News @ M-Media
Tag: Germany Muslim
  • ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    nazi
    PEGIDA ကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် `ငါတို့ နာဇီမဟုတ်´ ဟူသော စာတမ်းကို ကိုင်ဆောင်ထားသည့် ဂျာမန်ပြည်သူများ
    – လူ့အဖွဲ့အစည်း အတွင်း သည်းခံမှုများ ရှိလာရန်၊ ပဲရစ်တိုက်ခိုက်မှုအား ရှုတ်ချရန်နှင့် ဂျာမနီတွင် မြင့်တက်လာသော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ ဂျာမနီရှိ မွတ်စလင် လူ့အဖွဲ့အစည်းမှ ပြုလုပ်သော ချီတက်လမ်းလျှောက်ပွဲတွင် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပါဝင်မည်ဟုသိရသည်။
    ဂျာမနီမွတ်စလင်ဗဟိုကောင်စီမှ စီစဉ်သော အဆိုပါ ချီတက်လမ်းလျှောက်မှုကို ဇန်န၀ါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ဘာလင်ရှိ အထင်ကရ နေရာ တစ်ခုဖြစ်သော Brandenburg Gate မှ စတင်ချီတက်မည်ဖြစ်သည်။ “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထိုချီတက်ပွဲတွင် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
    PEGIDA မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန် မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်းတွင် ထိုအဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချသော ဆန္ဒပြမှုများကို တန်ပြန် ပြုလုပ်ခဲ့ကြသည်။
    မာကဲလ်ကမူ ပဲရစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းပင် ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ် ချခဲ့ကြသည့် နိုင်ငံအတွင်းမှ မွတ်စလင် လူ့အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း ယမန်နေ့က ပြောကြားခဲ့ကြသည်။
    Ref : aljazeera
  • အမျိုသမီး ၂ ဦး အရှက်ကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ဂျာမန်မွတ်စလင် အမျိုးသမီးအား ပြည်သူများ ဂုဏ်ပြု
    အမျိုသမီး ၂ ဦး အရှက်ကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ဂျာမန်မွတ်စလင် အမျိုးသမီးအား ပြည်သူများ ဂုဏ်ပြု
    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    30-11-14_Germany-Pays-Tribute-to-Hero-Muslim-Student
    – စားသောက်ဆိုင်တစ်ခုတွင် အရှက်တကွဲပြုခြင်းခံရသည့် အမျိုးသမီး ၂ ဦးအား လွတ်မြောက်ရန် ကူညီရင်း သေဆုံးသွားခဲ့သည့် မွတ်စလင်အမျိုးသမီးငယ် တဂ်စီ အလ်ဘေရက်အား ဂုဏ်ပြုရန်အတွက် ဖယောင်းတိုင်ထွန်းကာ စုရုံးမှုအတွင်း ဂျာမနီပြည်သူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟုသိရသည်။
    `မရေမတွက်နိုင်တဲ့ အခြားသော နိုင်ငံသားတွေလိုပဲ ကျွန်တော်ဟာ ဒီကြောက်မယ်ဖွယ် ကိစ္စကိုကြားပြီး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။  တဂ်စီဟာ ကျွန်တော်တို့ အားလုံးဆီက ကျေးဇူးတင်မှုတွေ၊ လေးစားမှုတွေကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ။ သူမဟာ ကျွန်တော်တို့အတွက် အတုယူစရာလူတစ်ယောက်အဖြစ် ရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ တစ်နိုင်ငံလုံး သူ့အတွက် ၀မ်းနည်းပူဆွေး နေရတာပါ။ တခြားလူတွေက တခြာနည်းလမ်းကို ရှာကြမယ့်အချိန်မှာ တဂ်စီဟာ အတုယူထိုက်စရာ သတ္တိဗျတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ပါတယ်´ ဟု ဂျာမနီ သမ္မတ ဂျိုအာချင်း ဂေါက်က ပြောကြားခဲ့ပြီး တဂ်စီ၏ မိသားစုကိုလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
    Tugce-EPA
    အသက် ၂၃ နှစ်အရွယ် တဂ်စီမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အော့ဖ်ဘန့်ခ်ျမြို့ရှိ -စားသောက်ဆိုင် တစ်ခု၏ ရေချိုးခန်းရှေ့တွင် အမျိုးသားသုံးဦး၏ အရှက်တကွဲပြုခြင်း ခံနေရသည့် အမျိုးသမီးနှစ်ဦးအား လွတ်မြောက်ရန် သွားရောက်ကူညီခဲ့သည်။
    ထို့နောက် ၁ နာရီခန့် အကြာတွင် အမျိုးသား သုံးဦးထဲမှ အသက် ၁၈ နှစ်အရွယ် ဆာနီလ်အမ်ဆိုသူက တဂ်စီအား ကားပါကင်ထဲတွင် ပြင်းထန်စွာရိုက်နှက်ခဲ့သောကြောင့် တဂ်စီမှာ သတိလစ်မေ့မြောခဲ့ပြီး ကိုးမားရောဂါကို ခံစားခဲ့ရသည်။
    တဂ်စီ၏ မိသားစုများနှင့် မိတ်ဆွေ အပေါင်းအသင်းများက သတင်းကောင်းကို မျှော်လင့် ခဲ့ကြသော်လည်း ဆရာဝန်များကမူ တဂ်စီ၏ ဦးနှောက်မှာ သေဆုံး သွားခဲ့ပြီဟု နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကြေညာခဲ့ပြီး မိသားစုကကလည်း တဂ်စီ အသက် ၂၃ နှစ်ပြည့်သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် အသက်ရှုကိရိယာများကို ဖြုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
    တဂ်စီ၏ သတ္တိကို ချီးကျူးသည့်အနေဖြင့် ဂျာမန်ပြည်သူထောင်ပေါင်း များစွာတို့မှာ အခင်းဖြစ်ပွားခဲ့သည့် စားသောက်ဆိုင် အရှေ့တွင် တိတ်ဆိတ်စွာ စုရုံး ဆန္ဒပြခဲ့ကြပြီး တဂ်စီအတွက် နောက်ဆုံးနှုတ်ဆက်ခဲ့ကြသည်။
    Tugce1-EPA
    အဆိုပါ လူအုပ်ကြီးမှာ “Seni seviyoruz” (ငါတို့အသင့်ကို ချစ်နေမည်)စသည့် စာတမ်းများရေးသားထားပြီး တဂ်စီ၏ ဓာတ်ပုံကို ကပ်ထားသည့် တီရှပ်များကို ၀တ်ဆင်ကာ ၊ “Danke Tuğçe” (ကျေးဇူးပါ တဂ်စီ) ဟု လက်ရေးဖြင့်ရေးသားထားသော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။
    ထို့ပြင် တဂ်စီ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု အတွက် Order of Merit ဆု ချီးမြှင့်ရန် အစိုးရထံ တောင်းဆိုလွှာကိုလည်း ဂျာမန်ပြည်သူ ရာပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့ကြသည်။
    ဂျာမနီမှာ ပြင်သစ်နိုင်ငံပြီးလျှင် ဥရောပ၌ အစ္စလာမ် ဘာသာဝင် ဒုတိယ အများဆုံးရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်း၏ ၅ ရာခိုင်နှုန်းခန့်မှာ အစ္စလာမ် သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
    ထို့အပြင် အစ္စလာမ်မှာ ခရစ်ယာန် ပရိုတက်တက်စတင့်နှင့် ခရစ်ယာန်ကက်သလစ် တို့ပြီးနောက် ဂျာမနီ၏ တတိယအကြီးဆုံး အယူဝါဒလည်းဖြစ်သည်။
    OnIslam
  • မွတ်စလင်များအတွက်  ပညာတော်သင်ဆု အစီအစဉ်ကို ဂျာမနီအစိုးရ စတင်
    မွတ်စလင်များအတွက် ပညာတော်သင်ဆု အစီအစဉ်ကို ဂျာမနီအစိုးရ စတင်
    နိုဝင်ဘာ ၂၁ ၊ ၂၀၁၄
    M-Media
    19-11-14_Germany-Launches-Scholarships-for-Muslims
    – မွတ်စလင်များ ဂျာမန် လူ့အဖွဲ့အစည်းတွင်း ပူးပေါင်းပါဝင်မှုကို အားပေးရန်နှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ် အားလုံးတွင် မွတ်စလင်များ၏ အရည်အသွေးများအား မြှင့်တင်ပေးရန်တို့ အတွက် မွတ်စလင် ပညာတော်သင်ဆု အစီအစဉ် တစ်ခုကို ဂျာမနီအစိုးရက စတင်လိုက်သည်ဟု သိရသည်။
    အဆိုပါ ပညာသင်ဆုကို အစိုးရက တိုက်ရိုက်ငွေကြေးထောက်ပံ့ထားသည့်  Avicenna Studienwerk အဖွဲ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ ပါရမီရှိသော၊ တက်ကြွ၍ ပြည်သူ့အကျိုးပြု  လုပ်ငန်းများ လုပ်ဆောင်နေသာ မွတ်စလင်များကို ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
    “ဒါဟာ ဂျာမန် သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ကနဦးအဖြစ် မွတ်စလင် ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးကို ပညာတော်သင်ဆုပေးခဲ့ပြီး လာမယ့်နှစ်မှာတော့ မွတ်စလင် ၅၀၀ လောက်ကို ပညာတော်သင်ဆုပေးသွားမှာပါ” ဟု Avicenna Studienwerk အဖွဲ့မှ ဥက္ကဌ ဘူလန့် ယူကာရ်က Today’s Zman သတင်းစာသို့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
    အဆိုပါ ပညာတော်သင်ဆု အစီအစဉ်အတွင် မွတ်စလင်ကျောင်းသားများမှာ တစ်လလျှင် အနည်းဆုံး ယူရို ၆၇၀နှင့် ထပ်ဆောင်းထောက်ပံ့ငွေ ယူရို ၃၀၀ စုစုပေါင်း ၉၇၀ ရရှိမည်ဖြစ်ပြီး၊ PhD တက်သည့် ကျောင်းသားများမှာ တစ်လလျှင် ယူရို ၁၁၅၀ ရရှိမည်ဖြစ်သည်။
    ပညာရေးနယ်ပယ်တွင် မွတ်စလင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော ပထမဆုံး အစိုးရအဖွဲ့အစည်းဖြစ်သည့် Avicenna Studienwerk မှာ ချီးကျူးခြင်းခံခဲ့ရပြီး ယူကာရ်ကလည်း အဆိုပါ စီမံကိန်းမှာ လူငယ်ပညာရှင်များကို ပံ့ပိုးပေးပြီး ၎င်းတို့အတွက် လမ်းခင်းပေးသည့် အရေးပါသော စီမံကိန်းဟု ပြောကြားခဲ့သည်။
    ဂျာမနီတွင် အစ္စလာမ့်ရေးရာများကို ၂၀၁၂ ခုနှစ်မှစတင်ကာ အစိုးရ တက္ကသိုလ်အချို့တွင် သင်ကြားပေးပြီး ပုဂ္ဂိလိကကျောင်းများတွင်မူ အစ္စလာမ်နှင့်ပတ်သက်သည့် သင်ခန်းစာများကို ၂၀၀၉ ခုနှစ်မှစတင်ကာ သင်ကြားပေးခဲ့သည်။
    အစ္စလာမ်မှာ ခရစ်ယာန်ပြီးလျှင် ဂျာမနီ၌ ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံလူဦးရေ ၈၂ သန်းတွင် ၅ ရာခိုင်နှုန်းခန့်မှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
    ref_OnIslam & News Agencies
  • ဂျာမဏီတွင် မွတ်စ်လင်မ် မဟုတ်သူများ ဗလီများကို လာရောက် လေ့လာရန်  မွတ်စလင်မ် အဖွဲ့အစည်းများ ဖိတ်ခေါ်
    ဂျာမဏီတွင် မွတ်စ်လင်မ် မဟုတ်သူများ ဗလီများကို လာရောက် လေ့လာရန် မွတ်စလင်မ် အဖွဲ့အစည်းများ ဖိတ်ခေါ်
    အောက်တိုဘာ ၁၇ ၊ ၂၀၁၄
    M-Media
    germany-mosque
    ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ မွတ်စ်လင်မ် အဖွဲ့အစည်းများသည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက်လည်ပတ်ရန် ထောင်နှင့် ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။
    မွတ်စ်လင်မ်တို့အပေါ် အစွဲဆိုးများ ကျွတ်စေရန်နှင့် ယဉ်ကျေးမှုဖလှယ်နိုင်ရေး အစီအစဉ်အရ ဂျာမဏီနိုင်ငံမှ မွတ်စ်လင်မ်တို့သည် သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်များသို့ လာရောက် လည်ပတ်ရန် ထောင်နှင့်ချီသော မွတ်စ်လင်မ် မဟုတ်သူများအား ဖိတ်ခေါ်ခဲ့ကြသည်။
    “အကြောင်းမလှစွာနဲ့ ဂျာမဏီ လူ့အဖွဲ့အစည်းထဲ အစ္စလာမ်ကြောက်ရောဂါ၊ မွတ်စ်လင်မ်တွေပေါ် အမုန်းတရား ကြီးထွားလာနေတာကို ကျွန်တော်တို့ တွေ့မြင်နေကြရတယ်။ ကျွန်တော်တို့ရဲ့ ဒီကဧည့်သည်တော် ဂျာမန်လူမျိုးတွေ မကြာခဏ မေးမြန်းကြတာကတော့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒ အကြောင်းတွေပါပဲ။ အစ္စလာမ်သာသနာက အဲ့ဒါတွေကို အရင်း တည်ထားတာ မဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်တို့က အစ္စလာမ့်တန်ဖိုး (အနှစ်သာရ) အစစ်အမှန်တွေ ပြောပြပါတယ်။ ကျွန်တော်တို့ရဲ့ အစွန်းရောက်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အသိပေးနေပါတယ်။ မွတ်စ်လင်မ်တွေအပေါ်ရှိတဲ့ အဆိုးတရားအစွဲတွေကို လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်” ဟု ဘာလင်ရှိ Sehitlik ဗလီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ Ender Cetin မှ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” အစီအစဉ်အတွင်း စာနယ်ဇင်းသမားတို့အား ပြောကြားသည်။
    မကြာသေးမီက ISIL အဖွဲ့မှ ကျူးလွန်သော အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ရက်စက်ခြင်း သတင်းတို့ကြောင့် ဂျာမဏီနိုင်ငံတစ်ဝှမ်းရှိ မွတ်စ်လင်မ်တို့အပေါ် သံသယများ၊ အဆိုးမြင်တုန့်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
    ဂျာမဏီ၌ မွတ်စ်လင်မ် လေးသန်းခန့်ရှိပြီး သုံးသန်းဝန်းကျင်မှာ တူရကီနွယ်ဖွားများ ဖြစ်ကြသည်။ Infratest-dimap မှ လတ်တစ်လောပြုလုပ်သည့် လူထုစစ်တမ်းတစ်ရပ်က ဂျာမန်လူမျိုး ၄၂ ရာခိုင်နှုန်းသည် ယခုအခါ အစ္စလာမ်သာသနာကို ရန်မူတတ်သည့်ဘာသာအဖြစ်လည်းကောင်း၊ ၃၈ ရာခိုင်နှုန်းမှာ အန္တရာယ်အဖြစ် လည်းကောင်း ရှုမြင်နေသည်ဟု ဆိုသည်။
    ဂျာမဏီနိုင်ငံမှ အကြီးမားဆုံးမွတ်စ်လင်မ်အသင်းအဖွဲ့လေးခုမှ စုပေါင်းဖွဲ့စည်းထားသော ဂျာမဏီမွတ်စ်လင်မ်ညီညွတ်ရေးကောင်စီမှ သောကြာနေ့တွင် ဂျာမန်လူ့အဖွဲ့အစည်းထံသို့ “ပွင့်လင်းမြင်သာသော ဗလီဝတ်ကျောင်းတော်များနေ့” နှင့်အတူ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအသီးသီး၏ ထူးခြားမှုများ၊ အစ္စလာမ့်ရေးရာမေးခွန်းတို့ကို ဖြေကြားမှုများ တင်ပြပြုလုပ်ပေးမည်ဟု ရှင်းလင်းပြောကြားထားသည်။
    ဂျာမဏီတစ်ဝှန်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀၀ တွင် ကျင်းပသော ယင်းရက်သတ္တပတ်လှုပ်ရှားမှုသို့ ဧည့်သည်တော်များ သိန်းနှင့်ချီ၍တက်ရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူများကဆိုသည်။
    ဗလီသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ဖူးသူ ဂျာမန်လူငယ် Stefan Streicher က ဘာလင်မှ Sehitlik ဗလီကြီးလည်ပတ်ခြင်းအပေါ် အားရကျေနပ်လှကြောင်း ပြောပြသည်။
    “ဒီဗလီဟာ လှပတင့်တယ်တဲ့ အဆောက်အဦတစ်ခုပါ။ ၀တ်ကျောင်းထဲမ၀င်ခင် ဖိနပ်ချွတ်ရခြင်းက ကျွန်တော့်အဖို့ တစ်စုံတစ်ရာ ထူးခြားစေပါတယ်။ ခြုံငုံပြောရရင် အကောင်းမြင်မှုနဲ့ အားရမိပါတယ်”။
    ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သော Sabine Schwanz က အစ္စလာမ်အကြောင်း ထပ်မံလေ့လာရန် စိတ်ဝင်တစားဖြစ်နေကြောင်း ဖြည့်စွက်ပြောပါသည်။
    “ဒီလိုအစီအစဉ်မျိုးက အဆိုးတရားအစွဲတွေကို ကျွတ်စေဖို့ အထောက်အကူပြုပါတယ်”။
    Ref : World Bulletin
  • Kubra Gumusay : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ  အပိုင်း(၁)
    Kubra Gumusay : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၁)
    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    WP-muslim-minorities-Dreamstime-sm
    မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။
    နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။
    ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။
    ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။
    ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။
    ၁။  စာရေးဆရာမ နှင့် ဘလော့ဂါ ကုဗ်ရာ ဂုမုဆေး (ဂျာမဏီ) Kubra Gumusay, Author and Blogger (Germany)
    ———————————————————
    01-sm
    ကုဗ်ရာ ဂုမုဆေး (၂၅ နှစ်)သည် ယဉ်ကျေးမှု သုံးရပ်မှ ပေါင်းဆုံ ထွက်ပေါ်လာသူဖြစ်သည်။ သူမ၏ မိဘများသည် တူရကီမှ ဂျာမဏီသို့ ပြောင်းရွှေ့လာပြီး သူမသည် ဂျာမဏီတွင် မွေးဖွားကြီးပြင်းသည်။ လက်ရှိတွင် သူမ၏ခင်ပွန်းနှင့်အတူ ယူကေရှိ အောက်စ်ဖို့ဒ်တွင် နေထိုင် လျက်ရှိသည်။ သူမသည် စာနယ်ဇင်းသမား၊ ဘလော့ဂါနှင့် စာရေးသူ အဖြစ် ဘ၀ဖြတ်သန်းချိန်တွင် “ပထမဆုံး ဟိဂျာ့ဗ်ဝတ် ပင်တိုင်ဆောင်းပါးရှင်” ဟု လူသိများကျော်ကြားသည်။ လက်ရှိ၌လည်း ဂျာမန်နေ့စဉ်သတင်းစာ Die Tageszeitung တွင် Das Tuch (အ၀တ်တစ်စ) အမည်ရှိ အခန်းဆက်ဆောင်းပါးများ ရေးသားနေသည်။
    ဂျာမဏီတွင် သူမဖြတ်သန်းရသည့် ဟိဂျာ့ဗ်ဝတ် မွတ်စ်လင်မ် အမျိုးသမီး တစ်ဦးအကြောင်း ရေးသားခဲ့တဲ့  သူမ၏ဘလော့ဂ် Ein Fremdwörterbuch ဟာ ၂၀၁၁ ခုနှစ် Grimme Online Award ဆုစာရင်းအတွက် အမည်တင်သွင်းခံခဲ့ရသည်။ သူမရဲ့ ဘလော့သို့ လစဉ် ၀င်ရောက်ဖတ်ရှုပေါင်း တစ်သောင်းသုံးထောင်အထိ ရှိနေသည်။ လက်ရှိ၌ သူမသည် လူငယ်များအတွက် စာတစ်အုပ်ကို ပြုစုရေးသား လျက်ရှိသည်။
    ဂျာမန်မွတ်စ်လင်မ် လူငယ်များကို စွမ်းဆောင်ရည်မြှင့်ပေးရန်နှင့် မှိုင်းသွင်းခံရမှုများကို တိုက်ဖျက်ရန် ဂျာမဏီတွင် တက်ကြွသူ မွတ်စ်လင်မ်များ ပေါင်းစုပါဝင်သော Zahnräder (ပဲ့ထိန်းများ) ကွန်ရက်အား တည်ထောင်သူများ အနက်လည်း သူမက အပါအ၀င် တွဲဖက်ဆောင်ရွက်နေ၏။ မကြာသေးမီက သူမ၏တွစ်တာအကောင့် Twitter @kuebra ၌လည်း  ဂျာမဏီတွင် နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် လူမျိုးကြီးဝါဒကို စတင်ပြီး ဝေဖန်ရေးသားသည်။
    ကုဗ်ရာသည် ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို အလုပ်ပိုအဖြစ် မည်သည့်အခါမျှ မမြင်။ ၂၀၁၂ ခုနှစ် Christoph Brammertz နှင့် အင်တာဗျူးတွင် ဤအချက်ကို ပေါ်လွင်အောင် ပြောကြားခဲ့သည်။
    “ ဟိဂျာ့ဗ်ဝတ်ဆင်တဲ့ အမျိုးသမီးတစ်ဦးကို သူမက မတောင်းဆိုပဲနဲ့ ရုပ်မြင်သံကြားပေါ် မြင်ရဖို့ ကျွန်မတို့ လူ့အဖွဲ့အစည်းအပေါ် ပြင်ဆင်ပေးထား ပါသလား ? ဟိဂျာ့ဗ်ကို မြင်တာနဲ့ လူတွေက ဒါနဲ့ပတ်သက်ပြီး ပြောစရာ တစ်ခုလို့ မြင်နေကြတယ်။ ကျွန်မ ဟိဂျာ့ဗ် ၀တ်ဆင်ပါရစေလို့ မတောင်းဆိုပဲ တစ်ချိန်ချိန်မှာ ရုပ်မြင်သံကြားပေါ် (ဥပမာ – အင်တာနက်အကြောင်းဖြစ်ဖြစ်ပေါ့) စကားပြောဆိုနိုင်ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”။
    ( Christoph Brammertz, ‘Blogger Kübra Gümüsay: “I Would Like to Break Down Stereotypes”’, Goethe Institut, Feb 2012 )
    ကုဗ်ရာ ဂုမုဆေး ၏ ဘလောဂ် စာမျက်နှာ လိပ်စာ http://ein-fremdwoerterbuch.com/
    – ဆက်လက်ဖော်ပြပါမည်။
    xxxxxxxxxxxxxxxxxxxx
    Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။