News @ M-Media

Tag: Germany

  • ဂျာမနီမှာ အကြမ်းဖက်များအား ပံ့ပိုးနေသည်ဟု တူရကီသမ္မတ စွပ်စွဲ

    ဂျာမနီမှာ အကြမ်းဖက်များအား ပံ့ပိုးနေသည်ဟု တူရကီသမ္မတ စွပ်စွဲ

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည်ဟု တူရကီဝန်ကြီးချုပ် အာဒိုဂန်က စွပ်စွဲပြောဆိုလိုက်ပြီး ဥရောပခေါင်းဆောင်များအပေါ် တူရကီ၏ ပုတ်ခတ်ပြောဆိုမှုများတွင် နောက်ဆုံးပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ယမန်နေ့က တူရကီရုပ်သံလိုင်း A Haber TV နှင့်အင်တာဗျူးတွင် အာဒိုဂန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အကြမ်းဖက်သံသယရှိသူ ၄၅၀၀ နှင့်ပတ်သက်၍ တူရကီက အချက်အလက်များ ပေးပို့ထားမှုကို ဂျာမနီမှ တုန့်ပြန်ခြင်းမရှိဘဲ အကြမ်းဖက်သမားများကို ၀ှက်ထားသည်ဟုလည်း ဆိုသည်။

    “မစ္စစ် မာကဲလ် ဘာ့ကြောင့် အကြမ်းဖက်သမားတွေကို ခင်ဗျားရဲ့ တိုင်းပြည်ထဲမှာ ၀ှက်ထားတာလဲ။ ဘာ့ကြောင့် ဘာမှ မလုပ်တာလဲ။ မစ္စစ် မာကဲလ် ခင်ဗျားဟာ အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေတာပဲ” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

    မာကဲလ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင် စီဘာ့တ်က ၀န်ကြီးချုပ်အနေဖြင့် ရန်စမှုကစားပွဲတွင် ပါဝင်လိုစိတ်မရှိဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    အာဒိုဂန်အား အာဏာပိုရစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအား ထောက်ခံသော ချီတက်လမ်းလျှောက်မှုများ ၎င်းတို့၏မြေတွင် ပြုလုပ်ရန် ဥရောပအစိုးရများက ငြင်းဆန်ခဲ့ပြီးနောက် တူရကီခေါင်းဆောင်များမှာ ဥရောပ ခေါင်းဆောင်များအပေါ် ဝေဖန်ပုတ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ထိုချီတက်လမ်းလျှောက်မှုကို ပိတ်ပင်ကာ၊ တူရကီနိုင်ငံခြားရေးဝန်ကြီးကို ပြည်ဝင်ခွင့်မပေးခဲ့သည့် နယ်သာလန်ကို အာဒိုဂန်က နာဇီကဲ့သို့ ပြုမူဆောင်ရွက်နေသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ၂ ကြိမ်တိုင်တိုင် ပြောကြားခဲ့သည်။ တို့ပြင် နယ်သာလန်နှင့် အဆင့်မြင့်သံတမန်ဆက်ဆံရေးကို ရပ်တန့်မည်ဟုလည်း ကြေငြာခဲ့သည်။

    ဒုတိယ၀န်ကြီးချုပ် နူမန် အာတူလ်မက်စ်က တူရကီကမ်းခြေများမှ ဥရောပသို့ ပြောင်းရွှေ့အခြေချသူများ စီးဆင်းမှု ရပ်တန့်ရေး ဥရောပနှင့် သဘောတူထားမှုကို မိမိတို့က ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂျာမနီတွင် ဒုက္ခသည်များ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည့်သတင်း လုပ်ကြံမှုဖြစ်နေ

    ဂျာမနီတွင် ဒုက္ခသည်များ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဆိုသည့်သတင်း လုပ်ကြံမှုဖြစ်နေ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media

    ဖရန့်ဖတ်မြို့

    – အရှေ့အလယ်ပိုင်းက ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ နှစ်သစ်ကူးညမှာ ဂျာမန်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ သတင်းတွေဟာ လုပ်ကြံသတင်းတွေသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဖရန့်ဖတ်မြို့မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဒီသတင်းကို ဂျာမနီပြည်တွင်းထုတ် Blid သတင်းစာမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပြီး အလယ်ပိုင်း Hesse ပြည်နယ် ဒုက္ခသည် ခိုလှုံရာစခန်းကလာတဲ့ အမျိုးသားအုပ်စုဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖရန့်ဖတ်က Fressgass လမ်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ နာမည်ကြီး စားဖိုမှူး ဂျာမိုင်းနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အင်တာဗျူးကိုလည်း ထည့်သွင်းထားပြီး၊ ဂျာမိုင်းက သူ့ဆိုင်ထဲကို အာရပ်အမျိုးသား ၅၀ လောက် ၀င်ရောက်လာကာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပြီး ဂျာကင်တွေလည်း ခိုးသွားခဲ့ကြောင်း၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကတော့ အဲဒီလူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို သူကိုယ်တိုင် ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီဆောင်းပါးကို Blid က ဖြုတ်ချခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းတွေဟာ မမှန်သတင်းတွေဖြစ်တယ်လို့ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကအင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

    “မျက်မြင်သက်သေလို့ ဆိုတဲ့သူတွေ၊ ဧည့်သည်တွေ၊ အလုပ်သမားတွေကို တွေ့ဆုံမေးမြန်းမှုတွေအရ ဒီအဖြစ်အပျက်တွေရဲ့ သတင်းတွေဟာ တော်တော်လေး သံသယ၀င်စရာ ဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ဆိုသူ တစ်ဦးဟာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တယ်လို့ သတင်းထွက်တဲ့အချိန်မှာ အဲဒီနေရာမှာတောင် ရှိမနေခဲ့ပါဘူး” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: The Local

  • ထရမ့်ကို ပြင်းပြင်းထန်ထန်ဝေဖန်သူ ဂျာမနီသမ္မတ ဖြစ်လာ

    ထရမ့်ကို ပြင်းပြင်းထန်ထန်ဝေဖန်သူ ဂျာမနီသမ္မတ ဖြစ်လာ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – ဂျာမနီပါလီမန်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖရန့်-ဝေါလ်တာ စတိုင်မီယာကို တိုင်းပြည်၏ သမ္မတအဖြစ် ယနေ့တွင် ရွေးချယ်လိုက်သည်ဟု သိရသည်။

    စတိုင်မီယာမှာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ မဲဆွယ်မှုအတွင်း ပြောဆိုမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး၊ ဂျာမနီနိုင်ငံတွင် လူပြိန်းကြိုက်ဝါဒ မြင့်တက်လာမှုနှင့်ပတ်သက်၍ သြဂုတ်လက မေးမြန်းမှုအတွင်း ၎င်းက လက်ယာစွန်းရောက်များမှာ နိုင်ငံရေးကို အကြောက်တရားဖြင့် လုပ်နေသည်ဟု ပြောကြားခဲ့သည်။

    စုစုပေါင်း မဲအရေအတွက် ၁၂၆၀ တွင် စတိုင်မီယာမှာ ထောက်ခံမဲ ၉၃၁ မဲဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ဂျာမနီတွင် သမ္မတမှာ အမိန့်အာဏာ အကန့်အသတ်ဖြင့်သာ ရရှိထားသော်လည်း၊ နိုင်ငံ၏ အရေးပါသော ပြယုဂ်ဖြစ်သည်။

    ဆိုရှယ်ဒီမိုကရက်တစ်ယောက်ဖြစ်ပြီး နိုင်ငံအတွင်း လူကြိုက်များသည့် နိုင်ငံရေးသမားများထဲတွင် ပါဝင်သည့် စတိုင်မီယာမှာ ယူကေ ဥရောသမဂ္ဂမှခွဲထွက်ရေးကို အားပေးသော အမျိုးသားရေး Alternative for Germany ပါတီကို ဒေါ်နယ်ထရမ့်ကဲ့သို့ အမုန်းစကားပြောသူများဟု ကင်ပွန်းတပ်ခဲ့သည်။

    စတိုင်မီယာမှာ ဂျာမနီဝန်ကြီးချုပ် မာကဲလ်၏လက်အောက်တွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်ကြိမ်တိုင်တိုင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    ယခုကဲ့သို့ ရွေးချယ်ခံရမှုကြောင့် စတိုင်မီယာမှာ အသက် ၇၇ နှစ်အရွယ် ဂျိုအာချင်းဂေါက်၏ နေရာကို အစားထိုးရမည်ဖြစ်သည်။ ဂေါက်မှာ ၎င်း၏ အသက်အရွယ်ကြောင့် ဒုတိယသက်တမ်းကို မထမ်းဆောင်နိုင်တော့ပေ။

    Ref: Indepemden

  • လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဂျာမန်ပြည်သူများ ဆန္ဒပြ

    လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဂျာမန်ပြည်သူများ ဆန္ဒပြ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဆန့်ကျင်သည့်အနေဖြင့် ဂျာမနီနိုင်ငံ ကိုဘလန့်ဇ်မြို့၌ ယနေ့တွင် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် အခြားသောနိုင်ငံများမှ လက်ယာစွန်းရောက် ပါတီခေါင်းဆောင်များမှာ ယနေ့တွင် ကိုဘလန့်ဇ်မြို့၌ စုဝေးကာ ညီလာခံ ကျင်းပးခြင်းဖြစ်သည်။

    ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများမှာ ၃၀၀ ခန့်ရှိပြီး အချို့မှာ အစည်းအဝေးပွဲပြုလုပ်မည့် အဆောက်အဦးအရှေ့တွင် ထိုင်သပိတ် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ‘နယ်စည်းမရှိ၊ နိုင်ငံမရှိ၊ နှင်ထုတ်မှုရပ်’ စသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။

    ဆန္ဒပြမှုမပြုလုပ်ခင် မြို့တွင်၌ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော်ကို တပ်ဖြန့်ချထားခဲ့သည်။

    AVAAZ တက်ကြွလှုပ်ရှားမှုအဖွဲ့မှ ဆန္ဒပြသူများက ကိုင်ဇာဝီလီယံ၏ ရုပ်ထုရှေ့တွင် အဒေါ့ဖ် ဟစ်တလာ၊ ဘီနီတို မူဆိုလီနီ၊ ဂျိုးဆက်ဖ်စတာလင်တို့နှင့် အခြားသော ကမ္ဘာ့အာဏာရှင်များ၏ ရုပ်ထုများကို သွားရောက် ချထားခဲ့ကြသည်။

    အဖွဲ့မှ ဦးဆောင်စီစဉ်သူ ပါစကယ် ဗိုလန်ဝိုင်းဒါးက အာဏာရှင်များ၏ အဆိုပါ ရုပ်ထုများမှာ ‘ကမ္ဘာ့နိုင်ငံသားများက ၎င်းတို့၏ အန္တရာယ်ရှိသော အယူအဆဟောင်းများအား ဆန့်ကျင်သည်ဆိုသည်ကို အမျိုးသားရေး နိုင်ငံရေးသမားများအား’ ခိုင်ခိုင်မာမာ သတင်းပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြမှုတွင် ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (SPD) မှ ခေါင်းဆောင် ဆစ်ဂ်မာ ဂါဘရီယဲလ်လည်း ပါဝင်ခဲ့သည်။ ဂျာမနီ ဂရင်းပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ အမျိုးသမီး ဂျီယန် အက်ဆဲလ် ဘွန်းလည်း ဆန္ဒပြပွဲတွင် ပါဝင်ရန် စီစဉ်ထားသည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Aljazeera

  • ဘာလင်ခရစ္စမတ်ဈေးတန်း ကားဖြင့်ဝင်တိုက်မှုအတွက် သံသယရှိသူကို အသေဖမ်းမိ

    ဘာလင်ခရစ္စမတ်ဈေးတန်း ကားဖြင့်ဝင်တိုက်မှုအတွက် သံသယရှိသူကို အသေဖမ်းမိ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    amri

    – တနင်္လာနေ့က ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့်ဝင်တိုက်မှုမှ အဓိကသံသယရှိသူ အနစ် အမ်ရီမှာ အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ဆင်ခြေဖုံးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကားကိုရပ်ခိုင်း၍ ပုံမှန်စစ်ဆေးမှုပြုလုပ်စဉ် အမ်ရီမှာ သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးခဲ့ပြီးနောက် စစ်ဆေးမှုတွင် ၎င်းမှာ ဘာလင်တိုက်ခိုက်မှုအတွက် သံသယရှိသူဖြစ်သည်ဆိုသည်မှာ သေချာသည်ဟု အီတလီ ပြည်ထဲရေးဝန်ကြီး မာကို မင်နစ်တီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အပြန်အလှန်ပစ်ခတ်မှုမှာ မီလန်မြို့ရှိ ဆက်စတို ဆန် ဂျီယိုဗန်နီရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    လူ ၁၂ ဦးသေဆုံးခဲ့သည့် ဘာလင်ရှိ ခရစ္စမတ်ဈေးအား တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။

    တူနီးရှားနွယ်ဖွား အမ်ရီမှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသည်ဆိုသော သံသယဖြင့် ဂျာမနီရဲတပ်ဖွဲ့က စောင့်ကြည့်နေသူ ဖြစ်သည်ဟု ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

    Ref: Aljazeera