News @ M-Media

Tag: India

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၁၇၊ ၂၀၁၈
    M-Media

    ကက်ရှ်မီးယား မြင်ကွင်း

    ပါလက်စတိုင်းနှင့်ပတ်သက်လျှင် ကုလက အလုပ်မဖြစ်ဟု အာဒိုဂန်ပြော
    =================
    အခုတစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မှာ အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်း ၆၀ ကျော် သေဆုံးသွားတဲ့ကိစ္စမှာ အရေးယူဖို့ပျက်ကွက်ခဲ့တဲ့ ကုလဟာ အလုပ်မဖြစ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂါဇာက အဲဒီအဖြစ်အပျက်ကို အာဒိုဂန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အစ္စရေးမှာရှိတဲ့ သူတို့သံအမတ်ကို ပြန်ခေါ်ခဲ့ကာ တူရကီဆိုင်ရာ အစ္စရေးသံမတ်ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့ကစလို့ ဂါဇာက ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၉၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ကင်ဂျုံအွန်နှင့်တွေ့ဆုံရေး အမေရိကန်က ဆက်လက်စီစဉ်နေ
    ==============
    လာမယ့်လ ထရမ့်နဲ့တွေ့ဆုံဖို့ စီစဉ်ထားမှုကို ရပ်စဲနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မနေ့မှာ ခြိမ်းခြောက်ခဲ့ပေမယ့် မိမိတို့ထံ ဘယ်လိုအကြောင်းကြားမှုမျိုးမှ မရောက်သေးဘူးလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ ကင်က ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နှစ်နိုင်ငံအဆင့်မြင့်အစည်းအဝေးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်ဖို့ကို နားလည်ကြောင်း ယခင်က ပြောကြားထားတာ ရှိတဲ့အတွက် ထရမ့်နဲ့တွေ့ဆုံမယ့်ကိစ္စကို ဆက်လက်စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကက်ရှ်မီးယားတွင် အိန္ဒိယက ရမ်ဇာန်တစ်လ အပစ်ရပ်မည်
    =================
    ရမ်ဇာန်ဥပုသ်လမှာ ကက်ရှ်မီးယားပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့အတွက် သူပုန်တွေနဲ့ တိုက်ခိုက်မှုကို တစ်လတာ ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အစိုးရတပ်ဖွဲ့တွေနဲ့ ကက်ရှ်မီးယားသူပုန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတာပါ။ အိန္ဒိယအစိုးရရဲ့ အခုလို အပစ်ရပ်တာဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူပုန်တွေက တိုက်ခိုက်လာရင် တပ်ဖွဲ့တွေဟာ ပြန်လည် လက်တုန့်ပြန်ခွင့်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြို့တစ်မြို့ကိုသိမ်းရန်ကြိုးပမ်းသည့် တာလီဘန်များကို အာဖဂန် မောင်းထုတ်နိုင်
    =================
    တိုင်းပြည်အနောက်ပိုင်းက ဖာရာမြို့ကို ၀င်သိမ်းဖို့ကြိုးစားတဲ့ တာလီဘန်စစ်သွေးကြွတွေကို အာဖဂန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက မောင်းထုတ်နိုင်ခဲ့ပါတယ်။ အင်္ဂါနေ့က အဲဒီမြို့မှာ တာလီဘန်တွေရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးနဲ့ အရပ်သား ၅ ဦး သေဆုံးခဲ့ရပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၃၀၀ လောက် သေဆုံးခဲ့ပြီး မြို့က အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဖဂန်အစိုးရက ထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ရက်ပိုင်းအတွင်း ကြမ်းကြုတ်သည့် အဓမ္မကျင့်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွား

    အိန္ဒိယတွင် ရက်ပိုင်းအတွင်း ကြမ်းကြုတ်သည့် အဓမ္မကျင့်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွား

    မေ ၇၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံမှာ ရက်ပိုင်းအတွင်း ဆယ်ကျော်သက်မိန်းကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ကာ အရှင်လတ်လတ် မီးရှို့သတ်ခံရမှု ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေအပေါ် ပြည်သူလူထုရဲ့ ဖိအားတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ဂ်ဟန်းပြည်နယ်မှာ သောကြာနေ့က အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ အဓမ္မကျင့် ခံခဲ့ရပြီး ရေနံဆီလောင်းကာ မီးရှို့အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ မိန်းကလေးဟာ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်း ဆိုးဆိုးဝါးဝါး မီးလောင်မှုကို ခံထားရပေမယ့် မသေဆုံးသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအမှုအတွက် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းထားတယ်လို့လည်း ဆိုပါတယ်။

    တစ်နေ့တည်းမှာပဲ ပြည်နယ်အတွင်း တစ်ခြားဒေသတစ်ခုမှာ မိဘတွေ မင်္ဂလာဆောင်သွားခိုက် အိမ်မှာရှိနေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ကို လူတစ်စုက ပြန်ပေးဆွဲကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။

    မိဘတွေက ဒီကိစ္စကို ကျေးရွာကောင်စီလူကြီးဆီ သွားတိုင်ခဲ့ပေမယ့် ကျူးလွန်ခဲ့သူတွေကို ထိုင်ထ အခါ ၁၀၀ လုပ်ခိုင်းကာ လျော်ကြေး ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၇၅၀) ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွာလူကြီးရဲ့ ဒီဆုံဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ကျူးလွန်သူတွေက မိန်းကလေးငယ်ရဲ့ အိမ်ကို သွားရောက်ကာ မိဘတွေကို ရိုက်နှက်ခဲ့ပြီး မိန်းကလေးကို မီးရှို့ခဲ့ပါတယ်။

    အိန္ဒိယမှာ မိန်းကလေးကို အုပ်စုဖွဲ့အဓမ္မကျင့်တာဟာ ပုံမှန်လိုလို ဖြစ်လာနေပြီး ၂၀၁၆ ခုနှစ်အတွင်း အဓမ္မကျင့်မှုပေါင်း ၄ သောင်းလာက် ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ ကျူးလွန်ခံရသူတွေဟာ နောက်ဆက်တွဲ ပြဿနာတွေကို ကြောက်ရွံ့တဲ့အတွက် မတိုင်ကြားတာတွေ ရှိနိုင်တာကြောင့် အမှန်တကယ်အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လအတွင်းမှာ ကက်ရှ်မီးယားက အသက် ၉ နှစ်အရွယ် မွတ်စလင်မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူအမျိုးသားတစ်စုက ပြန်ပေးဆွဲကာ အဓမ္မကျင့် သတ်ဖြတ်မှု၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ အာဏာရ ဟိန္ဒူအမျိုးသားပါတီရဲ့ တာဝန်ရှိသူတစ်ဦးက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်မှုတွေ
    ဖြစ်ပွားခဲ့ပါတယ်။

    ဒီဖြစ်စဉ်နှစ်ခုမှာ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကျူးလွန်သူတွေကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: CNA

  • ကလေးများအပေါ် အဓမ္မကျင့်မှုအတွက် ထူးခုံရုံးဖွဲ့စစ်ဆေးရန် အိန္ဒိယတရားရုံးချုပ် ညွှန်ကြား

    ကလေးများအပေါ် အဓမ္မကျင့်မှုအတွက် ထူးခုံရုံးဖွဲ့စစ်ဆေးရန် အိန္ဒိယတရားရုံးချုပ် ညွှန်ကြား

    မေ ၁၊ ၂၀၁၈
    M-Media

     

    မုဒိမ်းကောင်များကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေး အိန္ဒိယပြည်သူများ၏ ဆန္ဒပြမှုတစ်ခု

    – ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှုအတွက် လျင်လျင်မြန်မြန်စစ်ဆေး အပြစ်ပေးနိုင်မယ့် အထူးခုံရုံးတွေ ဖွဲ့စည်းဖို့ အိန္ဒိယတရားရုံးချုပ်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပြီး နိုင်ငံအတွင်း ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေ မြင့်တက်လာမှုကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယားက အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူတစ်စုက ပြန်ပေးဆွဲပြီး အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်ခဲ့မှုအပါအ၀င် ပြီးခဲ့တဲ့တဲ့သီတင်းပတ်တွေအတွင်း ကလေးငယ်တွေ အဓမ္မကျင့်ခံရမှု ခပ်စိပ်စိပ် ဖြစ်ခဲ့တာကြောင့် အစိုးရအာဏာပိုင်တွေအပေါ် ဖိအားတွေ မြင့်မားနေတဲ့အချိန် တရားရုံးချုပ်ရဲ့ ဒီတိုက်တွန်းမှု ပေါ်ထွက်လာတာပါ။

    ကျူးလွန်သူတွေထဲမှာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တာဝန်ရှိသူတွေ ပါဝင်ခဲ့သလို၊ ရဲတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဟိန္ဒူအစွန်းရောက်တွေဟာ မုဒိမ်းကောင်တွေကို ကာကွယ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာကြောင့် အိန္ဒိယပြည်သူတွေဟာ အခုလအစောပိုင်းမှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ ဒီကနေ့ကြားနာမှုမှာ တရားသူကြီးချုပ် ဒီပက် မစ္စရာက ဒီအမှုတွေကို စစ်ဆေးရာမှာ မလိုအပ်ဘဲ ရွှေ့ဆိုင်းတာမလုပ်ဖို့၊ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲတွေက ဒီကိစ္စတွေအတွက် အထူးခုံရုံးဖွဲ့စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

    “ကလေးတွေနဲ့ သင့်တော်တဲ့ ခုံရုံးတွေ ဖြစ်လာဖို့အတွက် အထက်တရားရုံးတွေက အားထုတ်ကြိုးပမ်းရပါမယ်”

    ၂၀၁၂ ခုနှစ် ဒေလီက ဘတ်စ်ကားတစ်ခုပေါ်မှာ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရကာ သေဆုံးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး မုဒိမ်းမှုတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    အိန္ဒိယအစိုးရကလည်း ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ တင်းကြပ်မှုတွေ လုပ်ခဲ့ပေမယ့် နိုင်ငံအတွင်း အဓမ္မကျင့်မှု အရေအတွက်ကတော့ ကျဆင်းမသွားပါဘူး။

    Ref: CNA

  • ဒကာမကို အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ထောင်တစ်သက်ချ

    ဒကာမကို အဓမ္မကျင့်ခဲ့သည့် ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ထောင်တစ်သက်ချ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    ထောင်တစ်သက်ကျခဲ့သည့် ဂုရု အေဆာရမ် ဘာဘူ

    – အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ နာမည်ကျော် ဟိန္ဒူဘုန်းကြီးတစ်ပါးကို အိန္ဒိယက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

    အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ဂုရု အေဆာရမ် ဘာဘူဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဂျွဒ်ပူးမြို့ သူ့ရဲ့ကျောင်းဆောင်မှာ ၂၀၁၃ ခုနှစ်က ဒီအမှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

    ဂုရုအေဆာရမ်ကို ယုံကြည်သူတွေဟာ ကမ္ဘာတစ်ဝှမ်း သန်းချီရှိပြီး သူ့ရဲ့ကျောင်းဆောင်ပေါင်းကလည်း ၄၀၀ လောက် ရှိပါတယ်။ သူဟာ ဂူဂျာရတ်ပြည်နယ်မှာလည်း အဓမ္မကျင့်မှုတစ်ခုအတွက် တရားရင်ဆိုင်နေရပါတယ်။

    ဂုရုကို ယုံကြည်သူတွေက အကြမ်းဖက်မှုတွေလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဂျွဒ်ပူးရ်မြို့မှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

    တရာလိုရှေ့နေက သူ့အမှုသည်နဲ့ မိသားစု ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဘာနဲ့မှ ကုစားလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    အခြား ဟိန္ဒူဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဂုရု ဂူရ်မီတ် ရမ် ရာဟင်ဟာ အဓမ္မကျင့်မှုတစ်ခုအတွက် အပြစ်ရှိတယ်လို့ တရားရုံးက ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့နောက်လိုက်တွေက အကြမ်းဖက်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။

    အေဆာရမ်ရဲ့ နောက်လိုက်နှစ်ဦးက ဂုရုဟာ သူတို့သမီးကို အဓမ္မကျင့်ခဲ့တယ်ဆိုပြီး ၂၀၁၃ ခုနှစ်မှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

    မိန်းကလေးငယ်ဟာ သရဲပူးနေပြီး သူရဲ့ကျောင်းဆောင်မှာ သရဲထုတ်ရမယ်လို့ ခေါ်ဆောင်ကာ ဂုရုက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ပြန်ပြောရင် သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ကလေးများအား အဓမ္မကျင့်သည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန် အိန္ဒိယ အတည်ပြု

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကလေးငယ်များအပေါ် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရေး ဆန္ဒပြမှု

    – ကလေးငယ်တွေကို အဓမ္မကျင့်တဲ့ မုဒိမ်းကောင်တွေကို သေဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရဟာ မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးကနေ ပြန်ရောက်လာတဲ့ ၀န်ကြီးချုပ်မိုဒီဟာ အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ဆိုကာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို သေဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေးအတွက် လက်ရှိ ကျင့်သုံးနေတဲ့ လိင်အကြမ်းဖက်မှုမှ ကလေးငယ်များအား ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုခဲ့တာပါ။

    အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းလေးငယ်တစ်ဦးကို ဟိန္ဒူအစွန်းရောက်တစ်စုက ပြန်ပေးစွဲကာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ သတင်းပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အိန္ဒိယပြည်သူတွေဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မုဒိမ်းကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေး အစိုးရကို ဖိအားပေးခဲ့ပါတယ်။

    မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းကောင်တွေအတွက် အနိမ့်ဆုံးပြစ်ဒဏ် တိုးမြှင့်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ရက်ရက်စက်စက် အုပ်စုဖွဲ့ အဓမ္မကျင့်ခံရမှုနောက်ပိုင်း ၂၀၁၃ ခုနှစ်မှာ အိန္ဒိယဟာ အဓမ္မကျင့်မှုဆိုင်ရာ ဥပဒေတွေကို တင်းကြပ်ခဲ့ပါသေးတယ်။

    ဒါပေမယ့် ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှုအပါအ၀င် လိင်အကြမ်းဖက်မှုဟာ နိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကလေးငယ်တွေအပေါ် အဓမ္မကျင့်မှု ၁၁၀၀၀ လောက် ဖြစ်ခဲ့ပါတယ်။

    ကက်ရှ်မီးယားက မွတ်စလင်မိန်းကလေးငယ် အုပ်စုဖွဲ့အဓမ္မကျင့်ခံရမှုအပြင် မိုဒီရဲ့ BJP ပါတီက အကြီးတန်းတာဝန်ရှိသူတစ်ဦး အူတာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်မှုတစ်ခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်လာခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ခဲ့တဲ့ ဒီကိစ္စကို ရဲတွေနဲ့ အစိုးရအာ ဏာပိုင်တွေက ကာကွယ်ပေးခဲ့တယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

    Ref : CNA