News @ M-Media

Tag: India

  • မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    -မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက နှစ် ၂၀၀ သက်တမ်းရှိတဲ့ ဗလီတစ်လုံးရဲ့ အမိုးခုံး ပြိုကျသွားပါတယ်။

    ‘မူဘာရက် ဘေဂွမ်’ လို့အမည်ရတဲ့ အဲဒီဗလီကို အိန္ဒိယအုပ်စိုးတဲ့ မဂိုအင်ပါယာကို ဗြိတိသျှက မဖယ်ရှားခင် ၁၈၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ မဂိုဗိသုကာလက်ရာကြွယ်၀ပြီး ဒေလီမြို့ဟောင်းရဲ့ သမိုင်းဝင်နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဗလီရဲ့အမည်ဟာ လှူဒါန်းတည်ဆောက်သူ အမျိုးသမီးရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။

    ဗလီအမိုးခုံးပြိုကျတဲ့ဓာတ်ပုံတွေဟာ အိန္ဒိယ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ပြန့်နှံ့ခဲ့ပြီး သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ တိုက်တွန်းဆော်ဩမှုတွေလည်း ရှိနေပါတယ်။ ဗလီဂေါပကအဖွဲ့ကတော့ အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုသီတင်းပတ် အစောပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နယူးဒေလီမှာ အဆောက်အဦးတွေပြိုတာ၊ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဇူလိုင် ၁၉၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလက မြို့တော်ဒေလီမှာဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ကျူးလွန်ခံရသူတွေကို ထိထိရောက်ရောက် ကာကွယ်မပေးခဲ့ဘူးလို့ အိန္ဒိယအစိုးရက ခန့်အပ်ထားတဲ့ လူနည်းစုအခွင့်အရေးမြှင့်တင်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

    အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ​ဒေလီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွကို အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံတဲ့ သူတွေက တိုက်ခိုက်ရာကနေ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တာပါ။

    ဒေလီကမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့သလို ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ၁၉၈၄ ခုနှစ် ဟိန္ဒူ-ဆစ်ခ် အဓိကရုဏ်းမှာ ဆစ်ခ်လူမျိုး ၃ ထောင်ကျော် အသတ်ခံရမှုနောက်ပိုင်း ဒေလီမှာ အဆိုးဝါးဆုံး လူမျိုးစုအဓိကရုဏ်းလည်း ဖြစ်ပါတယ်။

    ဒေလီလူနည်းစုရေးရာကော်မရှင် DMC ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဗလီ ၁၁ လုံး၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၅ ခု၊ မွတ်စလင်သူတော်စဉ် ဂူဗိမာန်တစ်ခုနဲ့ မွတ်စလင် သုဿာန်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်သူတွေဟာ မွတ်စလင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ စီးနင်းတဲ့ယာဉ်တွေကို သီးသန့် ရွေးချယ်ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မတားဆီးဘူးလို့ DMC က ဆိုပါတယ်။

    ကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်အစား ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒေလီရဲတပ်ဖွဲ့က ဒီအချက်ကို ငြင်းဆိုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားကာ တိုင်ကြားမှုတွေကို ဆက်လက်လက်ခံနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ​မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာအောင် မီးထိုးပေးသူတွေထဲမှာ ဒေလီလွှတ်တော်အမတ်ဟောင်း ကာပီလ် မစ်ရှ်ရာအပါအဝင် အာဏာရပါတီ BJP က အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်လို့လည်း DMC က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ BJP ပါတီပြောရေးဆိုခွင့်ရှိသူက ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဘောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင် အမီသာ့ဘ် ဘချန်း ကိုရိုနာကူးစက်နေ

    ဘောလီးဝုဒ် နာမည်ကြီးသရုပ်ဆောင် အမီသာ့ဘ် ဘချန်း ကိုရိုနာကူးစက်နေ

    ဇူလိုင် ၁၂၊ ၂၀၂၀
    M-Media

    အမီသာ့ဘ် ဘချန်း (ယာ) နှင့် သားဖြစ်သူ အဘီရှက် ဘချန်း (ဝဲ)

    -ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ဂန္တဝင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အမီသာ့ဘ် ဘချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ​ကြောင့် မနေ့မှာ ဆေးရုံတင်လိုက်ရပါတယ်။

    မိမိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီဆိုတာ ဆေးရုံက အတည်ပြုခဲ့ပြီး မိသားစုဝင်တွေကိုလည်း စစ်ဆေးထားကြောင်း၊ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မိမိနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအားလုံး ဗိုင်းရပ်စ်စစ်ဖို့ တိုက်တွန်းကြောင်း အသက် ၇၇ နှစ်အရွယ် အမီသာ့ဘ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အမီသာ့ဘ်နဲ့အတူ သားဖြစ်သူ အသက် ၄၄ နှစ်အရွယ် အဘီရှက် ဘချန်းလည်း ဗိုင်းရပ်စ်ကူးစက်နေပြီး မွမ်ဘိုင်းက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ၂ ဦးစလုံး ဆေးကုသမှု ခံယူနေပါတယ်။

    အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး ကူးစက်သူ ၈ သိန်းကျော်၊ သေဆုံသူ ၂ သောင်းကျော် ရှိနေတာပါ။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာ အမီသာ့ဘ်ဟာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။

    ကိုရိုနာကန့်သတ်မိန့်ကြောင့် မတ်လကတည်းက ရိုက်ကူးမှုတွေ နားထားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကဟာ မကြာသေးခင်ကစလို့ ရိုက်ကူးမှု ပြန်လည်လုပ်ဆောင်လာပါတယ်။ ဒါပေမယ့် အသက် ၆၅ နှစ်ကျော်တဲ့ သရုပ်ဆောင်တွေကိုတော့ ရိုက်ကွင်းလာရောက်ခွင့် မပေးပါဘူး။

    Ref: Aljazeera

  • ကက်ရှ်မီးယားတွင် ဟိန္ဒူများကို လူစုလူဝေးဖြင့် ဘုရားပွဲကျင်းပရန် အိန္ဒိယအစိုးရခွင့်ပြု

    ကက်ရှ်မီးယားတွင် ဟိန္ဒူများကို လူစုလူဝေးဖြင့် ဘုရားပွဲကျင်းပရန် အိန္ဒိယအစိုးရခွင့်ပြု

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုအန္တရာယ်ရှိနေတာကြောင့် ကက်ရှ်မီးယားဒေသမှာ ဘာသာတရားအားလုံးကို ဝတ်ပြုခွင့်ပိတ်ထားပေမယ့် ဟိန္ဒူတွေရဲ့ ဘာသာရေးဆိုင်ရာ လူစုလူဝေးလုပ်မှုကို အိန္ဒိယအစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

    ကက်ရှ်မီးယားဟာ အစ္စလာမ်ဘာသာဝင်အများစုရှိရာ ဒေသဖြစ်ပါတယ်။ အရင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားပေမယ့် ဒီအုပ်ချုပ်ခွင့်ကို ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယအစိုးရက ရုပ်သိမ်းခဲ့ပြီး ဒေသခံတွေကို လှုပ်ရှားသွားလာခွင့် ကန့်သတ်ထားတာ ၁၁ လ ကျော်လာပြီ ဖြစ်ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်မှုတွေဟာ ဒီကာလမှာ အရင်ကထက် ဆိုးဝါးလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ထောက်ပြထားပါတယ်။

    ဇူလိုင်လ ၄ ရက်နေ့မှာ စတင်သက်ရောက်မယ့် အစိုးရရဲ့ အမိန့်တစ်ရပ်မှာ အစ္စလာမ်အပါအဝင် အခြားဘာသာအားလုံးရဲ့ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ လူစုလူဝေးလုပ်မှု​တွေကို ခွင့်မပြုပေမယ့် ကက်ရှ်မီးယားတောင်ပိုင်းက ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ဘုရားပွဲလုပ်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။

    ပုံမှန်အားဖြင့် ၄၂ ရက်ကြာမြင့်တဲ့ အဲဒီဘုရားပွဲကို လက်ရှိမှာ ၁၅ ရက်သာ ကျင်းပခွင့်ပေးထားပြီး တစ်နေ့ကို လူဦးရေ ၅၀၀ ဝင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကို နိုင်ငံတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေ လာရောက်ကြမှာပါ။

    အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ Covid-19 ကူးစက်မှု၊ သေဆုံးမှုဟာ လက်ရှိအချိန်အထိ မြင့်တက်နေပြီး အခုလို လူစုလူဝေး ပြုလုပ်ခွင့်ပေးတာကြောင့် ကိုဗစ်ကူးစက်မှု ထိန်းချုပ်လို့မရတဲ့အဆင့်အထိ ရောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    Ref: Anadolu Agency ‘

  • ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့ အိန္ဒိယ ရုရှားဆီကနေ တိုက်လေယာဉ် ၃၀ လောက် ဝယ်ယူဖို့အတွက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

    MiG-29 တိုက်လေယာဉ် ၂၂ စီး၊ Su-30 MKI တိုက်လေယာဉ် ၁၂ စီး ဝယ်ယူမှာဖြစ်ပြီး ရှိပြီးသား MiG-29 လေယာဉ် ၅၉ စီးကို အဆင့်မြှင့်တင်ဖို့လည်း ဒီသဘောတူညီချက်မှာ ပါဝင်တယ်။

    အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက လေတပ်အင်အားတောင့်တင်းဖို့ ဒီလိုဝယ်ယူတာဖြစ်ပြီး စစ်တပ်အတွက် ဒုံးကျည်တွေ၊ လက်နက်ခဲယမ်းတွေ ပြည်တွင်းမှာ ထုတ်လုပ်ဖို့၊ စစ်ဖက်ယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ခွင့်ပြုမိန့်လည်း ပေးခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့နယ်နမိတ်ကို ကာကွယ်ရေး စစ်တပ်ကိုအားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာတာ၊ ကိုယ့်အားကိုယ်ကိုးတဲ့ အိန္ဒိယဖြစ်လာရေး ဝန်ကြီးချုပ်မိုဒီတဲ့ ဆော်ဩမှု စတာတွေကြောင့် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်”

    ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာပြင်ဆင်နိုင်မှုအတွက် ရုရှားသမ္မတ ပူတင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဖုန်းနဲ့ ကျေးဇူးတင်စကား ပြောဆိုပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ရုရှားဟာ စစ်အေးခေတ်မှာ အိန္ဒိယရဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သလို၊ အိန္ဒိယကို လက်နက်အများဆုံး ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ် ဝယ်ယူရေးအတွက် အိန္ဒိယဟာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်အတွက် အမေရိကန်နဲ့ တင်းမာမှုလည်း ဖြစ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံက 36 Rafale တိုက်လေယာဉ် ကန်ဒေါ်လာ ၈.၇၈ ဘီလီယံဖိုး အိန္ဒိယက ဝယ်ယူထားပြီး အခုလအကုန်ပိုင်းမှာ ပထမအသုတ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera