News @ M-Media

Tag: Genocide

  • စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)
    မူရင်လင့်  : http://www.onislam.net/english/family/your-society/torn-apart-/438953-srebrenica-in-search-of-my-flesh.html

    လူသား သမိုင်းရာဇ၀င်မှာ မေ့ပျောက်လို့မရတဲ့  ၂၀ ရာစုရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီးဟာ ဥရောပရဲ့ အသဲနှလုံး တစ်နေရာမှာ ဖြစ်ပွားခဲ့တာပါတယ်။
    စရီဘရီနီကာ မြို့ဟာ နှိပ်စက်ညှင်းပန်းခံ ဘောစနီးယန်း မွတ်စလင် လူမျိုးစုရဲ့ ထာဝရ အမှတ်ရစရာ ပြယုဂ်တစ်ခုအဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့်် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ဘောစနီးယန်း မွတ်စလင်များအပေါ် ဒီရက်ရက်စက်စက် သတ်ဖြတ်မှုကိုလုပ်ဆောင်ခဲ့ပါတယ်။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင်ဖြင့် ကုလသမဂ္ဂရဲ့ ကာကွယ်ရေး ဇုံအတွင်းမှာ ကုလသမဂ္ဂ ကာကွယ်ရေး တပ်ဖွဲ့၊ Dutch တပ်စု  (UNPROFOR)   များရဲ့ မျက်စိအောက်မှာ ဖြစ်ပွားခဲ့ပါတယ်။
    ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ၁၉၉၅ ခု ဇူလိုင် ၁၁ ရက်နေ့မှာ မွတ်စလင်မြို့ဖြစ်တဲ့  စရီဘရီနီကာ မြို့ကိုသိမ်းပိုက် ၀န်းရံပိတ်စို့ပြီး  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်ဦးရေ ၈၀၀၀ ထက်မနည်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

    ဒီ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများကို ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။ ပို၍ ၀မ်းနည်းစရာ ကောင်းသည်မှာ ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးအတွက် မည်သူတစ်ဦးတစ်ယောက်မှ ပြစ်ဒဏ်မခံခဲ့၇ပါ။

    ဒီထက်မကသေးပါ၊ ဘောစနီးယန်း မွတ်စလင်များနှင်ပက်သက်ပြီး ကမ္ဘာ့သတင်း မီဒီယာများ၌ှ သတင်းအမှားများစွာကို အမှန်ထင်ပြီး မွတ်စလင်များမှ ဆာဘ်များကို သတ်သည်ဟု သတင်းမှားများဖြစ်ပေါ်အောင် လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ သို့သော် အမှန်တရား သည် ထာဝရ ရှင်သန်မြဲဖြစ်သောကြောင့် ထိုစွပ်စွဲမှုများအတွက် သက်သေပြစရာ ဘာမှမရှိခဲ့ပါ။ အခြားတဘက်၌မူကား ဆာဘ်များ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခဲ့သော  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်များ၏ သက်သေ ရုပ်ကြွင်းအပိုင်းအစ များကို ရှာဖွေတွေ့ရှိလျက်ရှိပါတယ်။ သိသာထင်ရှားတဲ့ သက်သေများ အဖြစ် အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာကို နေ့စဉ် ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။

    ယခုပြောပြမယ် အကြောင်းအရာ ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာ (စုစုပေါင်း ၁၂၀၀၀ လူရိုး အစိတ်အပိုင်းများ) ကို ရှာဖွေတူးဖေါ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်တိုင်ပြန်ပြောပြသော အချက်များဘဲဖြစ်ပါတယ်။ သူကတော့ “ မူ၇တ် ဟာတစ်” ဖြစ်ပါတယ်။ သူဟာဆိုရင် ဘောစနီးယား ဟာဇီဂိုဘီးနား နိုင်ငံ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်း မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။
     လူအရိုးစုတင်မက သေးပါဘူး
     
    “ မူ၇တ် ဟာတစ်” ဟာ ဒိုဘော့ဂ်ျမြို့ရဲ့ အချုပ်စခန်းတစ်ခုအတွင်းမှာ သူညီအကိုများ အပါအ၀င် ဘောစနီးယန်းစုစုပေါင်း ၃၀၀ လောက်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါတယ်။ သူဟာ အချုပ်စခန်းမှ လွတ်မြောက်လာပြီးနောက် သူညီအကိုများနှင့် ကျန်ရှိသောလူများ အားလုံး လွတ်မြောက်ရန်အတွက် ကူညီခဲ့ပါတယ်။

    ဤအဖြစ်အပျက်ဖြစ်ပြီး ၁၂ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ မစ်စတာ အမား မာစိုဘစ် ရဲ့အကြံပြု ချက်အရ “ မူ၇တ် ဟာတစ်” ဟာ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

     

     

    မူ၇တ် ဟာတစ်က ပြောကြားရာမှာ

    “ ကျနော်ဒီ ခက်ခဲပင်ပန်းတဲ့ အလုပ်ကို လက်ခံမိတဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး၊  ကျနော် အသျှင်မြတ်ဆီမှာ  အပြစ်မဲ့ ရှဟီးဒ် ဖြစ်သွားခဲ့သူတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ကို အစဉ်အမြဲ တောင်းခံခဲ့ပါတယ်။ တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သေဆုံးသူတစ်ဦးရဲ့ ပြည့်စုံတဲ့ အရိုးစု အကုန်လုံးရရန် ရှာဖွေသည့် လုပ်ငန်းဟာ ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ပထမနှစ်မှာ ကျနော်တို့ လူဦးခေါင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ၊ နောက်နှစ်တွေမှာ ကိုယ်ခန္ဒာရဲ့ ကျန်ရှိတဲ့ အရိုးစုအစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    နောက်ဆုံးအဆင့်မှာတော့  DNA စမ်းသပ်ခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး အသတ်ခံခဲ့၇သူများ၏ အားလုံးသော အရိုးအစိတ်အပိုင်းများ တစ်ခုနှင့် တစ်ခု ကိုက်ညီစွာတွဲဆက်နိုင်အောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ သားတစ်ဦး၏ လက်အရိုးဟာ ရှာဖွေမတွေ့ရှိဘူးဆိုတဲ့ အကြောင်းကို  မိခင် တစ်ဦးကို ကျနော်ဟာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ မသိအောင်ဖြစ်ခဲ့ပါတယ်၊ ဒီမိခင်ရဲ့ သား ၅ ဦးစလုံးဟာ လူမျိုးတုန်း အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးမှာ အသတ်ခံခဲ့၇ပါတယ်။  သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့ သူများ၏ ရာနဲ့ချီတဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးကို ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ “

    အမှန်တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစများကို ရှာဖွေသည့်လုပ်ငန်းမှာ ၀မ်းနည်းကြေကွဲ ဖွယ်ကောင်းသလို၊ အခက်အခဲများနှင့်ပြည့်နှက်လျက်ရှိပါတယ်၊ အမြဲဆိုသလို ဒေသခံ ဆာဘ်အချို့ရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါတယ်။ စိတ်ဆန္ဒပြင်းပြတဲ့အဖွဲ့ဝင်များဟာ စိတ်ရော ကိုယ်ပါ ခက်ခဲပင်ပန်းစွာဖြင့် ဒီလုပ်ငန်းကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ကြပါတယ်။ ကင်းလှည့် ဆာဘ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေး နှောက်ယှက်ခြင်းကို လည်း နေ့စဉ်ဆိုသလို ခံခဲ့ရပါတယ်။

    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ “ ဒီအလုပ်မှာ အခြားအခက်အခဲများစွာ ရှိပါသေးတယ်၊ သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့နေရာမှာ များစွာသော မိုင်းဗုံးများ ၊ မြွေများ ကိုကျော်လွှားပြီး ရှာဖွေခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်ပြောနိုင်တာကတော့ အလ္လာအသျှင်ဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်။ ကျနော်တို့ အလ္လာအသျှင် ရဲ့စောင့်ရှောက်မှုကိုရရှိခဲ့ပါတယ်။ “

    မူရတ်ဟာ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကြီးမားတဲ့မြေကျင်း သင်ချိုင်းဂူ နေရာများရဲ့ အသေးစိတ် အခြေအနေကို များစွာသိရှိခဲ့သူဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ စုစုပေါင်း ပြည့်စုံတဲ့အရိုးစု စုစုပေါင်း ၂၇၄ စုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအရိုးစုအားလုံးကို အိတ်များအတွင်းထည့်ထားခဲ့ပြီး အချို့အနည်းငယ်သာ အိတ်မပါဘဲ ပြန့်ကျဲနေခဲ့တာပါ။ ဒီရှာဖွေတွေ့ရှိမှုကို အခြေခံပြီး သူတို့ကောက်ချက်ချနိုင်ခဲ့တာက ဘောစနီးယန်း မွတ်စလင်အချို့ဟာ သူတို့ရဲ့ မိသားစုဝင်များ ၊ အိမ်နီးနားချင်းများရဲ့ အလောင်းတွေကို အိတ်ထဲထည့်ဖို့ အတွက် ဆာဘ် – ချက်(တ)နင့် တို့၏  အတင်းအဓမ္မ စေခိုင်းမှုကို ခံခဲ့ရပါတယ်၊ ပြီးနောက် သူတို့ကိုယ်တိုင်လည်း ရက်စက်စွာ အသတ်ခံခဲ့ရပါတယ်၊ ဤနည်းအားဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ်အပျက်ကို ပြန်ပြောပြမည့်သူ တစ်ယောက်မျှမကျန်တော့အောင်လုပ် သွားခဲ့ပါတယ်။

    သိပ်ပြီး ရှားရှားပါးပါး ရှာဖွေရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ၊ သက်ကြီးရွယ်အိုတစ်ဦးရဲ့ အရိုးစုကို ကြည့်ရင်တွေ့နိုင်တာက ခြေထောက်၂ဘက် ၊ လက် ၂ဘက် စလုံးကို ၀ါယာစနဲ့ချည်နှောင်ထား တာပါ၊ ဒါကို ကြည့်ခြင်းအားဖြင့် မည်သို့မည်ပုံ နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ်ဆိုတာ သိသာစွာပုံဖော်မြင်နိုင်ပါတယ်။ အချို့ အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း အချို့ဟာဆိုရင် အရှင်လတ်လတ် မြေမြှုပ်ပြီး အသတ်ခံခဲ့ရတာပါ၊ အရိုးဂေါင်းခွံ များရဲ့ ထိပ်ပိုင်းနေရာအချို့ဟာ ခွက်ဝင်ပဲ့ထွက်နေတာကို ကြည့်ခြင်းဖြင့် သူတို့ဟာ အရှင်လတ်လတ် မြေကြီးအောက်မှ လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားခဲ့ပုံရပါတယ်၊ နောက်ဆုံးမှာတော့ အသတ်ရှူရန်ခက်ခဲလာပြီး သေဆုံးသွားခဲ့ကြရပါတယ်။

    ( ဘာသာပြန်သူ၏ ၀န်ခံချက် – ကျနော်အထက်ပါ စာပုဒ်ကို ဘာသာပြန်ရင်း ရှေ့ဆက်ပြီးလက်တွေ စာရိုက်လုပ်မရတော့အောင်ကို ၀မ်းနည်းကြေကွဲမိပါတယ်၊ အို အလ္လာဟ်အသျှင် အပြစ်မဲ့ ရက်စက်စွာ ရှဟီးဒ် ဖြစ်ခဲ့ရတဲ့ ကမ္ဘာတ၀န်းရှိ ညီနောင်အားလုံးကို အသျှင်ရဲ့ ဂျနသ် သုခဘုံ၌ စံမြန်းခွင့်ပေးသနားတော်မူပါ ၊ အာမီးန် ။)

    သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့လုပ်ငန်းမှာ မိသားစုဝင်များရဲ့ ကူညီမှုဟာ များစွာ ထိရောက်ခဲ့ပါတယ်။ ဘောစနီးယန်း မွတ်စလင် အမျိုးသမီးကြီး တစ်ဦးဖြစ်တဲ့ မစ်စ ဆလ်ဂျစ် ဟာဆိုရင် အလွန်များပြားတဲ့ အုတ်ဂူများ တူးဖော်ရှာဖွေတဲ့ နေ၇ာကို  နေ့စဉ်ဆိုသလို လာရောက်ပြီး သူမရဲ့သား နှင့် ခင်ပွန်း ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို မျှော်လင့်တကြီးရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမခင်ပွန်းရဲ့ ဆွယ်တာင်္အကျီကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မကြာမီ သူမသားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို DNA စစ်ခွင့်ရရှိခဲ့ပါတယ်။ ဒီရုပ်ကြွင်းကို ကောင်းမွန်စွာ မြှုပ်နှံတဲ့နေမှာ ဆိုရင်ဖြင့် မစ်စ ဆလ်ဂျစ်ဟာ နှလုံး ရောဂါဝေဒနာကြောင့် heart attack ရခဲ့ပါတယ်၊ မည်သို့ပင်ဆိုပါစေ ယခုအချိန်မှာတော့ ဒီအမျိုးသမီးကြီး စိတ်နှလုံးအေးချမ်းမှု အများကြီးရရှိသွားခဲ့ပါပြီး ဘာကြောင့်လဲဆိုရင်ဖြင့် သူရဲ့ ချစ်လှစွာသော သားလေးရဲ့ ရုပ်ကြွင်းမြှုပ်နှံထားရာ အုတ်ဂူနေရာကို လာရောက်ပြီး အသျှင်မြတ်ထံပါးမှာ သားလေးအတွက် ဒိုအာ ဆုမွန်တောင်းပေးနိုင်တော့မှာပါ။

    Crni Vrh ကြီးမားတဲ့ သင်ချိုင်းမြေမှာဆိုရင် ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းစုစုပေါင်း ၇၂၈ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆာဘ် – ချက်(တ)နင့် တို့ သတ်ပြီး မြှုပ်နှံခဲ့တာပါ များမကြာမီ တစ်ခါ ပြန်လာပြီး အလောင်းများကို နေရာရွှေ့ကာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားပါတယ်။ ဒီကြီးမားတဲ့ သင်ချိုင်းမြေနေရာဟာဆိုရင် ၄.၅ မီတာ နက်ပါတယ် ၊ အဲဒီ မြေကြီးကျင်းအတွင်းမှ အရိုးအကြွင်းအကျန် ၆၂၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေ မှာကျင်းပတဲ့ ကလေးငယ် ၂ယောက်ရဲ့ အသုဘ အခမ်းအနားကို မူ၇တ် ဟာတစ် တက်ရောက်ခဲ့ပါတယ်။ ပျောက်ဆုံးသူများရှာဖွေရေး အသင်းဟာ  ဒီ Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေအတွင်းမှ ကလေးငယ် ၂ ယောက်ရဲ့ ခြေထောက်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါကို ကြည့်ခြင်းအားဖြင့် ဆာဘ် – ချက်(တ)နင့်  တို့ဟာ တဖန်ပြန်လည် တူးဖော်ပြီး အရိုးအပိုင်းအစ များကို နေရာ ရွှေ့ပြောင်းခဲ့ပုံရပါတယ်။ အချို့ နေရာမှာဆိုရင် အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း ကလေး အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ

    “ ကျနော်တို့ အဖွဲ့ဟာ ၈ နှစ် (သို့) ၁၀ နှစ် အရွယ် ရွှေရောင်ဆံပင် ပိုင်ရှင်  မိန်းကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်၊ အလောင်းဟာ ခြောက်သလောင်းနေပြီး ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူခဲ့ရပါတယ်။ ၉ လကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးရဲ့ ရုပ်ကြွင်းကို၎င်း၊ ၅လသား အရွယ်ကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို၎င်း၊ သက်ကြီးရွယ်အိုများရဲ့ရုပ်ကြွင်းကို၎င်း  ကျနော်တို့ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ များစွာသော ကြီးမားတဲ့ သင်ချိုင်းမြေများမှာ မီးရှို့ ခံထားခဲ့ရပြီး အရိုးအပိုင်းအစ များကို ရှာဖွေရန်လုံးဝမဖြစ်နိုင်တော့ပါ။ “

    မူရတ်နှင့် အဆက်အသွယ်ရှိသော ဆာဘ်တစ်ဦးရဲ့ ပြန်ပြောပြချက်အရ

    “ ငါတို့ မြို့တစ်မြို့ မှာ ဘောစနီးယန်း မွတ်စလင် ၃၀ ကို ဖမ်းမိခဲ့တယ်၊ ငါတို့ ၂၀ ဦးကို တစ်ခါတည်းပစ်သတ်လိုက်တယ် ပြီးနောက် ဒီအလောင်းတွေကို ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်တယ် ကျန်ရှိနေတဲ့ လူ ၁၀ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး မီးရှို့ ထားတဲ့ အလောင်းပေါ်က ဖြတ်လျှောက်ခိုင်းတယ် ၊ အဲ့ဒီမှာ တစ်ယောက်က ထွက်ပြေးဖို့ကြိုးစားတယ် ဒါပေမဲ့ ငါတို့ ပုဆိန် နဲ့အောင်မြင်စွာ ခုတ်သတ်နိုင်ခဲ့တယ်။

    အထက်ပါ ပြန်ပြောပြချက်ကတော့ ဆာဘ်တွေ နေ့စဉ် မနက် ၅နာရီ မှ စတင်ပြီး ညနေ မှောင်သည်အထိ ၇က်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်များထဲမှ တစ်ခုသာ ဖြစ်ပါတယ်။

    သေဆုံးသွားသူများအား ဂုဏ်ပြုခြင်း

    ဇူလိုင် ၁၁ ၊ ၂၀၀၈ ခုနှစ် နံနက်ခင်း၌ ၃၀၇ ဦးသော ဘောစနီးယန်း မွတ်စလင်တို့၏ ကျွင်းကျန်သော ရုပ်ကလပ်ကို မြေမြှုပ်နှံ နိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီ ၃၀၇ ဦးဟာ ရှာဖွေတွေ့ရှိ ခဲ့သော အရိုးစု အစိတ်အပိုင်း ၃၂၁၄ ခုအတွင်းမှ DNA စစ်ပြီး သတ်မှတ် ရွေးချယ်နိုင်ခဲ့သော အပြစ်မဲ့ အရပ်သား မွတ်စလင် ၃၀၇ ဦးရဲ့ အလောင်းများဖြစ်ပါတယ်။ သူတို့အားလုံးကို အစ္စလာမ် ဓလေ့ထုံးစံ နှင့်အညီ ၀တ်ပြုဆုတောင်းပြီး “ ပိုတိုကာယီ ဂုဏ်ပြုဗိမာန်” ၌ အတူတကွမြှုပ်နှံ လိုက်ပါတယ်။

    အခမ်းအနားမတိုင်မီ ၁ ရက်အရင်၌ ကျောင်းသားငယ် စုစုပေါင်း ၂၅၀၀ ၏ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲအဖြစ် တူဇလာမြို့မှ စရီဘရီနီကာ မြို့အထိ ကီလိုမီတာ ၁၀၀ လမ်းလျှောက်ခဲ့ကြပါတယ်။ ဒီ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲဟာဆိုရင် အပြစ်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင် မိခင်များ၊ ကလေးငယ်များ ဆာဘ်တို့၏ရန်မှ လွတ်မြောက်ရန် ၁၉၉၅ခု ဇူလိုင်လ၌ တောအုပ်များကိုဖြတ်၊ အစာေ၇စာမရှိ ၊ ခက်ခဲကြမ်းတမ်းသောလမ်းများကိုဖြတ်ကျော်ပြီး တူဇလာမြို့ (ထိုအချိန်၌ တူဇလာမြို့မှာ လွတ်မြောက်ရာနယ်မြေဖြစ်ပါသည်) အထိ လွတ်မြောက်ရေးခရီးနှင်ခဲ့ပုံများကို ပြန်လည်၍ ကိုယ်ချင်းစာ သတိရစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတော့သည်။

    ———————————————————————————————————————-
    ဘာသာပြန်သူ၏ ၀န်ခံချက် ။ ဤ ဘောစနီးယန်း မွတ်စလင်တို့၏ စရီဘရီနီကာ မြို့အဖြစ်ဆိုးအကြောင်းကို ဘာသာပြန်ဆိုရသည်မှာ ကျနော် အလွန်အင်မတန် စိတ်ထိခိုက်ကြေကွဲခံစားရပါတယ်၊ စာရိုက်နေရင်းလဲ ငိုင်ပြီးစဉ်းစားနေမိပါတယ်။ စာဖတ်သူများအနေဖြင့် ကျေးဇူးပြုပြီး ပြီးဆုံးအောင် ဖတ်ကာ ဗဟုသုတ သင်ခန်းစာ တစ်ခုရမယ်ဆိုရင်ဖြင့် ကျနော် ပြန်ဆိုရကျိုးနပ်မှာပါ။ ကျနော်ကိုယ်တွေ့ အနေနဲ့ ဘောစနီးယန်း မွတ်စလင် အမျိုးသမီး တစ်ဦးရဲ့ ဒီအဖြစ်ပျက်ဆိုးကြီး အကြောင်းကို ကိုယ်တိုင်ပြန်ပြောပြမှုကိုလည်း စင်ကာပူမှာ နားထောင်ခဲ့ဘူးပါတယ်၊ သူဟာပြောနေရင်းက မျက်ရည်မဆည်နိုင်ပါဘူး ၊ နားထောင်နေရသူ အဖို့မှာလည်း အလွန်အင်မတန်မှ ထိခိုက်ကြေကွဲရပါတယ်။ ထို့ကြောင့် ဤကဲ့သို့သော် ကြောက်မက်ဖွယ် အဖြစ်ဆိုးမျိုးမှ ကျနော်တို့ အွတ်မက်သားအားလုံးကို အလ္လာဟ်သျှင် ကာကွယ်တော်မူပါစေလို့ ကျနော်တို့အားလုံး ဒိုအာပြုကြရအောင်လားဗျာ ……….အာမီန်း။
     

  • “ဘော့စနီးယား လူမျိုးတုံး သတ်ဖြတ်မှု” ဝမ်းနည်းဖွယ် နှစ်ပတ်လည်

    “ဘော့စနီးယား လူမျိုးတုံး သတ်ဖြတ်မှု” ဝမ်းနည်းဖွယ် နှစ်ပတ်လည်

    ဇူလိုင် ၁၁ရက် ၂၀၁၂
ှSource- BBC New

    ပိုတိုကာရီ ဗိမာန် (Potocari memorial centre) မှာ ပြုလုပ်ခဲ့တဲ့ ဆရေဘရန်နီကာ ဝမ်းနည်းဖွယ် နှစ်ပတ်လည် အခမ်းအနားကို သေဆုံးခဲ့ကြသူများရဲ့ မိသားစု၊ ဆွေမျိုးသားချင်း ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ၁၉၉၅-ခုနှစ် ဇူလိုင်လမှာ ဆာ့ဗ် (Serb) အကြမ်းဖက်စစ်တပ်မှ ဆရေဘရန်နီကာ (Srebrenica) မြို့ကို ဝင်ရောက်တိုက်ခိုက်ကာ ဘော့စနီးယား မွတ်စလင် အမျိုးသားများနဲ့ ယောကျာ်းလေးပေါင်း ၈၀၀၀-ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာပါ။

    ဆာ့ဗ် (Serb) အကြမ်းဖက်စစ်ဗိုလ် Radovan Karadzic

    ဆာ့ဗ် (Serb) အကြမ်းဖက်စစ်ဗိုလ် Mladic
    (လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ စုစုပေါင်း ၁၁-မှုဖြင့် တရားစွဲခံထားရသူ)

    ဒီလူသတ်မှုကြီးကို ကမ္ဘာ့ကုလသမဂ္ဂစစ်ခုံရုံးမှ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) အဆင့် သတ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်လွန်ကာလ ဥရောပတိုက်ရဲ့ အဆိုးရွားဆုံး လွန်မင်းရက်စက်မှု အဖြစ်အပျက်ကြီး ဖြစ်ပါတယ်။

    ဆာ့ဗ်(Serb) အကြမ်းဖက်စစ်သားတွေက သူ့တို့ကျူးလွန်သတ်ဖြတ်ခဲ့တဲ့ အရေအတွက်အမှန်ကို ဖုံးဖိဖို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံ ထားပြီးသားများကို ပြန်လည်ဖော်ထုတ်ပြီး တခြားနေရာများမှာ ခွဲမြှုပ်စွန့်ပစ်ခဲ့ကြပါတယ်။

    ယခု ၁၇-နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ပြန်လည်ရှာဖွေတွေ့ရှိကာ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်သည့် သေဆုံးခဲ့ကြသူ ၅၂၀-ဦးကို ဇူလိုင်လ ၁၁-ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သင်္ဂြိုလ်မြှုပ်နှံတာဖြစ်ပြီး လူ ၃၀၀၀၀-ကျော် တက်ရောက်ခဲ့ကြပါတယ်။ တူးဖော်ရရှိသူ ၄၈-ဦးမှာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြပြီး သေဆုံးခဲ့ကြသူ ၇၀၀၀-ကျော်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ပြီးဖြစ်ကျောင်းလည်း သိရှိရပါတယ်။

    ဘော့စနီးယားမှာ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ထားပြီး အစိုးရ အဆောက်အဦးတိုင်းမှာလည်း အလံများကို တိုင်ထက်ဝက်လွှင့်ထူကြပါတယ်။

    ယခင် ဆာ့ဗ် (Serb)ခေါင်းဆောင် အကြမ်းဖက်သမား ၂-ဦးဖြစ်တဲ့ ရာဒိုဝမ် ကာရာဇစ် (Radovan Karadzic)နဲ့ ရက်တကို မလေဒလစ် (Ratko Mladic)တို့ကို ဒီဆရေဘရန်နီကာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ယူဂိုစလားဗီးယား (Yugoslavia) စစ်ပွဲအခြား စစ်ရာဇဝတ်ကျူးလွန်မှုများဖြင့် ဟိဂ် (The Hague) နိုင်ငံတကာ စစ်ရာဇဝတ် အထူးခုံရုံး (the International Criminal Tribunal)မှာ စစ်ဆေးလျက်ရှိပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

  • လူမျိုးတမျိုးကို အနုနည်းဖြင့် ဖျက်စီးခြင်း နည်းလမ်းအချို့

    လူမျိုးတမျိုးကို အနုနည်းဖြင့် ဖျက်စီးခြင်း နည်းလမ်းအချို့

    လူမျိုးတမျိုးကို အနုနည်း (လူညွန့်တုံးစေသော နည်းလမ်း) နဲ့ ဖျက်ဆီးဖို့ဆိုရင် တခြားလူမျိုးတမျိုးက ဒါတွေကို ပြုလုပ်ကြပါတယ်တဲ့။

     
    (က)  အဲ့ဒီလူမျိုးကို ပညာမသင်ဖြစ်အောင် လုပ်ရတယ်။ အကယ်လို့ ပညာသင်ဖြစ်ကြရင်လည်း ပညာနဲ့မထိုက်တန်တဲ့ အဆင့်မှာထားကြတယ်၊

    (ခ) အဲဒိလူမျိုးကို  မြို့တော်ကြီးတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ပို့ကြတယ်၊အကယ်လို့ မြို့တော်ကြီးတွေနဲ့ ဝေးအောင်မလုပ်နိုင်ဘူး ဆို ရင် သူတို့နေထိုင်ရာကို မြို့တော်အင်္ဂါရပ်နဲ့ မညီအောင် လုပ်ကြပါတယ်

    (ဂ) အဲဒီလူမျိုးရဲ့ သမိုင်းကို ဖျောက်ပြစ်ကြပါတယ်။ အကယ်လို့ သမိုင်းကို မဖျောက်နိုင်ဘူးဆိုရင် သမိုင်းကို အမှန်နဲ့ အမှား ရောစပ်ပေးပြီး အဲဒိလူမျိုးရဲ့ သမိုင်းဆိုင်ရာ  သုံးသပ်ချက်တွေကို သေးသိမ်စေပါတယ်။

    (ဃ) အဲဒီလူမျိုးကို  ကူးသန်းရောင်းဝယ်သူများ မဖြစ်အောင် ပြုလုပ်ကြပါတယ်။ အကယ်လို့ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လို့မရရင် အဲဒိလူမျိုးရဲ့ သွားလာလှုပ်ရှားမှုကို ခြိမ်းခြောက်မှုများစွာဖြင့် ထိန်းချုပ်ကြပါတယ်။

    (င) အဲဒီလူမျိုးကို ကျန်းမာရေးစောင့်ရှောက်မှုမရအောင်ပြုလုပ်ပြီး ကူးစက်ရောဂါများကို သိမ့်မွေ့စွာဖြင့် ပြန့်ပွားစေခြင်း။

    သင့်လူမျိုးရဲ့ ဂုဏ်ကို တခြားလူမျိုးတမျိုးက ချိုးနှိမ်နေပါတယ်လို့ သင်ခံစားရပါသလား၊ နံပါတ် (က)(ခ)(ဂ)(ဃ)(င) ထဲက ဘယ်အချက်တွေကိုပြုပြီး ချိုးနှိမ်နေပါသလဲ?

     

    Serajuddhin

  • လူမျိုးတုန်း သတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား …

    လူမျိုးတုန်း သတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား …

    နေဘုန်းလတ်

    ဇွန်လ- ၂၀၁၂

    Photo-Google

    ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ဘာသာ၊နိုင်ငံသား၊အသားအရောင်၊လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ ”Us and Them” ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။

    ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့်

    လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်နိုင်ချေများပါတယ်။

    ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိကစွမ်းအားကတော့ –

    • လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေကိုကျော်လွန် သွားတဲ့၊
    • အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊
    • ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစားခွဲခြားခြင်းကိုသာအားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။

    အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေရှာဖွေလာရပြီး … အဲဒီ့အချက်ကိုက လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိကစွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေများများလုပ်ပြီး အချင်းချင်းနွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။

    အမျိုးအစားခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာမရှိသေး ပါဘူး။

    သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်လာတဲ့ … အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။

    အုပ်စုတစ်ခုခုက အခြားအုပ်စုတစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခုကပ်လိုက်ပါတယ်။

    1. အသားအရောင်ကိုလိုက်ပြီးဖြစ်စေ၊
    2. အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊
    3. မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီးဖြစ်စေ

    အခြားသူများကို အုပ်စုတစ်စုထဲ သွတ်သွင်းလိုက်ပြီး …

    သူတို့ဟာ ဂျူးတွေပဲ၊ သူတို့ဟာ ဂျစ်ပစီတွေပဲ၊ သူတို့ဟာ နီဂရိုးတွေပဲ စသည်ဖြင့် တံဆိပ်တစ်ခုကပ်လိုက်ခြင်းအားဖြင့် … ခွဲခြားမှုဟာပိုပြီး ပီပြင်ထင်ရှားလာပါတယ်။

    နာဇီတွေအုပ်စိုးစဉ်ကာလက ဂျူးတိုင်းကို အ၀ါရောင်ကြယ်ပုံတံဆိပ်တပ်ခိုင်းထားတာမျိုး၊ ကမ္ဘောဒီယားမှာ ခမာနီတွေအုပ်စိုးစဉ်ကာလက အရှေ့ပိုင်းဇုံမှာရှိတဲ့ လူတွေကိုအပြာ ရောင်လည်စည်းစီးပေးထားတာမျိုးတွေ ဟာ ထင်ရှားတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အခုပြောသွားပြီးဖြစ်တဲ့ အမျိုးအစားခွဲခြားခြင်းနဲ့ အမည်တပ်တံဆိပ်ကပ်ခြင်း နှစ်ခုဟာ လူသားတွေလုပ်လေ့လုပ်ထရှိတဲ့အလုပ်ဖြစ်ပြီး

    လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့လုပ်ရပ်မျိုးတွေလုပ်ဆောင်ခြင်း (Dehumanization) ဆိုတဲ့ နောက်တစ်ဆင့်ကို ဦးမတည်သေးသရွေ့တော့ မျိုးတုန်းသတ်ဖြတ်ခြင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။

    အမည်အမှတ်တံဆိပ်တပ်ခြင်းတွေ ပပျောက်ဖို့ကတော့ မုန်းတီးမှုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေကို တရားဥပဒေအရကို တားမြစ်ဖို့လိုပါတယ်။

    ဂိုဏ်းကဏ္ဍတစ်ခုခုကိုကိုယ်စားပြုတဲ့ အ၀တ်အစားတွေ ဝတ်ဆင်ခြင်းကိုလဲ ကန့်သတ်သင့်ပါတယ်။ ပြဿနာတစ်ခုရှိတာက ဥပဒေအရကန့်သတ်တားမြစ်ခြင်း တွေဟာ လူကြိုက်များနေတဲ့ ယဉ်ကျေးမှုဆိုင်ရာအင်အားတွေရဲ့ ထောက်ပံ့မှုမျိုးကိုမရတဲ့ အခါ အရာမထင်တတ်ပါဘူး။ ဥပမာအားဖြင့် … ဟူတူ၊ တွတ်စီ စတဲ့စကားလုံးတွေဟာ … ၁၉၈၀ခုနှစ်အထိ ရဝမ်ဒါဘာသာစကားအရ တားမြစ်ကန့်သတ်ထားပေမယ့် … အများကလက်ခံသုံးစွဲ ခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။

    တတိယအဆင့်ဖြစ်တဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း (Dehumanization) ဖြစ်စဉ်ကတော့ အားကြီးတဲ့ အုပ်စုက အားနည်းတဲ့ အုပ်စုရဲ့ လူသားဖြစ်တည်မှုကို ငြင်းဆန်ချင် လာရာကနေ စပါတယ်။

    အမျိုးအစား ခွဲခြားပြီး အမည်တံဆိပ်တစ်ခုခုတပ်လိုက်တဲ့ အစုအဖွဲ့လေးတွေကို

    • တိရစ္ဆာန်တွေ၊
    • ရောဂါသည်တွေ၊
    • အဆင့်နိမ့်သူတွေ နဲ့ တတန်းတစားတည်းထားလိုက်ပြီး …
    • လူသားအဖြစ်ကနေ ယုတ်လျော့သူတွေအဖြစ် သတ်မှတ်လိုက်ကြပါတယ်။

    လူဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းဟာ … သာမာန်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထက် အများကြီးပိုဆိုးပါတယ်။ အဲဒီ့အဆင့်မှာဆိုရင် …

    • အမုန်းတရားကိုတိုးပွားစေတဲ့ ၊
    • ဒေါသကိုလှုံ့ဆော်ပေးတဲ့ဝါဒဖြန့်စာတွေ၊
    • ပုံတွေ၊
    • အသံလွှင့်မှုတွေကို ခပ်များများသုံးလေ့ရှိပါတယ်။

    ဒီလိုအချိန်မျိုးမှာ … လူထုအနေနဲ့ မြင်ရကြားရသမျှတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တွေကိုဦးတည်တဲ့ လှုံ့ဆော်မှုတွေလား၊ အမှန်တကယ် လူထုကို ကာကွယ်စောင့်ရှောက်လိုစိတ်နဲ့ ပြောတာတွေလားဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ …

    1. လှုံ့ဆော်မှုတွေကို တန်ပြန်ချေဖျက်ပစ်နိုင်တဲ့ စည်းစနစ်ကျသော၊
    2. ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်သော ကာကွယ်မှု၊
    3. သတင်းထုတ်ပြန်မှုတွေအားနည်း တာကိုတွေ့ရပါတယ်။
    4. လှုံ့ဆော်မှုတွေ တောက်လျှောက်လုပ်နေတဲ့ အမုန်းတရားတိုးပွားစေသော ဝါဒဖြန့်မှုတွေကို အမြန်ဆုံးတားမြစ်ကန့်သတ်နိုင်ဖို့အရေးကြီးပါတယ်။
    5. အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊
    6. ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။

    အမျိုးအစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်း၊

    လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းစတဲ့ အဆင့်တွေနောက် မှာတော့

    မိမိတို့ မဟုတ်သော အခြားအုပ်စုကို နှိပ်ကွပ်ဖျက်သိမ်းပစ်လိုတဲ့ အစုအဖွဲ့တစ်ခုခုက … နောက်လာမယ့်အဆင့်တွေကို လုပ်နိုင်ဖို့အတွက် … အခိုင်အမာဖွဲ့စည်းခြင်း (Organization) ဆိုတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။များသောအားဖြင့် … လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစိုးရတစ်ရပ်ရပ် (သို့မဟုတ်) အကြမ်းဖက်အုပ်စု တစ်ခုခုက စုစည်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန် ဖို့အတွက် တိုက်ခိုက်ရေးအစုအဖွဲ့လေးတွေဖွဲ့ပြီး လေ့ကျင့်ပေးတာမျိုး၊ လက်နက်တပ်ဆင်ပေးတာမျိုးတွေ ကိုစတင်ဆောင်ရွက်ပါတယ်။

    နောက်ပြီး … လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲပါတယ်။

    ဒီလိုအဆင့်မျိုးကို ကာကွယ်ဖို့ကတော့ … အဲဒီ့လိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးဖို့ပဲဖြစ်ပါတယ်။ အုပ်စုများခွဲထုတ်ခြင်း (Polarization) လို့ခေါ်တဲ့ဖြစ်စဉ်မှာတော့ …

    အစွန်းရောက်တွေက အမုန်းတရားကို တိုးပွားစေတဲ့ ဝါဒဖြန့်မှုတွေ ကိုသုံးပြီး အုပ်စုတွေအများကြီးဖြစ်အောင် ခွဲထုတ်လိုက်ပါတယ်။

    အချို့နိုင်ငံတွေမှာဆိုရင် …

    • လူမျိုးခြားမယူရ၊
    • လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ ဥပဒေတွေတောင်ထုတ်ပြန်လေ့ ရှိပါတယ်။

    အစွန်းရောက်သမားတွေဟာ …ကြားအမြင်ရှိသူတွေကိုလည်း ပစ်မှတ်အဖြစ် သတ်မှတ်ပါတယ်။

    ဒါကြောင့် …

    ကြားအမြင်ရှိသူတွေကိုကာကွယ်ခြင်း၊
    အစွန်းမရောက်သော သမာသမတ်ကျတဲ့အမြင်မျိုးတွေကို များများပြန့်နှံ့စေခြင်းနဲ့
    လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီခြင်းအားဖြင့် …

    အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်နိုင်ပါတယ်။

    အစွန်းရောက်သမားတွေဟာ …

    ပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုခုကို သူတို့ရဲ့ကွဲပြား ခြားနားမှုတွေကို အကြောင်းပြု ခွဲခြားရွေးထုတ်(Identification)ပြီး သတ်ဖြတ်ရမယ့် စာရင်းကိုပါ ရေးဆွဲလေ့ရှိပါတယ်။

    ကျူးလွန်ခံကြရတော့မယ့် လူအုပ်စုဟာ တံဆိပ်တစ်ခုခုကပ်ခံရတာမျိုး၊ တစ်နေရာရာကို အတင်းပို့ခံရတာမျိုးတွေဖြစ်လာပါတယ်။

    နာဇီတွေဂျူးလူမျိုးတွေအားလုံးကို …

    • ချွေးတပ်စခန်းတွေဆီပို့တာမျိုး၊
    • ဂတ်တိုလို့ခေါ်တဲ့ သီးခြားရပ်ကွက်တွေဆီပို့တာမျိုး၊
    • စားနပ်ရိက္ခာခေါင်းပါးပြီး ငတ်ပြတ်သေသွားနိုင်တဲ့ နေရာတွေဆီ အင်အားသုံးပို့ဆောင်တာမျိုးတွေဟာခွဲခြားရွေးထုတ်ခြင်း (Identification) ရဲ့လက္ခဏာတွေဖြစ်ပါတယ်။

    အဲဒီ့နောက်မှာတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာလျှင်လျှင်မြန်မြန်တရားဝင် စတင်လာပါတော့တယ် …။ ဒီဖြစ်စဉ်ကို သတ်ဖြတ်သူတွေဘက်ကတော့ သူတို့ရဲ့ ပစ်မှတ်သား ကောင်တွေကို လူအဖြစ်မသတ်မှတ်တော့တာကြောင့် အမြစ်ဖြတ်ချေမှုန်းခြင်း (Extermination) လို့အမည်တပ်ကြပါတယ်။

    အဲဒီ့လိုအဖြစ်အပျက်မှာ ကျူးလွန်ခံရတဲ့သူတွေဘက်က ရှိတဲ့အားနဲ့ ပြန်ပြီးတုံ့ပြန်တာမျိုးတွေဖြစ်လာတဲ့အခါ အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာပြီး နှစ်ဦးနှစ်ဖက် လူမျိုးတုံးသတ်ဖြတ်ခြင်း သံသရာထဲကို ကျရောက်သွား နိုင်ပါတယ်။

    နောက်ဆုံးအဆင့်အနေနဲ့တော့ … (Denial) လို့ခေါ်တဲ့ ငြင်းပယ်ဖုံးကွယ်ခြင်းအဆင့်ဖြစ်ပါတယ်။

    ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်စဉ်တွေ အပြီးမှာ ကျူးလွန်သူတွေတိုင်းလိုလိုပြုလုပ်တတ် ကြတဲ့အဆင့်ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေရဲ့ အသက်မဲ့ခန္ဓာတွေကို –

    • ကျင်းကြီးတွေတူးပြီး မြှုပ်နှံခြင်း၊
    • မီးရှို့ဖျက်စီးခြင်း၊
    • အထောက်အထားတွေကို ဖြောက်ဖျက်ခြင်း၊
    • မျက်မြင်သက်သေများအား ခြိမ်းခြောက်နှုတ်ပိတ်ခြင်း တွေကိုပြုလုပ်လေ့ရှိပါတယ်။
    • နောက်ပြီး … သူတို့ဟာ သူတို့တွေ ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတာကို ငြင်းဆန်တတ်ကြပြီး …
    • အမြဲလိုလို အကျူးလွန်ခံရသူတွေအပေါ် ပြစ်တင်ပြောဆိုတာမျိုး တွေလုပ်တတ်ပါတယ်။
    • ကျူးလွန်သူအများစုဟာ … ပြဿနာကိုအမြဲရှောင်လွှဲပြီး
    • အခြားသူတွေအပေါ်ပုံချဖို့ကြိုးစားတတ်ကြပါတယ်။

    ကျနော်တို့တိုင်းပြည်မှာ အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ … လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်လား …?

    ဦးတည်နေတယ်ဆိုရင်လည်း –

    အဲဒီ့လိုမဖြစ်ရအောင် ကျနော်တို့တွေဘယ်လိုကာကွယ်ကြမလဲ ?

    ကျနော်တို့နိုင်ငံအနေနဲ့ အထက်မှာရေးထားတဲ့ အဆင့်တွေထဲက ဘယ်အဆင့်ကိုရောက်နေပြီလဲ ဆိုတာလေးကို အားလုံးဝိုင်းစဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ဘယ်သူကမှ ဘယ်သူ့ကို အပြီးသတ်ချေမှုန်းပစ်ဖို့မလိုအပ်ဘူးလို့ ကျနော်ယူဆပါတယ်။ ကိုယ့်လူမျိုးကို ချစ်ကြောင်း သေချာစေဖို့ ကျနော်တို့တွေ အခြားလူမျိုးတွေကို မုန်းတီးပြနေဖို့လဲ မလိုပါဘူး။

    အခုလောလောဆယ် ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံမှားယွင်းရင်ဖြစ်ဖြစ်၊

    ပြဿနာရဲ့ အချိန်ကြာမြင့်လာပြီး အခြားသောဒေသတွေကိုပါ ပြန့်ပွားဆိုးဝါးလာရင်ပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

    ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် …

    မြန်မာနိုင်ငံသား အမြောက်အများသေကြေပျက်စီးခြင်းနဲ့အတူ
    ကမ္ဘာမှာ မြန်မာနိုင်ငံ သိက္ခာကျပါလိမ့်မယ်။

    • ကျနော်တို့တွေအားလုံး ဘာပဲလုပ်လုပ် … ကိုယ့်လုပ်ရပ်တစ်ခုခုဟာ တိုင်းပြည်ကို
    • အန္တရာယ်တစ်ခုခုဆီတွန်းပို့နေတဲ့လုပ်ရပ်မျိုးဖြစ်နေမလား၊

    တိုင်းပြည်ကို အန္တရာယ်မကျရောက် အောင် ကာကွယ်တဲ့လုပ်ရပ်မျိုးလား ဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်ကြပါစေ။

    ပြီးတော့ … ကိုယ်ရေးသမျှ၊ ကိုယ်ပြောသမျှ၊ အွန်းလိုင်းပေါ်မှာ ကိုယ်တင်သမျှတွေကိုလည်း တာဝန်ယူတတ်ကြပါစေ။

    ကျေးဇူးတင်ပါတယ်။

    Gregory H.Stanton, President, Genocide Watch ရဲ့ 8 Stages Of Genocide ကို ကိုးကားပါသည်

    http://www.nayphonelatt.com/2012/06/genocide.html မှကူးယူဖော်ပြပါသည်။