News @ M-Media
Tag: Hong Kong
  • ဟောင်ကောင်နာမည်ကြီးမင်းသား ချိုယွန်ဖတ် ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်
    ဟောင်ကောင်နာမည်ကြီးမင်းသား ချိုယွန်ဖတ် ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်
    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media
    – နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ချိုယွန်ဖတ်က သူကွယ်လွန်တဲ့အခါ သူ့ရဲ့ကြွယ်ဝမှုအားလုံးကို လှူဒါန်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
    အသက် ၆၃ နှစ်အရွယ် ချိုယွန်ဖတ်ဟာ အာရှမှာ Crouching Tiger, Hidden Dragon ရုပ်ရှင်နဲ့ ကျော်ကြားခဲ့ပြီး အနောက်တိုင်းမှာတော့ အော်စကာဆုရ Pirates of the Caribbean ရုပ်ရှင်၊ A Better Tomorrow ရုပ်ရှင်တွေနဲ့ လူသိများခဲ့ပါတယ်။
    Forbes ရဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားစာရင်းမှာ ချိုယွန်ဖတ်ဟာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး လက်ရှိ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၇၁၅ သန်း ရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
    “ဒီငွေကြေးတွေဆိုတာ ကျွန်တော်တို့ တစ်သက်လုံး ဆုပ်ထားလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ တစ်နေ့ ကျွန်တော်တို့ သေဆုံးတဲ့အခါမှာ အခြားသူတွေ သုံးစွဲဖို့အတွက် ချန်ထားခဲ့ရတာပါပဲ။ သေသွားတဲ့အခါ ဘဏ်စာရင်းထဲမှာရှိတဲ့ငွေတွေကို ယူသွားလို့မရဘူးလေ” လို့ ပြီးခဲ့တဲ့တစ်ပတ် တောင်ကိုရီးယားရုပ်သံ Munhwa နဲ့ အင်တာဗျူးမှာ ချိုက ပြောကြားခဲ့ပါတယ်။
    သူ့ရဲ့ဆုံးဖြတ်ချက်ကို ဇနီးဖြစ်သူကလည်း အပြည့်အ၀ထောက်ခံတယ်လို့လည်း ချိုယွန်ဖတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဇနီးဖြစ်သူ ဂျက်စမင်တန်က သူ့ရဲ့ခင်ပွန်း ချိုယွန်ဖတ်ဟာ လမ်းဘေးကအစားအသောက်တွေကို ခုံမင်ပြီး နိုကီယာ ခေါက်ဖုံးကို စွဲစွဲမြဲမြဲ အသုံးပြုခဲ့တယ်လို့ အရင်က ပြောကြားခဲ့ပါတယ်။
    “စားဖို့ရှိတာကိုပဲ ကျွန်တော်က ပျော်နေတာ။ အဲဒီတုန်းက ကျွန်တော်တို့ တော်တော်ဆင်းရဲတာကိုး။ အာလူးနဲ့ ဟင်းသီးဟင်းရွက် စားရရင် တော်တော်ပျော်ရတာ။ နှစ်သစ်ကူးမှာ ကြက်တွေ၊ အသားတွေ စားရရင်တော့ ပျော်မဆုံးပါပဲ” လို့ ချိုက MBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဒီဇင်ဘာ ၁၁၊ ၂၀၁၈
    M-Media
    အခွန်တက်မည့်ကိစ္စ ပြည်သူကျေနပ်အောင် လုပ်ပေးမည်ဟု ပြင်သစ်သမ္မတပြော
    =========================
    လာမယ့်နှစ်ကစပြီး လစာတိုးတာ၊ အငြိမ်းစားတွေရဲ့ အခွန်မြှင့်တင်ဖို့ စီစဉ်မှုကို ဖျက်သိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ကြေငြာလိုက်ပြီး ကြပ်တည်းမှု ပြဿနာတွေကြောင့် ၄ ပတ်တာ ကြာမြင့်နေတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို အဆုံးသတ်ဖို့ကြိုးစားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားမှုတစ်ချို့ဟာ ပြည်သူတွေကို ထိခိုက်နာကျင်စေခဲ့တယ်လို့ မာခရွန်က ၀န်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကိုတော့ ဆက်လက်
    လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မြို့တော်ပဲရစ်က ဆန္ဒပြမှုတွေကြောင့် ပြင်သစ်စီးပွားရေးမှာ ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။
    1MDB ကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း ထပ်အဖမ်းခံရ
    ======================
    ဒေါ်လာ သန်းရာချီ ပျောက်ဆုံးခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) ရဲ့ စာရင်းအင်း ထုတ်ပြန်ချက်ကို ပြင်ဆင်မှုအတွက် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို မနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ 1MDB ကုမ္ပဏီရဲ့ စာရင်းတွေကို စစ်ဆေးပြီးတဲ့နောက် ထုတ်ပြန်ချက်မှာ တစ်ချို့အချက်တွေကို ဖြုတ်ထားခဲ့ပြီး ဒီကိစ္စကို နာဂျစ်သိခဲ့တယ်လို့ မလေးရှား စာရင်းစစ်ချုပ် မဒီနာ မိုဟာမက်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ
    ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို လာရောက် ထွက်ဆိုစဉ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ နာဂျစ်နဲ့ 1MDB ဥက္ကဌဟောင်း အေရူလ် ကန်ဒါတို့ကို ဗုဒ္ဓဟူးနေ့မှာ အစိုးရက တရားစွဲမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ဟာ လက်ရှိခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
    IS ကို တိုက်ထုတ်နိုင်သည့် တစ်နှစ်ပြည့်အခမ်းအနား အီရတ်တွင်ကျင်းပ
    =====================
    IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့တဲ့ တစ်နှစ်ပြည့်အခမ်းအနားကို မနေ့က အီရတ်နိုင်ငံတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး IS အကြမ်းဖက်အဖွဲ့ဟာ ဒုတိယမြို့တော် မူဆိုးလ် အပါအ၀င် အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို သိမ်းယူခဲ့ပါတယ်။ အီရတ်အစိုးရဟာ ဒီနယ်မြေတွေကို ပြန်ရဖို့အတွက် ၃ နှစ်ကြာ တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ကို အီရတ်အစိုးရက အမျိုးသားနေ့အဖြစ် ကြေငြာခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ဟာ လက်ရှိ အီရတ်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
    ဟောင်ကောင်တွင် ဘတ်စ်ကား ဆင်ခြေလျှောမှ ထိုးဆင်းမှုကြောင့် ၄ ဦးသေဆုံး
    =======================
    ဟောင်ကောင်မှာ မနေ့က ဘတ်စ်ကားတစ်စီး ဆင်ခြေလျှောကနေ ထိုးဆင်းသွားပြီး လမ်းသွားလမ်းလာတွေကို တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကားမောင်းသူ ဆင်းလာပြီးတဲ့နောက်မှာ ကားက အနိမ့်ပိုင်းကို လိမ့်ဆင်းသွားတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဒရိုင်ဘာဟာ hand break ဆွဲဖို့ မေ့သွားတာ၊ ဒါမှမဟုတ် သေချာမဆွဲခဲ့တာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၇၀ ကျော်အရွယ် အဖိုး ၂ ဦးနဲ့ အဖွားနှစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ကားဒရိုင်ဘာလည်း ပါဝင်ပါတယ်။
    Ref: Aljazeera, CNA, Arab News
  • ကမ္ဘာ့အရှည်ဆုံး ပယ်လယ်ဖြတ်တံတားကို ယခုတစ်ပတ်အတွင်း ဖွင့်လှစ်မည်
    ကမ္ဘာ့အရှည်ဆုံး ပယ်လယ်ဖြတ်တံတားကို ယခုတစ်ပတ်အတွင်း ဖွင့်လှစ်မည်
    အောက်တိုဘာ ၂၂၊ ၂၀၁၈
    M-Media
    ဟောင်ကောင်နဲ့ မကာအိုကို တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်တံတားကို အခုတစ်ပတ်အတွင်း အများပြည်သူကို အသုံးပြုခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
    အင်္ဂါနေ့မှာ ပြုလုပ်မယ့် တံတားဖွင့်ပွဲအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ဟောင်ကောင်၊ မကာအိုက အာဏာပိုင်တွေလည်း တက်ရောက်ဖို့ရှိပြီး ဗုဒ္ဓဟူးမှာ ဖြတ်သန်းသွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။
    ၃၄ မိုင်ရှည်လျားတဲ့ အဲဒီတံတားကို ကန်ဒေါ်လာ ဘီလီယံ ၂၀ အကုန်အကျခံကာ ၉ နှစ်ကြာ ဆောက်လုပ်ခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အကြိမ်ကြိမ်ရွှေ့ဆိုင်းကာ အခုနှစ်မှ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    တံတားဟာ ဟောင်ကောင်နဲ့ မကာအိုအပါအ၀င် မြို့ပေါင်း ၁၁ မြို့ကို ဆက်သွယ်ထားပြီး ဒီမြို့တွေအကြား ခရီးသွားချိန်ဟာ သုံးနာရီကနေ နာရီဝက်အထိ လျော့ကျသွားမှာ ဖြစ်ပါတယ်။
    ဒီတံတားကို ဟောင်ကောင်ပြည်သူတစ်ချို့က ကန့်ကွက်ကြပြီး တံတားကြောင့် ဟောင်ကောင်ကို ပြည်မကလူတွေ စိုးမိုးသွားမှာ စိုးရိမ်တယ်လို့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။
    တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်အကြား ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး ဒီတံတားဟာ ဟောင်ကောင်ကို ပိုမိုလက်လှမ်းမီဖို့အတွက် တရုတ်အစိုးရရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ကြပါတယ်။
    Ref: CNN
  • မိမိနေကောင်းသည်ဟု အက်ရှင်မင်းသားဂျက်လီက ပရိတ်သတ်များကို ပြန်ရှင်း
    မိမိနေကောင်းသည်ဟု အက်ရှင်မင်းသားဂျက်လီက ပရိတ်သတ်များကို ပြန်ရှင်း
    မေ ၂၄၊ ၂၀၁၈
    M-Media
    – မိမိရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး ပရိတ်သတ်တွေအနေနဲ့ မစိုးရိမ်ကြဖို့ ဟောင်ကောင် နာမည်ကျော်မင်းသား ဂျက်လီက ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။
    ဇရာထောင်းနေတဲ့ ဂျက်လီတစ်ယောက် ကတုံးတုံးထားပြီး အမျိုးသားတစ်ဦးက ဘေးနားကနေ တွဲပေးရတဲ့ ဓာတ်ပုံတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန့်နှံ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေကြားထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
    “ဂျက်လီဟာ hyperthyroidism ရောဂါနဲ့ အာရုံကျောမကြီးဆိုင်ရာ ပြဿနာတွေ ခံစားနေရတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ ဒီဓာတ်ပုံဟာ အခုလက်ရှိဂျက်လီပါ” ဆိုတဲ့ စာသားနဲ့ အဲဒီဓာတ်ပုံ ပြန့်နှံ့ခဲ့တာပါ။
    ဂျက်လီနေမကောင်းဟုဆိုကာ ပြန့်နှံ့ခဲ့သည့် ဓာတ်ပုံ
    ဂျက်လီက သူနေကောင်းတယ်လို့ ဓာတ်ပုံတစ်ချို့နဲ့အတူ မနေ့က Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    “ကျွန်တော့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နေလို့ထိုင်လို့ ကောင်းပါတယ်။ လတ်တလော ကျွန်တော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို သိပ်မကြာခင်မှာ ချပြရတော့မယ့်အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ အခုတော့ ခင်ဗျားတို့ရဲ့ စိုးရိမ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ”
    ဂျက်လီရဲ့ မန်နေဂျာ စတီဗင် ချက်စ်မန်းက ဂျက်လီဟာ hyperthyroidism ရောဂါကို ခံစားနေရတာ ၁၀ နှစ်လောက်ရှိနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ လက်ရှိ နေထိုင်ကောင်းကြောင်း Washington Post သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူကို ထိုင်း ထိန်းသိမ်း
    ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူကို ထိုင်း ထိန်းသိမ်း
    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    wong
    – ဟောင်ကောင်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်မှုကြောင့် ထင်ရှားလာခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဟောင်ကောင်ကျောင်းသား ဂျိုရှူဝါ ၀ွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
    သို့သော်လည်း ၀ွန်နှင့်တွေ့ဆုံရန်ရှိနေသည့် ထိုင်း ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ Netiwit Chotipatpaisal ကမူ ၀ွန်မှာ သုဝဏ္ဏဘူမိ လေဆိပ်တွင် ထိန်းသိမ်းခံလိုက်ရသည်ဟု ပါတီအား အကြောင်းကြားခဲ့သည်။
    “Chotipatpaisal ရဲ့ ပြောကြားမှုအရ ထိုင်းအာဏာပိုင်တွေဟာ ၀ွန်ရဲ့ လာရောက်လည်ပတ်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရဆီက စာတစ်စောင်ကို စောစာပိုင်းက ရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ထိန်းသိမ်းခံထားရတဲ့ ၀ွန်ကို သူသွားတွေ့ဖို့ တောင်းဆိုမှုကိုလည်း ငြင်းပယ်ခံလိုက်ရတယ်လို့ သိရပါတယ်” ဟု Demosistō က Facebook ပို့စ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် ထိုင်းအာဏာပိုင်များက ၀ွန်၏ နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ကို ကျိုကြောင်းမဆီလျော်ဘဲ ဖမ်းဆီးမှုအတွက် မိမိတို့အနေဖြင့် ရှုတ်ချသည်ဟုဆိုပြီး ချက်ချင်းလွှတ်ပေးရန်လည်း ပါတီက တောင်းဆိုခဲ့သည်။
    “လက်ရှိအချိန်မှာ ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေးအနေနဲ့ ၀ွန်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    Ref: guardian