News @ M-Media

Tag: India

  • ကလေးသူခိုး ကောလဟာလကြောင့် အိန္ဒိယတွင် လူ ၅ ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    ကလေးသူခိုး ကောလဟာလကြောင့် အိန္ဒိယတွင် လူ ၅ ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    သေဆုံးသွားသူများ၏ မိသားစုများကို ရွာလူကြီးက စကားပြောဆိုနေစဉ်

    – အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ကလေးသူခိုးဆိုတဲ့ ကောလဟာလ WhatsApp ကနေ ပြန့်နှံ့ပြီးတဲ့နောက် လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မနေ့က အမျိုးသား ၅ ဦး သေဆုံးခဲ့ပါတယ်။

    ရိုက်နှက်သတ်ဖြတ်ခံရသူတွေဟာ ရွာတကာလှည့်ကာ နေထိုင်စားသောက်ကြတဲ့ နော်မာဒစ် လူမျိုးစုက ဖြစ်ပါတယ်။ ရွာတစ်ရွာမှာ သူတို့ ၅ ယောက်အုပ်စု မိန်းကလေးတစ်ဦးနဲ့ စကားပြောစဉ် ရွာသားတွေက စုလာပြီး သူတို့ကို မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    “သူတို့ဖြေတာတွေကို ရွာသားတွေက ဘ၀င်မကျတဲ့အခါမှာ အခန်းတစ်ခုထဲထည့်ပြီး ၀ါးရင်တုတ်တွေနဲ့ရိုက်နှက်တာ၊ အုတ်ခဲတွေနဲ့ ထုတာတွေ လုပ်ခဲ့ကြပါတယ်” လို့ ရဲအရာရှိတစ်ဦးဖြစ်တဲ့ အမ် ရမ်ကူးမားရ်က ပြောကြားခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်ကို လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ လူအုပ်ကြီးက ရိုက်နှက်ခဲ့ကြပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ ကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးထားပါတယ်။

    အိန္ဒိယနိုင်ငံတစ်ဝှမ်း ကလေးသူခိုးဆိုတဲ့ ကောလာဟာလတွေ Whatsapp ကနေ ပြန့်နှံ့ကာ လူစိမ်းတွေကို ရိုက်နှက်သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ဒီ ကောလဟာလတွေကို ထိထိရောက်ရောက် တားဆီးနိုင်ခြင်း မရှိပါဘူး။

    တမီလ်နာဒူးပြည်နယ်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ တီလန်ဂါနာပြည်နယ်၊ ဘန်ဂလောရ်ပြည်နယ်၊ အာသံပြည်နယ်၊ ရာဂျက်စ်တန်ပြည်နယ်၊ ထရီပူရာတို့မှာ ဒီလို ကောလဟာလကြောင့် လူအုပ်စုရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံရပြီး သေဆုံးသူဟာ ဧပြီလကနေ အခုအချိန်အထိ အနည်းဆုံး ၁၂ ဦးအထိ ရှိလာပါတယ်။

    Ref: BBC

  • အိန္ဒိယနိုင်ငံတွင် ဂမ္ဘီရပညာ လိုက်စားနေသည့် မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

    အိန္ဒိယနိုင်ငံတွင် ဂမ္ဘီရပညာ လိုက်စားနေသည့် မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ ဒေလီမြို့ ဆင်ခြေဖုံးက နေအိမ်တစ်ခုမှာ မိသားစု ၁၁ ဦး သေဆုံးနေတာကို တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့က သူတို့တွေဟာ ဂမ္ဘီရပညာရပ်တွေကို လိုက်စားနေကြသူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုန်စုံဆိုင်ဖွင့်ထားတဲ့ အဲဒီမိသားစုဟာ ပုံမှန် မနက် ၆ နာရီမှာ ဆိုင်ဖွင့်လေ့ရှိပေမယ့် မနေ့ ၇ နာရီခွဲအထိ ဆိုင်မဖွင့်တာကြောင့် အိမ်နီးချင်းတွေက သွားရောက်ကြည့်ရှုရာမှာ မိသားစုလိုက် ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေတယ်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေအထဲမှာ အမျိုးသမီး ၇ ဦး အမျိုးသား ၄ ဦး ပါဝင်ပြီး မိသားစုတစ်ခုတည်းက ဖြစ်ပါတယ်။

    ဒေလီရဲတပ်ဖွဲ့က မိသားစုဝင် ၁၀ ဦးဟာ ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေပြီး အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးက ကြမ်းပြင်ပေါ်မှာ သေဆုံးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့အားလုံးဟာ မျက်လုံးနဲ့ ပါးစပ်တွေကို တိပ်တွေနဲ့ စည်းထားပါတယ်။

    အိမ်အတွင်း ရှာဖွေရာမှာ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်ချို့ တွေ့ခဲ့ရပြီး စာတွေအရ တစ်မိသားစုလုံးဟာ ဂမ္ဘီရပညာရပ်တွေကို လေ့လာလိုက်စားနေတယ်ဆိုတာကို သိရှိရကြောင်း၊ စာတွေမှာ ပါးစပ်တွေ၊ မျက်လုံးတွေကို ပိတ်ထားတဲ့အကြောင်းတွေ ရေးသားထားတာကို တွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဒီလို သတ်သေရသလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဆဲပါ။

    သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးက ၁၅ နှစ်ဖြစ်ပါတယ်။ အိမ်ထားမှာ ဓားပြတိုက်ခံရတဲ့၊ လုယက်ခံရတဲ့ လက္ခဏာကို မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    Ref: CNA

  • ရုရှား၏ S-400 ဒုံးခွင်းစနစ်ကို အိန္ဒိယ ၀ယ်ယူမည်

    ရုရှား၏ S-400 ဒုံးခွင်းစနစ်ကို အိန္ဒိယ ၀ယ်ယူမည်

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    – အမေရိကန်က သတိပေးမှုတွေ ရှိနေပေမယ့် ရုရှားထံကနေ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

    အဲဒီဝယ်ယူမှုရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၅.၇ ဘီလီယံ ရှိမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်တဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ၀န်ကြီးချုပ်ရုံးတို့က နောက်ဆုံး ခွင့်ပြုချက်ပေးရမှာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ပြုလုပ်ခဲ့တဲ့ မိုဒီ-ပူတင် ထိပ်သီးအစည်းအဝေးမှာ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူဖို့အတွက် ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်ကတော့ ဒီကိစ္စကို ကန့်ကွက်ခဲ့ပြီး နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တူရကီကလည်း ရုရှားရဲ့ ဒီစနစ်ကို ၀ယ်ယူဖို့ ရှိနေပြီး အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    ရုရှားထုတ် S-400 Triumf ဒုံးခွင်းစနစ်ဟာ လေကြောင်းက ရွေ့လျားပစ်မှတ်တွေကို အကွာအဝေး ကီလိုမီတာ ၄၀၀ အတွင်း ဟန့်တားနိုင်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွေကို ကီလိုမီတာ ၆၀ ပတ်လည်အတွင်း တားဆီးနိုင်ပါတယ်။ တစ်ချိန်တည်း ဒုံးကျည် ၄ လုံး ပစ်လွှတ်နိုင်ပြီး S-400 စနစ်တစ်ခုဟာ ပစ်မှတ် ၃၆ ခုကို အဆက်မပြတ် တားဆီးနိုင်ပါတယ်။

    Ref: RT

  • အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ထပ်ဖြစ်၍ အိန္ဒိယတွင် အင်တာနက် ပိတ်ထားရ

    အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ထပ်ဖြစ်၍ အိန္ဒိယတွင် အင်တာနက် ပိတ်ထားရ

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန္ဒပြနေသည့် အိန္ဒိယ ပြည်သူများ

    – ဖုန်းတွေကနေတစ်ဆင့် ကောလဟာဟလတွေ သတင်းမှားတွေ ပြန့်နှံ့ကာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ထပ်မံ ဖြစ်ပေါ်လာတာကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာ အာဏာပိုင်တွေဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ရပါတယ်။

    မနေ့ကတစ်နေ့တည်းမှာပဲ ထရီပူရာမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှု ၃ ခု ဖြစ်ပွားခဲ့တာပါ။

    မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က ကားနဲ့ရောက်လာတဲ့ ကုန်သည် ၄ ဦးကို ကလေးသူခိုးလို့ စွပ်စွဲကာ လူ ၁၀၀၀ လောက်ရှိတဲ့ လူအုပ်က ရိုက်နှက်ပြီး နာရီပိုင်းအကြာမှာပဲ အင်တာနက်ကနေ သတင်းမှား ပြန်နှံ့မှုကို မယုံကြဖို့အတွက် လိုက်လံပညာပေးတဲ့ အစိုးရတာဝန်ရှိသူနဲ့ သူ့ရဲ့ကားသမားတို့ ရိုက်နှက်ခံခဲ့ရပါတယ်။

    ပြည်နယ်မြို့တော် အဂါတာလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်အတွင်း ကုန်သည် ၄ ဦးဟာ ပြည်သူ့စစ် စခန်းထဲကို ၀င်ရောက်ခိုလှုံခဲ့ပေမယ့် လူအုပ်ကြီးဟာ စခန်းထဲကနေ ဆွဲထုတ် ရိုက်နှက်ခဲ့ပြီး ၁ ဦးသေဆုံးကာ တစ်ခြားလူတွေက ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်ခင် အဂါတာလာမှာ အမျိုးသမီးတစ်ဦးကို ကလေးသူခိုးလို့ စွပ်စွဲကာ လူအုပ်ကာ ရိုက်နှက်ခဲ့ပါသေးတယ်။

    အဂါတာလာကနေ ကီလိုမီတာ ၁၃၀ လောက်ဝေးတဲ့ ဆာဘရွန်မြို့က အဖြစ်အပျက်မှာတော့ သတင်းမှားတွေကို မယုံဖို့ လိုက်လံစည်းရုံးတဲ့ အစိုးရ၀န်ထမ်း သေဆုံးကာ ကားသမားက ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးကို ဘာ့ကြောင့် ဒေသခံတွေက ဒီလို ရိုက်နှက် သတ်ဖြတ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒီအဖြစ်အပျက်တွေအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းမရှိသေးဘဲ စစ်မေးနေတုန်းလို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထရီပူရာ အာဏာပိုင်တွေဟာ နောက်ထပ် ၄၈ နာရီအတွင်း အင်တာနက်ကို ဖြတ်တောက်ထားပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း Wahtapps ကနေ ကလေးသူခိုး ကောလဟာလ ပြန့်နှံ့မှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း လူအုပ်ဖွဲ့ကာ ရိုက်နှက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

    Ref: Alarabiya

  • အိန္ဒိယတွင် NGO ၀န်ထမ်း ၅ ဦး အုပ်စုဖွဲ့ အဓမ္မကျင့်ခံရ

    အိန္ဒိယတွင် NGO ၀န်ထမ်း ၅ ဦး အုပ်စုဖွဲ့ အဓမ္မကျင့်ခံရ

    ဇွန် ၂၂၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ NGO တစ်ခုအတွက် အလုပ်လုပ်ပေးနေတဲ့ အမျိုးသမီး အနည်းဆုံး ၅ ဦးကို လူတစ်စုကာ သေနတ်နဲ့ချိန်ကာ အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ပြည်နယ်အတွင်းက စာသင်ကျောင်းတစ်ခုမှာ အင်္ဂါနေ့က လူကုန်ကူး အသိပညာပေးပြဇာတ် ကဖို့ သွားနေတဲ့ အဖွဲ့တစ်ခုကို လက်နက်ကိုင်ထားတဲ့ အမျိုးသားတစ်စုက ပိတ်ဆို့ကာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ကို ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက် အမျိုးသမီး ၅ ဦးကို သေနတ်နဲ့ချိန်ကာ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ပြီး အမျိုးသားတွေကိုတော့ ရိုက်နှက်ခဲ့ပါတယ်။ အဓမ္မပြုကျင့်မှုကို ဗီဒီယိုရိုက်ကာ ရဲသွားမတိုင်ဖို့အတွက် အဲဒီဗီဒီယိုနဲ့ အကြပ်ကိုင်ခဲ့ပါတယ်။

    အဲဒီအမျိုးသမီးတွေဟာ ခရစ်ယာန်သာသနာပြုအုပ်စုတွေက ပံ့ပိုးပေးထားတဲ့ NGO အဖွဲ့ Asha Kiran မှာ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ သူစိမ်းတွေကို ရန်ပြုတတ်တဲ့ Pathagadi အဖွဲ့က အဖွဲ့ဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မရှင်က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မေလတုန်းကလည်း အိန္ဒိယမှာ တစ်ပတ်အတွင်း အမျိုးသမီး ၃ ဦး အဓမ္မကျင့်၊ မီးရှို့သတ်ဖြတ်ခံရပြီး ၂ ဦးဟာ ဂျာ့ခ်ဟန်းပြည်နယ်က ဖြစ်ပါတယ်။

    Ref: Aljazeera