News @ M-Media

Tag: India

  • ဘောလီးဝုဒ်မှ နာမည်ကြီးအနုပညာရှင်များ မူးယစ်ဆေးကိစ္စအတွက် ခေါ်ယူစစ်ဆေးခံရ

    ဘောလီးဝုဒ်မှ နာမည်ကြီးအနုပညာရှင်များ မူးယစ်ဆေးကိစ္စအတွက် ခေါ်ယူစစ်ဆေးခံရ

    စက်တက်ဘာ ၂၆၊ ၂၀၂၀
    M-Media

    နာမည်ကြီး သရုပ်ဆောင်​ ဒီပီကာ ပါဒူကိုနေ

    -အိန္ဒိယ ဗဟိုအစိုးရရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း ဘောလီးဝုဒ်ရုပ်ရှင်လောကက နာမည်ကျော် ထိပ်တန်းအနုပညာရှင်တွေ ခေါ်ယူမေးမြန်းခံခဲ့ရတယ်လို့ သိရပါတယ်။

    ဇွန်လက နာမည်ကျော်သရုပ်ဆောင် ဆူရှန့်ဆင်း ရာဂျ်ပွတ် သေဆုံးမှု နောက်ဆက်တွဲအဖြစ် ဘောလီးဝုဒ်ရုပ်ရှင်လောကမှာ မူးယစ်​ဆေး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

    NCB ဟာ နာမည်ကြီး သရုပ်ဆောင်​ ဒီပီကာ ပါဒူကိုနေးကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ခေါ်ယူမေးမြန်းဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယသတင်းစာတွေက ဖော်ပြပါတယ်။ အသက် ၃၄ နှစ်အရွယ် သူမဟာ ဒီကိစ္စအတွက် ​ကြာသာပတေးနေ့က မွမ်ဘိုင်းကို ရောက်ရှိလာပါတယ်။

    NCB တာဝန်ရှိသူတွေ၊ မင်းသမီးနဲ့ ပတ်သက်သူတွေ တစ်ဦးမှ ဒီကိစ္စကို ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

    အခုတစ်ပတ်အတွင်း NCB ဟာ ဘောလီးဝုဒ်က နာမည်ကြီး အနုပညာရှင်တော်တော်များများကို ခေါ်ယူမေးမြန်းခဲ့ပြီး ဒါဟာ မူးယစ်လုပ်ငန်းနဲ့ ဘောလီးဝုဒ်ရုပ်ရှင်လောကအကြား ဆက်နွယ်နိုင်ဖွယ်ရှိမှုကို ဖော်ထုတ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ ထုတ်လုပ်သူတစ်ယောက်ကလည်း ဘယ်သူ့အလှည့်လာမယ်ဆိုတာကို မသိ​သေးတာကြောင့် ရုပ်ရှင်လုပ်ငန်းမှာ ကြောက်ရွံမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မင်းသား ဆူရှန့်ဆင်းသေဆုံးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေတာလို အစောပိုင်းမှာ မွမ်ဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့်၊ ဒီနောက်ကွယ်မှာ မသမာမူ ရှိနေလားဆိုတာကို ဗဟို​အစိုးရက စုံစမ်းနေပါတယ်။

    အခုလစောပိုင်းမှာ ဆူရှန့်ဆင်းရဲ့ ချစ်သူ ရီဟာ ချက္ကရာဘော်တီကို မူးယစ်ဆေးဖြန့်တဲ့ ဂိုဏ်းနဲ့ ဆက်သွယ်မှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ ချက္ကရာဘော်တီနဲ့ သူမရဲ့မောင် ရှိုဝစ်တို့ဟာ မွမ်ဘိုင်းမှာ ထိန်းသိမ်းခံထားရပါတယ်။

    Ref: Reuters

  • နွားကျင်ငယ်ရေပုံမှန်သောက်ကြောင်း ဘောလီးဝုဒ်နာမည်ကြီးမင်းသားတစ်ဦး ဝန်ခံပြောဆို

    နွားကျင်ငယ်ရေပုံမှန်သောက်ကြောင်း ဘောလီးဝုဒ်နာမည်ကြီးမင်းသားတစ်ဦး ဝန်ခံပြောဆို

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    ဘောလီးဝုဒ်မင်းသား အက်ရှေးကူးမားရ်

    -ဘောလီးဝုဒ်မင်းသား အက်ရှေးကူးမားရ်က သူဟာ နွားကျင်ငယ်ရေကို သောက်လေ့ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အက်ရှေးကူးမားရ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ခေါင်းဆောင် နရန်ဒရာမိုဒီကို ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။ မိုဒီအစိုးရဟာ နွားရဲ့စွန့်ပစ်ပစ္စည်းတွေကနေ ဆီးချို၊ သွေးတိုးလို ရောဂါကုသဆေးတွေ ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ဖို့ ဒေါ်လာသန်းချီ သုံးစွဲထားပါတယ်။

    နွားရဲ့ ကျင်ကြီး၊ ကျင်ငယ်တွေဟာ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမျိုး တိတိကျကျမရှိပါဘူး။ ဒါပေမယ့် အိန္ဒိယမှာတော့ BJP က နိုင်ငံရေးသမား တော်တော်များများက နွားရဲ့ ကျင်ကြီး၊ ကျင်ငယ်တွေကို သုံးစွဲကာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသကြဖို့ ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းမှုတွေ ရှိနေပါတယ်။

    ဗြိတိန်ရုပ်သံအစီအစဉ် Bear Grylls နဲ့ အင်တာဗျူးမှာ အသက် ၅၃ နှစ်အရွယ် အက်ရှေးကူးမားရ်က သူဟာ နွားကျင်ငယ်ရေကို ပုံမှန်သောက်သုံးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

    “ကျွန်တော်က အစိုးရိမ်ကြီးပါတယ်။ အာယုဝီဒသဘောတရားအရ ကျွန်တော် နွားကျင်ငယ်ရေကို သောက်လေ့ရှိပါတယ်။ ကျွန်တော့်အတွက် အဆင်ပြေပါတယ်”

    ဟိန္ဒူဘာသာမှာ နွားဟာ မြင့်မြတ်တဲ့သတ္တဝါဖြစ်ပြီး နွားကျင်ငယ်ရေဟာ ကျန်းမာရေးအကျိုးကျေးဇူးရှိတယ်လို့ ဟိန္ဒူဘာသာဝင်တော်တော်များများက ယူဆကာ သုံးစွဲနေကြပါတယ်။

    Ref: The Star

  • ပြည်တွင်းဖြစ် အသံထက်မြန်သည့် သရုပ်ပြယာဉ်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ပြည်တွင်းဖြစ် အသံထက်မြန်သည့် သရုပ်ပြယာဉ်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်ပျံသန်း

    စက်တင်ဘာ ၈၊ ၂၀၂၀
    M-Media

    အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည့် HSTDV ယာဉ်

    -ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ နည်းပညာသုံး သရုပ်ပြယာဉ် (HSTDV) ကို အိန္ဒိယက မနေ့မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

    အဲဒီ HSTDV ဟာ scramjet အင်ဂျင်တပ်ဆင်ထားပြီး မျိုးဆက်သစ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး သုတေသန ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) က ပြောကြားခဲ့ပါတယ်။

    HSTDV ဟာ အသံထက် ၆ ဆမြန်မြန်သွားနိုင်ပြီး စက္ကန့် ၂၀ အတွင်း မြေပြင်အထက် မိုင် ၂၀ ကို ရောက်ရှိနေပါတယ်။ ဒီယာဉ်ကို တာဝေးပစ်ဒုံးကျည်တွေအတွက် အသုံးပြုနိုင်သလို၊ ဂြိုဟ်တုလွွှတ်တင်မှုလို အရပ်ဖက် ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

    DRDO က ဒီအောင်မြင်မှုဟာ တိုင်းပြည်ရဲ့ သမိုင်းတွင်မယ့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး၊ ပြည်တွင်းဖြစ် ကာကွယ်ရေးနည်းပညာမှာ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးတစ်ခု ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ်ဆင်းက DRDO ကို သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ပြီး ကာကွယ်ရေးမှာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ရေး အိန္ဒိယရဲ့ ရည်မှန်းချက်အတွက် သမိုင်းတွင်မယ့် အောင်မြင်မှုတစ်ခုလို့ ပြောကြားခဲ့ပါတယ်။

    Ref: Saudi Gazette

  • Covid-19 ကူးစက်မှုအများဆုံးစာရင်းတွင် အိန္ဒိယနိုင်ငံက ဒုတိယနေရာ ရောက်လာ

    Covid-19 ကူးစက်မှုအများဆုံးစာရင်းတွင် အိန္ဒိယနိုင်ငံက ဒုတိယနေရာ ရောက်လာ

    စက်တင်ဘာ ၇၊ ၂၀၂၀
    M-Media

    -မနေ့က ထပ်မံကူးစက်သူအရေအတွက် ၉ သောင်းကျော်ရှိတဲ့ အိန္ဒိဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ Covid-19 ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၄.၂ သန်း ရှိလာပြီး ဘရာဇီးလ်ကိုကျော်ကာ ဒုတိယ အဆိုး၀ါးဆုံး ခံစားရတဲ့ နိုင်ငံ ဖြစ်လာတာပါ။ ကိုဗစ်ကြောင့် အိန္ဒိယမှာ သေဆုံးသူ အရေအတွက်ဟာ ၇ သောင်းကျော် ရှိနေပါတယ်။

    ဘရာဇီးလ်မှာ စုစုပေါင်းကူးစက်မှုဟာ ၄.၁ သန်းကျော်ရှိပြီး အမေရိကန်ကတော့ ၆.၂ သန်းကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိမှာ ကမ္ဘာတစ်၀ှမ်း ကူးစက်သူ ၂၇ သန်း ရှိလာခဲ့ပြီး သေဆုံးသူက ၈၈၃၀၀၀ ရှိနေပါတယ်။ ပြန်လည်ကောင်းမွန်လာသူက ကမ္ဘာတစ်၀ှမ်း ၁၈ သန်းကျော် ရှိနေပါတယ်။

    Ref: BBC

  • မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    ဒေလီမှဗလီတစ်လုံး အကြမ်းဖက်ခံရမှု

    -ဖေဖော်၀ါရီလက မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အိန္ဒိယရဲတပ်ဖွဲ့က ပူးပေါင်းပါ၀င်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnsty International (AI) က ပြောကြားလိုက်ပါတယ်။

    အဲဒီ တိုက်ခိုက်မှုအတွင်း ၅၃ ဦး သေဆုံးခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဗလီ၀တ်ကျောင်းတော်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒေလီရဲတပ်ဖွဲ့ဟာ ဒီတိုက်ခိုက်မှုတွေကို ပူးပေါင်းပြီး တက်တက်ာကြွကြွ ပါ၀င်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၆ လအတွင်း စုံစမ်းအရေးယူခဲ့တာ မရှိကြောင်း AI အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီကိစ္စအတွက် တိုက်ခိုက်မှုက လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို တွေ့ဆုံ မေးမြန်းခဲ့သလို၊ တိုက်ခိုက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုသုံးသပ်ခဲ့ရာမှာ “ဒေလီရဲတပ်ဖွဲ့ရဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ခဲ့ရတယ်” လို့လည်း AI အဖွဲ့က ပြောပါတယ်။

    ဖေဖော်၀ါရီလက ဒီတိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း နယူးဒေလီမြို့မှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး ဘာသာရေးအခြေပြု တိုက်ခိုက်မှု ဖြစ်ပါတယ်။

    AI အဖွဲ့က ဒီအဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘက်လိုက်မှုမရှိဘဲ သေသေချာချာ စုံစမ်းဖို့ အိန္ဒိယအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။

    အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဒေလီရဲတပ်ဖွဲ့၀င်တွေက အားပေးတာ၊ လစ်လျူရှုတာမျိုးတွေ ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကျူးလွန်သူတွေကို ဖမ်းဆီးမှုမရှိဘဲ အစ္စလာမ်ဘာသာ၀င်တွေကိုသာ ပစ်မှတ်ထား ဖမ်းဆီးတာ၊ ရဲအချုပ်အတွင်း ညှင်းပမ်းတာတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယက AI အဖွဲ့အကြီးအကဲ အာဗီနက်ရှ်ကူးမားရ်က ဒါတွေကို အစိုးရက အရေးမယူတာဟာ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူခံရမှာ ကြောက်စရာမလိုတဲ့ ကျူးလွန်နိုင်တယ်ဆိုတဲ့ သတင်းစကားပေးတာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေလီရဲတပ်ဖွဲ့က တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။

    Ref:Aljazeera

    (ဓာတ်ပုံ – အကြမ်းဖက်ခံရမှု မြင်ကွင်း)