News @ M-Media
Tag: Germany
  • ဟစ်တလာမွေးဖွားခဲ့သည့် နေအိမ်အား သြစတြီးယားအစိုးရ ဖြိုချမည်
    ဟစ်တလာမွေးဖွားခဲ့သည့် နေအိမ်အား သြစတြီးယားအစိုးရ ဖြိုချမည်
    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media
    nazi
    – နာဇီလက်သစ်များ ဦးတိုက်ရာနေရာ ဖြစ်လာနိုင်မှုကို တားဆီးရန်အတွက် နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာမွေးဖွားခဲ့သော သြစတြီးယားမှ နေအိမ်ကို ဖြိုချမည်ဟု သိရသည်။
    ထိုနေအိမ်အား ဖြိုချရမည်လား၊ သို့မဟုတ် အသုံးပြုသည့်ပုံစံကို ပြောင်းပစ်ရမည်လားဆိုသည်နှင့်ပတ်သက်၍ ငြင်းခုံမှုများမှာ အချိန်အတော်ကြာကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ အိမ်ပိုင်ရှင်ကလည်း ရောင်းချရန် ငြင်းဆိုခဲ့သည်။
    သို့သော်လည်း သြစတြီးယားပြည်ထဲရေးဝန်ကြီး ၀ုဖ်ဂန် ဆိုဘော့တ်ကာကမူ ကျွမ်းကျင်သူများပါဝင်သည့် ကော်မတီတစ်ရပ်က အဆိုပါနေအိမ်အား ဖြိုချရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ထိုနေရာတွင် အဆောက်အဦးသစ်တစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး အစိုးရ သို့မဟုတ် ပရဟိတလုပ်ငန်းအတွက် အသုံးပြုရန် အစီအစဉ် ရှိနေသည်။
    ၃ ထပ်ရှိနေသည့် အဆိုပါ နေအိမ်အတွက် ပိုင်ရှင် ဂါလင်ဒီ ပွမ်မာနှင့် အစိုးရတို့အကြား တရားရေးဆိုင်ရာ အငြင်းအခုံများ ဖြစ်ခဲ့ကြပြီး အဆောက်အဦးအား တစ်လွဲသုံးမည်ကို စိုးရိမ်သောကြောင့် အစိုးရက ၁၉၇၂ ခုနှစ်ကတည်းက ငှားရမ်းထားခြင်းဖြစ်သည်။
    ပိုင်ရှင်ကမူ အဆိုပါအိမ်ကို ရောင်းချရန် ငြင်းဆိုသည်သာမကပဲ ပြင်ဆင်ခွင့်လည်း မပြုချေ။ ထိုအဆောက်အဦးကို ယခင်က မသန်စွမ်းသူများစင်တာအဖြစ် အသုံးပြုခဲ့သည်။
    ပြည်ထဲရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုအဆောက်အဦးအား သိမ်းယူနိုင်မည့် ဥပဒေပြင်ဆင်ချက်တစ်ခုကို အခုနှစ်အစောပိုင်းက အတည်ပြုခဲ့သော်လည်း ဖြိုချဖျက်ဆီးရန်အတွက် လွှတ်တော်၏ သဘောတူညီချက် လိုသည်ဟု ပြောကြားခဲ့သည်။
    အချို့သော ပြည်သူများကမူ ထိုအဆောက်အဦးကို ဒုက္ခသည်စင်တာအဖြစ်လည်းကောင်း၊ အချို့က သြစတြီးယား နာဇီလက်မှ လွတ်မြောက်သည့် အထိမ်းအမှတ်ပြတိုက်အဖြစ်လည်းကောင်း အသုံးပြုရန် အလိုရှိနေသောကြောင့် အစိုးရ၏ ထိုကဲ့သို့ ဖြိုချရန် ဆုံးဖြတ်ချက်အတွက် မနှစ်မြို့မှုများ ရှိလာနိုင်သည်။
    Ref: BBC
  • ၀ရမ်းပြေးတစ်ဦးကို ဖမ်းပေးသည့် ဆီးရီးယားဒုက္ခသည်များကို ဂျာမနီ ချီးကျူး
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    refugee
    – ဗုံးခွဲမည်ဟု သံသယရှိသည့် တရားခံပြေးတစ်ဦးကို နိုင်ငံအရှေ့ပိုင်း အီအစ်ပ်ဇစ်ဂ်မြို့တွင် ဖမ်းဆီးကာ ရဲလက်အပ်ခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို ဂျာမနီတာဝန်ရှိသူများက သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။
    တရားခံပြေးမှာ အသက် ၂၂ နှစ်အရွယ် ဆီးရီးယားဒုက္ခသည် ဂျဘာရ် အလ်-ဘာကာရ်ဖြစ်ပြီး ၎င်းနေထိုင်ရာ နေအိမ်မှ ကီလိုမီတာ ၈၀ အကွာတွင် ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်တစ်ပတ်အတွင်း ၀င်ရောက်ဖမ်းဆီးရာတွင် လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားဒုက္ခသည် ၃ ဦးကမူ အလ်-ဘာကာရ်ကို တနင်္လာနေ့က ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်။
    လီအစ်ပ်ဇစ်ဂ်မြို့တော်ဝန်ဖြစ်သူ ဘာရ်က်ဟာ့ဒ်ကမူ အဆိုပါ ဒုက္ခသည် ၃ ဦးအား အင်္ဂါနေ့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
    “ဒါဟာ အကြမ်းဖက်မှုတစ်ခုအပေါ် ကြီးကြီးမားမား အောင်မြင်လိုက်တာပဲ ဖြစ်ပါတယ်၊ အခုဖြစ်ရပ်က ကျွန်တော်တို့နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုလှုံသူတွေဟာ အစွန်းရောက်ဝါဒနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲ” ဟု က မြို့တော်ဝန်က ဆိုသည်။
    ဂျာမနီတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိထားသည့် ဘာကာရ်မှာ ဂျာမနီသို့ ရောက်လာသည့် ဒုက္ခသည် ၈၉၀၀၀၀ အနက် တစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့က ဘာကာရ်ကို IS အဖွဲ့နှင့် အဆက်အသွယ်ရှိပြီး ဘာလင်မြို့လေဆိပ်ကို ဗုံးထောင်နိုင်ချေရှိသူအဖြစ် သံသယဖြစ်ခဲ့ခြင်းဖြစ်သည်။
    အတိုက်အခံလက်ဝဲပါတီမှ ထင်ရှားသည့်နိုင်ငံရေးသမားဖြစ်သူ အန်ဒေရ ဟန်ကမူ ၀ရမ်းပြေး ဘာကာရ်အား ဖမ်းဆီးပေးခဲ့သည့် ဆီးရီးယားဒုက္ခသည် ၃ ဦးကို သတ္တိရှိသူအဖြစ် ကင်းပွန်းတပ်ခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ခိုလှုံခွင့် အလျင်အမြန်ပေးရန် တိုက်တွန်းခဲ့သည်။
    “ရိုးသားပြီး အကူအညီလိုနေတဲ့ ဒုက္ခသည်တွေ၊ IS အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိတဲ့သူတွေကို ဒီလို လုပ်ပေးဖို့ သိပ်အရေးကြီးပါတယ်”
    Ref : Aljazeera
  • ဂျာမနီကချီးမြှင့်သည့် ငြိမ်းချမ်းရေးဆုကို ဂျော်ဒန်ဘုရင် ရရှိ
    ဂျာမနီကချီးမြှင့်သည့် ငြိမ်းချမ်းရေးဆုကို ဂျော်ဒန်ဘုရင် ရရှိ
    အောက်တိုဘာ ၉၊ ၂၀၁၆
    M-Media
    jordan
    – ငြိမ်းချမ်းရေးနှင့် သာတူညီမျှမှုကို မြှင့်တင်ပေးသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို ဂျာမနီနိုင်ငံမှ ချီးမြှင့်သည့် Westphalian Peace Prize ဆုကို ယခုနှစ်အတွက် ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က ရရှိသွားခဲ့သည်ဟု သိရသည်။
    အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် နှစ်မြှုပ်ဆောင်ရွက်မှု၊ နိုင်ငံ၏ ရွှေ့ပြောင်းအခြေချသူများ မူဝါဒတို့ကို ဖြေလျော့ပေးမှုတို့အတွက် ထိုဆုကို ဘုရင် အဘ်ဒူလာအား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
    “ဘုရင်မင်းမြတ်နဲ့ ဂျော်ဒန်ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူသားဝါဒအတွက် စံသတ်မှတ်ချက်တွေကို ချမှတ်ပေးခဲ့ပါတယ်”
    ထို့ပြင် ဂျာမနီသမ္မတ၏ အစ္စရေး၊ ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးအဖြေ ရရှိရန်အတွက် ဂျော်ဒန်ဘုရင်၏ နှစ်မြှုပ်ဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။
    ဘုရင် အဘ်ဒူလာကမူ ဒုက္ခသည်များအရေး မိမိတို့က ဆောင်ရွက်ရာတွင် ကူညီပေးကြရန်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့သည်။
    “နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ လူသားသမိုင်းမှာ အကြီးဆုံး ဒုက္ခသည်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးက ဆောင်ရွက်ပေးဖို့လိုတဲ့ ကမ္ဘာ့အကြပ်အတည်းတစ်ခုကို မြင်နေရတာဖြစ်ပါတယ်” ဟု ဂျော်ဒန်ဘုရင်က ပြောကြားခဲ့သည်။
    ဆီးရီးယားနိုင်ငံကို စွန့်ခွာခဲ့ရသည့် ဒုက္ခသည်အရေအတွက်မှာ ၅ သန်းနီးပါးပြီး လက်ရှိ ဂျော်ဒန်နိုင်ငံတွင် ခိုလှုံနေသည့် အရေအတွက်မှာ ၆၅၆၀၀၀ ခန့် ရှိနေသည်။
    ဂျာမနီသမ္မတ ဂေါက်ကမူ ဂျော်ဒန်နိုင်ငံမှာ ဒုက္ခသည်များကို လက်ခံနေရာချထားပေးရာတွင် အခြားနိုင်ငံများအတွက် စံနမူနာဖြစ်ကြာင်း၊ ထိုဒုက္ခသည်များကို ကူညီရန်အတွက် နိုင်ငံ၏ ဘက်ဂျက်ခွဲတမ်းကို သီးသန့်သတ်မှတ်ထားကြောင်း၊ ယခင်နှင့် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ဂျော်ဒန်နိုင်ငံက အကောင်းဆုံး ကူညီပံ့ပိုးပေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဂျော်ဒန်ဘုရင်မှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်လည်း သောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒုက္ခသည်အရေး တံခါးဖွင့် ပေါ်လစီ ကျင့်သုံးမှုအတွက် ချီးကျူးပြောဆိုခဲ့သည်။
    ငြိမ်းချမ်းရေးနှင့် သာတူညီမျှဖြစ်ရေး မြှင့်တင်ဆောင်ရွက်သည့် လူပဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်သည့် Westphalian Peace Prize ကို ၁၉၉၈ ခုနှစ်ကတည်းက စတင်ပေးခဲ့ခြင်းဖြစ်ပြီး၊ လူငယ်အဆင့် တစ်ဦးချင်းနှင့် အဖွဲ့အစည်းလည်း ချီးမြှင့်မှုတွင် ပါဝင်သည်။
    ယခုနှစ် Westphalian Peace Prize ဆု ရရှိခဲ့သည့် လူငယ်အဖွဲ့အစည်းမှာ နာဇီဝါဒ အမွေအနှစ်များကို တိုက်ဖျက်နေသည့် Action Reconciliation Service for Peace အဖွဲ့ဖြစ်သည်။
    ယခင် ထိုဆုရရှိသူများတွင် ဂျာမနီ ၀န်ကြီးချုပ်များ ဖြစ်ကြသည့် ဟဲလ်မွတ် ရှမစ်၊ ဟဲလ်မွတ် ခိုလ်၊ ကုလအတွင်းရေးမှူးချုပ် ကိုဖီအန်နန်၊ အစ္စရေး စန္တရားပညာရှင် ဒန်နီယဲလ် ဘရန်ဘိုအင်တို့ ပါဝင်သည်။
    Ref: dw.com
  • အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ
    အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    face
    – လူမျိုးရေးခွဲခြားမှု ပို့စ်များကို ဖျက်ပစ်ရန် ပျက်ကွက်ခဲ့သည့် Facebook နှင့် Twitter တို့မှာ ရာဇ၀တ်ကြောင်းအရ တာဝန်ခံရမည့် အန္တရာယ် ရှိနေသည်ဟု ဂျာမနီ တရားရေးဝန်ကြီး ဟီကို မက်စ်က ပြောကြားလိုက်သည်။
    ဂျာမနီတွင် အွန်လိုင်း အမုန်းစကားများ ပြန့်နှံမှုအတွက် စိုးရိမ်းစိတ်များ မြင့်တက်လာချိန်တွင် မက်စ်၏ ထိုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံတွင် ဆိုရှယ်မီဒီယာများမှာ နိုင်ငံအတွင်းရှိ ဒုက္ခသည်လူ့အဖွဲ့အစည်းကို တိုက်ခိုက်ရာနေရာများ ဖြစ်လာခဲ့ပြီး ၁၉၃၀ ပြည့်နှစ်က ဂျူးများအပေါ် နာဇီတို့၏ အမုန်းဖြန့်ဝေမှု အခြေအနေမျိုးနှင့် ဆင်တူနေသည်။
    အမုန်းတရားဖြန့်ဝေမှုနှင့် နာဇီဝါဒကို အားပေးအားမြှောက်ပြုမှုမှာ ဂျာမနီတွင် ရာဇ၀တ်မှုဖြစ်ပြီး Handelsblatt သတင်းစာနှင့် အင်တာဗျူးတွင် မစ္စတာ မက်စ်ကမူ လူငယ်ကာကွယ်ရေး စောင့်ကြည့်အဖွဲ့ဖြစ်သည့် Jugendschutz တို့ကဲ့သို့ အဖွဲ့များက စော်ကားသည့် မှတ်ချက်များအတွက် Facebook အား သတင်းပေးသည့်အခါတွင် ချက်ခြင်း ဖျက်ပေးသော်လည်း သာမန်လူများ သတင်းပို့သည့်အခါတွင် ၄၆ ရာခိုင်နှုန်းခန့်သာ ဖျက်ပေးကြောင်း၊ Twitter ကမူ ၁ ရာခိုင်နှုန်းသာ ဖျက်ပေးကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ရေးသားမှုများကို မဖျက်သည့်အတွက် ဆိုရှယ်မီဒီယာ ကုမ္ပဏီများမှာ ရာဇ၀တ်ကြောင်းအရ အရေးယူနိုင်ရေး မိမိတို့နိုင်ငံက စဉ်းစားနေသည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    “ဆိုရှယ်မီဒီယာမှာ အဲဒီလိုဓားတွေ သိပ်ထက်နေတယ်။ ကျွန်တော်တို့အနေနဲ့ ပြဌာန်းဥပဒေတွေအရ ဆောင်ရွက်စရာ မလိုဘူးဆိုတာကို သက်သေပြဖို့ သူတို့မှာ အချိန်ရှိပါသေးတယ်”
    ဂျာမနီတွင် အသုံးပြုသူ ၂၉ သန်းရှိသည့် Facebook ကမူ တရားမ၀င်သော ရေးသားမှုများကို မိမိတို့၏ ဖယ်ရှားမှုမှာ သိသာသည့် အခြေအနေမျိုးရှိသည်ဟု ပြောကြားခဲ့သည်။
    အမုန်စကားများ၊ လူမျိုးရေး ခွဲခြားစော်ကားမှု မှတ်ချက်များကို မဖယ်ရှားသည့် ကိစ္စနှင့်ပတ်သက်၍ ဂျာမနီအာဏာပိုင်များနှင့် Facebook အကြား ယခင်ကလည်း တင်းမာမှုများ ရှိခဲ့ပြီး ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ ပြီးခဲ့သည့်လက နယူးယောက်၌ Facebook တည်ထောင်သူ မာခ် ဇူကာဘာဂ့်နှင့် တွေ့ဆုံသည့်အချိန်ကလည်း Facebook ပေါ်တွင် အမုန်းစကားများ ပေါများနေမှုအတွက်လည်း သတိပေးခဲ့သည်။
    Ref: ft.com
  • ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်
    ဗလီ တိုက်ခိုက်ခံရမှု့ အတွက် တူရကီလူမျိုး ဗလီ ရှေ့ဆောင်ဆရာအား ဂျာမဏီ သမ္မတ တောင်းပန်
    အောက်တိုဘာ ၆ ၊ ၂၀၁၆
    M-Media
    ct1-fg7wgaan0ur-e1475593191284
    အဓိပတိ အန်ဂလာမာကယ် မှ ဟမ်ဇားတူရင် Hamza Turan နှင့် သူ့မိသားစုအားတွေ့ဆုံစဉ် Photo © Steffen Seibert/Twitter
    .
    ဂျာမနီနိုင်ငံတွင် အစ္စလာမ့်ကြောက်ရောဂါနှင့် သူစိမ်းကြောက်ရောဂါတို့ တစ်နေ့တခြား မြင့်တက်လာမှု့အပေါ် တူရကီတို့၏ စိုးရိမ်မှု့မြင့်တက်လာ စဉ်မှာပင်၊ ဂျာမနီနိုင်ငံ သမ္ပတနှင့် ဂျာမန်အကြီးကဲ အဓိပတိဖြစ်သူတို့က လွန်ခဲ့သည့်လက ဂျာမနီနိုင်ငံ တွင် အစ္စလာမ့်ကြောက် ရောဂါကြောင့်ဟု ထင်ရသည့် နောက်ဆုံး ပစ်မှတ်ထား တိုက်ခိုက်ခံရသော တူရကီနိုင်ငံသားများပိုင် ဒရစ်ဒန်မြို့ Dresden ရှိ ဗလီမှ ဗလီဆရာတစ်ဦးဖြစ်သူ ဟမ်ဇားတူရင် Hamza Turan အား လက်ခံတွေ့ဆုံခဲ့ပါသည်။
    .
    အင်္ဂါနေ့က တူရင်နှင့် သူ့မိသားစုမှာ သမ္မတ ဂျိုအာချင် ဂေါက်နှင့် အဓိပတိ အန်ဂလာမာကယ်တို့နှင့် တွေ့ဆုံခဲ့ပြီး ဂေါက် မှာ ထို့သို့ တိုက်ခိုက်ခဲ့မှု့အတွက်နှင့် မွတ်စလင်များအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု့အတွက်ပါ တောင်းပန်စကား ပြောကြားခဲ့ပါသည်ဟု ထိုသို့တွေ့ဆုံပြီးနောက် တူရကီ သတင်းဌာနများသို့ ယင်းဗလီဆရာက ပြောကြားခဲ့သည်။
    .
    တူရကီ အန်ဂျီအိုတစ်ခုဖြစ်သော သာသနာရေးရာ တူရကီ-အစ္စလာမ့် ယူနီယံအသင်း the Turkish-Islamic Union for Religious Affairs (DİTİB) က စီမံခန့်ခွဲနေသည့် ဒရစ်ဒန်မြို့ရှိ ဖွာေဿွ့ဟ်ဗလီဝတ်ကျောင်းတော် Faith Mosque မှာ စက်တင်ဘာလနောက်ဆုံး အပတ်က အိမ်လုပ်ဖေါက်ခွဲရေး ပစ္စည်းများဖြင့် တိုက်ခိုက်မှု့ကို ခံခဲ့ရသည်။ ဗလီ ဆရာ တူရင်နှင့် သူ့မိသားစုတို့ စတည်းချရာ ဗလီ၏ နားခိုဆောင်ရှေ့တွင် အဆိုပါ ဗုံးမှာ ပေါက်ကွဲသွားခဲ့ပြီးနောက် အ ဆောက်အအုံ တစ်ခုလုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု့အတွင်း မည်သူတစ်ဦးတစ်ယောက် ကမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြသော်လည်း တရားခံများကတော့ လွတ်မြောက်နေကြဆဲဖြစ်သည်။
    .
    အဆိုပါ အလည်ပတ်ခရီးစဉ်ပြီးနောက် တူရင်က အနဒိုလူ သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်- ဂျိုအာချင် ဂေါက်မှာ သူနှင့် သူ့မိသားစုတို့နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါတိုက်ခိုက်ခံရမှု့အတွက် သူက ၀မ်းနည်းကြောင်းဖေါ်ပြခဲ့သလို တောင်းပန် စကားလည်း ပြောကြား ခဲ့ပါသည်။ သူက ကျွန်တော်တို့ကို အခုလို ပြောပါသည်။ ” ကျွန်ုပ်တို့တွေ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား တို့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့၊ အခုလို ဖြစ်ပျက်ခဲ့တာတွေကိုတော့ အသေချာ စုံစမ်းပါ့မယ်”‘ကျွန်တော် ကလည်း သူ့ရဲ့မှတ်ချက်စကား အတွက် ကျေးဇူး တင်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါတယ် ‘လို့ တူရင် က ပြောပါသည်။
    .
    အဆိုပါ တိုက်ခိုက်မှု့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဟက်ဆန်မြို့ရှိ မီမာ ဆီနန်ဗလီ Mimar Sinan Mosque ကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှု့အပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘီဘရာမြို့ Bebra မှာတော့ DİTİBက ပိုင်သည့် ဗလီအား ပစ်မှတ်ထား၍ မည်သူမည်ဝါမှန်း မသိရသေးသောသူအချို့က အန္တရာယ်မရှိသည့် မိုလိုတော့ အရက်များဖြင့် ပစ်ပေါက် သွားခဲ့ပါသည်။ DİTİB အား ဂျာမန်နိုင်ငံရေးသမားများက အသေရေဖျက်သည့် လှုပ်ရှားမှု့တစ်ခု နိုးကြားလာ ပြီးနောက် တွင် ယင်းဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။မတူညီသော နိုင်ငံရေး ပါတီများမှ ဂျာမန်နိုင်ငံရေးသမား သုံးဦးက ယင်းအဖွဲ့အစည်းမှာ တူရကီအစိုးရ၏ လက်အောက်ခံအဖွဲ့စည်းဖြစ်သဖြင့် ဂျာမနီနိုင်ငံတွင် အစ္စလာမ့် ပညာရေး အား ပုံလာဖေါ်ခြင်းကို လက်မခံ သင့်ကြောင်း ကြေညာခဲ့ပြီးနောက် တွင် DİTİB မှာ” ဘွင်းဘွင်းရှင်းရှင်းကြီးကို ရန်လိုသည့် အဖွဲ့စည်းဖြစ်သည် “ဟု သူတို့၏ ကြေညာချက်များတွင် ပစ်တင်ဝေဖန်ထားလေသည်။
    .
    မွတ်စလင် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဒလဟော ၀င်ရောက်လာမှု့နှင့်အတူ မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေသူ အချို့မှ ဂျာမနီနိုင်ငံရှိ ဗလီများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    .
    German president apologizes to Turkish imam for mosque attack ကို “ရဲသူရိန်” ကောက်နှုတ် ဘာသာပြန်ဆိုသည်။
    ref: Daily Sabah