News @ M-Media

Tag: Germany Muslim

  • မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    5-4-15_Quran-Prophet-Era

    – သိပ္ပံနည်းကျ စမ်းသပ်မှုများအရ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) လက်ထက်က ရေးသားခဲ့သည်ဟု သိရှိရသော ကုရ်အာန်ကျမ်းတော်မြတ် အစိတ်ပိုင်းတစ်ခုကို ဘာလင်မြို့ရှိ ပြည်နယ်စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

    စောစောပိုင်း အစ္စလာမ့်ခေတ်ကာလမှ တွေရခဲသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းမှာ ၇ မျက်နှာရှိပြီး သားရေပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။ ဇူးရခ်ျမြို့ရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများအရ အေဒီ ၆၀၆ နှင့် ၆၅၂ အကြား ရေးသားထားခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

    ပြည်နယ်စာကြည့်တိုက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဥရောရှိ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူများကို စမ်းသပ်စစ်ဆေးသော စီမံကိန်း “Corpus Coranicusm” ၏ အစိတ်အပိုင်းအဖြစ် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Maerkischer Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

    ထို ကုရ်အာကျမ်းတော်မြတ် အစိတ်အပိုင်းကို ဘာလင်ပြည်နယ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး အီဂျစ်သိပ္ပံပညာရှင်တစ်ဦး၏ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ကာ ၁၉ ရာစုအဆုံးပိုင်း၊ သို့မဟုတ် ၂၀ ရာစုအစပိုင်းတွင် ဂျာမနီသို့ ယူဆောင်လာသည့် ယူဆရသည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်ထံက တမန်တော်မုဟမ္မဒ်ထံ ကောင်ကင်တမန်ကြီး ဂျီဘရာအီလ်မှ တဆင့် အချိန်အပိုင်းအခြားအလိုက် ချပေးခြင်းခံရသည့် ကျမ်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။

    ကုရ်အာန်ကျမ်းတော်မြတ်၏ မူရင်းမှာ အာရဘီစာပေဖြင့်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က ကျရောက်ခဲ့ပြီးဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်မှာ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံးမှ ပြောင်းလဲခြင်းမရှိဘဲ မူရင်းအတိုင်း တည်ရှိနေသည်။

    Ref: Onislam

  • ပြည်နယ်အချို့တွင် ဟီဂျဘ်ဝတ်ဆင်မှု ပိတ်ပင်ခြင်းအား ဂျာမနီအခြေခံဥပဒေခုံရုံး ပယ်ဖျက်

    ပြည်နယ်အချို့တွင် ဟီဂျဘ်ဝတ်ဆင်မှု ပိတ်ပင်ခြင်းအား ဂျာမနီအခြေခံဥပဒေခုံရုံး ပယ်ဖျက်

    မတ် ၁၄၊ ၂၀၁၅
    M-Media

    13-3-15_Germany-Reverses-Teachers-Hijab-Ban

    – ပြည်နယ်အချို့ရှိ စာသင်ကျောင်းများတွင် မွတ်စလင်ဆရာမများ ဟီဂျဘ်ဝတ်ဆင်ခွင့်အား တားမြစ်ထားမှုကို ဂျာမနီ အခြခေံဥပဒေခုံရုံးက ပယ်ဖျက်လိုက်ပြီး ၁၂ နှစ်တာ ကြာမြင့်ခဲ့သည့် အဆိုပါတားမြစ်မှုကို အဆုံးသတ်လိုက်သည်ဟု သိရသည်။

    “ဒါဟာ ဂျာမနီက မွတ်စလင်အမျိုးသမီးတွေအတွက် စစ်မှန်တဲ့ဘ၀ကို အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကို လူ့အဖွဲ့အစည်းမှာ တန်းတူညီတဲ့ နိုင်ငံသားတွေအဖြစ် ပါဝင်ဖို့ ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်” ဟု ဂျာမနီမွတ်စလင်ဗဟိုကောင်စီမှ ထုတ်ပြန်သော ကြေညာချက်တွင် အထွေထွေအတွင်းရေးမှူး နူရ်ဟန် ဆွိုင်ကန်က ပြောကြားခဲ့သည်။

    ဂျာမနီရှိ ပြည်နယ်အချို့တွင် ဟီဂျဘ်ဝတ်ဆင်မှုအား ပိတ်ပင်ထားသည့် ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟု အခြေခံဥပဒေဆိုင်ရာခုံရုံးက သတ်မှတ်ခဲ့ပြီးနောက် ထိုဥပေဒအား ဖျက်သိမ်းခဲ့ခြင်းကို ရည်ညွှန်း၍ ဆွိုင်ကန်က ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    ၂၀၀၃ ခုနှစ်တွင် ဂျာမနီ၏ ပြည်နယ် ၁၆ ခုမှ ၆ ပြည်နယ်က စာသင်ကျောင်းများရှိ မွတ်စလင်ဆရာမများ ဟီဂျဘ်ဝတ်ဆင်ခြင်းကို တားမြစ်ခဲ့သည်။ အဆိုပါတားမြစ်မှုကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြပြီး၊ မိမိတို့အခွင့်အရေး၏ အနှစ်သာရကို ချိုးဖောက်သောဥပဒေများဖြင့် ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားနေရသော မွတ်စလင်အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်ခဲ့သည်။

    ထိုသို့ ဟီဂျဘ်ပိတ်ပင်မှုကို ပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ တရားသူကြီးက “ဦးခေါင်းခြုံထည်၊ ဒါမှမဟုတ် ဘာသာရေးဆိုင်ရာအရ သတ်မှတ်ထားတဲ့ အခြားသောဝတ်စားဆင်ယင်မှုတွေအပေါ် အကျုံးဝင်တဲ့ ပိတ်ပင်ထားမှုဟာ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် သိသာထင်ရှားသည့် အန္တရာယ် သို့မဟုတ် ကျောင်း၏ ငြိမ်းချမ်းရေးကို နှောက်ယှက်သည့် အခြေအနေမျိုးတွင်မှသာ ထိုအခွင့်အရေးကို ပိတ်ပင်နိုင်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်မှာ နော့ရွိုင်း ၀က်စ်ဖာလီယာဒေသရှိ မွတ်စလင်ကျောင်းဆရာမနှစ်ဦး၏ ဦးတိုက်လျှောက်ထားမှုကို စုံးစမ်းစစ်ဆေးပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထိုဆရာမနှစ်ဦးတွင် တစ်ဦးမှာ ဟီဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး အခြားတစ်ဦးမှာလည်း စာဖြင့် သတိပေးခြင်း ခံခဲ့ရသည်။

    မွတ်စလင်ဆရာမများအား ဘာသာရေးသွန်သင်ချက်အတိုင်း ၀တ်စားဆင်ယင်ခြင်းကို ထိုကဲ့သို့ ပိတ်ပင်သော်လည်း ခရစ်ယာန်များနှင့် ဂျူးများကိုမူ ၎င်းတို့၏ ဘာသာရေး သွန်သင်မှုအတိုင်း ၀တ်စားဆင်ယင်ရန် နော့ရွိုင်း ၀က်စ်ဖာလီယာတွင် ခွင့်ပြုထားသည်။

    ဟီဂျဘ်မှာ မွတ်စလင်အမျိုးသမီးများ မဖြစ်မနေ၀တ်ဆင်ရမည့် အရာအဖြစ် အစ္စလာမ်က ရှုမြင်သော်လည်း တစ်ဦးတစ်ယောက်၏ ဘာသာအယူ ယုံကြည်သက်ဝင်မှုကို ဖော်ပြသည့် ဘာသာရေးသင်္ကေတအဖြစ် သတ်မှတ်ထားခြင်းမျိုး မဟုတ်ပေ။

    ဂျာမနီတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၄ သန်းခန့်ရှိပြီး မြို့တော်ဘာလင်တွင်ပင် ၂၂၀၀၀၀ ခန့် ရှိနေသည်။ များမကြာသေးမီကပင် ဂျာမနီတွင် မွတ်စလင်များအပေါ် ရန်လိုမှုများ ကြီးထွားလာခဲ့ပြီး Munster တက္ကသိုလ်၏ စစ်တမ်းကောက်ယူမှုများအရ ဂျာမနီမှာ အခြားသော ဥရောပနိုင်ငံများထက်ပို၍ မွတ်စလင်များပေါ် မကောင်းသည့်အမြင်များဖြင့် ရှုမြင်ကြသည်ဟု ဖော်ပြထားသည်။

    Ref: Onislam

  • ဂျာမနီနှင့် ဖင်လန်နိုင်ငံရှိ ရေဒီယိုများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အနက်ဖွင့်ဆိုချက်နှင့်တကွ ထုတ်လွှင့်သွားမည်

    ဂျာမနီနှင့် ဖင်လန်နိုင်ငံရှိ ရေဒီယိုများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အနက်ဖွင့်ဆိုချက်နှင့်တကွ ထုတ်လွှင့်သွားမည်

    မတ် ၂၊ ၂၀၁၅
    M-Media

    quran

    – အစ္စလာမ်နှင့် ပတ်သက်၍ ပြည်သူများ၏ အသိပညာ တိုးပွားစေရန်အတွက် ကျမ်းတော်မြတ်မှ ပါဒတော်များ၏ အဓိပ္ပါယ်၊ အနက်ဖွင့်ဆိုချက်များနှင့်တကွ ဖင်လန်နှင့် ဂျာမနီရှိ ရေဒီယိုဌာနများမှ အပတ်စဉ် ထုတ်လွှင့်ပေးတော့မည်ဟု သိရသည်။

    “ကျွန်တော်ပြန်တဲ့ ဘာသာပြန် ဖတ်ကြားတာကို ကြားရမှာ သိပ်ကောင်းပါတယ်။ ကုရ်အာန်းကျမ်းတော်မြတ် တစ်အုပ်လုံးကို ထုတ်လွှင့်ဖို့ဟာ အရေးကြီးပြီး အစ္စလာမ်ဟာ ဆိုးတယ်၊ အကြမ်းဖက်တယ်။ ဒါမှမဟုတ် အစ္စလာမ်ဟာ လှပတယ်၊ ကောင်းမွန်တယ်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုပဲ ထုတ်ပြတာမျိုး မဖြစ်ရပါဘူး။ ပါဒတော်အားလုံးက နားထောင်သူတွေ ဆုံးဖြတ်ဖို့အတွက် ဖြစ်စေမှာပါ” ဟု ကုရ်အာန်ကျမ်းတော်မြတ်ကို ဖင်လန်ဘာသာသို့ ပြန်ဆိုခဲ့သူ ပရော်ဖက်ဆာ ဂျက်ကို ဟာမီန်း-အန့်တီလာက ဖင်လန် ရေဒီယိုကုမ္ပဏီ Yle ၏ Radio 1 သို့ ပြောကြားခဲ့သည်။

    Yle ကုမ္ပဏီက ဆောင်ရွက်မည့် ထို ထုလွှင့်ခြင်းအစီအစဉ်မှာ တစ်ကြိမ်လျှင် နာရီဝက်စီကြာမြင့်မည်ဖြစ်ပြီး အပိုင်းပေါင်း ၆၀ ပါဝင်မည်ဖြစ်သည်။ အပိုင်းတစ်ခုချင်းစီတွင် ဖင်လန်မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင် အီမာမ် အနတ်စ် ဟက်ဂျာနှင့် ပါမောက္ခ ဟာမီန်း အန့်တီလာတို့၏ ဆွေးနွေးခန်းလည်း ပါဝင်မည်ဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ဖတ်ကြားခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ် ပါဒတော်၏ ဘာသာရေးနှင့် သမိုင်းကြောင်းဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

    “အီမာမ် အနတ်စ် ဟက်ဂျာနဲ့ ကျွန်တော်တို့ဟာ စာပိုဒ်တစ်ခုကိုဖတ်ပြီး အဲဒီစာပိုဒ်ကို ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖော်ပြသွားမှာပါတယ်။ အီမာမ်ဟက်ဂျာက ပါဒတော်ရဲ့ လက်တွေ့သဘောနဲ့ ခေတ်ပြိုင် အဓိပ္ပါယ်ကို ပြောသွားမယ်။ ကျွန်တော်ကတော့ ဒီပါဒတော်နဲ့ စက်ဆပ်နေတဲ့ သမိုင်းကြောင်းကို သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဟာမီန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဆွေးနွေးမှုများတွင် လူပြည့်လောကနှင့် နောက်တမလွန်ဘ၀အကြောင်းများ၊ လူများကို အနှောက်အယှက်ပေးသည့် စာတန်မိစ္ဆာအကြောင်းနှင့် နေ့စဉ်ဘ၀ ကျင့်သုံးလိုက်နာရမည့် ညွှန်ကြားချက်များလည်း ပါဝင်မည်ဖြစ်သည်။

    Yle ကုမ္ပဏီကမူ အဆိုပါ အစီအစဉ် ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်ရရှိရန် ဖင်လန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေး တာဝန်ရှိသူများမှ ကိုယ်စားလှယ်များကို ဆော်သြတိုက်တွန်းခဲ့သည်။

    “ဒီအစီအစဉ်က တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့အတွက် အရေးပါတဲ့ အဆင့်ပါပဲ။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဒီထဲမှာ ပါဝင်တာတွေကို ပြောပြဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်” ဟု အီမာမ် အနတ်စ် ဟက်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    ဖင်လန်နိုင်ငံ၏ လူဦးရေ ၅.၂ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေ ၄၀၀၀၀ မှ ၄၅၀၀၀ အကြား ရှိနေသည်။

    ဂျာမနီတွင်လည်း ဆောင်ရွက်မည်

    ဂျာမနီ၏ Radio Deutschland ကလည်း ကုန်အာန်ကျမ်းတော်မြတ် ထုတ်လွှင့်မှု စီးရီးအသစ်ကို ယခုလတွင် စတင်မည်ဖြစ်သည်။

    အဆိုပါ အစီအစဉ်ခေါင်းစဉ်ကို Quran declares ဟု အမည်ပေးထားပြီး လာမည့်သောကြာနေ့တွင် စတင်မည်ဖြစ်ကာ အပတ်စဉ် တင်ဆက်သွားမည်ဖြစ်သည်။ ၄ မိနစ်တာ ကြာမြင့်မည့် အဆိုပါ ထုတ်လွှင့်မှုအစီအစဉ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ပထမ ရွတ်ဖတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အစ္စလာမ့်ပညာရှင်တစ်ဦးက အဓိပ္ပါယ်ပြန်ဆိုချက်ကို ပြောကြားသွားမည်ဖြစ်သည်။

    ဂျာမနီတွင် အစ္စလာမ်သာသာဝင်ဦးရေ ၄ သန်းခန့်ရှိမည်ဟု ယုံကြည်ရပြီး ဘာလင်မြို့တစ်မြို့တည်းတွင်ပင် ၂၂၀၀၀၀ ခန့် ရှိနေသည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်မှ တမန်တော်မုဟမ္မဒ်ထံ ချပေးခဲ့သည့် ကျမ်းစာဖြစ်ပြီး အာရဘီဘာသာစကားဖြင့် ရေးသားထားခြင်ဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကျော် စတင်ကျရောက်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ တစ်လုံးတစ်ပါဒမှ ပြင်ဆင်ပြောင်းလဲထားခြင်း မရှိချေ။

    Ref: Onislam

  • ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား တန်ပြန်ဆန္ဒပြမှုများ ထပ်မံပြုလုပ်

    ဂျာမနီတွင် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုအား တန်ပြန်ဆန္ဒပြမှုများ ထပ်မံပြုလုပ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    gmn

    – လက်ယာစွန်းရောက် PEGIDA အဖွဲ့၏ အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများအား ဆန့်ကျင်သည်ကို ပြသသောအနေဖြင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ပွဲကို ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်း မြို့ကြီးများ၌ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    PEGIDA ၏ လှုပ်ရှားမှု အခိုင်အမာရှိနေသည့် မြူးနစ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုတွင်ပင် လူပေါင်း ၁၀၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။

    ဘာဘာရီယန် မြို့များဖြစ်သည့် ၀ူအာ့ဇ်ဘာ့ဂ်နှင့် နုရင်ဘာ့ဂ်တို့တွင် ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုများတွင် လူပေါင်း ၁၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု ဂျာမန် သတင်းအေဂျင်စီ DPA က ဖော်ပြခဲ့သည်။ ထို့ပြင် အခြားသော မြို့များဖြစ်သည့် ဘာလင်၊ ဒူလ်ဆဲလ်ဒေါ့ဖ်နှင့် မဂ်ဒီဘာ့ဂ်တို့တွင်လည်း လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်ပွဲများကို ပြုလုပ်ခဲ့ကြပြီး လူပေါင်း ၁ သောင်းနီးပါး ပါဝင်ခဲ့သည်။

    နာဇီလက်သစ်ဝါဒီများ ပါဝင်ပြီး PEGIDA က ဦးဆောင်ပြုလုပ်နေသော အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှုကို ပြီးခဲ့သည့် တစ်ပတ်ကလည်း နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်အပါအ၀င် လူပေါင်း ၁ သိန်းခန့် ပါဝင်ခဲ့ကြသည်။

    ဒရက်စ်ဒန်မြို့တွင် လာမည့်သီတင်းပတ်အတွင်း အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ်ရန် PEGIDA ၏ စီစဉ်ထားမှုကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်။ ဒရက်စ်ဒန်မြို့မှာ PEGIDA အခြေစိုက်ရာ မြို့ဖြစ်ပြီး အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ်နေသည့် မြို့လည်းဖြစ်သည်။

    Ref: alarabiya

  • မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့

    မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုကို ဆန့်ကျင်သော ချီတက် လမ်းလျှောက်မှု ဂျာမနီတွင်ပြုလုပ်ခဲ့

    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့တိုင်းပြည်မှာ နေရာမရှိပါဘူး´ (ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်)

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    agl

    – ယမန်နေ့က ဘာလင်တွင် ပြုလုပ်ခဲ့သော မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က မိမိတို့တိုင်းပြည်တွင် အမုန်းတရားများ၊ လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဝါဒတို့အတွက် နေရာမရှိဟု ပြောကြားလိုက်သည်။

    ဂျာမန်မွတ်စလင် ဗဟိုကောင်စီမှ စီစဉ်ကာ ဘာလင်ရှိ သမိုင်းဝင် Brandenburg Gate မှ စတင်ခဲ့သည့် အဆိုပါ ချီတက်ပွဲကို “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ မွတ်စလင်အသင်းအဖွဲ့ ၂၈ ခု ပါဝင်ခဲ့ကာ ဘာလင်တူရကီအသင်း TGB လည်း ပါဝင်ခဲ့သည်။

    ချီတက်လမ်းလျှောက်ပွဲကို အစ္စလာမ်ဘာသာဝင်များ၏ ထုံးတမ်းစဉ်လာ ဆုတောင်းမှုဖြင့် စတင်ခဲ့ပြီး၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ဂျူးဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

    ထိုချီတက်ပွဲကို တက်ရောက်ခဲ့သည့် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ ဘာသာတရား သို့မဟုတ် ဇာတိကိုလိုက်၍ လူအုပ်စုတစ်ခုအား ဖယ်ထုတ်ထားခြင်းမှာ မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမဟုတ်ဟု ပြောကြားခဲ့သည်။

    `နိုင်ငံခြားသားတွေကိုမုန်းတာ၊ လူမျိုးရေးခွဲခြားတာနဲ့ အစွန်းရောက်ဝါဒတွေဟာ ကျွန်မတို့ တိုင်းပြည်မှာ နေရာမရှိပါဘူး´ ဟု မာကဲလ်က ချီတက်လမ်းလျှောက်မှုတွင် ပါဝင်သည့် လူအုပ်စုကြီးအား ပြောကြားခဲ့သည်။

    ထိုချီတက်လမ်းလျှောက်ပွဲသို့ ဂျာမနီသမ္မတ ဂျိုအာချင်းဂေါက်လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့အားလုံးဟာ ဂျာမနီနိုင်ငံသားတွေပါပဲ။ ကျွန်တော်တို့ဟာ မတူညီတဲ့ နိုင်ငံရေးအုပ်စု၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရား နောက်ခံတွေ ပေါင်းစုထားတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားကြပြီး ရိုင်းပင်းကြရမှာ ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုမှာ နေချင်ကြတဲ့သူတွေ ဖြစ်ပါတယ်´ ဟု ဂျိုအာချင်းဂေါက်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အကြမ်းဖက်မှုများကို လုပ်ဆောင်သော အစ္စလာမ့်မစ် အခြေခံဝါဒီများအတွက် မိမိတို့၏ အဖြေမှာ ဒီမိုကရေစီ၊ တစ်ဦးကိုတစ်ဦး လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားမှုသာ ဖြစ်ပြီး ထိုအချက်များမှာ မိမိတို့၏ ဘ၀တည်ဆောက်မှုလမ်းစဉ်သာ ဖြစ်ကြောင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ညီညွတ်မှုဖြင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ချီတက်လမ်းလျှောက်သူများမှာ ပြင်သစ်သံရုံးရှေ့အရောက်တွင် ပဲရစ်မြို့၌ ပြီးခဲ့သည့် တစ်ပတ် တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သူများအတွက် တစ်မိနစ်ခန့် ငြိမ်သက် ဂါရ၀ပြုခဲ့ကြသည်။

    `ပြင်သစ်ပြည်သူတွေ၊ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။ အကြမ်းဖက်သမားတွေ နိုင်မသွားပါဘူး။ နိုင်မှာလည်း မဟုတ်ပါဘူး´ ဟု ဂျာမန်မွတ်စလင် ဗဟိုကောင်စီ ဥက္ကဌ မက်ဇ်ယက်က ပြောကြားခဲ့ပြီး မိမိတို့အားလုံးမှာ ဂျာမနီနိုင်ငံသားများ ဖြစ်ကြသည်ဟု နိဂုံးချုပ်ခဲ့သည်။

    ဂျာမနီနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များမှစ၍ လက်ယာစွန်းရောက်အဖွဲ့တစ်ခုဖြစ်သော PEGIDA မှ နိုင်ငံအရှေ့ပိုင်း မြို့တော် ဒရက်စ်ဒန်တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး ဂျာမန်ပြည်သူများကမူ ၎င်းတို့အဖွဲ့အား နာဇီလက်သစ်အဖွဲ့ဟု သတ်မှတ်ကာ ထိုလုပ်ရပ်များကို ဆန့်ကျင်သော တန်ပြန်ဆန္ဒပြမှုများအား နိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ကြသည်။

    ဂျာမနီဝန်ကြီးချုပ် မာကဲလ်ကလည်း PEGIDA အဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာမှာ ဂျာမနီ၏ အယူဝါဒဖြစ်သည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

    Ref : onislam