News @ M-Media

Tag: Hong Kong

  • နာမည်ကြီး ဟောင်ကောင်မော်ဒယ် စွပ်ပြုတ်လုပ်ခံရမှုအတွက် ခင်ပွန်းဟောင်းမိသားစုကို ဖမ်းဆီးထား

    နာမည်ကြီး ဟောင်ကောင်မော်ဒယ် စွပ်ပြုတ်လုပ်ခံရမှုအတွက် ခင်ပွန်းဟောင်းမိသားစုကို ဖမ်းဆီးထား

    မတ် ၄၊ ၂၀၂၃

    M-Media 


    -နာမည်ကြီး ဟောင်ကောင်မော်ဒယ် အက်ဘီချိုင် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအတွက် ဟောင်ကောင်ရဲတပ်ဖွဲ့က ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သက်ဆက်နွယ်သူ အနည်းဆုံး ၆ ဦးကို ဖမ်းဆီးထားပါတယ်။ 

    အက်ဘီချိုင်ဟာ ဖေဖော်၀ါရီ ၂၂ ရက်နေ့က ပျောက်ဆုံးသွားတာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ ၈ နှစ်အရွယ် သူမရဲ့သမီးကို ကျောင်းသွားကြိုဖို့ ခင်ပွန်းဟောင်းရဲ့ညီ Anthony Kwong က ကားနဲ့လာခေါ်သွားပြီးတဲ့နောက် အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပါတယ်။ 

    ရဲတပ်ဖွဲ့က Anthony Kwong နဲ့ သူ့ရဲ့မိသားစုကို စစ်ဆေးမြန်းတာ၊ အသုံးပြုတဲ့ ကား၊ စောင့်ကြည့်ကင်မရာတွေကို ခြေရာခံတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် Tai Po ဆိုတဲ့ရွာက တိုက်ခန်းတစ်ခုကို တွေ့ခဲ့ရပါတယ်။

    အဲဒီတိုက်ခန်းကို ၀င်ရောက်ရှာဖွေရာမှာ အက်ဘီရဲ့ ဦးခေါင်းခွံနဲ့ နံရိုးတွေကို စွပ်ပြုတ်အိုးကြီးနှစ်ခုထဲမှာ တွေ့ခဲ့ရပြီး၊ ခြေထောက် နှစ်ချောင်းကိုတော့ ရေခဲသေတ္တာထဲမှာ တွေ့ခဲ့ရပါတယ်။ 

    အိမ်ထဲကနေ အသားကြိတ်စက်၊ လျှပ်စစ်လွှနဲ့ ဓားတော်တောများများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ ပျောက်ဆုံးတဲ့နေ့က အက်ဘီကိုင်ဆောင်သွားတဲ့ ပန်းရောင် ပိုက်ဆံအိတ်၊ သူမရဲ့ မှတ်ပုံတင်နဲ့ အကြွေး၀ယ်ကတ်တွေကိုလည်း အဲဒီတိုက်ခန်းမှာ တွေ့ရှိခဲ့ပါတယ်။ 

    တိုက်ခန်းကို အခင်းမဖြစ်ခင် ၃ ပတ်လောက်အလိုမှာ အက်ဘီရဲ့ ယောက္ခထီးဟောင်း Kwong Kau က ငှားရမ်းထားတာပါ။ 

    အက်ဘီရဲ့ ကိုယ်ခန္ဓာနဲ့ လက်တွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

    အက်ဘီချိုင်ရဲ့ ယောက်က္ခထီးဟောင်း Kwong Kau နဲ့ ယောက္ခမဟောင်း Jenny Li၊ မတ်ဟောင်း Anthony Kwong တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ 

    ခင်ပွန်းဟောင်း Alex Kwong ကို အမြန်မော်တော်ဘုတ်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန် ဖေဖော်၀ါရီ ၂၅ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ဆီက ငွေသား ကန်ဒေါ်လာ ၆၄၀၀၀နဲ့ ကန်ဒေါ်လာ ၅၁၀၀၀၀ လောက်တန်တဲ့ တန်ဖိုးကြီးနာရီတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

    Kwong Kau၊ Alex Kwong နဲ့ Anthony Kwong တို့ကို လူသတ်မှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး ယောက္ခမ Jenny Li ကို ပူးပေါင်းကြံစည်မှု၊ သက်သေအထောက်အထား ဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ 

    Kwong Kau နဲ့ ချစ်ကြိုက်နေတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အခင်းဖြစ်ပွားတဲ့ တိုက်ခန်း ငှားရမ်းရာမှာ ကူညီမှုနဲ့ ဖမ်းဆီးခဲ့ပြီး အက်ဘီချိုင်ရဲ့ ခင်ပွန်းဟောင်း ထွက်ပြေးဖို့ ကူညီပေးခဲ့တဲ့ လှေပိုင်ရှင်လည်း ဖမ်းဆီးခံထားရပါတယ်။ 

    အက်ဘီချိုင်နဲ့ ခင်ပွန်းဟောင်း မိသားစုဟာ ကန်ဒေါ်လာ ၉ သန်း တန်ဖိုးရှိတဲ့ ဟောင်ကောင်က ဇိမ်ခံအိမ်တစ်လုံး ရောင်းချဖို့ကိစ္စအတွက် အငြင်းပွားနေကြတာဖြစ်ပါတယ်။ အက်ဘီမှာ ခင်ပွန်းဟောင်းနဲ့ ရထားတဲ့ ကလေးနှစ်ဦး ရှိပါတယ်။

    ဒီအိမ်ကို အက်ဘီက ၀ယ်ခဲ့ပေမယ့် သူ့ယောက္ခမဟောင်း Kwong Kau က အမည်ခံထားတာပါ။ 

    အက်ဘီဟာ Chris Tam ဆိုသူနဲ့ မကြာခင်မှာ တရား၀င် လက်ထပ်ဖို့ ရှိနေပြီး၊ ဒီမင်္ဂလာပွဲပြီးသွားရင် Kwong Kauနဲ့ အက်ဘီရဲ့ သားသမီးနှစ်ဦး ရရှိမယ့် ပိုင်ဆိုင်မှုတွေဟာ Chris Tam လက်ထဲ ရောက်သွားမယ့်အလားအလာ ရှိတဲ့အတွက် ယောက္ခမဟောင်း Kwong Kau က အက်ဘီကို သတ်ဖြတ်ဖို့ စီစဥ်ဆောင်ရွက်ခဲ့တာလို့ ယူဆကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Forbes, South China Morning Post 

  • ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံတစ်ချို့တွင် ကူးစက်မှုများ ပြန်မြင်လာရ

    ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံတစ်ချို့တွင် ကူးစက်မှုများ ပြန်မြင်လာရ

    ဇူလိုင် ၃၀၊ ၂၀၂၀
    M-Media

    ဗီယက်နမ်လေဆိပ်တစ်ခု မြင်ကွင်း

    -အခုနှစ်အစောပိုင်းက Covid-19 ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ ဟောင်ကောင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ကူးစက်မှုတွေ ပြန်ဖြစ်လာတာကြောင့် အစိုးရတွေက သတိပေးရတဲ့ အနေအထားကို ရောက်လာပါတယ်။

    ကိုဗစ်ဗဟိုချက် တရုတ်နဲ့ ကပ်နေတဲ့ ဟောင်ကောင်ဟာ အစောပိုင်းက ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ဒါပေမယ့် တနင်္လာနေ့ကစပြီး ကူးစက်မှုဟာ တစ်နေ့ကို ၁၀၀ ကျော်လောက် ပြန်ဖြစ်လာပါတယ်။

    ကူးစက်မှုတွေ ထပ်ပြီးမြင့်တက်လာရင် ကျန်းမာရေးစနစ် ပြိုလဲသွားနိုင်တယ်လို့ အင်္ဂါနေ့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ လူ ၂ ဦးထက်ပိုမစုဖို့ အပြင်သွားရင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့ လည်း အစိုးရက ညွှန်ကြားထားပါတယ်။

    ဟောင်ကောင်မှာ ထပ်မံကူးစက်သူအရေအတွက်ဟာ ၃၀၀၀ ကျော်ရှိလာပြီး၊ သေဆုံးသူက ၂၄ ဦး ရှိလာပါတယ်။ ကိုဗစ် ကူးစက်နိုင်ချေရှိတဲ့ လူ ၂ သိန်းလောက်ကို သီးခြားခွဲထား စောင့်ကြည့်မှုတွေ မလုပ်ခဲ့တာ၊ ဟောင်ကောင်ထဲဝင်လာသူတွေအတွက် ကျန်းမာရေး စောင့်ကြည့်မှု ကန့်သတ်ချက်လျော့ပေးခဲ့တာတွေကြောင့် အခုလို ဖြစ်လာတာလို့ ဝေဖန်မှု​တွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့ ၃ လအတွင်း ကူးစက်မှု လုံး၀မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး နိုင်ငံအလယ်ပိုင်း ကမ်းရိုးတမ်းမြို့ ဒါနန်းမှာ ကူးစက်မှုတွေ မြင်လာရပါတယ်။

    ဒါနန်းမြို့ကနေ ဆက်စပ်ပြီး မြို့တော်ဟနွိုင်းအထိ ကူးစက်သူတွေ တွေ့လာရသလို တစ်နိုင်ငံလုံး ပြန့်နှံ့သွားနိုင်တယ်လို့လည်း ဗီယက်နမ်ဝန်ကြီးချုပ်က သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အတည်မပြုခင် ဒါနန်းကို ပြည်တွင်းခရီးသွား ၈ သောင်းလောက် လာရောက်ခဲ့ကြတာပါ။

    အခု ပြန်လည်ကူးစက်လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုနှစ်အစောပိုင်းတုန်းက ပြန့်နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ မတူဘူးလို့လည်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုအသစ်ကို ထိန်းချုပ်နိုင်ရေး တင်းကြပ်တဲ့မူဝါဒတွေ ချမှတ်ဖို့လည်း စီစဉ်နေပါတယ်။

    ဗီယက်နမ်ဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် မတွေ့ခင် အခုနှစ်အစောပိုင်းမှာကတည်းက ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီး မတ်လမှာတော့ ကူးစက်မှုကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့ပါတယ်။

    Ref: Malay Mail

  • ဟောင်ကောင် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသူများ အောင်ပွဲခံ

    ဟောင်ကောင် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသူများ အောင်ပွဲခံ

    နိုဝင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -၆ လတာ နိုင်ငံရေးမငြိမ်သက်မှုဖြစ်ပွားပြီးတဲ့နောက် ဟောင်ကောင်မှာပြုလုပ်တဲ့ ခရိုင်ကောင်စီ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေက သောင်ပြိုကမ်းပြို အနိုင်ရနေတယ်လို့ သိရပါတယ်။

    မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇.၄ သန်းလောက် လာရောက်မဲပေးခဲ့ပြီး ဒါဟာ ဟောင်ကောင်သမိုင်းမှာ မဲပေးသူအရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။ ခရိုင်ကောင်စီဝင်နေရာ ၄၅၂ နေရာ ရှိရာမှာ ဒီမိုကရေစီ လိုလားတဲ့သူတွေက ပထမဆုံးအကြိမ် ထက်ဝက်ကျော် အနိုင်ရခဲ့ပါတယ်။

    ဟောင်ကောင်က ခရိုင်ကောင်စီတွေဟာ အစိုးရရဲ့ ဘက်ဂျက်အချို့ကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာ ရှိသလို၊ ပို့ဆာင်ရေးလို့ ဒေသတွင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စတွေမှာလည်း အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိပါတယ်။

    အနိုင်ရတဲ့ ကောင်စီဝင်တစ်ချို့က ဒီရလဒ်ဟာ နိုင်ငံရဲ့ ဒီမိုကရေစီစွမ်းအားကို ပြသတာဖြစ်ပြီး တရုတ်ဖက်ယိမ်းတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်အပေါ် ဖိအားဖြစ်လာစေမယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ဗြိတိသျှဟာ သူတို့အုပ်ချုပ်တဲ့ ဟောင်ကောင်ဒေသကို ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက တရုတ်ဟာ ဟောင်ကောင်ကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပမယ့် ဟောင်ကောင်ပြည်သူတွေကတော့ တရုတ်ဟာ ဟောင်ကောင်အရေးကို ဝင်ရောက်ချယ်လှယ်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

    ရာဇဝတ်သားတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးနိုင်မယ့် ဥပဒေတစ်ခု ပြဌာန်းဖို့ ဟောင်ကောင်အစိုးရက ကြိုးစားခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လခန့်ကစလို့ ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ၊ လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့ပါတယ်။

    Ref: CNA

  • အထင်ကရဗလီကို မီးသတ်ပိုက်နှင့် ထိုးမိသည့်အတွက် ဟောင်ကောင်အကြီးအကဲ ပြန်တောင်းပန်

    အထင်ကရဗလီကို မီးသတ်ပိုက်နှင့် ထိုးမိသည့်အတွက် ဟောင်ကောင်အကြီးအကဲ ပြန်တောင်းပန်

    အောက်တိုဘာ ၂၂၊ ၂၀၁၉
    M-Media

    ဗလီအတွင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံနေသည့် ကာရီလမ် (လယ်)

    -ဆန္ဒ‌ပြသူတွေကို မီးသတ်ပိုက်နဲ့ ဖြိုခွဲရာမှာ အထင်ကရ ဗလီဝတ်ကျောင်းတော်ကို ထိခိုက်မိသလို‌ ဖြစ်သွားတဲ့အတွက် ဟောင်ကောင်အကြီးအကဲ ကာရီလမ်က နိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကို တောင်းပန်လိုက်ပါတယ်။

    ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားနေတာဟာ ၅ လတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က Kowloon ရပ်ကွက်မှာ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ဖြိုခွဲရာမှာ Kowloon ဗလီရဲ့ တံခါးနဲ့ ပရ၀ုဏ်ကိုပါ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

    Kowloon ဗလီဟာ ဟောင်ကောင်ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။ မီးသတ်ပိုက်မှာ အသုံးပြုတဲ့ရေဟာ အပြာရောင်ဖြစ်တာကြောင့် ဗလီနဲ့ ဗလီအပြင်ဘက်က လမ်းတွေမှာ အပြာရောင်အစွန်းတွေ ကျန်ရစ်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်အတွက် ဟောင်ကောင်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်ခဲ့ကြပါတယ်။

    ဂျပန်ဧကရာဇ်ရဲ့ နန်းတက်ပွဲကို မသွားခင် ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်ဟာ မနေ့က ဗလီဝတ်ကျောင်းတော်ကို လာရောက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ် မိုဟာမက် အာရှဒ်က မိမိတို့အနေနဲ့ ဒီတောင်းပန်မှုကို လက်ခံခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းဟာ ရှေ့ဆောက်ပြီးတော့ ဟောင်ကောင်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဟောင်ကောင်ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ Kowloon ဗလီကို မီးသတ်ပိုက်နဲ့ ထိုးမိတာဟာ မတော်တဆဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်ပြီး မိမိတို့အနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အလေးထားကာ၊ ဝတ်ပြုရာနေရာတွေအားလုံးကို ကာကွယဖို့ ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

    တနင်္လာနေ့ညနေပိုင်းမှာတော့ ဟောင်ကောင် စည်ပင်သာယာရေးအဖွဲ့က ဗလီနဲ့ ဗလီအရှေ့မှာ စွန်းထင်းနေတာကို လာရောက်သန့်ရှင်းပေးခဲ့ပါတယ်။

    Ref: Reuters

  • ဟောင်ကောင်ဆန္ဒပြသူများ အကြမ်းဖက်ပုံစံ ဖမ်းနေသည်ဟု တရုတ် သတိပေး

    ဟောင်ကောင်ဆန္ဒပြသူများ အကြမ်းဖက်ပုံစံ ဖမ်းနေသည်ဟု တရုတ် သတိပေး

    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    -အင်္ဂါနေ့က ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ ‘အကြမ်းဖက်သမားဆန်ဆန် လုပ်ရပ်တွေ’ ဖြစ်ပြီး ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းရေး ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဟောင်ကောင်မှာ ဖြစ်ပွားနေတာဟာ သီတင်းပတ် ၁၀ ပတ်အထိ ရှိနေပြီ ဖြစ်ပါတယ်။

    မနေ့က ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို တရုတ်အစိုးရက ထိန်းချုပ်တဲ့ Global Times သတင်းဌာနက သတင်းထောက်တစ်ဦးကို ‘တရုတ်သူလျှို’ လို့ စွပ်စွဲကာ ဆန္ဒပြသူတွေက ကြိုးချည်ပြီး ရိုက်နှက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ အဲဒီ သူလျှိုဆိုသူဟာ တရုတ်ပြည်မကြီးက ဟောင်ကောင်နဲ့ကပ်နေတဲ့ ရှင်းကျန်မြို့က ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    “အကြမ်းဖက်သမားဆန်ဆန် ဒီလုပ်ရပ်တွေကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့
    တရုတ် နိုင်ငံတော်ကောင်စီက ဟောင်ကောင်နဲ့ မကာအိုရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှူလူယင်းက ပြောကြားခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေဟာ ဟောင်ကောင်ရဲ့ ပုံရိပ်ကို ထိခိုက်စေပြီ၊ ပြည်မက တရုတ်မျိုးချစ်တွေရဲ့ စိတ်ကို ထိခိုက်စေကြောင်း၊ ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုကို ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုအပ်ကြောင်း သူမက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အင်္ဂါနေ့က ပိတ်ထားခဲ့ရတဲ့ ဟောင်ကောင်လေဆိပ်ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဆန္ဒပြသူတွေကို ရှင်းလင်းဖို့အတွက် လေဆိပ်အာဏာပိုင်တွေဟာ တရားရုံးအမိန့်ကိုလည်း ရရှိထားပါတယ်။

    ဟောင်ကောင်ကျွန်းကို ဗြိတိန်က ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးထံ လွှဲပေးခဲ့တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားပေမယ့် ဒါဟာ သူတို့ရဲ့ ပြည်နယ်တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။ ဟောင်ကောင်ပြည်သူတွေကတော့ တရုတ်ရဲ့သြဇာခံရမှုကို နှစ်မြို့ခြင်းမရှိဘဲ ဒီမိုကရေစီ အပြည့်အ၀ ရရှိရေးကို တစ်စိုက်မတ်မတ် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera