News @ M-Media

Tag: India

  • မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    ဒေလီမှဗလီတစ်လုံး အကြမ်းဖက်ခံရမှု

    -ဖေဖော်၀ါရီလက မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အိန္ဒိယရဲတပ်ဖွဲ့က ပူးပေါင်းပါ၀င်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnsty International (AI) က ပြောကြားလိုက်ပါတယ်။

    အဲဒီ တိုက်ခိုက်မှုအတွင်း ၅၃ ဦး သေဆုံးခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဗလီ၀တ်ကျောင်းတော်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒေလီရဲတပ်ဖွဲ့ဟာ ဒီတိုက်ခိုက်မှုတွေကို ပူးပေါင်းပြီး တက်တက်ာကြွကြွ ပါ၀င်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၆ လအတွင်း စုံစမ်းအရေးယူခဲ့တာ မရှိကြောင်း AI အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီကိစ္စအတွက် တိုက်ခိုက်မှုက လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို တွေ့ဆုံ မေးမြန်းခဲ့သလို၊ တိုက်ခိုက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုသုံးသပ်ခဲ့ရာမှာ “ဒေလီရဲတပ်ဖွဲ့ရဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ခဲ့ရတယ်” လို့လည်း AI အဖွဲ့က ပြောပါတယ်။

    ဖေဖော်၀ါရီလက ဒီတိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း နယူးဒေလီမြို့မှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး ဘာသာရေးအခြေပြု တိုက်ခိုက်မှု ဖြစ်ပါတယ်။

    AI အဖွဲ့က ဒီအဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘက်လိုက်မှုမရှိဘဲ သေသေချာချာ စုံစမ်းဖို့ အိန္ဒိယအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။

    အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဒေလီရဲတပ်ဖွဲ့၀င်တွေက အားပေးတာ၊ လစ်လျူရှုတာမျိုးတွေ ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကျူးလွန်သူတွေကို ဖမ်းဆီးမှုမရှိဘဲ အစ္စလာမ်ဘာသာ၀င်တွေကိုသာ ပစ်မှတ်ထား ဖမ်းဆီးတာ၊ ရဲအချုပ်အတွင်း ညှင်းပမ်းတာတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယက AI အဖွဲ့အကြီးအကဲ အာဗီနက်ရှ်ကူးမားရ်က ဒါတွေကို အစိုးရက အရေးမယူတာဟာ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူခံရမှာ ကြောက်စရာမလိုတဲ့ ကျူးလွန်နိုင်တယ်ဆိုတဲ့ သတင်းစကားပေးတာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေလီရဲတပ်ဖွဲ့က တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။

    Ref:Aljazeera

    (ဓာတ်ပုံ – အကြမ်းဖက်ခံရမှု မြင်ကွင်း)

  • မင်းသား ဆူရှန့်ဆင်း သေဆုံးမှုကို အိန္ဒိယ ထိပ်တန်းအဖွဲ့က ကိုင်တွယ်စစ်ဆေးမည်

    မင်းသား ဆူရှန့်ဆင်း သေဆုံးမှုကို အိန္ဒိယ ထိပ်တန်းအဖွဲ့က ကိုင်တွယ်စစ်ဆေးမည်

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -ဘောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသား ဆူရှန့်ဆင်း ရာဂျ်ပွတ် သေဆုံးမှုကို အိန္ဒိယရဲ့ ထိပ်တန်း ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က ကိုင်တွယ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

    အသက် ၃၄ နှစ် ဆူရှန့်ကို ဇွန်လက မွန်ဘိုင်းမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဆွဲကြိုးချအနေအထားနဲ့ သေဆုံးလျက် တွေ့ခဲ့ရတာပါ။ ရဲတပ်ဖွဲ့က မိမိကိုယ်ကို သတ်သေမှုလို့ ထုတ်ပြန်ထားပေမယ့် အိန္ဒိယဆိုရှယ်မီဒီယာမှာတော့ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    မိသားစုက ဆူရှန့်ဟာ စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီး၊ ရည်းစားဟောင်း မင်းသမီး ရီအာ ချက်ကရာဘော်တီကလည်း ဆူရှန့်ရဲ့ငွေတွေကို ခိုးတာ၊ အရှက်ရအောင်လုပ်တာတွေ ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ မင်းသမီးက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဖက်ဒရယ်အစိုးရက ကိုင်တွယ်ဖို့ တရားရုံးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

    ဆူရှန့်ဟာ သူ့ မန်နေဂျာ ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်ပတ်အကြာမှာ သေဆုံးခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် မင်းသားမင်းသမီးအချို့ အပါအဝင် ဘောလီးဝုဒ် ရုပ်ရှင်လောကက ဖိအားတွေအကြောင်း ဝေဖန်ပြောဆိုမှုတွေ များပြားလာပါတယ်။

    အစိုးရတာဝန်ရှိသူ တူရှာရ် မဟ်တာက ဆူရှန့်အမှုကို ဖက်ဒရယ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန CBI က ကိုင်တွယ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီနေရာတွင် အုတ်မြစ်ချနေသည့် မိုဒီ

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ သမိုင်းဝင် ဘာဘရီဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းဆောင်လုပ်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဗုဒ္ဓဟူးနေ့မှာ အုတ်မြစ်ချပေးခဲ့ပါတယ်။

    မဂိုအင်ပါယာအုပ်စိုးစဉ် ၁၅၂၈ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဘာဘရီဗလီဝတ်ကျောင်းတော်ဟာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးဖြိုဖျက်မှုကို ခံခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုပါအဝင် လူ ၂၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

    ဘာဘရီဗလီနေရာဟာ ရာမနတ်ဘုရား မွေးဖွားရာနေရာဖြစ်ပြီး အရင်က ဟိန္ဒူဘုရားကျောင်း တည်ရှိခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

    ဘာဘရီဗလီနေရာအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့အကြား နှစ်ပေါင်း ၃၀ ကြာ တရားရင်ဆိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တရားရုံးချုပ်က ဗလီနေရာကို ဟိန္ဒူလူ့အဖွဲ့အစည်းထံပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဘာဘရီဗလီအစား ဗလီတစ်လုံး ဆောက်နိုင်ဖို့အတွက် အယွဒ္ဒယမြို့က အခြားနေရာမှာ မြေ ၅ ဧကကို မွတ်စလင်လူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့လည်း တရားရုံးချုပ်ရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ မထင်မှတ်ထားတဲ့ ဒီလိုသမိုင်းဝင်နေ့မျိုးကို ကြုံတွေ့ခွင့်ရတဲ့အတွက် အလွန်ကျေးဇူးတင်မိတယ်လို့ ဗုဒ္ဓဟူးနေ့က ဘုရားကျောင်းအုတ်မြစ်ချပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။

    ဘာဘရီဗလီနေရာမှာ ရှိလာမယ့် ရာမဘုရားကျောင်းကို ၃ နှစ်ခွဲအတွင်း အပြီးဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

    Ref : Aljazeera

  • အိန္ဒိယက ဝယ်ထားသည့် ပြင်သစ်တိုက်လေယာဉ် ၅ စီး ရောက်ရှိ

    အိန္ဒိယက ဝယ်ထားသည့် ပြင်သစ်တိုက်လေယာဉ် ၅ စီး ရောက်ရှိ

    ဇူလိုင် ၃၀၊ ၂၀၂၀
    M-Media

    Rafale တိုက်လေယာဉ်

    -ပြင်သစ်ကနေ ဝယ်ထားတဲ့ တိုက်လေယာဉ်တွေထဲက ပထမဆုံး ၅ စီးဟာ မနေ့က နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာ လေတပ်အခြေစိုက်စခန်းကို ရောက်လာတယ်လို့ အိန္ဒိယအာဏာပိုင်တွေက အတည်ပြုပါတယ်။

    ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှု​တွေကို တိုးမြှင့်ရင်ဆိုင်လာရတဲ့အချိန် အိန္ဒိယက စစ်တပ်ကို ခေတ်မီအောင် ကြိုးစားနေတာပါ။

    အိန္ဒိယကိုရောက်လာတဲ့ တိုက်လေယာဉ် ၅ စီးဟာ Rafale အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြင်သစ်နဲ့ ချုပ်ဆိုခဲ့တဲ့ ကန်ဒေါ်လာ ၉.၄ ဘီလီယံတန် စစ်လက်နက်ဝယ်ယူရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒီဝယ်ယူမှုမှာ အိန္ဒိယအစိုးရအတွင်း ခြစားမှုတွေ ရှိခဲ့တယ်လို့ အတိုက်အခံ ကွန်ဂရက်ပါတီက စွပ်စွဲခဲ့ပေမယ့် ဝန်ကြီးချုပ် မိုဒီက ငြင်းဆိုခဲ့ပါတယ်။

    အိန္ဒိယဟာ စစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်နေပြီး ကမ္ဘာပေါ်မှာ စစ်လက်နက် ဝယ်ယူမှုအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ရုရှားထံကနေ တိုက်လေယာဉ် ဒေါ်လာ ၂.၄၃ ဘီလီယံဖိုး ဝယ်ယူဖို့ ဇူလိုင်လ ၂ ရက်နေ့မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

    ပါကစ္စတန်နဲ့ မဟာရန်ဖက်ဖြစ်တဲ့ အိန္ဒိယဟာ ဇွန်လအတွင်း တရုတ်နိုင်ငံရဲ့ ပြဿနာဖြစ်ခဲ့ပါသေးတယ်။ နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လာဒက်ခ်ဒေသမှာ နှစ်ဖက်စစ်တပ်တွေ ရန်ပွဲဖြစ်ရင်း အိန္ဒိယစစ်သား အများအပြား သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ဇာတ်နိမ့်အမျိုးသမီးတစ်ဦး၏ ဈာပနကို ဇာတ်မြင့်များက ဝင်ရောက်နှောက်ယှက်မှု အိန္ဒိယတွင်​ ဖြစ်ပွား

    ဇာတ်နိမ့်အမျိုးသမီးတစ်ဦး၏ ဈာပနကို ဇာတ်မြင့်များက ဝင်ရောက်နှောက်ယှက်မှု အိန္ဒိယတွင်​ ဖြစ်ပွား

    ဇူလိုင် ၂၉၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ဈာပနတစ်ခုမှာ ဟိန္ဒူဇာတ်မြင့်တွေက ဇာတ်နိမ့်တွေ အပေါ် အနိုင့်ကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူလူချင်းခွဲခြားမှုစနစ် ပပျောက်ရေး တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အဂ်ရာခရိုင်က ဇာတ်နိမ့် ဒါလစ်အမျိုးသမီးတစ်ဦးရဲ့ ဈာပနာကို အမျိုးသား ၂၀၀ လောက်ကဝင်လာပြီး အလောင်းကို မီးသင်္ဂြိုဟ်စင်ကနေ ဆွဲထုတ်သွားတာပါ။ မီးသင်္ဂြိုဟ်စင်ဟာ ဇာတ်မြင့်တွေအတွက်ဖြစ်ပြီး ဇာတ်နိမ့်တွေ သုံးလို့မရဘူးလို့လည်း ဒီလူတွေက ပြောသွားပါတယ်။

    ကွယ်လွန်သူရဲ့ ခင်ပွန်းနဲ့ မိသားစုဝင်တွေက ဒီလိုမလုပ်ဖို့ တောင်းပန်ခဲ့ကြပေမယ့် လူအုပ်ကြီးက နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ပြည်နယ်ဖြစ်ပြီး တစ်ချို့ဒေသတွေမှာ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု ပြင်းထန်လေ့ရှိပါတယ်။ အိန္ဒိယရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ဇာတ်ခွဲခြားမှုစနစ်ကို တားမြစ်ထားပါတယ်။

    ဒီအဖြစ်အပျက်ဟာ အိန္ဒိယကဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ဆန့်ကျင်ပြောကြားမှုတွေ ပေါ်ပေါက်လာပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် ထင်ရှားတဲ့ ဇာနိမ့်နိုင်ငံရေးသမား ကူမာရီ မာယာ၀တီက ဒီလုပ်ရပ်ဟာ ရှက်စရာအကောင်းဆုံး လုပ်ရပ်ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

    ဒေသရဲတပ်ဖွဲ့က ကျူးလွန်ခံရတဲ့မိသားစု လာရောက်တိုင်ကြားမှုမရှိရင် အရေးယူပေးလို့မရဘူးလို့ ပြောပါတယ်။

    ကွယ်လွန်သူရဲ့ခင်ပွန်းနဲ့ မိသားစုက နောက်ထပ်ရန်ညှိုးရန်စထားမှာကို ကြောက်ရွံ့ပြီး ရွာမှာ ငြိမ်းချမ်းစွာ နေလိုတဲ့အတွက် အမှုဖွင့်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဇာတ်နိမ့်တွေအပေါ် ဇာတ်​မြင့်တွေက ခွဲခြားဆက်ဆံမှု၊ ညှင်းပမ်းမှုဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး BJP ပါတီ အာဏာရပြီးတဲ့နောက်ပိုင်း ပိုဆိုးလာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

    Ref: Aljazeera