News @ M-Media

Tag: Hong Kong

  • မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    ဧပြီ ၈ ၊၂၀၁၅
    M-Media

    nora0727
    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ဟောင်ကောင်သို့ မြန်မာနိုင်ငံမှ ပထမဆုံး တရားဝင်အိမ်အကူများ လေဆိပ်သို့ရောက်ရှိခဲ့စဉ်

    ဟောင်ကောင်အခြေစိုက် အိမ်အကူ ကုမ္ပဏီတစ်ခုလုပ်ငန်းမှ မြန်မာပြည်မှ အိမ်အကူများ မခေါ်တော့ဘဲ လုပ်ငန်း ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းအပေါ် အံအား သင့်မိသည့်ဟု မြန်မာအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ South China Morning Post သတင်းက ဖော်ပြပါတယ်။

    အဆိုပါ ကုမ္ပဏီရဲ့ ဟောင်ကောင်ရုံး၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ကြောင်း နောက်ဆုံးချိန်ကျမှ  အလုပ်သမားရေးဝန်ကြီးဌာနမှ လူတွေ သိခဲ့ရသည်ဟု ဟောင်ကောင်မြန်မာကုန်သည်ကြီးအသင်းဥက္ကဋ္ဌ အဲလ်ဘတ်အောင် မှ ပြောပြသည်။

    မြန်မာအလုပ်သမားရေးရာဝန်ကြီးဌာနသည် ဟောင်ကောင်သို့ မြန်မာအိမ်ဖော်များ ပို့ဆောင်ခွင့်ရ တစ်ဦးတည်းသော အေဂျင်စီ၏ လုပ်ငန်းလည်ပတ်မှုနောက်ဆုံးအခြေအနေကိုပင် မသိရှိခဲ့ကြောင်း ၀န်ကြီးဌာနနှင့်ဆက်စပ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

    ပြီးခဲ့သည့်သတင်းပတ် အင်္ဂါနေ့အစည်းအဝေးတစ်ခုတွင် မိမိပြောပြမှသာ Golden Mind လုပ်သားရှာဖွေရေးကုမ္ပဏီ ပိတ်လိုက်ခြင်းအကြောင်းကို ၀န်ကြီးဌာနအရာရှိများ သိရှိကြကြောင်း ဟောင်ကောင်မြန်မာကုန်သည်ကြီးများအသင်းဥက္ကဌ အဲလ်ဘတ်အောင်  ကဆိုသည်။

    “သူတို့ တော်တော် အံ့သြသွားကြတယ်။ ကျွန်တော်ပြောပြတဲ့အခါမှသာ သူတို့ သိသွားတယ်။ အဲ့ဒီ အေဂျင်စီနဲ့ ပြန်ဆက်သွယ်မယ်လို့ သူတို့က ဆိုပါတယ်” ဟု South China Morning Post သတင်းစာတိုက်ထံ အဲလ်ဘတ်အောင်  က မြန်မာနိုင်ငံမှ တယ်လီဖုန်းဖြင့်ပြောကြားသည်။

    သူ၏အသင်းမှာ ဟောင်ကောင်ရှိမြန်မာအိမ်ဖော်များအား အကာအကွယ်ပေးနိုင်စေရန် ကနဦးကပင် ၀န်ကြီးဋ္ဌာနမှ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြီးခဲ့သည့်အင်္ဂါနေ့က လုပ်ငန်းစဉ်လည်ပတ်မှုအသိပေးရန် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    အိမ်အကူလုပ်သား ၂၀၀ ဦးကို ပထမဆုံးအကြိမ်ခေါ်ဆောင်ခဲ့ချိန်မှစပြီး မြန်မာအစိုးရသည် လုပ်သားများ ထပ်မံမပေးခဲ့ပါဟု Golden Mind မန်နေဂျင်းဒါရိုက်တာ Law Yiu-keung က ပြောကြားသည်။

    ဤလုပ်ငန်းကို လွန်ခဲ့သည့်လေးနှစ်မှစ၍ ဟောင်ကောင်ဒေါ်လာ ၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုစားရိတ် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ တစ်သိန်းအထက် ကုန်ကျကြောင်း၊ ထို့ကြောင့် လုပ်ငန်းပိတ်သိမ်းခြင်းမှ တစ်ပါး ရွေးချယ်ရန်လမ်းမရှိတော့ကြောင်း သူက ဆိုပါသည်။

    ကြိုတင်ငွေပေးမှာကြားထားသူများကို ငွေပြန်အမ်းနိုင်အောင် ရုန်းကန်နေခဲ့ရသည်ဟု သူက ပြောပြသည်။ သူ့ထံ အလုပ်အပ်သူများ အနက် စင်္ကာပူနေ ကနေဒါ-တရုတ်ကပြား Emily Seah မှ ပြောပြသည်မှာ – သူမထံ အိမ်အကူလုပ်သားမြန်မာ အမျိုးသမီး တစ်ဦး လုပ်ကိုင်နေသည်မှာ ၂ နှစ် ကြာမြင့်ပြီဖြစ်သည်။ သူမ၏ခင်ပွန်း၊ ကလေးငယ်နှစ်ဦးနှင့်အတူ ယခုနှစ်နှောင်းပိုင်း တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့ရမည်ဖြစ်၍ ထိုအိမ်ဖော်အား တစ်ပါတည်းခေါ်သွားနိုင်ရေးအတွက် Golden Mind ထံ မေးမြန်းအလုပ်အပ်ခဲ့သည်။ ပြီးခဲ့သည့်လက အေဂျင်စီရုံးသို့သွားရောက်ကာ ၀န်ဆောင်ခ ဟောင်ကောင်ဒေါ်လာ ၈၉၆၀ ပေးခဲ့သည်။ အလုပ်မဖြစ်လျှင် ငွေပြန်အမ်းမည်ဟု ဆိုသော်လည်း ယခုအခါ ပြန်အမ်းငွေကို အောက်တိုဘာလမှသာ ရရှိမည်ဟု ကုမ္ပဏီက အဖြေပေးသည်။ သို့ဖြစ်ရာ သူမက ဟောင်ကောင်ရဲဋ္ဌာနသို့ လျှောက်ထားတိုင်ကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ တွဲဖက်လုပ်ငန်းရှင် Gold Mine အေဂျင်စီသည်လည်း အလားတူပြဿနာမျိုး ကြုံရသဖြင့် လုပ်ငန်းစဉ်ဖြစ်မြောက် မလာမှုကြောင့် ငွေအမြောက်အများ ဆုံးရှုံးရကြောင်း ဆိုသည်။

    မိမိအေဂျင်စီသည် မြန်မာအိမ်အကူများကို ဟောင်ကောင်သို့ တတ်နိုင်သမျှ ကူညီပို့ဆောင်နေခဲ့ကြောင်း Gold Mine ၏ ဒါရိုက်တာတစ်ဦးမှ ပြောသည်။ ဟောင်ကောင်၌ ရုံးခန်းတစ်ခုဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သတင်းစာတိုက်သို့ ပြန်ကြားစာ တစ်စောင်တွင် ဖော်ပြသည်။

    အလုပ်မဖြစ်သည့်အပေါ် တုန်လှုပ်သွားရသည်ဟု Law ကဆိုသည်။ ယမန်နှစ် အောက်တိုဘာလ၌ နောက်ထပ်လုပ်သား ၄၀၀ ဦး တောင်းဆိုလိုက်ပြီးနောက် အလုပ်သမားရေးရာဝန်ကြီးနှင့် ဆုံတွေ့နိုင်ရန် မြန်မာနိုင်ငံသို့ ၁၀ ကြိမ်မက သွားရောက်ခဲ့ကြောင်း၊ အကြိမ်တိုင်းတွင် တွေ့ဆုံနိုင်ရေးမှာ အလွန်တင်းကြပ်ထားကြောင်း သူ၏မြန်မာပါတနာက ပြောပြသည်။ သို့သော် လုပ်သားများထပ်မံမပေးသည့်အကြောင်းရင်းကိုမူ တစ်ခါမျှ ပြောကြားခြင်း မရှိခဲ့ချေ။ မိမိ၏အေဂျင်စီပိတ်သိမ်းရခြင်းအပေါ် အလုပ်သမားဝန်ကြီးဋ္ဌာန မသိလိုက်ရပါဆိုခြင်းကို မိမိမှ မယုံကြည်ကြောင်း သူက ဤသို့ဆိုသည်။

    “စာသုံးစောင်ကို လူကြုံနဲ့ထည့်ပေးခဲ့ပြီးပါပြီ။ သူတို့ မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်နည်းနဲ့မဆို လက်ခံရရှိပြီးလောက်ပါပြီ”

    မိမိသည် စောဒကများစွာနှင့် ရင်ဆိုင်နေခဲ့ရကြောင်း၊ Emily Seah မှ ပြန်အမ်းငွေရရှိမည်ဟု အာမခံကြောင်း၊ အသုံးချခံလိုက်ရသလိုဖြစ်သွားသည်၌ မိမိ၏ကုမ္ပဏီကျဆုံးရမှုအတွက် အကြောင်းပြချက်တစ်စုံတစ်ရာပေးရန် မြန်မာအစိုးရထံ အရေးဆိုထားကြောင်း Law က ရှင်းပြသည်။

    မေးမြန်းစုံစမ်းမှုများအပေါ် ဟောင်ကောင်ရှိ မြန်မာသံအဖွဲ့ရုံးမှ တုန့်ပြန်မှု မရှိခဲ့ချေ။

    Ref : South China Morning Post

  • ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု အတွင်း ဟောင်ကောင် ကျောင်းသားခေါင်းဆောင် နှိပ်စက်ခံရ

    ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု အတွင်း ဟောင်ကောင် ကျောင်းသားခေါင်းဆောင် နှိပ်စက်ခံရ

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    141128135742-joshua-wong-court-story-top
    – ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် ဂျိုရှူအာ ၀ွန် က ၎င်းဖမ်ဆီးခံရစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားလိုက်သည်။

    မွန်ကော့ခရိုင်ရှိ ဆန္ဒပြသည့်နေရာများအား ရှင်းလင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဟန့်တားသည်ဆိုသော အမှုဖြင့် ယမန်နေ့က ရုံးထုတ်လာချိန်တွင် ၀ွန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ၎င်း၏ရှေ့နေ မိုက်ကယ် ဗစ်ဒလာကမူ ၎င်း၏ အမှုသည်မှာ ရဲတပ်ဖွဲ့၏ ပြတ်ပြတ်သားသား ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    `အင်အားအများကြီးသုံးခဲ့ပြီး ဆန္ဒပြတဲ့နေရာမှာလည်း သူဟာ နှိပ်စက်ခံရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို ထိုးကြိတ်ကန်ကြောက်တာတွေကိုလည်း လုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိုလည်း လုပ်ခဲ့ပါတယ်။ သူ့ရဲ့လိင်အင်္ဂါကို အကြိမ်အကြိမ်အခါခါ နာကျင်အောင် ညှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စဉ်းစားနေပြီး ဘယ်လိုရှေ့ဆက်မလဲဆိုတာကို နောက်ထပ်ရက်အနည်းငယ်မှာ ဆုံးဖြတ်သွားပါမယ်´ ဟု ဗစ်ဒလာက ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းတို့မှ ထိုကဲ့သို့ ပြောကြားပြီးနောက် ရဲတပ်ဖွဲ့ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် ရဲတပ်ဖွဲနေဖြင့် မမျှမတ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ပါက ရဲတပ်ဖွဲ့ တိုင်ကြားရေးဌာနသို့ လာရောက်တိုင်ကြားနိုင်သည်ဟု ဖော်ပြခဲ့သည်။

    ဗစ်ဒလာကမူ ရဲတပ်ဖွဲ့ဝင်များမှာ အဆန္ဒပြသူများအား ရက်စက်စွာဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာလက ဆန္ဒပြမှုတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များက လမ်းဘေးရှိ ဆန္ဒပြသူမျာအား ထိုးကြိတ်ကန်ကျောက်သည့် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုမှတ်တမ်းတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးထားသည်။

    ၂၀၁၇ နှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်ပြည်သူများကိုယ်တိုင် ရွေးချယ်ခွင့် ရှိရမည်ဟူသော အချက်ကို တရုတ်အစိုးရက လိုက်လျောမှုမရှိသောကြောင့် ဟောင်ကောင်ပြည်သူများ ဆန္ဒပြနေသည်မှာ ၃ လခန့် ရှိပြီဖြစ်သည်။

    CNN

  • ဟောင်ကောင် အစိုးရနှင့် ကျောင်းသားများ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် မရသေး

    ဟောင်ကောင် အစိုးရနှင့် ကျောင်းသားများ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် မရသေး

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    201410225210991734_20
    – ဟောင်ကောင်တွင် ဆန္ဒပြမှုများကို အဆုံးသတ်ရေး အတွက် ကျောင်းသားခေါင်းဆောင်များနှင့် ဟောင်ကောင် အစိုးရတို့ ဆွေးနွေးမှုများတွင် တိုးတက်မှု မရရှိသေးဟု သိရသည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ၃ ဦးထဲမှ တစ်ဦးဖြစ်သူ ဟောင်ကောင်ကျောင်းသား အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး အဲလ်လက်စ်ချောင်က ၂၀၁၇ ခုနှစ် ဟောင်ကောင်ရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးမှူးအား ဒီမိုကရေစီနည်းကျ ရွေးချယ်ခွင့် မပေးခြင်းမှာ ဟောင်ကောင်အား သင်းကွပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစိုးရဘက်ကမူ ဟောင်ကောင်၏ အခြေခံဥပဒေကို ဆန္ဒပြသူများ တောင်းဆိုသကဲ့သို့ ပြင်ဆင်နိုင်မည် မဟုတ်ဟု ပြောကြားခဲ့ပြီး၊ ဟောင်ကောင်ပြည်သူအများစုမှာ ဆန္ဒပြသူများ၏ သဘောထားနှင့် မတူညီကြဟုလည်း ဆိုသည်။

    “ဆန္ဒြုပတဲ့နေရာတွေကို မလာကြတဲ့ ပြည်သူတွေအများကြီးရှိတယ်ဆိုတာကို နားလည်ဖို့လိုပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ပြည်သူက ခန့်အပ်ဖို့ မတောင်းဆိုကြတဲ့ သူတွေလည်း အများကြီးပါ” ဟု ဟောင်တရားရေးအဖွဲ့မှ အတွင်းရေးမှူး ရင်မ်စကီ ယွမ်က ပြောကြားခဲ့သည်။

    ဆန္ဒပြသူများကမူ ဟောင်ကောင်မြို့လည်ကောင်ရှိ အဓိက ဇုန်သုံးခုတွင် အဆိုပါ ဆွေးနွေးမှုကို စောင့်ကြည့်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင်များ၏ ပြောကြားမှုများအဆုံးတွင် အားပေးဟစ်အော်ခဲ့ကြသည်။

    ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အဖြေရရန် မသေချာသေးဘဲ ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများမှာလည်း ရပ်တန့်ဖွယ်မရှိဟု လေ့လာသူများက ဆိုသည်။

    ref_ aljazeera

  • ဆန္ဒပြသူများအား ဟောင်ကောင်ရဲများ အကြမ်းနည်းဖြင့် နှိမ်နင်း

    ဆန္ဒပြသူများအား ဟောင်ကောင်ရဲများ အကြမ်းနည်းဖြင့် နှိမ်နင်း

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    f-hkpepper-a-20141017-870x539
    – ဟောင်ကောင်ရှိ အဓိက လမ်းများပေါ်၌ ဒီမိုကရေစီ အရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်ခြင်း၊ တရွတ်တိုက်ဆွဲ၍ ဖမ်းဆီးခြင်းများ ရှိနေပြီး ထိုလုပ်ရပ်များက ပြည်သူများအကြားတွင် မကျေနပ်မှုများကို တိုးပွားလာစေသည်ဟု သိရသည်။

    သီတင်းနှစ်ပတ်ခန့် ကြာပြီဖြစ်သည့် ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြမှုတွင် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ ရဲတပ်ဖွဲ့များမှာ ဆန္ဒပြသူများအား အင်အားသုံး၍ နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူတစ်ဦးကို ဆွဲခေါ်၍ လက်ထိပ်ခတ်ကာ ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်နေပုံကို ဟောင်ကောင် ရုပ်သံတစ်ခုက ယမန်နေ့တွင်ပြသခဲ့သည်။

    ညပိုင်းတွင်လည်း အစိုးရရုံးချုပ် အပြင်ဘက် လမ်းမအား သိမ်းပိုက်ရန် ကြိုးစားသည့် လူအုပ်ကို ရဲတပ်ဖွဲ့မှ ငရုတ်ကောင်းစပရေးများဖြင့် ပက်ဖြန်းခဲ့သည်။

    ဆန္ဒပြသူများကမူ အစိုးရ၏ အမိန့်ကိုဖီဆန်ကာ ယနေ့နံနက်ပိုင်းတွင်လည်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပလက်စတစ်အဆီးအတားများနှင့် အခြားသော အရာဝတ္ထုများကို ဆွဲယူကာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး  Leung Chun-ying ၏ ရုံးခန်းရှိရာ လမ်းမပေါ်သို့ သွားရောက်ခဲ့ကြသည်။

    ထိုလမ်းမပေါ်တွင် ဆန္ဒပြသူအုပ်စုနှင့် ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မူ ငရုပ်ကောင်းစပရေးများအသုံးပြုကာ လူစုခွဲခဲ့သည်ဟု သိရသည်။

    “ဟောင်ကောင်ရဲတွေဟာ စိတ်ဖောက်ပြန်သွားပါပြီ။ ပြည်သူတွေကို သူတို့စိတ်ကြိုက် အပြစ်ပေးနေကြပါတယ်။ ဟောင်ကောင်ရဲ့တန်ဖိုးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာတွေဟာ ရဲတပ်ဖွဲ့ အကြီးအကဲတွေကြောင့် လုံးဝ ပျက်ဆီးသွားပါပြီ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားသူ
    Lee Cheuk-yan က ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • ဟောင်ကောင်အရေး အမေရိကန် ထောက်ခံမှု တရုတ်ရှုတ်ချ

    ဟောင်ကောင်အရေး အမေရိကန် ထောက်ခံမှု တရုတ်ရှုတ်ချ

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    pc-141001-hk-protest-ny-2150_c1cab96f798d7ce7d77d7fe8c82e1f3c.nbcnews-fp-520-320
    – ဟောင်ကောင်တွင် ပြုလုပ်နေသည့် ဆန္ဒပြမှုများအား ထောက်ခံသော အမေရိကန် ကွန်ဂရက်၏ အစီရင်ခံစာအား မိမိတို့အနေဖြင့် ရှုတ်ချသည်ဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံရေးရာ အမေရိကန်ကွန်ဂရက်ကော်မတီမှ ကြာသာပတေးနေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အမေရိကန်အနေဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံသင့်ပြီး၊ ဟောင်ကောင်နှင့် အပြန်အလှန်ဆက်သွယ်ကာ အကြီးတန်းအရာရှိများကိုလည်း စေလွှတ်သင့်သည်ဟု ဖော်ပြခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ထိုအစီရင်ခံစာအား ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဥပဒေများကို တိုက်ခိုက်ခြင်းဖြစ်ကာ၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးနှင့်ပတ်သက်၍ အချက်အလက်အမှားများကို ဘက်လိုက်ဖော်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အဲဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးကို ပျက်ဆီးအောင် လုပ်နေတာတွေကို ရပ်တန့်ဖို့ အဲဒီ ကော်မတီကို တောင်းဆိုပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဟွန်လီက ပြောကြားခဲ့သည်။

    ထို့ပြင် ဟောင်ကောင်အရေးတွင် မည်သည့် နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်း မည်သူမဆို ပါဝင်ပတ်သက်ခွင့်မရှိဘဲ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစစ်စစ်သာဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြမှုများမှာ သီတင်းပတ် တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆန္ဒပြသူများနှင့် အစိုးရအကြား ဆွေးနွေးမှုများမှာ မအောင်မြင်ဘဲ အစိုးရဆန့်ကျင်မှုများ ဆက်လက်အရှိန်မြင့်လာသည်။

    ref_ ဆင်ဟွာ