ဒီဇင်ဘာ ၂၃၊ ၂၀၁၆
M-Media
– တနင်္လာနေ့က ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့်ဝင်တိုက်မှုမှ အဓိကသံသယရှိသူ အနစ် အမ်ရီမှာ အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ဆင်ခြေဖုံးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကားကိုရပ်ခိုင်း၍ ပုံမှန်စစ်ဆေးမှုပြုလုပ်စဉ် အမ်ရီမှာ သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးခဲ့ပြီးနောက် စစ်ဆေးမှုတွင် ၎င်းမှာ ဘာလင်တိုက်ခိုက်မှုအတွက် သံသယရှိသူဖြစ်သည်ဆိုသည်မှာ သေချာသည်ဟု အီတလီ ပြည်ထဲရေးဝန်ကြီး မာကို မင်နစ်တီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အပြန်အလှန်ပစ်ခတ်မှုမှာ မီလန်မြို့ရှိ ဆက်စတို ဆန် ဂျီယိုဗန်နီရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
လူ ၁၂ ဦးသေဆုံးခဲ့သည့် ဘာလင်ရှိ ခရစ္စမတ်ဈေးအား တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။
တူနီးရှားနွယ်ဖွား အမ်ရီမှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသည်ဆိုသော သံသယဖြင့် ဂျာမနီရဲတပ်ဖွဲ့က စောင့်ကြည့်နေသူ ဖြစ်သည်ဟု ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
Ref: Aljazeera