News @ M-Media

Tag: Hong Kong

  • ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဟောင်ကောင်ရှိ တရုတ်နှစ်ကူးပွဲ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    hk

    – ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။

    နှစ်ကူးအဖြစ် ပျံကျဈေးသည်များက လမ်းဘေးတွင် မိမိသဘောဖြင့် ဆိုင်ခင်းရောင်းချမှုကို ရဲတပ်ဖွဲ့က ရှင်းလင်းပြီး နောက်ပိုင်း ယနေ့မနက်ပိုင်းတွင် ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က နံပါတ်တုတ်များ ငရုပ်ကောင်းအရည်များကို အသုံးပြုကာ သတိပေး သေနတ်ပစ်ဖောက်မှုများပင် ပြုလုပ်ခဲ့ရသည်။

    ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အသက် ၂၇ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့အားလက်ရောက်ကျူးလွန်မှုနှင့် နှောက်ယှက်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဟောင်ကောင်မြို့၏ လူစည်ကားရာ လမ်းမများတွင် တွေ့ရလေ့ရှိသော ပျံကျဈေးသည်များ၏ ထိုပြဿနာမှာ #FishballRevolution အမည်ဖြင့် ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့ခဲ့သည်။

    Ref: Aljazeera

  • တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Meedia

    hong kong

    – အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အလွန်ကူးစက်မြန်သည့် ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် သေဆုံးခဲ့ပြီးနောက် ဟောင်ကောင်နယ်စပ် စစ်ဆေးရေးဂိတ်များတွင် အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

    တရုတ်နိုင်ငံတောင်ဘက် ကွမ်းတုံပြည်နယ် ရှန်ဇန်းမြို့၌ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် H5N6 တုပ်ကွေး ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီ၊ ကူးစက်ခံရသည့်အမျိုးသမီးကို ဆေးရုံတွင် ကုသမှုပေးခဲ့သော်လည်း ထိုနေ့တွင်ပင် သေဆုံးသွားခဲ့သည်။

    ရှန်ဇန်း မြူနီစီပယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက အဆိုပါအမျိုးသမီးသည် ကြက်၊ ဘဲဈေးသွားရာမှ သို့မဟုတ် ကြက်ငှက်အရှင်များနှင့် ထိတွေ့ရာမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းဒေသတွင် နောက်ထပ်ကူးစက်ခံရသူ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေကြောင်း သိရသည်။

    H5N6 ဗိုင်းရပ်စ်သည် ကြက်များ၊ ဘဲများတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကာ၊ ကြက်၊ ဘဲများ မွေးမြူရေးခြံများမှတစ်ဆင့် အလွန်လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဆိုပါ ဗိုင်းရပ်စ်ပိုးမှ လူအနည်းငယ်ကိုသာ ကူးစက်ခဲ့သော်လည်း လူလူချင်းကူးစက်ခံရမှု များလာပါက တစ်နိုင်ငံလုံးအထိ ကူးစက်ပျံ့နှံ့ လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။

    လူသန်းပေါင်းများစွာ ခရီးသွားကြသည့် တရုတ်နှစ်ကူးမှာ ဖေဖော်ဝါရီလာတွင် ကျရောက်မည့်အချိန်တွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေးပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရှန်ဇန်းမြို့နှင့် ဟောင်ကောင်နယ်စပ်အကြား နယ်စပ်မြို့များတွင် အန္တရာယ်ရှိသဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ တရုတ်ကုန်းတွင်းပိုင်းတွင် ကူးစက်ပြန့်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးသည် ကြက်ထောင်ပေါင်းများစွာ တင်ပို့နေသည့် ဟောင်ကောင်သို့ ဦးတည်လျက် ရှိနေသည်။

    Ref: RT

  • ထိုင်ဝမ်စီးပွားရေး ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

    ထိုင်ဝမ်စီးပွားရေး ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    thaiwan

    – ယခုနှစ် တတိယ ၃ လပတ် ထိုင်ဝမ်နိုင်ငံ၏ စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် ကျဆင်းခဲ့ပြီး လွန်ခဲ့သည့် ၆ နှစ် ကမ္ဘာ့ဘဏ္ဍာရေးပြဿနာ အမြင့်ဆုံးအချိန် ရောက်ခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။

    အဓိကကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ကျဆင်းခြင်းကြောင့် ထိုင်ဝမ်မှာ ထိုကဲ့သို့ အထိနာခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလအတွင်း စီးပွားရေးမှာ ၁.၀၁ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ ထိုအချက်အလက်မှာ ကမ္ဘာ့စီးပွားရေးအဖွဲ့များ၏ ခန့်မှန်းထားချက်ထက်ကို ပို၍ ဆိုးဝါးခဲ့သည်။

    ထိုင်ဝမ်နိုင်ငံ၏ ပို့ကုန်အားထားသည့် စီးပွားရေးမှာ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းပြီးနောက် ဖြည်းဖြည်းချင်းသာ နာလန်ပြန်ထခဲ့ပြီး အဓိကလုပ်ငန်းဖြစ်သော နည်းပညာကဏ္ဍတွင်လည်း ပြိုင်ဘက်များနှင့် ရင်ဆိုင်ကာ ရုန်းကန်နေရသည်။

    Ref: Channelnewsasia

  • ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒပြမှု နှစ်ပတ်လည်အခမ်းအနား ပြုလုပ်မည်

    ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒပြမှု နှစ်ပတ်လည်အခမ်းအနား ပြုလုပ်မည်

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    hon kong

    – တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုမှ လွတ်ကင်း၍ ပြည့်ဝသော ဒီမိုကရေစီရရေး ဆန္ဒပြမှု တစ်နှစ်ပြည့်အဖြစ် ဟောင်ကောင်ပြည်သူများမှာ စက်တင်ဘာ ၂၈ ရက် (ယနေ့) တွင် မြို့လယ်ကောင်၌ စုရုံးကြမည်ဟု သိရသည်။

    တက်ကြွလှုပ်ရှားသူများမှာ အစိုးရ ဌာနချုပ်ရုံးများ အနီးတွင်ရှိပြီး ဆန္ဒပြမှုအား ထောက်ခံသည်ကို ရောင်စုံစာရွက်များဖြင့် ရေးသားကာ ကပ်ထားသော Lennon Wall နေရာ၌ ယနေ့ နေ့လည်တွင် စုရုံးရန် ပြင်ဆင်ထားကြသည်။

    ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား ဟောင်ကောင်ပြည်သူများ၏ သဘောဆန္ဒဖြင့် တင်မြှောက်နိုင်ရေးကို ရည်ရွယ်ကာ Occupy Central ဟု အမည်ပေးထားသည့် ဆန္ဒပြမှုကို ပြီးခဲ့သည့်နှစ်တွင် ကျောင်းသားများက စတင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တစ်ပတ်တာ ကြာမြင့်ခဲ့သည်။ ထိုဆန္ဒပြမှုမှာ ဖမ်းဆီးမှုများဖြင့် အဆုံးသတ်ခဲ့ပြီး တရုတ်အစိုးရကလည်း ဟောင်ကောင်ပြည်သူများ၏ ဆန္ဒကို
    လိုက်လျောခဲ့ခြင်း မရှိပေ။

    Ref: Channelnewsasia

  • မူးယစ်ဆေးအတွက် သေဒဏ်ကို ဂျက်ကီချန်းထောက်ခံ

    မူးယစ်ဆေးအတွက် သေဒဏ်ကို ဂျက်ကီချန်းထောက်ခံ

    မေ ၈၊ ၂၀၁၅
    M-Media

    img_2933

    – အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ဟောင်ကောင်နာမည်ကြီး ရုပ်ရှင်မင်းသား ဂျက်ကီချန်းက သားဖြစ်သူ ဂျေဆီမှာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြီးခဲ့သည့်နှစ်က ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည့်အတွက် ရှက်မိသည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

    ဂျက်ကီချန်းမှာ စင်ကာပူနိုင်ငံ၏ မူးယစ်ဆန့်ကျင်ရေး သံတမန်အသစ်ဖြစ်ပြီး ယမန်နေ့က Nanyang Polytechnic ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    မိမိတို့၏ မိသားစုမှာ မူးယစ်ဆေး၏ သားကောင် ဖြစ်ခဲ့သည့်အတွက်ကြောင့် ယခုနေရာတွင် တာဝန်ထမ်းဆောင်ရခြင်းမှာ ပို၍ ကျဉ်းကျပ်သည်ဟု ခံစားကြောင်း ဂျက်ကီချန်းက ဆိုသည်။ ဂျေစီမှာ ပြီခဲ့သည့် ဖေဖော်ဝါရီလက ထောင်မှ လွတ်မြောက်လာခဲ့သည်။

    “ကျွန်တော့်ရဲ့မိသားစုမှာ ဒါမျိုးဖြစ်ခဲ့တဲ့အတွက် ကျွန်တော် တုန်လှုပ်မိပါတယ်။ ရှက်လည်း ရှက်မိပြီး ကျွန်တော့်ရဲ့နှလုံးသားကလည်း နာကျင်ခံစားရပါတယ်။ အခုအချိန်မှာ အခြားသူတွေကို ကူညီဖို့ ကျွန်တော် အကောင်းဆုံး ဆောင်ရွက်သွားပါမယ်” ဟု ဂျက်ကီချန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အသက် ၃၂ နှစ်အရွယ် မိမိ၏သားဖြစ်သူမှာ မီဒီယာနှင့် ကမ္ဘာကြီးကို ရင်ဆိုင်ရန် ကြောက်ရွံ့နေပြီး ပုန်းလျှိုးကွယ်လျှိုး နေရသည်ဟု ဆိုသည်။

    “ဒါပေမယ့် လူတိုင်းက အမှားနဲ့ မကင်းတာကြောင့် သတ္တိမွေးဖို့လိုအပ်တယ်လို့ ကျွန်တော် သူ့ကို ပြောထားပါတယ်”

    ဂျက်ကီချန်းက မူးယစ်ဆေးမှာ လူငယ်များကိုသာမက ၎င်းတို့၏ မိသားစုများကိုလည်း ထိခိုက်နာကျင်စေသည်ဟုဆိုပြီး မူးယစ်ဆေးအတွက် သေဒဏ်ချမှတ်မှုကိုလည်း ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

    “အချို့ပြဿနာတွေအပေါ်မှာ ကျွန်တော်ဟာ သေဒဏ်ချမှတ်မှုကို ထောက်ခံပါတယ်။ တစ်ကယ်လို့ လူငယ်ထောင်ပေါင်းများစွာကို ထိခိုက်စေတယ်ဆိုရင် ဒီလိုလူစားမျိုးဟာ အသုံးမ၀င်ပါဘူး။ မှန်ကန်တဲ့ အပြစ်ပေးမှုမျိုးကို အဲဒီသူ ရသင့်ပါတယ်”

    Ref: tnp.sg, BBC