည်မြဲနေဖို့ လမ်းကြောင်းတစ်စ ဖော်ထားပေးခဲ့တယ်။ အဲ့ဒီလူတွေ အားလုံးကလည်း သူဖေါ်ပေးတဲ့လမ်းကြောင်း အတိုင်း ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတယ်။

    စဉ်းလဲသောနည်းဖြင့် ပြည်သူလူထုဆီက Legitimacy ရယူခဲ့ပုံ အဆင့်ဆင့်

    ခုတော့ မီလိုဆီဗစ် ရွေးကောက်ပွဲဝင်ရတော့မယ်။ မီလိုဆီဗစ်အနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အခါ အဆင့်သင့်မဖြစ်တဲ့ အချက်တချက်က အိုင်ဒီယိုလော်ဂျီ မရှိတော့တာပဲ ဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်တွေ၊ ရဲတွေ၊ လျှို့ဝှက်ထောက်လှမ်းရေးတွေ၊ ဒေသအာဏာပိုင်တွေ၊ မီဒီယာတွေ စတဲ့ ကဏ္ဍပေါင်းစုံမှာ `မီလိုဆီဗစ်´ကပဲ ယခင်အတိုင်းထိန်းချုပ်ထားဆဲ ဖြစ်တယ်။ သူ လိုချင်တဲ့အတိုင်း လုပ်နိုင်တဲ့ apparatus တွေအဖြစ် ရှိဆဲပဲ။ အထူး အခွင့်အရေးတွေလည်း သူနဲ့ အပေါင်းအပါတွေပဲ ဆက်လက်ယူထားဆဲပဲ။ နောက်ပြီး ကွန်မြူနစ်ပါတီက ချမ်းသာကြွယ်ဝမှုအရှိဆုံး အင်အားအတောင့်တင်းဆုံးပါတီ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ Ideology မရှိတော့ဘူး။ ယခင်ကတော့ ကွန်မြူနစ်ဝါဒကို အသုံးချပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အတွက် အုပ်ချုပ်တာ နည်းလမ်းကျတယ်၊ Legitimacy ရှိတယ်။ ခုတော့ Social contract လို့ခေါ်တဲ့ အစိုးရ နဲ့ ပြည်သူ ကြားမှာထားတဲ့ သဘောတူညီမှု

    – တနည်းအားဖြင့် သူဟာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထိုက်တန်ပါတယ်ဆိုတဲ့ အကြောင်းပြ ချက် မရှိတော့ဘူး။ ဗန်းပြစရာဝါဒလည်း မရှိတော့ဘူး။ ဒီလို နိုင်ငံရေး`အိုင်ဒီယိုလော်ဂျီ´မရှိတော့တဲ့အတွက် သူ တိုင်းပြည်ကိုအုပ်ချုပ်နေတာ သင့်တော်တယ်၊ မှန်ကန်တယ်လို့ အကြောင်းပြချက်ပေးဖို့ လိုအပ်လာပြီ။

    လူထုကလည်း ကွန်မြူနစ်တွေကို သဘောမကျတော့ဘူး။ ကွန်မြူနစ်တွေ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် လောက်အတွင်းမှာ အဘက်ဘက်က ချွတ်ခြုံကျသွားတာကြောင့် အယူအဆအသစ်၊ စနစ်အသစ်၊ လူအသစ်ကို မျှော်လင့် နေကြတယ်။ ယခင် အစိုးရဟောင်းတုန်းက အစိုးရရာထူး အပြောင်းအလဲတွေက သူတို့အချင်းချင်းကြားမှာပဲ ပြောင်းလဲ ခဲ့တာဖြစ်ပြီး လူထုက ၀င်စွက်ဖက်ဖို့နေနေသာသာ ဘာမှတောင်မသိခဲ့ရဘူး။ အခု စနစ်ပြောင်းပြီဆိုတော့ လူထု အဆုံးအဖြတ်ကို ခံကြရတော့မယ်။ ရွေးကောက်ပွဲဝင်ရတော့မယ်။ ဒီတော့ လူထုကိုချပြဖို့ social contract တစ်ရပ် လိုလာပြီ။ သူ တိုင်းပြည်ကို ဘာကြောင့် အုပ်ချုပ်သင့်သလဲ၊ သူသာ အုပ်ချုပ်ဖို့သင့်လျှော်ကြောင်း အကြောင်းပြဖို့ လိုအပ်လာပြီ။ ပြည်သူတွေကို မဲဆွယ်နိုင်ဖို့ ပုံရိပ်ကောင်းတွေ၊ အမြင်ကောင်းတွေ တစ်စုံတစ်ရာမှ မရှိတော့ဘူး။ ဒီတော့ သူတို့အတွက် အလွယ်ကူဆုံး နဲ့ အထိရောက်ဆုံး အသက်ဆက်ပေးနိုင်မယ့် ဆေးစွမ်းကြီးကတော့ `အစွန်းရောက် အမျိုးသားရေးဝါဒ´ပဲ ဖြစ်ပါတော့တယ်။

    10149440_1412794742319904_30200039_n

    အဆင့်(၁)

    မီလိုဆီဗစ်က ရွေးကောက်ပွဲဝင်ဖို့ ဗန်းပြစရာ ၀ါဒတစ်ရပ်မရှိတဲ့အတွက် ပထမဆုံးသူစလှမ်းတဲ့ ခြေလှမ်းအနေနဲ့ တိုင်းပြည်အတွင်းမှာရှိတဲ့ မီဒီယာနဲ့လူ့ဝန်းကျင်အတွင်း လွမ်းမိုးကြီးစိုးထားဆဲဖြစ်တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘာသာရေးခေါင်းဆောင်တွေ၊ ဆယ်စုနှစ်များစွာ လက်သပ်မွေးခြင်းခံထားရတဲ့ ပညာရှင်တွေ၊ စာရေးဆရာတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ မီဒီယာတွေမှာ အသံလွင့်ခွင့် ပြုပေးလိုက်တယ်။ အဲဒီ ဘာသာရေး ခေါင်းဆောင်တွေဆိုတာ ယခင် ကွန်မြူနစ်အစိုးရလက်ထက်တုန်းက ထောင်ကျရင် ကျ၊ မကျရင် ထွက်ပြေးနေရသူတွေ ဖြစ်တယ်။ သူ့ရဲ့ အဓိကအကြံအစည်ကတော့ သူ့နောက်မှာ လူတွေကို စုစည်းနိုင်ဖို့အတွက် အကြောက်တရားနဲ့ အာဃာတတရား ဖုံးလွမ်းနေတဲ့ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ ခုကျတော့ မီလိုဆီဗစ်က `လွတ်လပ်စွာ ပြောဆိုခွင့်´ဆိုတဲ့ အချက်ကိုအသုံးချပြီး ဒီလိုလူတွေကို ဇက်ကြိုးလွှတ်ပေးလိုက်ကြတဲ့အခါ ကံမကောင်း အကြောင်းမလှ စွာပဲ စတင်ထုတ်ဖေါ်ပြောဆိုလာတာတွေက မုန်းတီးရေးစကားတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေက နှစ်ပေါင်းများစွာ အာဏာရင်စနစ်ဆိုးရဲ့ စနစ်တကျ Brainwash လုပ်ခြင်းခံထားရတဲ့ တဘက်ပိတ် radical တွေ ဖြစ်နေတာကိုး။ ဒီတော့ သူတို့ စပြောတာက Us & Them (ငါတို့ နဲ့ သူတို့) ဆိုတာပဲဖြစ်တယ်။ ရန် ငါ စည်းခြားတဲ့ စကားတွေ ဗြောင်ကျကျ ပြောလာတယ်။ နောက်ပြီး သေချာရေရာမှုမရှိတဲ့ သမိုင်းကြောင်းတွေ ထုတ်ပြောလာတယ်။ ဟိုတုန်းကဆိုရင် ဒီလူတွေ မရှိဘူး၊ ဟိုလူတွေမရောက်သေးဘူး ဆိုတာမျိုးတွေ ထုတ်ပြောလာတယ်။ ငါတို့ခံရတဲ့ မတရားမှုတွေဟာ အဲဒီလူမျိုးခြား တွေကြောင့်ဆိုတဲ့ စကားမျိုးတွေကိုသာ တရစပ် ပြောဆိုလာ ကြတယ်။

    10153053_1412537782345600_6445091734379302838_nခေတ်ဟောင်းတုန်းကဆို တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် ရေးသားပြောဆိုနေခဲ့ရတဲ့အတွက် သူတို့ ပြောတာ၊ ရေးတာကို သိခွင့်ရတဲ့လူက ရာဂဏန်းလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့က နိုင်ငံအနှံ့တရားပွဲတွေ လုပ်ပြီး အမုန်းတရားတွေကို ဗြောင်ကျကျ မှိုင်းတိုက်လာတဲ့အခါ တစ်ချိန်က ဖိနှိပ်ညှင်းဆဲခံထားရတဲ့ ပြည်သူများက မထင်မှတ်ဘဲ အာရုံပြောင်း သိမ်းသွင်းခံကြရတော့တယ်။ သူတို့ရဲ့ အမျိုးသားရေးနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ချက် တွေဟာ မီဒီယာတွေ၊ ရုပ်မြင်သံကြားတွေမှာ ရုတ်တရက် ပေါ်ပေါက်လာကြတယ်။ လူထုတရားပွဲတွေ လုပ်စေတယ်။ အငြင်းပွားစရာဖြစ်မယ့် အကြောင်းတွေ၊ စာတွေကို ပုံနှိပ်မီဒီယာကနေတစ်ဆင့် ရေးသားဖော်ပြစေတယ်။ လက်ကမ်း စာစောင်တွေ၊ စာအုပ်တွေ ရေးသားဖြန့်ချိလာနိုင်တယ်။ တခါတလေကျရင် သူတို့ကိုယ်တိုင်က ဖြန့်ချိတာမျိုး မဟုတ်ဘဲ ကြားက ဘယ်သူမှန်းမသိသူ တယောက် ယောက်က စာရွက်တွေ သောင်းနဲ့သိန်းနဲ့ ချီပွားပြီး ဖြန့်ချိ ပေးတာမျိုးတွေ လုပ်လာတယ်။ အကျိုးဆက် အနေနဲ့ လူ့အဖွဲ့အစည်းထဲမှာ ဒီလို စာတွေ၊ အသံတွေကြောင့် လူထုက စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်။ သူတို့ ပြောတာ မှန်များ မှန်နေ သလား၊ ငါတို့က ခံရတဲ့သူတွေများ ဖြစ်နေ ပြီလား၊ ငါတို့ အန္တရာယ်တွေများ ကျရောက် တော့မှာလား ဆိုတဲ့ မရေရာမသေချာမှုတွေ၊ ဒွိဟတွေ စတင် ပေါက်ပွားလာတယ်။ ဒီလိုနဲ့ `မီလိုဆီဗစ်´ ဖြစ်စေချင်တဲ့ ၀န်းကျင် တစ်ခုက လူ့ဘောင် အဖွဲ့အစည်းထဲမှာ တဖြေးဖြေး ရုပ်လုံး ပေါ်လာ ပါတော့တယ်။

    မီလိုဆီဗစ်လုပ်ခဲ့တဲ့ ပထမအဆင့်ကို မြင်သာအောင်ပမာပေးရရင် ခွေးလေးတွေကို မွေးထားပြီး ဟောင်ခိုင်းထားတာမျိုးပါ။ လူ့အဖွဲ့အစည်းထဲမှာ ခွေးဟောင်သံတွေ စတင်ပြီး ကြားလာရတယ်။ အဲဒီလို ခွေးတွေက တရစပ် ဟောင်နေတဲ့အတွက် အေးအေးချမ်းချမ်း နေ နေတဲ့ လူတွေရဲ့စိတ်ထဲမှာ သံသယတွေစပြီး ပေါ်လာတယ်။ စိုးရိမ်စိတ်တွေ ၀င်လာတယ်။ ဘာကြောင့် ခွေးတွေ ဒီလောက်ဟောင်နေတာလဲဆိုတဲ့ အတွေးနဲ့ မလုံခြုံမှုတွေ၊ စိတ်ရှုပ်ထွေးစရာတွေ ခံစားလာရတယ်။ ဒါပေမဲ့ မီလိုဆီဗစ်အနေနဲ့ အဲဒီအချိန်မှာ ရွေးကောက်ပွဲဝင်ရင်လည်း  ရှုံးမှာ သေချာနေသေးတယ်။ လူထုက တဘက်မှာ စိတ်ရှုပ်ထွေးလာပေမဲ့ တဘက်မှာလည်း သူတို့ကို နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ဆိုးတွေကို လတ်လတ်ဆတ်ဆတ် မှတ်မှိနေဆဲဖြစ်တာမို့ မဲပေးမှာတော့မဟုတ်ဘူး။ ဒါကြောင့် မီလိုဆီဗစ် အနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် နောက်ထပ် လုပ်ဆောင်ရမဲ့ ခြေလှမ်းတွေ အများကြီး ရှိပါသေးတယ်။

    အဆင့်(၂)

    ဒုတိယခြေလှမ်းကတော့ သဘောထားတင်းမာတဲ့၊ အစွန်းရောက်ဝါဒရေးရာ ကိုင်ဆွဲထားတဲ့ နိုင်ငံရေးပါတီတွေ ပေါ်လာတယ်။ အဲဒီပါတီတွေကလည်း တင်းမာတဲ့၊ အစွန်းရောက်တဲ့ ၀ါဒရေးရာတွေကို ပြောင်ပြောင်တင်းတင်း ဟောပြောစည်းရုံးကြတယ်။ သွေးထိုး လှုံ့ဆော်ကြတယ်။ သူတို့ အများဆုံးပြောတဲ့ အကြောင်းအရာ ကတော့ ငါတို့ လူမျိုး၊ ငါတို့သာသနာ ခြိမ်းခြောက်ခံနေရပြီ။ အင်မတန်ကြောက်စရာကောင်းတဲ့ ရန်သူတွေက ပြည်တွင်းမှာသာမက ပြည်ပမှာလည်း ရှိနေကြပြီ။ အချိန်မီကာကွယ်ကြမှ ဖြစ်မယ်။ စုစည်းညီညွှတ်မှ ဖြစ်မယ်လို့ ပြောဆိုစည်းရုံးလာတယ်။ အဲဒီတုန်းက လူတွေမသိခဲ့တဲ့ အချက်တွေရှိပါတယ်။ နောက်ပိုင်း ခေတ်တွေပြောင်းသွားတော့မှ ထောက်လှမ်းရေး ဖိုင်တွေကို ပြန်လှန် စစ်ဆေးကြည့်တဲ့အခါ သိလာရတဲ့ အချက်တွေအရ အဲဒီတုန်းကထောင်ခဲ့တဲ့ ပါတီလေးတွေရဲ့ တ၀က်လောက်ဟာ မီလိုဆီဗစ်ရဲ့ ထောက်လှမ်းရေးဟောင်းတွေ အဓိကဦးဆောင်ဖွဲ့စည်းထားတဲ့ `ပါတီအတု´တွေသာ ဖြစ်နေတယ် ဆိုတာပါပဲ။

    အဆင့်(၃)

    တတိယခြေလှမ်းကတော့ မောင်းဖြုတ်တဲ့အဆင့်လို့ ပြောလို့ရတယ်။ ဘယ်လို မောင်းဖြုတ်လိုက်တာလဲဆိုတော့ တကယ့်ကို ဆိုးဆိုးဝါးဝါးအဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာတာမျိုးပေါ့။ ဘော့စနီးယားမှာ ဆာ့ဘ်လူမျိုး နွားကျောင်းသား လေးတစ်ယောက်ကို အယ်လ်ဘေးနီးယား မွတ်ဆလင်တွေက မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာတာပါ။ အဲဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာ ယနေ့ထိ အသေအချာမပြောနိုင်ပေမဲ့ နောက်ပိုင်း လေ့လာစုံစမ်းမှုတွေအရ ဒါဟာ တကယ်မဖြစ်ခဲ့ဘဲ ထောက်လှမ်းရေးတွေရဲ့ လှုံ့ဆော်မှုသက်သက်ပဲလို့ အခိုင်အမာ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဘယ်သူကမှ ဒီသတင်း မှန်၊ မမှန် မဆန်းစစ်ကြဘဲ ဆာ့ဘ်လူမျိုး မီဒီယာသမားတွေ၊ ကာတွန်းဆရာတွေ၊ စာရေးဆရာတွေ၊ တတ်သိပညာရှင်တွေအားလုံးက အဲဒီသတင်းကို အဆပေါင်းများစွာ ပျံ့နှံ့သွားအောင် ဖွပစ်ခဲ့ကြတယ်။ ဒီတော့ အစထဲက စိတ်ရှုပ်ထွေးပြီး သံသယစိတ်တွေဖြစ်နေတဲ့ လူထုက ဒေါသထွက်တဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ ဒီဖြစ်ရပ်တစ်ခုတည်းနဲ့တင် မပြီးပါသေးဘူး။ (၇)လလောက် အတွင်းမှာ အလားတူဖြစ်ရပ်တွေ အများကြီး သတင်းမီဒီယာတွေပေါ် တက်လာခဲ့တယ်။ တချိန်တည်းမှာပဲ ဆာဗီးယား အမျိုးသားရေးဝါဒီတွေဆိုသူတွေ နဲ့ မျိုးချစ်မီဒီယာတွေမှာတော့ အယ်လ်ဘေးနီးယန်းလူမျိုးတွေဟာ ဆာ့ဘ်တွေကို အန္တရာယ်ပေးနေတဲ့ အကြွင်းမဲ့ဒုစရိုက်သားတွေအဖြစ် ရုပ်လုံးဖော်ခဲ့ကြတယ်။ ဒါဟာ Mass Propaganda ဆိုတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ၀ါဒမှိုင်းတိုက်တဲ့ အဆင့်ထိရောက်သွားတာပါ။ ဒီတော့ `သူတို့ နဲ့ ငါတို့´ဆိုတဲ့ ရန်ငါ စည်းခြားတဲ့ ကိစ္စဟာ ပိုမိုထင်ရှားလာပြီး သဘောထားကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းသွားပါတယ်။

    အဆင့်(၄)

    နောက်ဆုံးခြေလှမ်းကတော့ စစ်ပွဲ၊ ဒါမှမဟုတ် အင်အားသုံးပြီး လူအစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်ဆောင်တာပါပဲ။ လူမျိုးဖြုတ်သုတ်သင်မှုဆိုတာ ရုတ်ချည်းထပေါက်ကွဲတတ်တဲ့ လူရမ်းကားတစ်စု ဒါမှမဟုတ် အချင်းချင်းမုန်းတီးနေတဲ့ အခြေခံလူတန်းစားတွေက ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ ဒါတွေဟာ အကြံစည်ရှိရှိ ပိပိရိရိ တွက်ချက်ပြင်ဆင်စီစဉ်ပြီးမှ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတစ်မျိုးပါ။ အဲဒီလိုလုပ်ဆောင်ဖို့အတွက် အစထဲက ကြိုတင် ဖွဲ့စည်းထားခဲ့တယ်လို့ ယုံကြည်ရတဲ့ တရားမ၀င် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို အသုံးချခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ဒေသခံ အလုပ်လက်မဲ့လူငယ်တွေ၊ ရပ်ကွက်မှာ ဝေးလားဝါးလား နေ နေကြတဲ့ လူငယ်တွေ၊ ထောက်ကထွက်လာပြီး လုပ်စရာကိုင်စရာမရှိလို့ ပြန်လည် ခိုးဆိုးလုယက်နေတဲ့ လူမိုက်ဟောင်းတွေ စသဖြင့် လူ့အဖွဲ့အစည်းက ဖယ်ကျဉ် ထားတဲ့ လူဆိုးလူမိုက်တွေ ပါဝင်နေပြီး ထောက်လှမ်းရေး အေးဂျင့်ဟောင်းတွေက ဦးစီးကွပ်ကဲ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ သူတို့ကို သေချာလေ့လာကြည့်ရင် စနစ်တကျစုဖွဲ့ထားတာဖြစ်ပြီး၊ လိုအပ်တဲ့ လက်နက်၊ ငွေကြေး စတဲ့ အထောက်အကူပစ္စည်းတွေ အလုံအလောက် ရနေတာတွေ့ရမယ်။ နိုင်ငံတော် အဆင့်တွေကနေ နည်းဗျူဟာကျကျ ပါဝင်ပတ်သက်မှုမရှိဘဲ ဒီလောက်ကြီးကျယ်တဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားလာစရာအကြောင်း မရှိပါဘူး။ အစွန်းရောက် အမျိုးသားရေးဝါဒီ ပညာရှင်တွေ နဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မျက်ကန်းမျိုးချစ်မီဒီယာတွေလည်း ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ အလိုတူအလိုပါတွေ ဖြစ်ကြပါတယ်။

    လူထုကလည်း အရင်တုန်းက အတူတကွ ရောယှက်နေထိုင်ခဲ့တာမှန်ပေမဲ့ နောက်ပိုင်းမှာ ၀ါဒမှိုင်းတိုက်မှုတွေကြောင့်  သံသယတွေကြီးထွားလာပြီး သူ့ဒေသ ကိုယ့်ဒေသ သက်သက်စီ ဖြစ်သွားကြပြီဖြစ်တယ်။ ဒီအခြေအနေမျိုးက အကြမ်းဖက်သမားတွေ လှုပ်ရှားရတာ ပိုပြီးလွယ်ကူစေပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က မွတ်ဆလင် ကျေးရွာတစ်ရွာကို ၀င်ရောက်မီးရှို့ဖျက်ဆီးကာ တွေ့ရာလူတွေကို သတ်ဖြတ်ပြီး ထွက်ပြေးကြတယ်။ အဲဒီရွာမှာ မီးလောင်ပြီး အုတ်အော်သောင်းနင်းဖြစ်နေတုန်းမှာ ဒေသခံ လက်နက်ကိုင်ရဲနဲ့ ပြည်သူ့စစ်တွေ ရောက်လာပြီးတော့ အခြေအနေကို ၀ိုင်းထိန်းသိမ်းပေးနေတယ်လို့ သတင်းလွင့်ကာ ခုနကျူးလွန်သွားတဲ့ လက်စလက်နတွေကို သဲလွန်စ မကျန်အောင် ဖျောက်ဖျက်ပစ်ကြတယ်။ အဲဒီလို တရားမ၀င်အဖွဲ့တွေက ကျူးလွန်ပြီး တရားဝင်အဖွဲ့တွေက လက်စလက်န ဖျောက်ဖျက်တာတွေ လုပ်ဆောင်ခဲ့တယ်။

    စစ်တပ်ကိုယ်တိုင်ကတော့ လူမသတ်ဘူး၊ မီးမရှို့ဘူး၊ ကြားနေတယ်လို့ ရုပ်လုံးပေါ်အောင် နေပြတယ်။ တကယ်လုပ်တာက Paramilitary လို့ခေါ်တဲ့ 10173373_1412794932319885_1219576420_nတရားမ၀င်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေ..။ တခါတလေမှာတော့ ဒေသခံ အာဏာပိုင်တွေလည်း ပါဝင်ပက်သက် နေတယ်ပေါ့လေ။ ဒီနေရာမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍက `အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနေတယ်၊ တစ်မြို့မှာ ဖြစ်နေတဲ့ပြဿနာကို အခြားမြို့တွေ ကူးစက်မသွားအောင် ထိန်းသိမ်း ပေးနေတယ်´ဆိုတဲ့ ပုံစံမျိုးပေါ်အောင် သရုပ်ဆောင် ထားတယ်။ စစ်တပ်က ဒီလို သရုပ်ဖေါ်ထားတယ် ဆိုပေမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ပထမ ၂/၃ ရက် လောက်ထိ အဲဒီဒေသကို သူတို့လူတွေ  ၀င်၊ထွက်ပြီး လုပ်စရာရှိတာတွေ အပြီးလုပ်လို့ရအောင် ဖွင့်ပေး ထားတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ပထမ တစ်ရက် နှစ်ရက်မှာ လမ်းတွေဖွင့်ပေးထားပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ဒါတွေအားလုံး ပြီးပြီဆိုတဲ့အခါ လမ်းတွေ၊ တံတားတွေ၊ မြို့အ၀င်အထွက် ဂိတ်တွေအားလုံးကို ပိတ်ပစ်လိုက်တယ်။ တကယ့်ရည်ရွယ်ချက်ကတော့ အဲဒီလိုဖြစ်နေတဲ့ ဒေသကို လာရောက်သတင်းယူမဲ့ သတင်းထောက်တွေ၊ အမှုမှန်ဖေါ်ထုတ်ဖို့ ကြိုးစားမဲ့လူတွေ မ၀င်ရောက်နိုင်အောင် ပိတ်ဆို့ထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အပြင်ကို သတင်းထုတ်ပြန်ရာမှာတော့ အခြေအနေတွေအားလုံးကို ထိန်းသိမ်း လိုက်နိုင်ပြီ။ လူတချို့လည်း ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာနေကြပြီ။ ဘာမှမဖြစ်တော့ဘူး၊ ဘယ်သူမှ လာကြည့်ဖို့ မလိုအပ်ပါဘူးလို့ ပြောကြတယ်။ အစိုးရဘက်ကလည်း မိမိတို့မှာ တာဝန်မရှိကြောင်း၊ မိမိတို့အနေနှင့် အခြေအနေကို ထိန်းသိမ်းပေးရန်သာ တတ်စွမ်းနိုင်ကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပြည်တွင်းပရိတ်သတ်ကို အခါခပ်သိမ်း သတင်းထုတ်ပြန်လေ့ရှိခဲ့တယ်။ သူတို့အဆိုအရ အကြမ်းဖက်ခံရသူတွေက မိမိကိုယ်ကို ခုခံကာကွယ်တဲ့ အတွက် တိုက်ခိုက်မှုတွေက ပိုမိုအရှိန်မြှင့်တက် လာရတယ်တဲ့လေ။ ဒီလိုနဲ့ပဲ ကိုဆိုဗိုနဲ့ ဘော့စ်နီးယားမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးတွေ ဖြစ်ပွားခဲ့တယ်။

    10153472_1412794732319905_912239510_nဒီထက်ပိုပြီး အတွင်းကျကျ လေ့လာကြည့်တဲ့အခါ မီလိုဆီဗစ်ရဲ့ လျို့ဝှက်ထောက်လှမ်းရေးတွေက အဲဒီလို အကြမ်းဖက်အဖွဲ့တွေကို နိုင်ငံအနှံ့မှာ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း တွေ့ရတယ်။ သူတို့က ပထမအဆင့်မှာ တခြား မတူညီတဲ့လူမျိုးစုတွေရဲ့ ကျေးရွာတွေကို မီးရှို့သတ်ဖြတ် တာတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နှစ် နှစ်နှစ်အတွင်း ရွေးကောက်ပွဲတွေ နီးလာတဲ့အခါမှာတော့ သူတို့ကို ကွပ်ကဲ နေသူတွေရဲ့ အမိန့်အတိုင်း ပြိုင်ဘက်နိုင်ငံရေးသမားတွေကို သတ်ဖြတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာ၊ ရန်စတာတွေ လုပ်ဆောင်ဖို့အတွက်လည်း အဲဒီအဖွဲ့တွေက အဆင်သင့် ရှိနေကြတယ်။

    အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက်ခံနေရသူတွေ စိတ်ထဲ “ငါတို့လူမျိုးတွေကို ကာကွယ်ပေးမဲ့သူ ဘယ်သူမှ မရှိပါလား” လို့ စိတ်ပျက် ဒေါသထွက်လာကြပြီး ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ်လို့ စဉ်းစားလာတဲ့အတွက် သူတို့ ဘက်ကလည်း မခံနိုင်တဲ့အဆုံး လက်တုန့်ပြန် တိုက်ခိုက်လာတဲ့အခါမှာ နှစ်ဖက်ပဋိပက္ခအဖြစ် ပိုမိုကြီးထွားသွားတယ်။ ဒီအခါမှာတော့ အစိုးရလိုချင်တဲ့ အကွက်ထဲကို တန်းဝင်သွားပါပြီ။ အစပိုင်းမှာ အစိုးရကိုယ်နှိုက်က မုဒိမ်းမှု၊ သတ်ဖြတ်မှု စတဲ့ ထွင်လုံးတွေနဲ့ တို့မီးရှို့မီးလုပ် သတင်းလွင့်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ ဖန်တီးစရာတောင် မလိုတော့ဘဲ တကယ်ဖြစ်လာ ပါတယ်။ ဒီတော့ အစိုးရက သူတို့သိဒ္ဓိတင်ပေးချင်တဲ့၊ Victims တွေ အဖြစ် ပုံဖေါ်ချင်တဲ့ဘက်က ခံရတဲ့သတင်းတွေကို အဆပေါင်းများစွာ ချဲ့ကားပြီး ထုတ်လွင့်ကြတယ်။ သူတို့ဘက်က အဆမတန်ခံစားလိုက်ရတဲ့ ပုံမျိုးပေါ့။ ပြည်တွင်းက မျိုးချစ်မီဒီယာတွေကလည်း ကိုယ့်အုပ်စုတွေရဲ့ တစ်ဖက်သတ်အကြမ်းဖက်မှုတွေအကြောင်း ဘယ်တော့မှ မဖော်ပြကြဘဲ တဘက်သူတွေရဲ့ လုပ်ရပ်တွေကိုတော့ မဆိုင်းမတွဘဲ အလွန်မြန်ဆန်စွာ တင်ပြလေ့ရှိခဲ့တယ်။ ဒီအခြေအနေကြောင့် စိုးရိမ်သောကနဲ့ အမျက်ဒေါသကို ပိုမိုကြီးထွားလာစေပြီး၊ ၀ါဒမှိုင်းမိနေတဲ့ ပြည်သူတွေကို  “ကာကွယ်ခြင်း”ဆိုတဲ့ ခေါင်းစဉ် တပ်ပြီး တခြားသူတွေကို မောင်းထုတ်ကြအောင်၊ သွေးချောင်းစီး သတ်ဖြတ်စေအောင် တွန်းပို့ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

    ဒီအခါမှာ အခြေအနေမှန်တွေကို သိရှိထားတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း လက်ပိုက် ကြည့်နေလို့မရတော့ဘဲ ထုတ်ဖေါ် ဝေဖန်လာ ရတယ်။ 10250767_1412794735653238_678876913_nဒီလို ဝေဖန်ခြင်းကလည်း အစိုးရ အတွက် အကွက်ကောင်းတခု ဖြစ်နေ ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက – “တိုင်းပြည်ရဲ့ ရန်သူတွေက ပြည်တွင်း မှာသာမက ပြည်ပမှာလည်း ရှိနေကြတယ်၊ ပြည်တွင်းမှာ ရှိနေတဲ့ ရန်သူတွေကို နောက်ကွယ်ကနေ အားပေးထောက်ပံ့နေတဲ့ ပြည်ပအန္တရာယ်တွေ ရှိနေပြီ”လို့ သွင်သွင်ဝါဒဖြန့်ရင်း ပြည်သူလူထုရဲ့ စိတ်ထဲမှာ ငါတို့တိုင်းပြည်ဟာ ပြည်တွင်းရော ပြည်ပကပါ အန္တရာယ်တွေ ၀ိုင်းရံနေပါလားဆိုတဲ့ ခံစားချက်စူးနစ်ဝင်သွားစေတယ်။ ဒီလို ပြည်တွင်းပြည်ပ ရန်သူတွေကို ကာကွယ်တွန်းလှန်ဖို့ စုစည်းကြပါ။ ငါတို့ ဘာသာ ၊ ငါတို့လူမျိုးကို ကာကွယ်ဖို့ဆိုရင် ငါတို့အားလုံး စည်းလုံးညီညွှတ်မှ ရတော့မယ်။ ဒီလို စည်းလုံးညီညွှတ်မှုကို တည်ဆောက်ပေးနိုင်တဲ့၊ ငါတို့ ဘာသာ သာသနာ မပျောက်အောင် အကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ရှိဖို့လိုအပ်တယ်၊ အဲဒီလို ခေါင်းဆောင်ကလည်း ခုချိန်မှာ ဆိုရင် ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တဲ့ သမ္မတကြီးဘယ်သူဘယ်ဝါကလွဲရင် တခြားမရှိနိုင်ဘူးဆိုတဲ့ ကြေငြာတွေ  ဆက်ဝင်လာတယ်။

    10255861_1412794748986570_1926437159_n

    တိုက်ဆိုင်တာက ဒီအချိန်မှာ မီလိုစီဗစ်ရဲ့ ပေါ်လစီကိုဝေဖန်မိရင် အဲဒီလူအတွက် တော်တော်လေးကို အန္တရာယ်များတယ်။ ဒီဖြစ်ရပ်တွေဟာ အစိုးရမှာသာ အဓိကတာဝန်ရှိတယ်ဆိုပြီး အတိုက်အခံဘက်က ဝေဖန်လိုက်ရင် အဲဒီလူက တိုင်းပြည် အကျိုးစီးပွားကို မလိုလားသူ၊ သစ္စာဖေါက် အဖြစ် ဝေဖန်တိုက်ခိုက်ခံရတယ်။ အတိုက်အခံက တဘက်ဘက်ကို ဘက်လိုက်ပြီး ပြောပေးတယ်၊ နောက်ကွယ်မှာ အဲဒီဘက်က အထောက်အပံ့တွေယူထားတယ်၊ အဲဒီဘက်နဲ့ ဘယ်လို ပက်သက်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ထိုသူကို အမျိုးသားရေးသစ္စာဖေါက်၊ လူမျိုးနဲ့ဘာသာအပေါ် သစ္စာဖေါက်၊ တိုင်းပြည်အပေါ် သစ္စာဖေါက်အဖြစ် တံဆိပ်ကပ်ဖို့ အစိုးရအတွက် ပိုမိုလွယ်ကူသွားတယ်။ ဒါကြောင့်လည်း ဒီလောက် ကြောက်မက်ဖွယ် ဆိုးရွားပြင်းထန်လှတဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးတွေမှာ ၀င်ရောက်ပြောဆိုမဲ့သူ ရှားပါး သွားခဲ့ပါတော့တယ်။

    ဒါဟာ ဆယ်စုနှစ်တစ်ခုအတွက် ယခင် ယူဂိုဆလားဗီးယားနိုင်ငံတစ်ဝှန်း အစွန်းရောက်အမျိုးသားရေးဝါဒကို လှိမ့်သွင်းခဲ့တဲ့ နည်းလမ်းတွေပါဘဲ။ ဒီလိုဖြစ်ရပ်တွေမတိုင်ခင်မှာသာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ပြည်သူလူထုက ကွန်မြူနစ်ပါတီကို လုံးဝမကြိုက်တဲ့အတွက် ကွန်မြူနစ်ပါတီကို အသွင်ပြောင်းထားတဲ့ မီလိုဆီဗစ်ရဲ့ပါတီဟာ ရှုံးနိမ့်ဖို့သေချာနေတယ်။ ခုလို ဒီအကြမ်းဖက် ပဋိပက္ခတွေ ဖြစ်သွားပြီး နှစ်နှစ်လောက် အကြာမှာ ရွေးကောက်ပွဲလုပ်တဲ့အခါမှာတော့ မီလိုဆီဗစ် အနေနဲ့ တိုင်းပြည်မှာရှိတဲ့ မဲတွေရဲ့ ၈၀% လောက်ကို ရရှိသွားတယ်။ ဘာကြောင့်လဲဆိုတော့ လူများစုကြီးက သူ့ကို သဘောကျ နေတယ်၊ အထင်ကြီးတယ်။ သူဟာ အမျိုး ဘာသာ သာသနာကို ပြတ်ပြတ်သားသား ကာကွယ်ပေးနိုင်တဲ့ သမ္မတကြီး ဖြစ်တယ်ဆိုပြီး ယုံကြည်ပြီး မဲပေးခဲ့ကြတယ်။ မီလိုဆီဗစ်နဲ့ အပေါင်းအပါတစ်စုဟာ ၁၉၉၀၊ ၁၉၉၂ နဲ့ ၁၉၉၇ ရွေးကောက်ပွဲတွေမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး တိုင်းပြည်ကို ဆယ်နှစ်လောက် အုပ်ချုပ်သွားခဲ့ပါတယ်။ အဲဒီလို အနိုင်ရခဲ့တာမှာလည်း မဲလိမ်မဲခိုးစရာတောင် မလိုဘဲ လူထုက တကယ့်ကို ကြိုက်နှစ်သက်လို့ပေးခဲ့တဲ့ သန့်ရှင်းတဲ့ မဲတွေနဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း `မီလိုဆီဗစ်´ တိုင်းပြည်ကို (၁၀)နှစ်လောက် အုပ်ချုပ်လိုက်တာ တိုင်းပြည်လည်း ဖွတ်ဖွတ်ညှက်ညှက် ကျေတဲ့ထိ ဖြစ်သွားတယ်။ 10250865_1412794752319903_2084211104_nရလဒ်အနေနဲ့ နိုင်ငံပြိုကွဲခြင်း နဲ့ ရန်ငြိုးစစ်ပွဲကြီး(၄)ခု ပဲပေါ့။ လူ့အသက် နှစ်သိန်းကျော် ဆုံးရှုံး ခဲ့တယ်။ ထောင်နဲ့ချီတဲ့မြို့ရွာတွေ ပြာပုံ ဘ၀ ရောက်သွားခဲ့တယ်။ မြို့ကြီးတွေမှာ ကျည်ခွံတွေ ဖုံးလွှမ်းခဲ့တယ်။ လူပေါင်း နှစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ စီးပွားရေးက အဖတ်ဆည် မရအောင် ပျက်စီးသွားခဲ့တယ်။ ၁၉၉၉ ခုနှစ် မတ်လ မှာ `နေတိုး´စစ်အုပ်စု ၀င်လာပြီး (၇၈)ရက်တိုင်တိုင် ဗုံးမိုး ရွာသွန်းပေးခြင်းခံရတဲ့ အခြေအနေ ဆိုက်သွား တယ်။ ဒီအခါမှ ပြည်သူလူထုကလည်း အမြင်မှန် တွေရလာတယ်။ ရွေးကောက်ပွဲမှာ ပေါက်ကရ ကတိ တွေ ပေးတာကို နားယောင်ပြီးမဲပေးခဲ့တဲ့ လူထုဟာ (၁၀)နှစ်လောက်ကြာပြီးမှ မီလိုဆီဗစ်ဟာ လူကောင်း မဟုတ်ဘူးလို့ သိသွားတယ်။ အစောပိုင်းမှာတော့ သူက တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်မယ် ဘာညာ နဲ့ လူပြိန်းကြိုက် ၀ါဒဖြန့်ခဲ့ပေမဲ့၊ တကယ့်လုပ်ရပ် တွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ တိုင်းပြည်နဲ့လူမျိုး ကို ဖျက်ဆီးပစ်နေတဲ့ လုပ်ရပ်တွေဆိုတာ သိလာကြ တယ်။ ဒါကြောင့် သူဟာ အစောပိုင်း ရွေးကောက်ပွဲ (၃)ကြိမ်ထိ နိုင်ခဲ့ပေမဲ့ (၂၀၀၀)ခုနှစ် မှာကျင်းပတဲ့ (၄)ကြိမ်မြောက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်။ အဲဒီအကြိမ်မှာ သူက ရှုံးနိမ့်တော့မှာကို ကြိုမြင်တဲ့ အတွက် မဲလိမ်မဲခိုးဖို့ ကြိုးစားသေးပေမဲ့လည်း အရာမရောက်တော့ပါဘူး။ ဆာဗီးယားလူငယ် တန်ပြန်လှုပ်ရှားမှုအဖွဲ့ (Serbian youth movement Otpor) နဲ့ အတိုက်အခံအင်အားစုတွေ ပေါင်းပြီး `မီလိုဆီဗစ်´ကို ဖြုတ်ချလိုက်နိုင်ခဲ့တယ်။ အတိုက်အခံတွေ အာဏာရလာပြီး နောက်ပိုင်း `မီလိုဆီဗစ်´ ကိုယ်တိုင်လည်း ထွက်ပြေးနေရာကနေ (၂၀၀၁)ခုနှစ် ဧပြီလမှာ ဖမ်းမိသွားပြီး၊ `လူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်ကောင်´အဖြစ်  The Hague မှာရှိတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)ကို ပို့ခံ လိုက်ရပါတယ်။ ဒါပေမဲ့လည်း အမှုစီရင်လို့ မပြီးသေးခင်၊ စီရင်ချက်ချတဲ့အဆင့်ထိ မရောက်ခင် ၂၀၀၆ ခုနှစ် မတ်လ (၁၁) ရက်နေ့မှာ ထောင်ထဲမှာပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတော့တယ်။

    သုံးသပ်ချက်

    (၁)   အာဏာရှင်စနစ်ကို ပြောင်းလဲပစ်ချင်လို့ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အာဏာရှင်ကြီး`မီလိုဆီဗစ်´ကပဲ ဘာကြောင့် ဆက်လက် အနိုင်ရခဲ့တာလဲဆိုတာ လေ့လာကြည့်ရင်တော့ အဓိကအားဖြင့် နိုင်ငံရေး အိုင်ဒီယိုလော်ဂျီ ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ `အစွန်းရောက် အမျိုးသားရေးဝါဒ´ကို အိုင်ဒီယိုလော်ဂျီ တစ်ခုအနေနဲ့ ခပ်ပြင်းပြင်း ရိုက်သွင်းပေးနိုင်ခဲ့လို့  လူကြိုက်များမှု ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်း တလျောက် ပေါ်ပေါက်ခဲ့တဲ့ `အစွန်းရောက် အမျိုးသားရေးဝါဒ´ကို လေ့လာသုံးသပ်ကြည့်ရင် များသောအားဖြင့် တချိန်က အာဏာရှင် အသိုင်းအ၀ိုင်း ဆက်လက် ရှင်သန်ခွင့်ရဖို့ အတွက် နောက်ဆုံး`အသက်ကယ်ဆေး´သဖွယ် ဖြစ်နေတာကို တွေ့ရလေ့ရှိတယ်။ ယူဂိုဆလားဗီးယားရဲ့ ကွန်မြုနစ် အာဏာရှင်တွေဟာ အမျိုးသားရေးဝါဒကို ဗန်းပြပြီး ကွန်မြူနစ် တစ်ပါတီ အာဏာရှင်စနစ်ကိုပဲ နောက်ထပ် (၁၀)နှစ်လောက် သက်ဆိုးရှည်အောင် ဆွဲဆန့်သွားခဲ့တာဖြစ်ကြောင်း တွေ့ရလိမ့်မယ်။ ဒီအတွက် ပြည်သူလူထုဘက်က ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ ကြီးမားလွန်းလှပါတယ်။ လူထုဟာ `မီလိုဆီဗစ်´ရဲ့ ၀ါဒမှိုင်းတိုက်မှုနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ အတွက် `မီလိုဆီဗစ်´ စိတ်ထင်သလိုဖျက်ဆီးခွင့်ရသွားတဲ့ တိုင်းပြည်ဟာလည်း ပြန်လည် ထူထောင်နိုင်ဖို့ ကြိုးစားလာခဲ့တာ ခုချိန်မှာမှ နာလန်ထူစအဆင့်ပဲ ရှိပါသေးတယ်။

    (၂)   ဘာကြောင့် အဲလ်ဘေးနီးယား မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ ကိုဆိုဗိုဒေသမှာ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးခဲ့တာလဲ ဆိုတာ လေ့လာကြည့်ရင် ယူဂိုဆလားဗီးယားနိုင်ငံမှာ ခရိုအက်၊ဆာ့ဘ်၊မက်ဆီဒိုးနီးယား စသဖြင့် လူမျိုးစုတွေ နဲ့ ကိုးကွယ်မှုတွေ ကွာခြားနေပေမဲ့ တကယ့်လူမျိုးကို ကြည့်လိုက်ရင်တော့ `ဆလဗ်´လူမျိုးတွေသာဖြစ်ပြီး ခရစ်ယာန်ကို ကိုးကွယ်သူများတယ်။ အဲလ်ဘေးနီးယန်းတွေသာ လူမျိုးမတူ၊ ဘာသာမတူ၊ ဘာသာစကား မတူဘဲ သီးခြားဖြစ်နေတဲ့အတွက် အဲဒီနေရာမှာ ပြဿနာဖန်တီးရင် ပိုလွယ်တယ်။ နောက်ပြီး ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ရပ်တချို့ကြောင့်လည်း လူများစုဆာ့ဘ်တွေက အဲလ်ဘေးနီးယား လူနည်းစုအပေါ် အမြင် သိပ်မကြည်လင်ကြဘူး။ ဒါပေမဲ့ ဘယ်လို အမြင်မကြည်တာတွေပဲရှိရှိ အဲဒီဒေသမှာ ပဋိပက္ခတွေဖြစ်ခဲ့ရတဲ့ တကယ့်အကြောင်းခံက ဘာသာရေး ကြောင့်လည်းမဟုတ်၊ လူမျိုးရေးကြောင့်လည်း မဟုတ်ဘဲ အဓိကအကြောင်းရင်းကတော့ `မီလိုဆီဗစ်´ အာဏာဆက်လက် ချုပ်ကိုင်ထားလိုတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။

    လူမျိုးဖြုတ်သတ်ဖြတ်မှုဆိုတာ သာမာန်လူထုတွေထဲ အပြန်အလှန် အကြမ်းဖက်မှုတွေ အဆက်မပြတ်ဖြစ်ပွားရာကနေ ပွင့်ထွက်လာတတ်တဲ့ အရာမျိုး လုံးဝ မဟုတ်ကြောင်း သိစေချင်ပါတယ်။ (မြန်မာနိုင်ငံမှာလည်း ရိုဟင်ဂျာ လူမျိုးစုကစလို့ မွတ်စ်လင်မ်အားလုံး အထိ လွှမ်းခြုံ ဦးတည်လာနေတဲ့ ဘာသာရေး အခြေခံတဲ့ လူမျိုးရေး သုတ်သင် ရှင်းလင်းမှုတွေဟာ “စိတ်ဓာတ်စစ်ဆင်ရေး”အားဖြင့် အဆင့်မြင့်မြင့် ထိထိရောက်ရောက် ကြိုတင်ကြံစည်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ ထိပ်သီးယန္တရား တစ်ချို့ ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ ဘယ်လိုမှ ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘူး ဆိုတာ အသေအချာပြော လိုပါတယ်။)

    (၃)   ဒီဖြစ်ရပ်ဆိုးတွေကို ထပ်မဖြစ်အောင် ဘယ်လိုတားဆီးနိုင်မလဲဆိုတာ သုံးသပ်ကြည့်ရင် အဓိကအားဖြင့်တော့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှု မဖြစ်မနေလိုအပ်ပါတယ်။ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားရာဒေသတွေကို သမ္မတ နဲ့ အတိုက်အခံခေါင်းဆောင်၊ လူထုခေါင်းဆောင်ဆိုသူတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လူထုနဲ့တွေ့ဆုံဖို့ လိုအပ် ပါတယ်။ ဒါက ဖြစ်နေတဲ့ ပဋိပက္ခကို ရပ်တန့်အောင် ဆောင်ရွက်ယုံ သက်သက်ပဲ ဖြစ်ပါတယ်။ မိမိနိုင်ငံ နယ်နမိတ်အတွင်း အလားတူ အဖြစ်ဆိုးတွေ ထပ်မံ မဖြစ်ပွားတော့အောင် နိုင်ငံတော် အာဏာပိုင်တွေသာလျှင် အဓိက တာဝန်ယူရမှာ ဖြစ်ပါတယ်။

    (၄)   လူဆိုတာ မွေးလာကတည်းက နောက် လူတစ်ယောက်ကို မုန်းတီးစက်ဆုပ်တဲ့ စိတ်ဓါတ်က အလိုအလျောက် ပါလာတာ မဟုတ်ပါဘူး။ ဒါတွေက လူတွေကိုယ်တိုင် ဖန်တီးလို့ဖြစ်လာတဲ့ ရလဒ်တွေပါ။ ခုလို အမုန်းတရားကို အခြေခံပြီး ဖြစ်လာတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေရဲ့ အဓိက ဇစ်မြစ် တစ်ခုက လူသားတွေရဲ့စိတ်ဓါတ်ကို `အရိုင်းစိတ်´ သွပ်သွင်း ပေးလိုက်တဲ့ ၀ါဒဆိုး..  တနည်းအားဖြင့် `အစွန်းရောက် အမျိုးသားရေး ၀ါဒဆိုး´ပါပဲ။ ဒီလို အခြေခံ အကြောင်းရင်းကို အပြီးတိုင် မချေမှုန်းမချင်း ဒီလိုပြဿနာတွေ ဆက်လက်ဖြစ်ပွားနေဦးမှာပါ။ တကယ်တမ်း လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပြီဖြစ်တဲ့ `အစွန်းရောက် အမျိုးသားရေးဝါဒ´ရဲ့ အဆိုးကျော့ သံသရာကြီး တစ်ခုလုံးကို မြေလှန်ပစ်နိုင်ဖို့ ဆိုရင်တော့ အစိုးရအပါအ၀င် အားကောင်းတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူ အများလေးစားလက်ခံတဲ့ ပုဂ္ဂိုလ်တွေ၊ သမမျှတအမြင်ရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စိတ်ချယုံကြည်ရတဲ့ မီဒီယာတွေ၊ အတိုက်အခံတွေအားလုံး လက်တွဲညီညီနဲ့ တန်ပြန်ဆန့်ကျင်ကြမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် လူပြိန်းကြိုက် သွေးထိုးလှုံ့ဆော်နေကြတဲ့ တရားဝင်/တရားမ၀င် အင်အားစု အားလုံးကို အစိုးရဘက်က ထိရောက်ပြတ်သားတဲ့ အရေးယူမှုတွေ အမြန်ဆုံး ပြုလုပ် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့သမိုင်းတလျောက် ဖြစ်ပွားခဲ့တဲ့ ဒီလိုဖြစ်ရပ်ဆိုးတွေဟာ မြန်မာပြည်သူတွေအနေနဲ့ ယူတတ်မယ်ဆိုယင် တူညီတဲ့ သင်ခန်းစာတွေ၊ သတိပေးချက်တွေ ဖြစ်ပါတယ်။

    သတိထားကြပါ …

    ပေးဆပ်ရမယ့် တန်ဖိုးတွေက ကြီးမားလွန်းပါတယ်…

    သိပ်ပြီး နောက်ကျသွားပါလိမ့်မယ်…။

    ဦးဦး မှော်ဆရာ
    (၁၉ – ၃ – ၂၀၁၄)

    PDF ဖြင့်ဖတ်လိုလျှင် => http://goo.gl/EIjPt9

  • ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုအား မတားမြစ်နိုင်ခဲ့သည့် အတွက် ရှက်မိသည်ဟု ဘန်ကီမွန်ဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုအား ဟန့်တားရန် ပျက်ကွက်ခဲ့မှုအတွက် ကုလသမဂ္ဂမှ ရှက်ရွံ့မိသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ယမန်နေ့က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ပြုလုပ်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် ဘန်ကီမွန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အချိန်မီ ဟန့်တားနိုင်ခြင်းမရှိခဲ့သည့် အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    “ကျွန်တို့ဒီ ဒီထက်ပိုပြီး လုပ်နိုင်ခဲ့ရမှာဖြစ်ပြီး၊ ဒီထက်ပိုပြီးလည်း လုပ်နိုင်ခဲ့သင့်ပါတယ်။ ရ၀မ်ဒါမှာ စစ်တပ်တွေ အများဆုံးလိုအပ်နေတဲ့အချိန်မှာ (ကုလတပ်တွေကို) ရုပ်သိမ်းခဲ့တာပါ” ဟု ဆိုပြီး၊ အဆိုပါ လူမျိုးတုန်း သတ်ဖြတ်မှုမှာ လူ့သမိုင်းတွင် အမှောင်မိုက်ဆုံး စာမျက်နှာ တစ်ခုပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘန်ကီမွန်မှာ ရ၀မ်ဒါ သမ္မတ ပေါလ် ကာဂိမ်းနှင့်အတူ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဖယောင်းတိုင်ထွန်းညှိခဲ့ပြီး ထိုဖယောင်းတိုင်အား ရက်ပေါင်း ၁၀၀ အထိ ထွန်းညှိထားမည်ဖြစ်သည်။

    ထိုအခမ်းအနားသို့ အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲပြောဆိုထားခြင်းကြောင့် ပြစ်သစ်နိုင်ငံကမူ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    ဟူတူလူမျိုးများက တွတ်ဆီလူမျိုများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့သည့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးအား အနောက်နိုင်ငံများနှင့် အခြားသောနိုင်ငံများက လုံလောက်အောင် ဟန့်တားခြင်းမရှိဘဲ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့မှာ ထိုသတ်ဖြတ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု ရ၀မ်ဒါနိုင်ငံက စွပ်စွဲထားသည်။

    ၁၉၉၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အဆိုပါလူမျိုးတုန်း သတ်ဖြတ်မှုကြီးမှာ ရက်ပေါင်း ၁၀၀ နီးပါး ကြာမြင့်ခဲ့ပြီး တွတ်ဆီနှင့် ဟူတူလူမျိုးစုစုပေါင်း ၅ သိန်းမှ ၁ သန်းကြား သေဆုံးခဲ့ရသည်။

    ဓါတ်ပုံ အညွှန်း -အခမ်းအနား တက်ရောက်လာသူများမှာ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများ ပြန်လည်အောက်မေ့သတိရမိ၍ စိတ်ထိခိုက်သူ အမျိုးသမီး (Photo-AFP)

    CAH/HSN/HRB